အခန်းကြီး ၂
ဗင်္ယာမိန်မင်းကြီးသည် မိမိလူမျိုးတို့အား ဟောပြော၏—သူသည် မိမိနန်းစံခြင်း၏ဖြောင့်မှန်ခြင်း၊ တရားမျှတခြင်းနှင့် ဝိညာဉ်ပကတိသဘောကို ပြန်လည်ပြောပြ၏—မိမိတို့ကောင်းကင်ဘုံရှင် ရှင်ဘုရင်အား အစေခံရန် အကြံပေး၏—ဘုရားသခင်အား ဆန့်ကျင်ပုန်ကန်သောသူတို့သည် မငြိမ်းနိုင်သောမီးလျှံနှင့်တူသည့် ပြင်းစွာသောစိတ်ဆင်းရဲခြင်း ဒုက္ခဝေဒနာကို ခံစားရလိမ့်မည်။ ဘီစီ ၁၂၄ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မောဇိယက သူ့အဘမိန့်မှာသည့်အတိုင်း ထိုပြည်တစ်လျှောက်လုံး၌ ကြေညာခြင်းကို ပြုလေပြီးနောက်၊ လူမျိုးတို့သည် ဗင်္ယာမိန်မင်းကြီးဟောပြောမည့် စကားများကို ကြားနာခြင်းငှာ၊ ဗိမာန်တော်သို့ တက်၍သွားနိုင်စေခြင်းငှာ၊ ထိုပြည်တစ်လျှောက်လုံး၌ သူတို့ကိုယ်သူတို့ အတူတကွ စုဝေးကြ၏။
၂ များစွာသောသူတို့ရှိလေ၍၊ ထိုကဲ့သို့ပင် အလွန်များလှသဖြင့် မရေတွက်နိုင်ခဲ့။ အကြောင်းမူကား၊ သူတို့သည် လွန်စွာပွားများ၍၊ ထိုပြည်၌ အမြောက်အမြားဖြစ်လာကြ၏။
၃ သူတို့၏သိုးစုများမှ အဦးဖွားသောသားတို့ကိုလည်း ယူလာကြသည်ကား၊ မောရှေ၏ပညတ်တရားအတိုင်း ယဇ်နှင့် မီးရှို့ရာပူဇော်သက္ကာများပူဇော်နိုင်ကြစေကြောင်း၊
၄ ထို့အတူ၊ သူတို့ကို ယေရုရှလင်နယ်မြေမှ ဆောင်ယူတော်မူခဲ့လေသောသူ၊ သူတို့ရန်သူများ၏လက်မှ ကယ်လွှတ်ပေးတော်မူခဲ့လေသောသူ၊ ဖြောင့်မတ်သောသူများကို သူတို့၏ဆရာများအဖြစ်လည်းကောင်း၊ ဖြောင့်မတ်သူတစ်ဦးကို သူတို့၏ရှင်ဘုရင်အဖြစ်လည်းကောင်း၊ ခန့်အပ်ထားတော်မူခဲ့လေသောသူတည်းဟူသော သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်ကို ကျေးဇူးတော်ချီးမွမ်းကြစေကြောင်းပင်တည်း။ ထိုရှင်ဘုရင်သည် ဇရဟင်မလပြည်၌ ငြိမ်းချမ်းခြင်းကို တည်ဆောက်ခဲ့လေပြီး၊ သူတို့ ရွှင်လန်းဝမ်းမြောက်၍ ဘုရားသခင်နှင့် ခပ်သိမ်းသောလူတို့ကို ချစ်ခြင်းဖြင့် ပြည့်ဝနိုင်စေကြောင်း၊ ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းကြရန် သွန်သင်ပေးခဲ့လေသောသူလည်းဖြစ်၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ဗိမာန်တော်ရှိရာသို့လာ၍၊ ပတ်ဝန်းကျင်၌ သူတို့၏တဲများကို ဆောက်ကြ၏၊ လူတိုင်း ကိုယ့်မိသားစုအလိုက် ကိုယ့်ဇနီး၊ ကိုယ့်သားများ၊ ကိုယ့်သမီးများနှင့် အကြီးဆုံးမှ အငယ်ဆုံးအထိ သူတို့၏သားများနှင့် သူတို့၏သမီးများတို့ဖြင့် မိသားစုတိုင်းကို တစ်စုနှင့်တစ်စု သီးခြားစီထားကြ၏။
၆ သူတို့သည် ဗိမာန်တော်၏ပတ်ဝန်းကျင်၌ သူတို့၏တဲများကို ဆောက်၍၊ လူတိုင်း ကိုယ့်တဲ၌ ဗိမာန်တော်ဘက်သို့ မျက်နှာမူသော တံခါးရှိလျက်၊ ထိုကဲ့သို့အားဖြင့်၊ တဲများ၌နေ၍ ဗင်္ယာမိန်မင်းကြီးဟောပြောမည့်စကားများကို ကြားနာနိုင်ကြ၏။
၇ လူအစုအဝေးမှာ အလွန်ကြီးမားသဖြင့် ဗင်္ယာမိန်မင်းကြီးသည် သူတို့အားလုံးကို ဗိမာန်တော်နံရံများအတွင်း၌ မသွန်သင်နိုင်ခဲ့။ ထို့ကြောင့်၊ လင့်စင်တစ်ခုကို တည်ဆောက်စေ၍၊ ထိုကဲ့သို့အားဖြင့်၊ သူ၏လူမျိုးတို့သည် သူဟောပြောမည့် စကားများကို ကြားနာနိုင်ကြ၏။
၈ ဤသို့အားဖြင့်ချိန်တန်လာသောအခါ၊ သူသည် လင့်စင်မှနေ၍ မိမိ၏လူမျိုးတို့အား ဟောပြောစပြုခဲ့၏။ လူအစုအဝေး၏ကြီးမားလှခြင်းကြောင့်၊ သူတို့အားလုံးမှ သူ့အသံကို မကြားနိုင်ကြ။ ထို့ကြောင့်၊ သူ့အသံကို ကြားနိုင်ရာအရပ်၌ မရှိသောသူတို့အားလည်း သူ့စကားများကို ရရှိနိုင်ကြစေကြောင်း၊ ဟောပြောသည့်စကားများကို ရေး၍ ထိုသူတို့ထံ ပို့လွှတ်စေ၏။
၉ သူဟောပြော၍၊ ရေးစေခဲ့သောစကားများသည်ကား၊ ငါ၏ညီအစ်ကိုတို့၊ ဤနေ့တွင်၊ ငါဟောပြောမည့်စကားများကို ကြားနိုင်ကြသော သင်တို့အားလုံး သင်တို့ကိုယ်သင်တို့အတူတကွစည်းဝေးကြလေပြီ။ အကြောင်းမူကား၊ ဤနေရာကိုလာပြီး ငါဟောပြောမည့်စကားများကို မထီမဲ့မြင်ပြုကြစေရန် သင်တို့ကို ငါမမိန့်မှာလေခဲ့၊ သို့ရာတွင် ငါ့ကို စေ့စေ့နားထောင်၍၊ ကြားနာနိုင်ကြရန် နားကို စွင့်လျက်၊ နားလည်နိုင်ကြစေရန် သင်တို့စိတ်နှလုံးကို ဖွင့်လျက်၊ ဘုရားသခင်၏ နက်နဲသောအရာတို့ကို သင်တို့၏ မြင်ကွင်း၌ ဖွင့်ပြရစေခြင်းငှာ သင်တို့၏ စိတ်ကိုဖွင့်ကြလော့။
၁၀ ငါ့ကို ကြောက်ရွံ့စေကြောင်း၊ သို့မဟုတ်၊ ငါကိုယ်တိုင်အား သေခြင်းရှိသော လူသားထက်ပို၍ ကြီးမြတ်သောသူဖြစ်သည်ဟု ထင်စေကြောင်း သင်တို့ကို ဤနေရာသို့ လာကြရန် မမိန့်မှာလေခဲ့။
၁၁ သို့ရာတွင်၊ ငါသည်လည်း သင်တို့ကဲ့သို့ပင် ကိုယ်ခန္ဓာနှင့် စိတ်၌ အမျိုးမျိုးသော အနာရောဂါဝေဒနာများ ဖြစ်လေ့ရှိ၏။ သို့သော်လည်း၊ ငါသည် ဤလူမျိုးတို့၏ရွေးကောက်ခြင်းကို ခံရ၏၊ ငါ့အဘအားဖြင့်လည်း ခန့်ထားခံရ၏ ၊ ဤလူမျိုးတို့အပေါ်၌၊ အုပ်စိုးသူနှင့် ရှင်ဘုရင်တစ်ပါးအဖြစ် ကိုယ်တော်ရှင်၏လက်တော်အားဖြင့် အခွင့်ပေးတော်မူခြင်းကိုလည်း ခံခဲ့ရ၏။ ငါ့အား ကိုယ်တော်ရှင် ပေးထားတော်မူလေသော အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အားရှိသမျှဖြင့် သင်တို့ကို အစေခံခြင်းငှာ၊ သူ၏အတုမရှိသော တန်ခိုးတော်အားဖြင့်ထိန်းသိမ်း၍ ကာကွယ်စောင့်မထားတော်မူခြင်းကိုလည်း ခံခဲ့ရလေပြီ။
၁၂ ငါဆိုသည်ကား၊ ငါ၏ဘဝကို သင်တို့၏ အမှုကို ဆောင်ခြင်း၌ အသုံးပြုရန် ယခုကာလတိုင်အောင်ပင်၊ အခွင့်ပေးထားသည်ကို ခံရ၍၊ သင်တို့ထံမှ ရွှေကိုသော်လည်းကောင်း၊ ငွေကိုသော်လည်းကောင်း၊ စည်းစိမ်ဥစ္စာတစ်စုံတစ်ခုကိုသော်လည်းကောင်း ရရှိရန်ကြိုးစားအားထုတ်ခြင်းမရှိခဲ့။
၁၃ ငါသည် သင်တို့ကို မြေတွင်းလှောင်အိမ်ထဲ၌ လှောင်ထားခြင်းကိုသော်လည်းကောင်း၊ သင်တို့ တစ်ဦးနှင့်တစ်ဦး ကျွန်ပြုခြင်းကိုသော်လည်းကောင်း၊ လူ့အသက်သတ်ခြင်းကိုသော်လည်းကောင်း၊ လုယက်ခြင်းကိုသော်လည်းကောင်း၊ ခိုးယူခြင်းကိုသော်လည်းကောင်း၊ သူ့သားမယားအားပြစ်မှားခြင်းကို ကျူးလွန်ခြင်းကို သော်လည်းကောင်း အခွင့်မပေးခဲ့။ ငါသည် သင်တို့ကို တစ်စုံတစ်ခုသော ဆိုးညစ်ခြင်းကိုပင် ကျူးလွန်ရန် အခွင့်မပေးဘဲ၊ အရာရာ၌ သင်တို့ကို မိန့်တော်မူလေသည့် ကိုယ်တော်ရှင်၏ ပညတ်တော်များကို စောင့်ထိန်းကြစေရန် သွန်သင်ပေးလေပြီ—
၁၄ ငါသည် သင်တို့ကို အစေခံနိုင်ခြင်းငှာလည်းကောင်း၊ သင်တို့ကို အခွန်များနှင့် ဝန်မလေးကြစေခြင်းငှာလည်းကောင်း၊ ထမ်းဖို့လေးလံသည့် အဘယ်အရာကိုမျှ သင်တို့အပေါ် မကျရောက်စေခြင်းငှာလည်းကောင်း ငါကိုယ်တိုင်သည်ပင်လျှင်၊ ငါ့လက်ဖြင့် အလုပ်လုပ်လေပြီ—ငါပြောလေသည့် ဤအရာခပ်သိမ်းတို့ အတွက်လည်း ဤနေ့တွင် သင်တို့ကိုယ်တိုင် အသိသက်သေများဖြစ်ကြ၏။
၁၅ အဘယ်သို့ပင်ဖြစ်စေ၊ ငါ၏ညီအစ်ကိုတို့၊ ငါသည် ဝါကြွားနိုင်ရန်၊ ဤအရာတို့ကို ပြုလေသည်မဟုတ်၊ သင်တို့ကို စွပ်စွဲရန် ဤအရာတို့ကို ပြောသည်လည်း မဟုတ်။ သို့ရာတွင်၊ ငါသည် ဤနေ့တွင် ဘုရားသခင်ရှေ့ ၌ အသိစိတ်သန့်သန့်နှင့် ဖြေကြားနိုင်ကြောင်းကို သင်တို့သိကြစေရန်၊ ဤအရာတို့ကို သင်တို့အား ပြောပြ၏။
၁၆ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ငါသည် သင်တို့၏အမှုကို ဆောင်ခြင်း၌ ငါ၏ဘဝကို သုံး၍၊ ဝါကြွားရန် အလိုမရှိကြောင်း သင်တို့ကို ပြောခဲ့၏။ အကြောင်းမူကား၊ ငါသည် အကယ်စင်စစ်ဘုရားသခင်၏အမှုကို ဆောင်ခြင်း၌ ရှိလေပြီ။
၁၇ ရှုဦးလော့၊ သင်တို့သည် ဥာဏ်ပညာကို သင်ယူကြစေခြင်းငှာလည်းကောင်း၊ သင်တို့၏အပေါင်းအဖော်များ၏ အမှုကို ဆောင်ခြင်း၌ ရှိသောအခါ၊ သင်တို့၏ ဘုရားသခင်၏ အမှုကို ဆောင်ခြင်း၌ အမှန် ရှိကြောင်းကို သင်ယူကြစေခြင်းငှာလည်းကောင်း ဤအရာများကို သင်တို့အား ငါပြောပြ၏။
၁၈ ရှုလော့၊ သင်တို့သည် ငါ့ကို သင်တို့၏ရှင်ဘုရင်အဖြစ် ခန့်အပ်ထားကြလေပြီ။ သင်တို့၏ရှင်ဘုရင်အဖြစ် ခန့်အပ်ခံရသည့်ငါသည် သင်တို့ကို အစေခံရန် အလုပ်လုပ်လျှင်၊ သင်တို့သည် တစ်ယောက်ကိုတစ်ယောက် အစေခံရန် အလုပ်မလုပ်သင့်ကြလေသလော။
၁၉ ရှုဦးလော့၊ သင်တို့၏ရှင်ဘုရင်အဖြစ်ခန့်အပ်ခံရသည့်သူတည်းဟူသော၊ သင်တို့၏ အမှုကို ဆောင်ခြင်း၌ ကိုယ့်နေ့ရက်များကိုအသုံးပြုလေ၍၊ အဘယ်သို့ပင်ဖြစ်စေ ဘုရားသခင်၏ အမှုကို ဆောင်ခြင်း၌ ရှိလေသောငါသည် သင်တို့ထံမှ ကျေးဇူးတင်ခြင်း တစ်စုံတစ်ခုကို ခံယူထိုက်လျှင်၊ အို သင်တို့သည် သင်တို့၏ကောင်းကင်ဘုံရှင် ရှင်ဘုရင်အား ကျေးဇူးတော် ချီးမွမ်းသင့်လှပေစွတကား။
၂၀ ငါ၏ညီအစ်ကိုတို့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့ကို ဖန်ဆင်းတော်မူလေပြီး၊ ထိန်းသိမ်း၍ ကာကွယ်စောင့်မတော်မူလျက်၊ ရွှင်လန်းဝမ်းမြောက်စေ၍ အချင်းချင်း ငြိမ်းချမ်းစွာနေနိုင်စေရန် အခွင့်ပေးတော်မူလေသည့် ထိုဘုရားသခင်အား သင်တို့၏စိတ်ဝိညာဉ်တစ်ခုလုံးမှာ ရှိနိုင်စွမ်းသည့် ခပ်သိမ်းသောကျေးဇူးနှင့် ချီးမွမ်းခြင်းတို့ကို သင်တို့ဆပ်ပေးကြလျှင်—
၂၁ ငါဆိုသည်ကား၊ ရှေးဦးစွာမှစ၍ သင်တို့ကို ဖန်ဆင်းတော်မူလေပြီး၊ သင်တို့အလိုအတိုင်း အသက်ရှင်၍ လှုပ်ရှားပြုမူနိုင်စေခြင်းငှာ၊ ရှူရာအသက်ကို ပေးတော်မူခြင်းအားဖြင့်လည်းကောင်း၊ အချိန်တိုင်း၌ပင်သင်တို့ကို ထောက်မခြင်းအားဖြင့်လည်းကောင်း နေ့တိုင်းမပြတ် ကာကွယ်စောင့်မတော်မူလျက်ရှိသောသူကို အစေခံကြလျှင်—ငါဆိုသည်ကား၊ အလုံးစုံသောစိတ်ဝိညာဉ်တစ်ခုလုံးဖြင့် သူ့ကို အစေခံကြသော်လည်း သင်တို့သည် အသုံးမရသော အစေအပါးများဖြစ်ကြလိမ့်မည်။
၂၂ ရှုဦးလော့၊ သင်တို့ထံမှ သူအလိုရှိတော်မူသည့် အလုံးစုံသောအရာသည်ကား၊ သူ၏ပညတ်တော်များကို စောင့်ထိန်းကြရန်ပင်တည်း။ သင်တို့သည် သူ၏ပညတ်တော်များကို စောင့်ထိန်းကြလျှင်၊ ထိုပြည်၌ အောင်မြင်ကြလိမ့်မည်ဟုလည်း ကတိထားတော်မူလေပြီ။ သူသည် မိန့်တော်မူလေသည့်အရာမှ အဘယ်သောအခါမျှ၊ မသွေဖည်။ ထို့ကြောင့်၊ သူ၏ပညတ်တော်များကို စောင့်ထိန်းကြလျှင်၊ သင်တို့ကို ကောင်းချီးပေး၍ အောင်မြင်စေတော်မူမည်။
၂၃ ယခုမူကား၊ ရှေးဦးစွာ၌၊ သင်တို့ကို ဖန်ဆင်းတော်မူလေပြီး၊ သင်တို့၏ အသက်ကို ပေးသနားတော်မူ၍၊ ထိုအရာအတွက် သင်တို့သည် သူ့ထံသို့ ပေးဆပ်စရာရှိကြ၏။
၂၄ ဒုတိယအနေဖြင့်၊ သူမိန့်တော်မူလေသည့်အတိုင်း၊ သင်တို့ပြုစေရန် အလိုရှိတော်မူ၏။ ထိုအမှုအတွက်၊ သင်တို့ပြုကြလျှင်၊ သင်တို့ကို ချက်ချင်းကောင်းချီးပေးတော်မူ၏။ ထို့ကြောင့်၊ သင်တို့ကို အဖိုးအခပေးတော်မူလေ၏။ သင်တို့သည် သူ့ထံသို့ ကာလအစဉ်အဆက်၊ ပေးဆပ်စရာ ရှိမြဲရှိလျက်နေပေဦးမည်။ ထို့ကြောင့်၊ သင်တို့၌ ဝါကြွားစရာ အဘယ်အရာရှိသနည်း။
၂၅ ယခုမူကား၊ သင်တို့ကိုယ်တိုင်၏အကြောင်း တစ်စုံတစ်ခုကို ပြောနိုင်ကြသလောဟု ငါမေး၏။ မပြောနိုင်ဟု သင်တို့ကို ငါဖြေ၏။ သင်တို့သည် မြေမှုန့်ကဲ့သို့ပင်ဖြစ်သည်ဟုလည်း မဆိုနိုင်ကြ။ သို့သော်လည်း သင်တို့ကို မြေမှုန့်ဖြင့် ဖန်ဆင်းတော်မူခဲ့၏။ သို့ရာတွင်၊ ရှုလော့၊ ထိုမြေမှုန့်သည် သင့်တို့ကို ဖန်ဆင်းတော်မူခဲ့သည့်သူနှင့် ဆိုင်သောအရာဖြစ်၏။
၂၆ ငါသည်လည်း အကယ်စင်စစ်၊ သင်တို့၏ရှင်ဘုရင်ဟု သင်တို့ခေါ်သည့် ငါသည် သင်တို့ကိုယ်တိုင်ထက်သာ၍ ကောင်းမြတ်သည်မဟုတ်။ အကြောင်းမူကား၊ ငါသည်လည်း မြေမှုန့်မှ ဖြစ်၏။ ငါသည် အိုမင်း၍၊ ဤသေခြင်းရှိသော ကိုယ်ခန္ဓာကို ၎င်း၏အမိမြေကြီးသို့ ပေးအပ်တော့မည်ကို သင်တို့ ရှုကြလော့။
၂၇ ထို့ကြောင့်၊ ငါသည်သင်တို့ကို အစေခံခဲ့လေပြီဟု ပြောခဲ့သည့်အတိုင်း၊ ဘုရားသခင်ရှေ့၌ အသိစိတ်သန့်သန့်နှင့် လျှောက်လှမ်းလျက်၊ ထိုကဲ့သို့ပင်၊ ဤအချိန်၌ သင်တို့ကိုယ်သင်တို့ အတူတကွ စည်းဝေးစေလေသည်မှာ၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ၊ ထို့အတူ၊ သင်တို့နှင့်စပ်လျဉ်း၍ ငါ့ကို သူမိန့်တော်မူလေသည့် အရာများအတွက်၊ ဘုရားသခင်၏တရားစီရင်တော်မူခြင်းကိုခံရစေရန် ရပ်သောအခါ ငါ့အပေါ် သင်တို့၏အသွေး မကျရောက်ရစေခြင်းငှာပေတည်း။
၂၈ သင်တို့ကို ငါဆိုသည်ကား၊ ငါသည် သင်္ချိုင်းတွင်းသို့ ဆင်းသွားတော့မည့်၊ ဤအချိန်၌ ငါ၏ အဝတ်တန်ဆာများကို သင်တို့၏အသွေးနှင့် ကင်းစင်စေခြင်းငှာလည်းကောင်း၊ ငြိမ်းချမ်းစွာ ဆင်း၍သွားနိုင်ခြင်းငှာလည်းကောင်း သင်တို့ကိုယ်သင်တို့ အတူတကွ စည်းဝေးစေလေပြီ။ သေခြင်းမရှိသောငါ၏ဝိညာဉ်သည်လည်း တရားတော်မူသည့် ဘုရားသခင်အား ချီးမွမ်းသီချင်းဆိုရာ၌ အထက်မှာရှိသည့် ဓမ္မတေးသံစုံကျူးအဖွဲ့နှင့် ပူးပေါင်းနိုင်ပေမည်။
၂၉ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ ငါသည် သင်တို့၏ဆရာသော်လည်းကောင်း၊ သင်တို့၏ရှင်ဘုရင်သော်လည်းကောင်း မဟုတ်တော့ကြောင်းကို ကြေညာနိုင်ခြင်းငှာ သင်တို့ကိုယ်သင်တို့ အတူတကွ စည်းဝေးစေလေပြီ။
၃၀ အကြောင်းမူကား၊ ဤအချိန်၌ပင်၊ သင်တို့ကို ဟောပြောခြင်းငှာ ကြိုးစားစဉ်၌၊ ငါ့ကိုယ်ခန္ဓာတစ်ခုလုံးသည် လွန်စွာတုန်၏။ သို့ရာတွင်၊ ကိုယ်တော်ရှင်ဘုရားသခင်သည် ငါ့ကို ထောက်မ၍၊ သင်တို့ကို ငါဟောပြောစေမည့်အကြောင်း အခွင့်ပေးတော်မူလျက်၊ ငါ့သားမောဇိယသည်ကား သင်တို့အပေါ်အုပ်စိုးသူနှင့် ရှင်ဘုရင်တစ်ပါးဖြစ်ကြောင်း၊ ဤနေ့တွင်၊ သင်တို့အား ကြေညာရမည်ကိုလည်း ငါ့ကို မိန့်မှာတော်မူလေပြီ။
၃၁ ယခုမူကား၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် ယခုတိုင်အောင်ပြုလေပြီးသကဲ့သို့ ပြုကြစေခြင်းငှာ ငါအလိုရှိ၏။ သင်တို့သည် ငါ၏မိန့်မှာချက်များ၊ ထို့အတူ၊ ငါ့အဘ၏မိန့်မှာချက်များကိုလည်း စောင့်ထိန်း၍၊ အောင်မြင်ကြလေပြီး၊ သင်တို့ရန်သူများ၏လက်ထဲသို့ ကျရောက်ခြင်းမှ တားမြစ်ခံရလျက်၊ ထိုကဲ့သို့ပင်၊ ငါ့သား၏မိန့်မှာချက်များ၊ သို့မဟုတ်၊ သူ့အားဖြင့် သင်တို့ကို ပေးအပ် တော်မူမည့်၊ ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းကြလျှင်၊ ထိုပြည်၌ အောင်မြင်၍၊ သင်တို့၏ရန်သူတို့သည်လည်း သင်တို့အပေါ် အစိုးရခြင်း ရှိမည်မဟုတ်။
၃၂ သို့ရာတွင်၊ အို ငါ၏လူမျိုးတို့၊ သင်တို့၌ ရန်တွေ့ခြင်းများ ဖြစ်ပေါ်လာ၍၊ သင်တို့သည် ငါ့အဘ မောဇိယပြောထားသည့် မကောင်းသောဝိညာဉ်အား နာခံလိုကြမည်ကို သတိပြုကြလော့။
၃၃ ရှုလော့၊ ထိုဝိညာဉ်ကို နာခံလိုသည့်သူအပေါ်၌ အမင်္ဂလာသက်ရောက်စေ၏။ အကြောင်းမူကား၊ ထိုသူသည် နာခံလို၍၊ မိမိအပြစ်များ၌ ဆက်၍ရှိပြီး၊ သေလျှင်၊ ကိုယ်ဝိညာဉ်သို့ အပြစ်ဒဏ်ရောက်ခြင်းကို သောက်၏။ မိမိအသိပညာနှင့် ဆန့်ကျင်၍ ဘုရားသခင်၏ပညတ်တရားကို လွန်ကျူးလျက်၊ အဖိုးအခအဖြစ် ထာဝရတည်မြဲသောအပြစ်ဒဏ်ကို ရရှိ၏။
၃၄ သင်တို့ကို ငါဆိုသည်ကား၊ ဤအရာများအကြောင်းကို သွန်သင်မခံရလေသည့် သင်တို့၏ကလေးသူငယ်များမှတစ်ပါး၊ သင်တို့၏ကောင်းကင်ဘုံရှင်အဘထံသို့၊ သင်တို့နှင့် သင်တို့မှာရှိသမျှတို့ကို ဆပ်ပေးရန် အစဉ်ထာဝရပေးဆပ်စရာရှိသူများ ဖြစ်ကြောင်း မသိလေသောသူ၊ ငါတို့အဘလေဟိ ယေရုရှလင်ကို စွန့်ခွာခဲ့သည့်အချိန်အထိတိုင်အောင်ပင်၊ သန့်ရှင်းသောပရောဖက်တို့က ဟောပြောထားလေသည့် ပရောဖက်ပြုဟောချက်များပါရှိသော မှတ်တမ်းများအကြောင်းကိုလည်း သွန်သင်မခံရလေသောသူ တစ်စုံတစ်ယောက်မျှ သင်တို့၌မရှိကြ။
၃၅ ယခုတိုင်အောင် ငါတို့ဘိုးဘေးတို့ပြောထားလေသောအရာခပ်သိမ်းတို့ကိုလည်း သွန်သင်မခံရကြ။ ရှုဦးလော့၊ သူတို့သည် ကိုယ်တော်ရှင်မိန့်တော်မူသည့်အရာကိုလည်း ဟောပြောကြ၏။ ထို့ကြောင့်၊ မှတ်တမ်းများသည် တိကျမှန်ကန်၏။
၃၆ ယခုမူကား၊ ငါ၏ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ သင်တို့သည် ဤအရာခပ်သိမ်းတို့ကို သိလေကြ၊ သွန်သင်ခြင်းကိုလည်းခံကြလေပြီးနောက်၊ ဟောပြောထားလေသည်နှင့် ဆန့်ကျင်လျက် လွန်ကျူးကြလျှင်၊ ကိုယ်တော်ရှင်၏ဝိညာဉ်တော်ထံမှ သင်တို့ကိုယ်သင်တို့ နှုတ်ယူကြသဖြင့်၊ ထိုဝိညာဉ်တော်သည် သင်တို့ကောင်းချီးခံစားရနိုင်၊ အောင်မြင်နိုင်၊ ကာကွယ်စောင့်မခြင်းခံရနိုင်စေကြောင်း၊ ဉာဏ်ပညာ၏ လမ်းခရီးတို့၌ လမ်းပြရန် သင်တို့အထဲ၌ နေရာမရှိနိုင်—
၃၇ သင်တို့ကို ငါဆိုသည်ကား၊ ဤအမှုကိုပြုသောသူသည် ဘုရားသခင်ကိုဆန့်ကျင်၍၊ ထင်ရှားစွာ ပုန်ကန်မှုပြုသောသူကဲ့သို့ပင်ဖြစ်၏။ ထို့ကြောင့်၊ သူသည် မကောင်းသောဝိညာဉ်ကို နာခံလို၍၊ အလုံးစုံသောဖြောင့်မတ်ခြင်း၏ ရန်သူဖြစ်လာ၏။ ထို့ကြောင့်၊ ကိုယ်တော်ရှင်အဖို့ ထိုသူ့အထဲ၌ နေရာမရှိ။ အကြောင်းမူကား၊ သူသည် မသန့်ရှင်းသော ဗိမာန်တော်၌ နေထိုင်ခြင်းမရှိ။
၃၈ ထို့ကြောင့်၊ ၎င်းလူသည် နောင်တရခြင်းမရှိဘဲ၊ ဘုရားသခင်၏ ရန်သူအဖြစ်ဆက်၍ရှိပြီးနောက် သေလျက်၊ မြင့်မြတ်ခြင်း၏လိုအပ်ချက်များက သူ၏သေခြင်းမရှိသောဝိညာဉ်ကို ကိုယ်အပြစ်ရောက်ခြင်းအကြောင်း အားကြီးသည့်အသိသို့ နှိုးဆော်၏။ ထိုအမှုက သူ့ကို ကိုယ်တော်ရှင်၏ မျက်မှောက်မှ တွန့်ဆုတ်သွားစေလျက်၊ အပြစ်ရောက်ခြင်း၊ နာကျင်မှု၊ ထို့အတူ၊ ကာလအစဉ်အဆက် အမြဲတက်သည့် မငြိမ်းနိုင်သောမီးလျှံကဲ့သို့သော ပြင်းစွာသောဝေဒနာတို့နှင့် သူ၏ရင်ကို ပြည့်စေ၏။
၃၉ ယခုမူကား၊ သင်တို့ကို ငါဆိုသည်မှာ၊ ကရုဏာတော်သည် ထိုသူ့အပေါ်သို့ မသက်ရောက်။ ထို့ကြောင့်၊ သူ၏နောက်ဆုံးကြမ္မာဆိုးသည် အဘယ်တော့မျှအဆုံးမရှိသည့် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခြင်းအဖြစ် တည်ရှိ၏။
၄၀ အို ခပ်သိမ်းသော အသင်အသက်ကြီးသူတို့၊ အသင်လူပျိုတို့၊ ထို့အတူ ငါ၏စကားများကို နားလည်နိုင်ကြသည့် အသင်ကလေးသူငယ်များတို့၊ ငါသည် ရှင်းလင်းစွာ ဟောပြောလေ၍၊ သင်တို့နားလည်နိုင်ကြ၏။ လွန်ကျူးခြင်းထဲသို့ လဲကျလေသောသူများ၏ အလွန်ဆိုးရွားသောအခြေအနေကို သင်တို့အောက်မေ့သတိပြုကြစေခြင်းငှာ၊ ငါဆုတောင်း၏။
၄၁ ထိုမှတစ်ဖန်၊ ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းသောသူတို့၏ ကောင်းချီးခံစား၍၊ ပျော်ရွှင်သောအခြေအနေကိုလည်း သင်တို့ဆင်ခြင်ကြစေကြောင်း ငါအလိုရှိ၏။ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် အရာရာ၌ ဇာတိပကတိနှင့် ဝိညာဉ်ပကတိနှစ်ခုစလုံးတွင် ကောင်းချီးခံစားရကြ၏။ ထို့အတူ၊ သူတို့သည် အဆုံးတိုင်အောင် ဆက်၍သစ္စာရှိလျှင်၊ ကောင်းကင်ဘုံထဲသို့ ဝင်ခွင့်ရ၍၊ ထိုသို့အားဖြင့်၊ အဘယ်တော့မျှအဆုံးမရှိသော ပျော်ရွှင်ခြင်းအခြေအနေ၌ ဘုရားသခင်နှင့် အတူနေထိုင်နိုင်ကြ၏။ အို ဤအရာတို့မှန်ကန်ကြောင်းကို သတိရကြလော့၊ သတိရကြလော့။ အကြောင်းမူကား၊ ထိုအမှုကို ကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူလေပြီ။