အခန်းကြီး ၂၂
လူတို့ လာမန်အမျိုးသားတို့ထံကျွန်ခံရာမှ လွတ်မြောက်ရန် အကြံအစည်များ ကိုပြုလုပ်ထား၏—လာမန်အမျိုးသားတို့ကို ယစ်မူးစေ၏—လူတို့သည် လွတ်မြောက်၍၊ ဇရဟင်မလပြည်သို့ ပြန်လာကြပြီး၊ မောဇိယမင်းကြီး၏ ဩဇာခံဖြစ်လာကြ၏။ ဘီစီ ၁၂၁–၁၂၀ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ အမ္မုန်နှင့် လင်မဟိမင်းကြီးတို့သည် မိမိတို့ကိုယ်ကို ကျွန်ခံရာမှ အဘယ်နည်းအားဖြင့်ကယ်လွှတ်ရမည့်အကြောင်း လူတို့နှင့် တိုင်ပင်နှီးနှောကြ၏။ အကယ်စင်စစ်၊ သူတို့သည် လူခပ်သိမ်းတို့ကို သူတို့ကိုယ်သူတို့ အတူတကွစုဝေးစေ၏။ ဤအမှုကို သူတို့ပြုကြသည်မှာ၊ အမှုနှင့်စပ်လျဉ်း၍ လူတို့၏ဆန္ဒကို ရယူခြင်းငှာဖြစ်၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် သူတို့၏မိန်းမများနှင့်ကလေးများ၊ သူတို့၏သိုးစုများ၊ သူတို့၏နွားစုများနှင့် သူတို့၏တဲများကိုယူ၍၊ တောရိုင်းထဲသို့ ထွက်ခွာသွားကြခြင်းမှတစ်ပါး၊ ကျွန်ခံရာမှ သူတို့ကိုယ်ကိုကယ်လွှတ်ရန် နည်းလမ်းကို ရှာ၍မတွေ့နိုင်ကြ။ အကြောင်းမူကား၊ လာမန်အမျိုးသားတို့မှာ အလွန်မြောက်မြားလှ၍၊ လင်မဟိ၏လူများအတွက် ကျွန်ခံရာမှ သူတို့ကိုယ်ကို ဓားလက်နက်ဖြင့် ကယ်လွှတ်ခြင်းငှာ စဉ်းစားလျက် တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပေ။
၃ ယခုမူကား၊ အချိန်တန်လာသောအခါ၊ ဂိဒေါင်သည် မင်းကြီးရှေ့သို့ သွား၍ရပ်ပြီးဆိုလေသည်ကား၊ အို အရှင်မင်းကြီး၊ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ညီအစ်ကို လာမန်အမျိုးသားတို့နှင့် တိုက်ခိုက်နေသောအချိန်၌၊ ကိုယ်တော်သည် ယခုတိုင်အောင်၊ အကျွန်ုပ်၏စကားများကို အကြိမ်များစွာ စေ့စေ့နားထောင်တော်မူလေပြီ။
၄ ယခုမူကား၊ အို အရှင်မင်းကြီး၊ ကိုယ်တော်သည် အကျွန်ုပ်ကို အသုံးမရသောကျွန်အဖြစ် မတွေ့ရှိလျှင်၊ သို့မဟုတ်၊ ကိုယ်တော်သည် ယခုတိုင်အောင် အကျွန်ုပ်၏စကားများကို တစ်စုံတစ်ခုသော ပမာဏအထိ နားထောင်တော်မူလေလျှင်၊ ၎င်းတို့သည် ကိုယ်တော်အတွက် အသုံးရလေပြီ။ ထိုကဲ့သို့ပင်၊ ဤအကြိမ်၌လည်း အကျွန်ုပ်၏စကားများကို ကိုယ်တော်နားထောင်တော်မူရန် အကျွန်ုပ်အလိုရှိပါ၏။ အကျွန်ုပ်သည်လည်း ကိုယ်တော်၏ကျွန်ဖြစ်ပါမည်။ ဤလူတို့ကိုလည်း ကျွန်ခံရာမှ ကယ်လွှတ်ပါမည်။
၅ မင်းကြီးကလည်း သူ့အား စကားပြောရန် အခွင့်ပေးတော်မူ၏။ ဂိဒေါင်က ဆိုလေသည်ကား၊
၆ ထိုမြို့၏နောက်ဘက်ပိုင်း၊ နောက်ဘက်တံတိုင်းတစ်လျှောက်ရှိ၊ နောက်ဘက်လမ်းကို ကြည့်ရှုဆင်ခြင်ပါလော့။ လာမန်အမျိုးသားတို့၊ သို့မဟုတ် လာမန်အမျိုးသားတို့၏အစောင့်များသည် ညဉ့်အချိန်၌ ယစ်မူးကြ၏။ ထို့ကြောင့်၊ ဤလူခပ်သိမ်းတို့ သူတို့၏သိုးစုနှင့် နွားစုများကို အတူတကွစုဝေး၍၊ ညဉ့်အချိန်၌ တောရိုင်းထဲသို့ မောင်းနှင်သွားနိုင်ကြစေခြင်းငှာ သူတို့၌ ကြေညာခြင်းကို အကျွန်ုပ်တို့ ပြုကြကုန်အံ့။
၇ အကျွန်ုပ်သည်လည်း ကိုယ်တော်၏အမိန့်အတိုင်း သွား၍၊ နောက်ဆုံးသောအခွန်ဖြစ်သည့် စပျစ်ရည်ကို လာမန်အမျိုးသားတို့အား ပေးဆက်ပါမည်။ သူတို့သည်လည်း ယစ်မူးကြပါလိမ့်မည်။ သူတို့ယစ်မူး၍ အိပ်ပျော်နေသောအချိန်တွင်၊ အကျွန်ုပ်တို့သည်လည်း သူတို့တပ်စခန်း၏လက်ဝဲဘက်ရှိ၊ လျှို့ဝှက်လမ်းမှ လျှောက်၍သွားကြပါမည်။
၈ ထိုကဲ့သို့အားဖြင့်၊ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏မိန်းမများနှင့် အကျွန်ုပ်တို့၏သားသမီးများ၊ အကျွန်ုပ်တို့၏သိုးစုများ၊ အကျွန်ုပ်တို့၏နွားစုများနှင့် တောရိုင်းထဲသို့ ထွက်ခွာသွားကြပါမည်။ ထို့အတူ၊ အကျွန်ုပ်တို့သည် ရှိလုမ်ပြည်တစ်ဝိုက်၌ ခရီးသွားကြမည်။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မင်းကြီးသည် ဂိဒေါင်၏စကားများကို စေ့စေ့နားထောင်၏။
၁၀ လင်မဟိမင်းကြီးသည် သူ၏လူတို့အား မိမိတို့၏သိုးစုများကို အတူတကွစုဝေးစေ၏။ အခွန်စပျစ်ရည်ကိုလည်း လာမန်အမျိုးသားတို့ထံပို့၏။ ပို၍များသော စပျစ်ရည်ကိုလည်း သူတို့ထံ လက်ဆောင်အဖြစ် ပို့၏။ သူတို့သည်လည်း မိမိတို့ထံ လင်မဟိမင်းကြီးပို့သော စပျစ်ရည်ကို လွတ်လပ်စွာသောက်ကြ၏။
၁၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လင်မဟိမင်းကြီး၏လူတို့သည် မိမိတို့၏သိုးစုများ၊ မိမိတို့၏နွားစုများနှင့် ညဉ့်အချိန်၌ တောရိုင်းထဲသို့ ထွက်ခွာသွားပြီး၊ တောရိုင်းထဲတွင် ရှိလုမ်ပြည်တစ်ဝိုက်၌ ခရီးသွား၍၊ အမ္မုန်နှင့် သူ၏ညီအစ်ကိုများကဦးဆောင်၍ သူတို့၏လမ်းကြောင်းကို ဇရဟင်မလပြည်ဘက်သို့ လှည့်ကြ၏။
၁၂ သူတို့သည် မိမိတို့သယ်ယူနိုင်သည့် မိမိတို့၏ခပ်သိမ်းသောရွှေ၊ ငွေနှင့် မိမိတို့၏အဖိုးထိုက်သောအရာများ၊ ထို့အတူ မိမိတို့၏ရိက္ခာများကို မိမိတို့နှင့်အတူ တောရိုင်းထဲသို့ ယူဆောင်ခဲ့လေပြီး၊ မိမိတို့လမ်းခရီးကို ဆက်၍သွားကြ၏။
၁၃ တောရိုင်းထဲ၌ ရက်ပေါင်းများစွာကြာခဲ့ပြီးနောက်၊ သူတို့သည် ဇရဟင်မလပြည်သို့ ရောက်၍၊ မောဇိယ၏လူများနှင့် ပေါင်းစည်းလျက် သူ၏ဩဇာခံများဖြစ်လာကြ၏။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မောဇိယသည် သူတို့ကို ဝမ်းမြောက်စွာလက်ခံ၍၊ သူတို့၏မှတ်တမ်းများ၊ ထို့အတူ၊ လင်မဟိ၏လူများတွေ့ရှိသောမှတ်တမ်းများကိုလည်း ရရှိခဲ့၏။
၁၅ ယခုမူကား၊ အချိန်တန်လာသောအခါ၊ ညဉ့်အချိန်၌ လင်မဟိ၏လူများထိုပြည်မှ ထွက်ခွာသွားသည်ကို လာမန်အမျိုးသားတို့တွေ့ရှိလျှင်၊ သူတို့ကို လိုက်စေခြင်းငှာ တပ်တစ်တပ်ကို စေလွှတ်ကြ၏။
၁၆ သူတို့ကို နှစ်ရက်ကြာအောင်လိုက်လေပြီးနောက်၊ ခြေရာကို မလိုက်နိုင်တော့။ ထို့ကြောင့်၊ သူတို့သည် တောရိုင်းထဲ၌ ပျောက်ဆုံးကြ၏။