အခန်းကြီး ၁၈
အယ်လမာသည် တိတ်ဆိတ်စွာဟောပြော၏—သူသည် ဗတ္တိဇံပဋိညာဉ်အကြောင်းကို ရှင်းပြ၍၊ မော်မုန်ရေများ၌ ဗတ္တိဇံပေး၏—သူသည် ခရစ်တော်၏အသင်းတော်ကို ဖွဲ့စည်း၍ ယဇ်ပုရောဟိတ်များကို ခန့်ထား၏—သူတို့သည် မိမိတို့ဘာသာမိမိ ထောက်မ၍၊ လူတို့ကို သွန်သင်ပေး၏—အယ်လမာနှင့် သူ၏လူတို့သည် နောဧမင်းကြီးထံမှ တောရိုင်းထဲသို့ ထွက်ပြေးကြ၏။ ဘီစီ ၁၄၇–၁၄၅ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ နောဧမင်းကြီး၏ကျွန်များထံမှ ထွက်ပြေးခဲ့လေသော အယ်လမာသည် မိမိအပြစ်များနှင့် ဒုစရိုက်များမှ နောင်တရသဖြင့်၊ လူများကြားသို့ တိတ်ဆိတ်စွာသွား၍ အဘိနဒိ၏စကားများကို သွန်သင်ပေးစပြုလေသည်ကား—
၂ အထူးသဖြင့်၊ ဖြစ်လာမည့်အရာများအကြောင်း၊ ထို့အတူ သေသူတို့၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်း၊ ခရစ်တော်၏တန်ခိုးတော် ဒုက္ခဝေဒနာခံစားခြင်းများနှင့် သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်ဘုံသို့ တက်၍ သွားတော်မူခြင်းတို့အားဖြင့်ဖြစ်ပေါ်စေသည့် လူတို့အားရွေးနှုတ်ခြင်းအကြောင်းတို့ပေတည်း။
၃ သူ၏စကားကို ကြားနာလိုသူမှန်သမျှတို့အား သူသွန်သင်ပေး၏။ ထိုအမှုကို မင်းကြီးသိခြင်းသို့ မရောက်နိုင်စေခြင်းငှာ၊ သူတို့ကို တိတ်ဆိတ်စွာသွန်သင်ပေး၏။ များစွာသောသူတို့ကလည်း သူ၏စကားများကို ယုံကြည်ကြ၏။
၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူ့ကို ယုံကြည်သူမှန်သမျှသည် ထိုပြည်၏နယ်နိမိတ်တွင် ကာလများစွာအားဖြင့်၊ သို့မဟုတ် ရာသီများစွာတို့၌ တောသားရဲတို့ထကြွလေသော၊ မင်းကြီးထံမှ အမည်ရရှိထားသည့် မော်မုန်ဟု ခေါ်သောအရပ်သို့ သွားကြ၏။
၅ ယခုတွင်၊ မော်မုန်အရပ်၌ စင်ကြယ်သော စမ်းရေတွင်းရှိ၏။ အယ်လမာသည် ထိုနေရာသို့ သွား၍၊ ရေနှင့်နီးရာ၌ သစ်ပင်ငယ်တို့၏တောအုပ်ရှိရာ၊ ထိုအရပ်တွင် နေ့အချိန်၌ မင်းကြီး၏ရှာဖွေခြင်းမှ ပုန်းရှောင်နေ၏။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူ့ကို ယုံကြည်သောသူမှန်သမျှသည် သူ၏စကားများကို ကြားနာခြင်းငှာ၊ ထိုနေရာသို့ သွားကြ၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နေ့များစွာကြာပြီးနောက်တွင်၊ အတော်များသောသူတို့သည် အယ်လမာ၏စကားများကို ကြားနာခြင်းငှာ၊ မော်မုန်အရပ်၌ အတူတကွ စုဝေးကြ၏။ ထိုမှတစ်ပါး၊ သူ၏စကားကို ယုံကြည်သူခပ်သိမ်းတို့သည် သူ့ကို ကြားနာခြင်းငှာ၊ အတူတကွ စုဝေးကြ၏။ သူကလည်း သွန်သင်၍ နောင်တရခြင်း၊ ရွေးနှုတ်ခြင်းနှင့် ကိုယ်တော်ရှင်အပေါ်၌ယုံကြည်ခြင်းတို့ကို ဟောပြော၏။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထိုသူတို့ကို ဆိုလေသည်ကား၊ ရှုလော့၊ ဤအရပ်တွင်၊ မော်မုန်ရေများရှိကြ၏၊ (ထိုကဲ့သို့အားဖြင့် ခေါ်ကြ၏) ယခုမူကား၊ သင်တို့သည် ဘုရားသခင်၏သိုးစုထဲသို့ ဝင်၍ သူ၏လူမျိုးဟု အခေါ်ခံရရန် အလိုရှိလျက်၊ တစ်ယောက်နှင့်တစ်ယောက်၏ဝန်များကို ပေါ့စေခြင်းငှာ၊ ထမ်းဆောင်ရန် လိုလားကြသဖြင့်၊
၉ ထိုမှတစ်ပါး၊ ငိုကြွေးမည်တမ်းသူတို့နှင့်အတူ ငိုကြွေးမြည်တမ်းရန် လိုလိုလားလားရှိကြ၏။ ထိုမှတစ်ပါး၊ နှစ်သိမ့်ခြင်းကို လိုအပ်လျက်ရှိသူတို့ကို နှစ်သိမ့်ပြီး၊ ခပ်သိမ်းသော ကာလတို့ ၌လည်းကောင်း၊ ခပ်သိမ်းသောအရာတို့ ၌လည်းကောင်း၊ သင်တို့ရှိကြမည့် ခပ်သိမ်းသောအရပ်တို့၌လည်းကောင်း သေခြင်းသို့တိုင်အောင်ပင် ဘုရားသခင်၏ သက်သေများအဖြစ် ရပ်တည်လျက်ရှိသည်မှာ၊ သင်တို့သည် ဘုရားသခင်အားဖြင့်၊ ရွေးနှုတ်တော်မူခြင်းကို ခံလျက်၊ ပထမရှင်ပြန်ထမြောက်ခြင်း၌ ရှိသူများနှင့်အတူ ရေတွက်ခံရစေခြင်းငှာဖြစ်၍၊ ထာဝရအသက်ကို ရရှိနိုင်ကြစေခြင်းငှာပေတည်း—
၁၀ ယခုမူကား၊ သင်တို့ကို ငါဆိုသည်မှာ၊ ဤအရာသည် သင်တို့စိတ်နှလုံး၏အလိုဆန္ဒဖြစ်လျှင်၊ သူ၏ဝိညာဉ်တော်ကို သင်တို့အပေါ်သို့ သာ၍မြောက်မြားစွာသွန်းလောင်းစေကြောင်း၊ သင်တို့သည် သူ့ကို အစေခံ၍ သူ၏ပညတ်တော်များကို စောင့်ထိန်းလျက်၊ သူနှင့် ပဋိညာဉ်ပြုလျက်သူ၏ရှေ့၌ သက်သေအဖြစ်ကိုယ်တော်ရှင်၏နာမတော်၌ ဗတ္တိဇံခံဖို့ကို ဆန့်ကျင်သလော။
၁၁ ယခုမူကား၊ လူတို့သည် ဤစကားများကို ကြားနာပြီးလေလျှင်၊ ဝမ်းမြောက်သောကြောင့် လက်ခုပ်တီး၍၊ ဤအရာသည်ကား၊ ငါတို့စိတ်နှလုံး၏ အလိုဆန္ဒပေတည်းဟု ဟစ်ကြွေးကြ၏။
၁၂ ယခုမူကား၊ အချိန်တန်လာသောအခါ၊ အယ်လမာသည် ပထမဦးဆုံးဖြစ်သူ၊ ဟေလမ်ကိုခေါ်သွားပြီး ရေထဲ၌ရပ်၍၊ အို ကိုယ်တော်ရှင်၊ သူသည် ဤအမှုတော်ကို စိတ်နှလုံး သန့်ရှင်းစွာပြုနိုင်စေကြောင်း၊ ကိုယ်တော်၏ဝိညာဉ်တော်ကို ကိုယ်တော်၏ကျွန်အပေါ်သို့၊ သွန်းလောင်းတော်မူပါဟု ဆိုလျက် ဟစ်ကြွေးလေ၏။
၁၃ ဤစကားများကို ပြော၍ပြီးလျှင်၊ ကိုယ်တော်ရှင်၏ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်၍၊ သူဆိုသည်မှာ၊ ဟေလမ်၊ ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ထံမှ အခွင့်အာဏာကိုရရှိသဖြင့်၊ သေခြင်းရှိသောကိုယ်ခန္ဓာ၏သေသည့်တိုင်အောင် သူ့ကို အစေခံခြင်းငှာ သင်ပဋိညာဉ်ပြုလေသည့် သက်သေအဖြစ် သင့်ကို ဗတ္တိဇံပေး၏။ သင့်အပေါ်သို့ ကိုယ်တော်ရှင်၏ဝိညာဉ်တော်ကိုလည်း သွန်းလောင်းတော်မူပါစေ။ ကမ္ဘာတည်ကတည်းက သူပြင်ဆင်ထားတော်မူခဲ့လေသည့် ခရစ်တော်၏ရွေးနှုတ်ခြင်းအားဖြင့်၊ သင့်အား ထာဝရအသက်ကိုလည်း သူပေးတော်မူပါစေ။
၁၄ အယ်လမာသည် ဤစကားများကို ပြောလေပြီးနောက်၊ အယ်လမာနှင့် ဟေလမ်နှစ်ဦးစလုံးတို့သည် ရေထဲ၌ နှစ်မြှုပ်ကြ၏။ ထို့နောက်၊ သူတို့သည် ဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊ ရွှင်လန်းဝမ်းမြောက်လျက် ရေထဲမှထွက်လာပြီး ထကြ၏။
၁၅ ထိုမှတစ်ဖန်၊ အယ်လမာသည် နောက်တစ်ဦးကို ခေါ်၍ ရေထဲသို့ ဒုတိယအကြိမ်သွားပြီး၊ သူကိုယ်တိုင်ရေထဲ၌ တစ်ဖန်မနှစ်မြှုပ်သည်မှတစ်ပါး၊ ထိုသူကို ပထမတစ်ဦးအတိုင်း ဗတ္တိဇံပေး၏။
၁၆ မော်မုန်အရပ်သို့ သွားသူမှန်သမျှကို ဤကဲ့သို့အားဖြင့်၊ သူဗတ္တိဇံပေး၏။ သူတို့သည်ကား၊ အရေအတွက်အားဖြင့် နှစ်ရာလေးဦးဖြစ်၏။ အမှန်စင်စစ်၊ သူတို့သည် မော်မုန်ရေများ၌ ဗတ္တိဇံခံပြီး၊ ဘုရားသခင်၏ကျေးဇူးတော်နှင့် ပြည့်စုံကြ၏။
၁၇ ထိုအချိန်မှစ၍၊ သူတို့ကိုလည်း ဘုရားသခင်၏အသင်းတော် သို့မဟုတ်၊ ခရစ်တော်၏အသင်းတော်ဟု ခေါ်ကြ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဘုရားသခင်၏တန်ခိုးနှင့် အခွင့်အာဏာတို့အားဖြင့် ဗတ္တိဇံခံခဲ့ကြသောသူမှန်သမျှကို သူ၏အသင်းတော်သို့ ဝင်စေ၏။
၁၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အယ်လမာသည် ဘုရားသခင်ထံမှ အခွင့်အာဏာကို ရရှိထားသောကြောင့်၊ ယဇ်ပုရောဟိတ်များကို ခန့်ထား၏။ သူတို့ကို ဟောပြောစေခြင်းငှာလည်းကောင်း၊ သူတို့ကို ဘုရားသခင်၏နိုင်ငံတော်နှင့် စပ်ဆိုင်သည့်အရာများအကြောင်း သွန်သင်ပေးစေခြင်းငှာလည်းကောင်း သူတို့၏အယောက်ငါးဆယ်တိုင်းအတွက် ယဇ်ပုရောဟိတ်တစ်ဦးကိုပင် ခန့်ထား၏။
၁၉ သူတို့သည် မိမိသွန်သင်ပေးခဲ့သည့်အရာများနှင့် သန့်ရှင်းသောပရောဖက်တို့၏နှုတ်မှ ဟောထားခဲ့လေသောအရာတို့မှတစ်ပါး၊ အဘယ်အရာကိုမျှ သွန်သင်မပေးရစေကြောင်း သူမိန့်မှာ၏။
၂၀ ထိုမှတစ်ပါး၊ သူတို့သည် နောင်တရခြင်းနှင့် မိမိလူတို့ကို ရွေးနှုတ်တော်မူလေသည့် ကိုယ်တော်ရှင်အပေါ်ယုံကြည်ခြင်းတို့မှတစ်ပါး၊ အဘယ်အရာကိုမျှ မဟောပြောရစေကြောင်းကိုပင် သူမိန့်မှာ၏။
၂၁ ထို့အတူ၊ သူတို့အား၊ အချင်းချင်း ရန်တွေ့ခြင်းမရှိရမည့်အကြောင်း၊ သူတို့စိတ်နှလုံးကို ညီညွတ်ခြင်းနှင့် တစ်ယောက်ကိုတစ်ယောက်ချစ်ခြင်း၌ အတူတကွထုံးဖွဲ့လျက်၊ ယုံကြည်ခြင်းတစ်ခုနှင့် ဗတ္တိဇံတစ်ခု ရှိလျက်၊ တညီတညွတ်တည်း မျှော်လင့်ရမည့်အကြောင်းကိုသာ သူမိန့်မှာ၏။
၂၂ ထို့ကဲ့သို့အားဖြင့်၊ ဟောပြောစေခြင်းငှာ သူတို့ကို မိန့်မှာ၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် ဘုရားသခင်၏သားသမီးများ ဖြစ်လာကြ၏။
၂၃ ဥပုသ်နေ့ကို ရိုသေစွာပြု၍ သန့်ရှင်းစေပြီး၊ သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်အား နေ့တိုင်း ကျေးဇူးတော်ချီးမွမ်းရမည်ကိုလည်း သူမိန့်မှာ၏။
၂၄ သူခန့်ထားလေသော ယဇ်ပုရောဟိတ်တို့သည် မိမိတို့အထောက်အမအတွက် မိမိတို့လက်ဖြင့် အလုပ်လုပ်ရမည်ကိုလည်း သူမိန့်မှာ၏။
၂၅ လူတို့အား သွန်သင်ပေးကြခြင်းငှာနှင့် သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်အား ကိုးကွယ်ကြခြင်းငှာ၊ သူတို့ကိုယ်သူတို့ အတူတကွ စုဝေးကြရန် သီတင်းပတ်တိုင်းတွင် ရွေးထားသောနေ့တစ်နေ့ရှိ၏။ သူတို့တတ်နိုင်သမျှ သူတို့ကိုယ်သူတို့ အကြိမ်ကြိမ် အတူတကွ စည်းဝေးကြခြင်ငှာလည်းဖြစ်၏။
၂၆ ယဇ်ပုရောဟိတ်တို့သည် မိမိတို့၏အထောက်အမအတွက်၊ လူတို့ကို မမှီခိုရ။ သို့ရာတွင်၊ သူတို့၏အလုပ်လုပ်ခြင်းအတွက်၊ ဘုရားသခင်ထံမှ ကျေးဇူးတော်ကို လက်ခံရရှိကြသည်မှာ၊ ဘုရားသခင်၏အကြောင်းကို သိခြင်းရှိလျက်၊ ဝိညာဉ်တော်၌ အားကြီးလာနိုင်ကြစေကြောင်း၊ ဘုရားသခင်ထံမှတန်ခိုးနှင့် အခွင့်အာဏာတို့အားဖြင့် သွန်သင်ပေးနိုင်စေကြောင်းပင်တည်း။
၂၇ ထိုမှတစ်ဖန်၊ အသင်းတော်မှလူတိုင်းသည် မိမိတို့ဥစ္စာကို မိမိမှာရှိသည့်အတိုင်း မျှ၍ပေးရမည်ကိုလည်း အယ်လမာမိန့်မှာခဲ့၏။ သာ၍မြောက်မြားစွာရှိလျှင်၊ သာ၍မြောက်မြားစွာ မျှ၍ပေးရမည်။ အနည်းငယ်သာရှိသောသူထံမှ အနည်းငယ်ကို လိုအပ်၏။ မရှိသည့်သူကို ပေးရမည်။
၂၈ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် ဘုရားသခင်ထံသို့ မိမိတို့၏လွတ်လပ်သောစိတ်နှင့် ကောင်းမြတ်သောအလိုဆန္ဒအတိုင်း မိမိတို့၏ဥစ္စာကို လိုအပ်လျက်ရှိသောယဇ်ပုရောဟိတ်များ၊ ထိုမှတစ်ပါး၊ ချို့တဲ့သောသူမှန်သမျှနှင့် အဝတ်မရှိသောသူတို့အား မျှ၍ပေးရမည်။
၂၉ ဘုရားသခင်၏မိန့်မှာထားတော်မူခြင်းကို ခံရလျက်၊ ဤအရာကို သူတို့အား ပြော၏။ သူတို့သည်လည်း၊ မိမိတို့၏လိုအပ်ချက်များနှင့် အလိုရှိသောအရာများအတိုင်း၊ ဇာတိပကတိနှင့် ဝိညာဉ်ပကတိနှစ်ခုစလုံးတို့၌ တစ်ယောက်ကိုတစ်ယောက် မျှ၍ပေးလျက်၊ ဘုရားသခင်ရှေ့ ၌ ဖြောင့်မတ်စွာကျင့်ကြ၏။
၃၀ ယခုမူကား၊ အချိန်တန်လာသောအခါ၊ ဤအမှုခပ်သိမ်းတို့ကို မော်မုန်၌၊ အထူးသဖြင့်၊ မော်မုန်ရေများ၏ဘေးနား၌၊ မော်မုန်ရေများအနီးရှိတော၌၊ ထိုမှတစ်ပါး မော်မုန်အရပ်၊ မော်မုန်ရေများ၌၊ မော်မုန်တော၌ ပြုလေ၍၊ မိမိတို့၏ ရွေးနှုတ်ရှင်ကိုသိခြင်းသို့ ရောက်သည့်သူတို့၏မျက်စိ၌ သူတို့သည် အလွန်တင့်တယ်လှပေစွတကား။ ထိုမှတစ်ပါး၊ သူတို့သည် အလွန်မင်္ဂလာရှိကြပေစွတကား။ အကြောင်းမူကား၊ သူ့ကို ချီးမွမ်းခြင်းငှာ၊ ကာလအစဉ်အဆက် သီချင်းဆိုကြလိမ့်မည်။
၃၁ ဤအမှုတို့ကို မင်းကြီးသိခြင်းသို့ မရောက်နိုင်စေခြင်းငှာ၊ ထိုပြည်၏နယ်နိမိတ်၌ ပြုခဲ့လေ၏။
၃၂ သို့ရာတွင်၊ ရှုလော့၊ အချိန်တန်လာသောအခါ၊ မင်းကြီးသည် ထိုလူတို့၌လှုပ်ရှားမှုကို တွေ့ရှိသောကြောင့်၊ စောင့်ကြည့်စေခြင်းငှာ မိမိကျွန်များကို စေလွှတ်၏။ ထို့ကြောင့်၊ ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်ကို ကြားနာရန် သူတို့ကိုယ်သူတို့အတူတကွ စည်းဝေးသောနေ့တွင်၊ မင်းကြီးသည် ထိုအမှုများကို တွေ့ရှိလေ၏။
၃၃ ယခုမူကား၊ လူများ သူ့ကို ဆန့်ကျင်ပုန်ကန်စေခြင်းငှာ အယ်လမာနှိုးဆော်နေကြောင်း၊ မင်းကြီးဆို၏။ ထို့ကြောင့်၊ သူတို့ကို ဖျက်ဆီးစေခြင်းငှာ သူ့တပ်များကို စေလွှတ်၏။
၃၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အယ်လမာနှင့် ကိုယ်တော်ရှင်၏လူတို့သည် မင်းကြီး၏တပ် လာနေကြောင်းကို သတင်းရရှိကြ၏။ ထို့ကြောင့်၊ သူတို့၏တဲများနှင့် သူတို့၏မိသားစုများကို ဆောင်ယူလျက် တောရိုင်းထဲသို့ ထွက်ခွာသွားကြ၏။
၃၅ သူတို့သည်လည်း အရေအတွက်အားဖြင့် လေးရာငါးဆယ်ဦးခန့် ဖြစ်လေ၏။