အခန်းကြီး ၁၀
လာမန်မင်းကြီး သေ၏—သူ၏လူမျိုးတို့သည် ရိုင်းစိုင်းပြီး၊ ရက်စက်၍၊ မှားယွင်းသည့်နည်းဥပဒေသများကို ယုံကြည်ကြ၏—ဇေနိဖ်နှင့် သူ၏လူမျိုးတို့က သူတို့ကို နိုင်ကြ၏။ ဘီစီ ၁၈၇–၁၆၀ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် နိုင်ငံကို တစ်ဖန်တည်ထောင်စပြု၍၊ ထိုပြည်ကို ငြိမ်းချမ်းစွာ တစ်ဖန်ပိုင်ဆိုင်စပြုကြ၏။ ငါသည် စစ်တိုက်ရာလက်နက်အမျိုးမျိုးကို ပြုလုပ်စေ၍၊ ထိုကဲ့သို့အားဖြင့်၊ ငါ၏လူမျိုးတို့ကို လာမန်အမျိုးသားတို့စစ်တိုက်ခြင်းငှာ တစ်ဖန်လာကြသောအခါ၊ ငါ၏လူမျိုးတို့အတွက် ငါ့၌ လက်နက်များရှိနိုင်မည်ဖြစ်၏။
၂ လာမန်အမျိုးသားတို့ ငါတို့ကို တစ်ဖန်အမှတ်တမဲ့ မတိုက်ခိုက်၊ မဖျက်ဆီးနိုင်ကြစေခြင်းငှာ၊ ထိုပြည်တစ်ဝိုက်တွင် အစောင့်များကို ငါချထား၏။ ထိုကဲ့သို့အားဖြင့် ငါ၏လူမျိုးတို့နှင့် ငါ၏သိုးစုတို့ကို ငါစောင့်၍၊ ငါတို့ရန်သူများ၏လက်ထဲသို့ ကျရောက်ခြင်းမှ ကာကွယ်ထိန်းသိမ်း၏။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် ငါတို့ဘိုးဘေးတို့၏ပြည်ကို နှစ်ပေါင်းများစွာကြာအောင်၊ အထူးသဖြင့် နှစ်ဆယ်နှစ်နှစ်ကြာအောင် အမွေခံလေ၏။
၄ ယောက်ျားတို့အား မြေကြီးကို ထွန်ယက်၍၊ အမျိုးမျိုးသောစပါးနှင့် အမျိုးမျိုးသော အသီးမှန်သမျှတို့ကို စိုက်ပျိုးစေ၏။
၅ မိန်းမတို့ကိုလည်း ချည်ငင်ခြင်းကိုလည်းကောင်း၊ အလုပ်လုပ်ကိုင်ခြင်းကို လည်းကောင်း၊ အမျိုးမျိုးသော ပိတ်ချောပြုလုပ်ခြင်းကိုလည်းကောင်း၊ ငါတို့အဝတ်မရှိခြင်းကို အဝတ်တန်ဆာဆင်ခြင်းငှာ၊ အဝတ်တန်ဆာအမျိုးမျိုး ပြုလုပ်ခြင်းကိုလည်းကောင်း ပြုစေ၏။ ထိုကဲ့သို့အားဖြင့်လည်း ငါတို့သည် ထိုပြည်၌၊ အောင်မြင်ကြ၏—ထိုကဲ့သို့အားဖြင့်၊ ငါတို့သည် ထိုပြည်၌ နှစ်ပေါင်းနှစ်ဆယ်ကြာအောင်၊ အဆက်မပြတ် ငြိမ်းချမ်းခြင်းကို ရရှိကြ၏။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်မင်းကြီးသေ၍၊ သူ၏နေရာ၌၊ သူ၏သားနန်းစံစပြု၏။ ငါ၏လူမျိုးတို့ကို ဆန့်ကျင်၍ ပုန်ကန်ထကြွရန် သူ့လူမျိုးတို့ကို နှိုးဆော်စပြု၏။ ထို့ကြောင့် သူတို့သည် စစ်တိုက်ခြင်းအတွက်ပြင်ဆင်ခြင်းနှင့် ငါ၏လူမျိုးတို့ကို စစ်တိုက်ခြင်းငှာ အစပြုကြလေ၏။
၇ သို့ရာတွင်၊ ငါသည် သူတို့တစ်ဖက်၌ ကြိုတင်ကာကွယ်မှုကိုပြု၍၊ ငါ၏လူမျိုးတို့ကို သူတို့လာ၍မတိုက်ခိုက်မဖျက်ဆီးနိုင်စေခြင်းငှာ၊ သူတို့၏ပြင်ဆင်ခြင်းများကို ရှာဖွေတွေ့ရှိနိုင်စေခြင်းငှာ ငါ၏သူလျှိုများကို ရှေမလုန်ပြည်တစ်လျှောက်သို့ စေလွှတ်ထားလေ၏။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် လေးများနှင့်၊ ထို့အတူ မြားများနှင့်၊ ထို့အတူ ဓားများနှင့်၊ ထို့အတူ ဓားကောက်များနှင့်၊ ထို့အတူ ကျောက်ခဲများနှင့်၊ ထို့အတူ လောက်လွှဲများနှင့် စွဲကိုင်ထားသည့်လူများပါဝင်သည့် သူတို့၏အမြောက်အမြားသော ဗိုလ်ခြေတို့ဖြင့်၊ ရှိလုမ်ပြည်၏မြောက်ပိုင်းသို့ တက်လာခဲ့ကြ၏။ သူတို့သည် ဆံပင်ကိုလည်းရိတ်ထား၍၊ ခေါင်းတုံးပြောင်လေ၏။ သူတို့၏ခါး၌လည်း သားရေခါးပန်းကို စည်းထားကြ၏။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ငါ့လူမျိုးတို့၏ မိန်းမများနှင့် ကလေးများကို တောရိုင်းထဲ၌ ပုန်းကွယ်၍နေကြစေ၏။ လက်နက်စွဲကိုင်နိုင်သည့် ငါ၏လူကြီးခပ်သိမ်းနှင့် လက်နက်ကိုင်နိုင်စွမ်းရှိသော ငါ၏လူပျိုခပ်သိမ်းတို့ကိုလည်း လာမန်အမျိုးသားတို့ကို စစ်တိုက်ခြင်းငှာ သူတို့ကိုယ်သူတို့ အတူတကွစုဝေးစေ၏။ သူတို့အဆင့်အလိုက် လူတိုင်းကို သူ့အသက်အရွယ်အတိုင်း နေရာချပေးထား၏။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် လာမန်အမျိုးသားတို့ကို စစ်တိုက်ရန် ထွက်ကြ၏။ ငါသည်၊ အမှန်စင်စစ်၊ အသက်ကြီးသောငါသည်လည်း လာမန်အမျိုးသားတို့ကို စစ်တိုက်ရန် ထွက်၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် ကိုယ်တော်ရှင်၏ ခွန်အားဖြင့် စစ်တိုက်ခြင်းငှာ ထွက်ကြ၏။
၁၁ ယခုတွင်၊ လာမန်အမျိုးသားတို့သည် ကိုယ်တော်ရှင်အကြောင်းကိုသော်လည်းကောင်း၊ ကိုယ်တော်ရှင်၏ခွန်အားကိုသော်လည်းကောင်း အဘယ်အရာကိုမျှမသိကြ။ ထို့ကြောင့်၊ သူတို့၏ကိုယ်ပိုင်ခွန်အားကို အားကိုးကြ၏။ သို့သော်လည်း၊ သူတို့သည် လူသားတို့၏အင်အားအရာ၌၊ ခွန်အားကြီးသောလူမျိုးများ ဖြစ်ကြ၏။
၁၂ သူတို့သည် ရိုင်းစိုင်းပြီး၊ ရက်စက်၍၊ သွေးဆာသောလူမျိုးများ ဖြစ်ကြ၏၊ သူတို့ဘိုးဘေးတို့၏ နည်းဥပဒေသကို ယုံကြည်လျက်ရှိကြ၏။ ဤအမှုမှာ—မိမိတို့ဘိုးဘေးတို့၏ဒုစရိုက်များကြောင့်၊ ယေရုရှလင်နယ်မြေမှ နှင်ထုတ်ခံရပြီး၊ တောရိုင်းထဲ၌ မိမိတို့ညီအစ်ကိုများ၏ပြစ်မှားခြင်းကို ခံရ၍၊ ပင်လယ်ကိုဖြတ်ကူးစဉ်၌လည်း ပြစ်မှားခြင်းကို ခံရသည်ဟု ယုံကြည်နေကြ၏။
၁၃ ထိုမှတစ်ဖန်၊ သူတို့သည် ပင်လယ်ကို ဖြတ်ကူးကြပြီးနောက်၊ သူတို့၏ ပထမဦးဆုံးအမွေခံရာမြေ၌ရှိစဉ်မှာလည်း ပြစ်မှားခံရ၏ဟု ယုံကြည်ကြ၏။ ခပ်သိမ်းသောဤအရာတို့သည်ကား၊ နီဖိုင်းသည် ကိုယ်တော်ရှင်၏ပညတ်တော်များကို စောင့်ထိန်းရာ၌ ပို၍သစ္စာရှိသောကြောင့်ဖြစ်၏—ထို့ကြောင့်၊ သူသည် ကိုယ်တော်ရှင်၏နှစ်သက်တော်မူခြင်းကို ခံရ၏။ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် သူ၏ဆုတောင်းခြင်းများကို ကြား၍ ဖြေကြားတော်မူ၏။ တောရိုင်းထဲ၌လည်း၊ သူတို့၏လမ်းခရီးကို ဦးဆောင်၏။
၁၄ သူ၏ညီအစ်ကိုတို့က သူ့ကို အမျက်ထွက်ကြလေသည်ကား၊ သူတို့သည် ကိုယ်တော်ရှင်၏ အမှုတော်များကို နားလည်ခြင်းမရှိကြသောကြောင့်ဖြစ်၏။ သူတို့သည် ကိုယ်တော်ရှင်ကို ဆန့်ကျင်၍ သူတို့စိတ်နှလုံးကို မာကျောစေသောကြောင့်၊ ပင်လယ်ပေါ်၌လည်း သူ့ကို အမျက်ထွက်ကြ၏။
၁၅ ထိုမှတစ်ဖန်၊ ကတိတော်မြေသို့ သူတို့ရောက်ရှိလေသောအခါတွင်၊ လူမျိုးတို့အား အုပ်စိုးခြင်းအခွင့်ကို သူတို့လက်မှ ယူသွားလေသည်ဟု ထင်မှတ်ကြသောကြောင့်၊ သူ့ကို အမျက်ထွက်ပြီး သတ်ရန်ကြိုးစားအားထုတ်ကြ၏။
၁၆ ထိုမှတစ်ဖန်၊ ကိုယ်တော်ရှင်မိန့်တော်မူသည့်အတိုင်း၊ သူသည် တောရိုင်းထဲသို့ ထွက်ခွာသွားပြီး၊ ကြေးပုရပိုက်ပြားများပေါ်၌ ရေးထွင်းထားသော မှတ်တမ်းများကို ယူသွားသောကြောင့်လည်း သူ့ကို အမျက်ထွက်ကြ၏။ အကြောင်းမူကား၊ ထိုအရာတို့ကို သူလုယူသွားသည်ဟု သူတို့ထင်မှတ်ကြ၏။
၁၇ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် မိမိတို့သားမြေးတို့အား၊ နီဖိုင်း၏သားမြေးတို့ကို မုန်းတီးရမည့်အကြောင်း၊ အသက်ကို သတ်ရမည့်အကြောင်း၊ ခိုးယူ လုယက်ရမည့်အကြောင်း၊ ဖျက်ဆီးရန် ပြုနိုင်သမျှပြုရမည့်အကြောင်းတို့ကို သွန်သင်ပေးကြလေ၏။ ထို့ကြောင့်၊ သူတို့၌ နီဖိုင်း၏သားမြေးတို့ကို ထာဝရမုန်းတီးခြင်းရှိလေ၏။
၁၈ ဤအကြောင်းကြောင့်သာလျှင်၊ လာမန်မင်းကြီးသည် သူ၏စဉ်းလဲခြင်း၊ လှည့်ဖြားသောပရိယာယ်၊ သူ၏နှစ်လိုဖွယ်သောကတိများအားဖြင့်၊ ငါ့ကို လှည့်စား၍၊ ငါသည် ငါ၏လူမျိုးတို့ကို ဤပြည်သို့ ခေါ်ဆောင်ခဲ့လေသဖြင့်၊ သူတို့ဖျက်ဆီးနိုင်စေဖို့ရာ ဖြစ်ခဲ့၏။ ထိုမှတစ်ပါး၊ ငါတို့သည် ထိုပြည်၌ နှစ်ပေါင်းများစွာကြာအောင် ဤအမှုများကို ခံစားရကြလေ၏။
၁၉ ယခုမူကား၊ ငါဇေနိဖ်သည် လာမန်အမျိုးသားတို့နှင့်စပ်လျဉ်းသည့် ဤအရာခပ်သိမ်းတို့ကို ငါ၏လူမျိုးတို့အား ပြောပြပြီးနောက်၊ သူတို့ကို ကိုယ်တော်ရှင်အား ကိုးစား၍၊ သူတို့၏အစွမ်းသတ္တိရှိသမျှနှင့် စစ်တိုက်သွားကြစေခြင်းငှာ လှုံ့ဆော်၏။ ထို့ကြောင့်၊ ငါတို့သည် သူတို့နှင့် မျက်နှာချင်းဆိုင်၍ တိုက်ခိုက်ကြ၏။
၂၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့ကို ငါတို့ပြည်၏အပြင်သို့ ငါတို့တစ်ဖန်နှင်ထုတ်ကြ၏။ သူတို့ကို ကြီးစွာသောသိမ်းရုံးသတ်ဖြတ်ခြင်းဖြင့်လည်း ကွပ်မျက်ရာ၊ မရေတွက်နိုင်အောင်ပင် အလွန်များလှ၏။
၂၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့နေရင်းပြည်သို့၊ ငါတို့တစ်ဖန်ပြန်လာကြ၍၊ ငါ၏လူမျိုးတို့သည် မိမိတို့၏သိုးစုများကို ကြည့်ရှုစောင့်ရှောက်ရန်၊ မိမိတို့မြေကြီးကို ထွန်ယက်ရန် တစ်ဖန် အစပြုကြ၏။
၂၂ ယခုမူကား၊ ငါသည် အိုမင်းလာ၍၊ ငါ၏နိုင်ငံကို ငါ့သားများထဲမှ တစ်ယောက်ကို အပ်နှင်း၏။ ထိုကြောင့်၊ ငါမပြောတော့။ ကိုယ်တော်ရှင်သည်လည်း ငါ၏လူမျိုးတို့ကို ကောင်းချီးပေးတော်မူပါစေ။ အာမင်။