အခန်းကြီး ၁၇
အယ်လမာသည် အဘိနဒိ၏စကားများကို ယုံကြည်၍ ရေး၏—အဘိနဒိသည် မီးဘေးဖြင့် သေခြင်းကို ခံစားရ၏—သူ့ကိုသတ်သောသူများအပေါ်ရောက်မည့်ရောဂါနှင့် မီးဘေးဖြင့် သေခြင်းကို သူပရောဖက်ပြု၍ဟော၏။ ဘီစီ ၁၄၈ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ အဘိနဒိ ဤဟောပြောခြင်းများကို ပြီးဆုံးသောအခါ၊ ယဇ်ပုရောဟိတ်များ သူ့ကို ဖမ်းဆီးရမည့်အကြောင်းနှင့် အသေသတ်ခံစေရမည့်အကြောင်း မင်းကြီးအမိန့်ပေး၏။
၂ သို့ရာတွင်၊ သူတို့၌ အယ်လမာအမည်ရှိသောသူတစ်ဦးရှိ၏၊ ထိုသူသည်လည်း နီဖိုင်းး၏ အမျိုးအနွယ်တစ်ဦး ဖြစ်၏။ လူပျိုတစ်ဦးလည်း ဖြစ်၏။ သူတို့တစ်ဖက်၌ အဘိနဒိ သက်သေခံခဲ့လေသော ဒုစရိုက်ကိုသိသောကြောင့် အဘိနဒိပြောလေသောစကားများကိုလည်း ယုံကြည်၏။ ထိုကြောင့်၊ သူသည် မင်းကြီးအား အဘိနဒိကို အမျက်မထွက်မည့်အကြောင်း၊ ငြိမ်းချမ်းစွာ ထွက်ခွာသွားနိုင်စေခြင်းငှာ၊ အခွင့်ပေးပါမည့်အကြောင်းကိုသာ တောင်းပန်စပြု၏။
၃ သို့ရာတွင်၊ မင်းကြီးသည် သာ၍အမျက်ထွက်လျက်၊ အယ်လမာကို သူတို့အထဲမှ နှင်ထုတ်စေ၍၊ ကွပ်မျက်စေခြင်းငှာ မိမိကျွန်တို့ကို သူ့နောက်သို့စေလွှတ်၏။
၄ သို့ရာတွင်၊ သူတို့ရှေ့မှထွက်ပြေးပြီး၊ ပုန်းကွယ်သဖြင့် သူ့ကို တွေ့မြင်ခြင်းမရှိကြ။ သူသည် ရက်ပေါင်းများစွာပုန်းအောင်းနေစဉ်တွင် အဘိနဒိဟောခဲ့လေသည့် စကားခပ်သိမ်းတို့ကိုလည်း ရေးခဲ့၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မင်းကြီးသည် သူ၏ကိုယ်ရံတော်များကို အဘိနဒိအား ဝိုင်း၍ဖမ်းဆီးစေ၏။ ထိုသူတို့သည်လည်း သူ့ကို ချည်နှောင်၍ ထောင်ထဲ၌ လှောင်ထားကြ၏။
၆ သုံးရက်လွန်လေပြီးမှ၊ သူ၏ယဇ်ပုရောဟိတ်များနှင့်တိုင်ပင်ပြီးလျှင်၊ သူ့ရှေ့သို့ တစ်ဖန်ခေါ်ဆောင်စေ၏။
၇ သူဆိုလေသည်ကား၊ အဘိနဒိ၊ သင့်အား စွပ်စွဲချက်ကို ငါတို့တွေ့ရှိသဖြင့် သင်သည်သေခြင်းနှင့်ထိုက်တန်၏။
၈ အကြောင်းမူကား၊ ဘုရားသခင်ကိုယ်တိုင် လူသားတို့၌ ဆင်းလာတော်မူမည့်အကြောင်း သင်ပြော၏။ ယခုမူကား၊ ငါနှင့် ငါ၏လူတို့အကြောင်း မကောင်းသောအရာကို ပြောသည့် ခပ်သိမ်းသောစကားများကို သင်ပြန်၍ မရုပ်သိမ်းလျှင်၊ ဤအကြောင်းကြောင့် သင်အသေသတ် ခံရလိမ့်မည်။
၉ ယခုတွင်၊ အဘိနဒိက သူ့ကို ပြောလေသည်ကား၊ သင်တို့ကို ငါဆိုသည်မှာ၊ ဤလူတို့နှင့်စပ်လျဉ်း၍ သင်တို့ကို ငါပြောထားလေသည့်စကားများကို ငါသည်ပြန်၍ ရုပ်သိမ်းမည်မဟုတ်။ အကြောင်းမူကား၊ ထိုစကားများသည် အမှန်ဖြစ်၏။ ထိုအရာတို့ဧကန်အမှန်ဖြစ်ကြောင်းကို သင်တို့သိနိုင်စေခြင်းငှာလည်း၊ ငါ့ကိုယ်တိုင်အား သင်တို့လက်သို့ ကျရောက်စေရန် ငါအခွင့်ပေးလေပြီ။
၁၀ ထိုမှတစ်ပါး၊ ငါသည် သေသည့်တိုင်အောင်ပင် ဒုက္ခခံစားမည်။ ငါ၏စကားများကို ပြန်၍ ရုပ်သိမ်းမည်မဟုတ်။ ထိုစကားများသည် သင်တို့တစ်ဖက်၌ သက်သေအဖြစ်ရှိလိမ့်မည်။ သင်တို့သည် ငါ့ကိုကွပ်မျက်လျှင်၊ အပြစ်မရှိသောသူ၏ အသွေးကို သွန်းလောင်း၍၊ နောက်ဆုံးသောနေ့တွင် ဤအမှုသည်လည်း သင်တို့တစ်ဖက်၌ သက်သေအဖြစ်ရှိလိမ့်မည်။
၁၁ ယခုမူကား၊ နောဧမင်းကြီးသည် သူ့ကို လွှတ်ပေးတော့မည်ပြု၏။ အကြောင်းမူကား၊ သူ၏စကားများကို ကြောက်ရွံ့၏။ ဘုရားသခင်၏တရားစီရင်တော်မူခြင်းများ သူ့အပေါ်ကျရောက်လာမည်ကိုလည်း ကြောက်ရွံ့၏။
၁၂ သို့ရာတွင်၊ ယဇ်ပုရောဟိတ်တို့သည် သူ့တစ်ဖက်၌ ကြွေးကြော်သဖြင့်၊ သူသည် မင်းကြီးကို မထီမဲ့မြင်ပြုပါ၏ဟု ဆိုလျက် စွပ်စွဲစပြုလေ၏။ ထိုကြောင့်၊ မင်းကြီးသည် သူ့ကို အမျက်ထွက်၍၊ ကွပ်မျက်ခံရစေခြင်းငှာ ပေးအပ်လေ၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူ့ကို ဖမ်းဆီး၍ ချည်နှောင်လျက်၊ ထင်းစည်းနှင့် အမှန်စင်စစ်၊ သေသည့်တိုင်အောင်ပင် ရိုက်ပုတ်ကြ၏။
၁၄ ယခုမူကား၊ မီးလျှံများ သူ့ကို အပူလောင်စပြုသောအခါ၊ သူတို့ကို ဆို၍ ဟစ်ကြွေးလေသည်ကား၊
၁၅ ရှုလော့၊ သင်တို့သည် ငါ့ကိုပြုလေသကဲ့သို့ပင်၊ သင်တို့၏အမျိုးအနွယ်တို့ကလည်း၊ များစွာသောသူတို့ကို ငါဒုက္ခဝေဒနာခံစားရသည့် နာကျင်မှုတို့၊ အကယ်စင်စစ် မီးဘေးဖြင့်သေခြင်း၏ နာကျင်မှုဒုက္ခဝေဒနာကို ခံစားစေလိမ့်မည်။ ဤအမှုသည်ကား၊ သူတို့သည် သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းကို ယုံကြည်ကြသောကြောင့်ဖြစ်၏။
၁၆ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ သင်တို့သည် သင်တို့၏ဒုစရိုက်များကြောင့်၊ ခပ်သိမ်းသောရောဂါအမျိုးမျိုးတို့နှင့် ဒုက္ခရောက်ကြပေလိမ့်မည်။
၁၇ ထိုမှတစ်ပါး၊ သင်တို့သည် အဘက်ဘက်မှ အရိုက်ခံရ၍၊ ရက်စက်သော သားရဲများ၏မောင်းထုတ်ခြင်းကို ခံရသောသိုးရိုင်းစုကဲ့သို့ပင်၊ မောင်းထုတ်ခံရသဖြင့်၊ အရပ်ရပ်သို့ ကွဲပြားပြန့်ကျဲကြလိမ့်မည်။
၁၈ ထိုကာလ၌၊ သင်တို့သည် လိုက်၍အဖမ်းခံရသဖြင့်၊ သင်တို့ရန်သူများ၏လက်ဖြင့် ဖမ်းဆီးသွားခြင်းကို ခံရလျက် ငါဒုက္ခဝေဒနာခံစားသကဲ့သို့ မီးဘေးဖြင့်သေခြင်း၏နာကျင်မှုများကို ခံစားရလိမ့်မည်။
၁၉ ထိုကဲ့သို့အားဖြင့်၊ ဘုရားသခင်သည် သူ၏လူမျိုးတို့ကို ဖျက်ဆီးသည့်သူတို့အပေါ် အပြစ်ဒဏ်ကို စီရင်တော်မူ၏။ အို ဘုရားသခင်၊ အကျွန်ုပ်၏အသက်ဝိညာဉ်ကို လက်ခံတော်မူပါ။
၂၀ ယခုမူကား၊ အဘိနဒိသည် ဤစကားများကို ပြော၍ပြီးလျှင်၊ လဲကျ၍၊ မီးဘေးဖြင့် သေခြင်းကို ခံစားရ၏။ ထိုမှတစ်ပါး၊ သူသည် ဘုရားသခင်၏ပညတ်တော်များကို မငြင်းဆိုလိုသောကြောင့်၊ သူ့စကားများ၏အမှန်တရားကို သူ၏သေခြင်းဖြင့် သက်သေပြုလျက် အသေသတ် ခံ၏။