အခန်းကြီး ၂၄
အာမြူလုန်သည် အယ်လမာနှင့် သူ၏လူတို့ကို ညှဉ်းဆဲ၏—သူတို့သည် ဆုတောင်းလျှင်၊ အသေသတ်ခံရမည်—ကိုယ်တော်ရှင်သည် သူတို့၏ဝန်များကို ပေါ့သည်ဟု ထင်စေ၏—သူတို့ကို ကျွန်ခံရာမှ ကယ်လွှတ်တော်မူ၏၊ သူတို့သည်လည်း ဇရဟင်မလပြည်သို့ ပြန်လာကြ၏။ ဘီစီ ၁၄၅–၁၂၀ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အာမြူလုန်သည် လာမန်အမျိုးသားတို့၏ မင်းကြီး၏ မျက်လုံးများ၌ နှစ်သက်ခြင်းကို ခံရ၏။ ထို့ကြောင့်၊ လာမန်အမျိုးသားတို့၏မင်းကြီးက သူနှင့် သူ၏ညီအစ်ကိုတို့အား၊ မိမိလူတို့အပေါ် ၌ အထူးသဖြင့်၊ ရှေမလုန်ပြည်၊ ရှိလုမ်ပြည်နှင့် အာမြူလုန်ပြည်၌ရှိသော လူတို့အပေါ်၌ ဆရာများအဖြစ်ခန့်အပ်ထားခံရရန် အခွင့်ပေး၏။
၂ အကြောင်းမူကား၊ လာမန်အမျိုးသားတို့သည် ဤပြည်ခပ်သိမ်းတို့ကို သိမ်းယူသွားလေ၏။ ထို့ကြောင့်၊ လာမန်အမျိုးသားတို့၏မင်းကြီးသည် ဤပြည်ခပ်သိမ်းတို့အပေါ်၌ ရှင်ဘုရင်များကို ခန့်အပ်ထားလေ၏။
၃ ယခုမူကား၊ လာမန်အမျိုးသားတို့၏မင်းကြီးအမည်ကား၊ လာမန်ဖြစ်ပြီး၊ သူ့အဘ၏အမည်အတိုင်း ခေါ်၏။ ထို့ကြောင့်၊ သူ့ကို လာမန်မင်းကြီးဟု ခေါ်ကြ၏။ သူသည် လူမြောက်မြားစွာတို့အပေါ်၌ ရှင်ဘုရင်ဖြစ်လေ၏။
၄ ထို့အတူ သူသည် မိမိလူတို့ပိုင်သောပြည်ရှိသမျှတွင်၊ အာမြူလုန်၏ညီအစ်ကိုများထဲမှ ဆရာများခန့်အပ်ထား၍၊ ထိုကဲ့သို့အားဖြင့်၊ လာမန်အမျိုးသားတို့၏လူခပ်သိမ်းတို့၌ နီဖိုင်း၏ဘာသာစကားကို သွန်သင်စပြုစေ၏။
၅ သူတို့သည်လည်း အချင်းချင်း ခင်မင်သောလူများ ဖြစ်ကြ၏။ သို့သော်လည်း၊ သူတို့သည် ဘုရားသခင်ကို မသိကြ။ အာမြူလုန်၏ညီအစ်ကိုတို့ကလည်း သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်နှင့် စပ်လျဉ်းသည့််အရာ တစ်စုံတစ်ခုကိုမျှ မသွန်သင်ကြ။ မောရှေ၏ ပညတ်တရားကို သော်လည်းကောင်း၊ အဘိနဒိ၏စကားများကို သော်လည်းကောင်း သူတို့ကို မသွန်သင်ကြ။
၆ သို့ရာတွင်၊ သူတို့အား တစ်ယောက်ကိုတစ်ယောက်ရေးစေခြင်းငှာ သူတို့၏မှတ်တမ်းများကို ထိန်းသိမ်းရမည့်အကြောင်း၊ သွန်သင်ပေး၏။
၇ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် စည်းစိမ်ဥစ္စာများ တိုးပွားစပြု၍၊ အချင်းချင်း ဖောက်ကားရောင်းဝယ်မှုကို အစပြု၍၊ ကြွယ်ဝလာသဖြင့်၊ လောကီဉာဏ်ပညာ၌ စဉ်းလဲ၍ ဉာဏ်ပညာရှိသောလူများ၊ ထို့အပြင်၊ မိမိတို့၏ညီအစ်ကိုများအတွင်းမှတစ်ပါး၊ အမျိုးမျိုးသောဆိုးညစ်ခြင်းနှင့် လုယက်ခြင်းတို့၌ မွေ့လျော်၍၊ အလွန်စဉ်းလဲသောလူများ ဖြစ်စပြုလာ၏။
၈ ယခုမူကား၊ အချိန်တန်လာသောအခါ၊ အာမြူလုန်သည် အယ်လမာနှင့် သူ၏ညီအစ်ကိုတို့အပေါ် အခွင့်အာဏာကို ကျင့်သုံးရန် အစပြု၏၊ ထို့အတူ သူ့ကို ညှဉ်းဆဲရန် အစပြု၍၊ မိမိသားသမီးတို့ကိုလည်း၊ ထိုသူတို့၏သားသမီးတို့ကို ညှဉ်းဆဲစေ၏။
၉ အကြောင်းမူကား၊ အာမြူလုန်သည် အယ်လမာကို မင်းကြီး၏ယဇ်ပုရောဟိတ်များထဲမှ တစ်ယောက်ဖြစ်လေသည်ကိုလည်းကောင်း၊ အဘိနဒိ၏စကားများကို ယုံကြည်၍၊ မင်းကြီးရှေ့မှ နှင်ထုတ်ခံရသူ ဖြစ်ကြောင်းကိုလည်းကောင်း သိ၏။ ထို့ကြောင့်၊ သူ့ကို အမျက်ထွက်၏။ သူသည် လာမန်မင်းကြီး၏ ဩဇာခံဖြစ်သော်လည်း၊ သူတို့အပေါ် အခွင့်အာဏာကို ကျင့်သုံး၍၊ အလုပ်များပေး၍၊ သူတို့အပေါ် အလုပ်ကြီးကြပ်သူများခန့်ထား၏။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့၏ဆင်းရဲဒုက္ခများမှာ၊ အလွန်ကြီးမားလှ၍၊ သူတို့သည် ဘုရားသခင်ထံ စိတ်အားထက်သန်စွာတောင်းလျှောက်စပြု၏။
၁၁ အာမြူလုန်ကလည်း သူတို့ကို တောင်းလျှောက်ခြင်းများမှ ရပ်ရန် အမိန့်ပေးခဲ့ပြီး၊ ဘုရားသခင်ထံပဌနာပြုလျက်တွေ့ရသူမှန်သမျှ အသေသတ်ခံရစေရန်၊ သူတို့အပေါ် စောင့်ကြည့်စေခြင်းငှာ အစောင့်များချထား၏။
၁၂ အယ်လမာနှင့် သူ၏လူတို့သည်လည်း သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်ထံ အသံကို မမြှင့်ကြတော့ချေ။ သို့ရာတွင်၊ စိတ်နှလုံးကို သူ့ထံသို့ သွန်းလောင်းကြ၏။ သူသည်လည်း ထိုသူတို့စိတ်နှလုံး၏ အတွေးအကြံများကို သိ၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်၏အသံသည် သူတို့ဆင်းရဲဒုက္ခများဖြစ်နေချိန်၌ ရောက်လာပြီး၊ မိန့်တော်မူလေသည်ကား၊ သင်တို့၏ဦးခေါင်းကို မော့၍၊ ကောင်းစွာစိတ်သက်သာခြင်းရှိလော့။ အကြောင်းမူကား၊ ငါ့ထံ သင်တို့ပြုထားလေသော ပဋိညာဉ်ကို ငါသိတော်မူ၏။ ထို့အတူ၊ ငါသည် ငါ၏လူမျိုးတို့နှင့် ပဋိညာဉ်ပြု၍၊ သူတို့ကို ကျွန်ခံရာမှ ကယ်လွှတ်တော်မူမည်။
၁၄ သင်တို့၏ပခုံးပေါ်၌ တင်ထားသော ဝန်များကိုလည်း ငါပေါ့စေတော်မူသဖြင့်၊ သင်တို့သည် ကျွန်ခံရာ၌ရှိစဉ်မှာပင်၊ ထိုဝန်များကျောပေါ်၌ ရှိသည်ဟုမခံစားရ။ ဤအမှုကို ငါပြုမည်ကား၊ သင်တို့သည် နောင်ကာလ၌ ငါ့အတွက် သက်သေအဖြစ် ရပ်တည်နိုင်ကြစေကြောင်းနှင့် ငါ၏လူမျိုးတို့ဆင်းရဲဒုက္ခရောက်နေချိန်၌ ငါကိုယ်တော်ရှင်ဘုရားသခင် အကြည့်အရှုကြွတော်မူသည်ကို သင်တို့ဧကန်အမှန်သိနိုင်ကြစေကြောင်းပင်တည်း။
၁၅ ယခုမူကား၊ အချိန်တန်လာသောအခါ၊ အယ်လမာနှင့် သူ၏ညီအစ်ကိုတို့ အပေါ်၌ တင်ထားသောဝန်များကို ပေါ့စေ၏။ အထူးသဖြင့်၊ ကိုယ်တော်ရှင်သည် သူတို့ကို ခွန်အားဖြည့်ပေးတော်မူ၍၊ သူတို့သည် မိမိတို့၏ဝန်များကို လွယ်ကူစွာဖြင့် သယ်ဆောင်နိုင်၍၊ ကိုယ်တော်ရှင်၏အလိုတော်အလုံးစုံတို့ကို သာယာသောစိတ်နှင့်သည်းခံခြင်းတို့ဖြင့် လိုက်နာကြ၏။
၁၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့၏ယုံကြည်ခြင်းနှင့် သည်းခံခြင်းသည် အလွန်ကြီးမားလှလေရကား၊ ကိုယ်တော်ရှင်၏အသံတော်သည် သူတို့ထံတစ်ဖန်ရောက်လာပြီး၊ ကောင်းစွာစိတ်သက်သာခြင်းရှိကြလော့၊ အကြောင်းမူကား၊ နက်ဖြန်နေ့၌ ငါသည် သင်တို့ကို ကျွန်ခံရာမှ ကယ်လွှတ်တော်မူမည်ဟု မိန့်တော်မူ၏။
၁၇ ထို့အတူ၊ အယ်လမာအား သင်သည် ဤလူတို့ရှေ့မှသွားလော့။ ငါသည်လည်း သင်နှင့်အတူသွား၍ ဤလူတို့ကို ကျွန်ခံရာမှ ကယ်လွှတ်တော်မူမည်ဟု မိန့်တော်မူ၏။
၁၈ ယခုတွင်၊ အချိန်တန်လာသောအခါ၊ အယ်လမာနှင့် သူ၏လူတို့သည် ညဉ့်အချိန်၌ မိမိတို့၏သိုးစုများ၊ ထို့အတူ၊ မိမိတို့၏ဆန်စပါးများကို အတူတကွ စုဆောင်းကြ၏။ အမှန်စင်စစ်၊ သူတို့သည် မိမိတို့၏ သိုးစုများကို တစ်ညလုံးပင် အတူတကွ စုဆောင်းလျက်ရှိကြ၏။
၁၉ နံနက်ခင်း၌၊ ကိုယ်တော်ရှင်သည် လာမန်အမျိုးသားတို့အပေါ် ကြီးသောအိပ်ခြင်းကို ရောက်စေတော်မူ၍၊ ထိုမှတစ်ပါး၊ သူတို့၏အလုပ်ကြီးကြပ်သူခပ်သိမ်းတို့သည် နှစ်ခြိုက်စွာအိပ်ပျော်နေကြ၏။
၂၀ အယ်လမာနှင့် သူ၏လူတို့သည်လည်း တောရိုင်းထဲသို့ ထွက်ခွာသွားကြ၏။ သူတို့သည် တစ်နေ့လုံး ခရီးသွားကြပြီးမှ ချိုင့်ဝှမ်းတစ်ခု၌ မိမိတို့တဲများကို ဆောက်၍၊ တောရိုင်းထဲ၌ သူတို့၏လမ်းကို အယ်လမာဦးဆောင်သောကြောင့်၊ ထိုချိုင့်ဝှမ်းကို အယ်လမာဟု ခေါ်ကြ၏။
၂၁ ထိုမှတစ်ပါး၊ အယ်လမာချိုင့်ဝှမ်း၌ သူတို့သည် ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းကြသည်မှာ၊ သူတို့ကို ကရုဏာကြီးတော်မူ၍၊ ဝန်များကို ပေါ့စေလျက်၊ သူတို့ကို ကျွန်ခံရာမှ ကယ်လွှတ်တော်မူခဲ့ လေသောကြောင့် ဖြစ်၏။ အကြောင်းမူကား၊ သူတို့သည် ကျွန်ခံရာ၌ ရှိလေပြီး၊ သူတို့၏ ဘုရားသခင်ကိုယ်တော်ရှင် မှတစ်ပါး၊ အဘယ်သူကမျှ သူတို့ကို မကယ်လွှတ်နိုင်ခဲ့။
၂၂ သူတို့သည် ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းကြ၊ အထူးသဖြင့်၊ သူတို့၏ယောက်ျားခပ်သိမ်း၊ သူတို့၏မိန်းမခပ်သိမ်းနှင့် သူတို့၏စကားပြောနိုင်သော သားသမီးခပ်သိမ်းတို့သည် သူတို့၏ဘုရားသခင်အား ချီးမွမ်းရာ၌ ကြွေးကြော်ကြ၏။
၂၃ ယခုမူကား၊ ကိုယ်တော်ရှင်က အယ်လမာကို မိန့်တော်မူလေသည်မှာ၊ သင်အလျင်အမြန်ပြုလော့၊ သင်နှင့် ဤလူတို့ ဤပြည်မှ ထွက်လော့။ အကြောင်းမူကား၊ လာမန်အမျိုးသားတို့နိုးလာပြီး၊ သင့်ကို လိုက်ကြပြီ။ ထို့ကြောင့်၊ သင်သည် ဤပြည်မှ ထွက်လော့။ ငါသည်လည်း လာမန်အမျိုးသားတို့ကို ဤချိုင့်ဝှမ်း၌ ရပ်တန့်စေ၍ ဤလူတို့ကို ဆက်၍ မလိုက်ဘဲနေစေမည်။
၂၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ချိုင့်ဝှမ်းမှထွက်ခွာပြီး၊ တောရိုင်းထဲသို့ ခရီးသွားကြ၏။
၂၅ သူတို့သည်လည်း တောရိုင်းထဲ၌ တစ်ဆယ်နှစ်ရက်ကြာလေပြီးနောက်၊ ဇရဟင်မလပြည်သို့ ရောက်ကြ၏။ မောဇိယမင်းကြီးကလည်း သူတို့ကို ဝမ်းမြောက်စွာလက်ခံ၏။