အခန်းကြီး ၃
ဗင်္ယာမိန်မင်းကြီးသည် မိန့်ခွန်းကို ဆက်၍ဟော၏—ကိုယ်တော်ရှင်အနန္တတန်ခိုးရှင်သည် မြေဖြင့်ပြုသောတဲကိုယ်ခန္ဓာဖြင့် လူသားတို့၌ အမှုတော်ဆောင်လိမ့်မည်—လောကီသားတို့၏အပြစ်များအတွက် အပြစ်ဖြေတော်မူစဉ်တွင်၊ ချွေးပေါက်မှန်သမျှတို့မှ အသွေးတော်ထွက်လိမ့်မည်—သူ၏နာမတော်သည်၊ ကယ်တင်ခြင်းရောက်လာရာ တစ်ခုတည်းသော နာမတော်ဖြစ်၏—လူသားတို့သည် ဇာတိပကတိလူကို ချွတ်ပယ်၍၊ အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် သန့်ရှင်းသူများ ဖြစ်လာနိုင်ကြ၏—ဆိုးညစ်သူတို့၏စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခြင်းသည် ကန့်နှင့်ရောသော မီးအိုင်ကဲ့သို့ ဖြစ်လိမ့်မည်။ ဘီစီ ၁၂၄ ခန့်။
၁ ထိုမှတစ်ဖန်၊ ငါ၏ညီအစ်ကိုတို့၊ သင်တို့သတိမူကြစေကြောင်း ငါအလိုရှိ၏။ အကြောင်းမူကား၊ ငါ့၌ သင်တို့ကို ထပ်၍ပြောစရာ အတော်အသင့်ရှိ၏။ ရှုလော့၊ ဖြစ်လာမည့်အရာနှင့် စပ်လျဉ်း၍၊ သင်တို့ကို ပြောစရာများရှိ၏။
၂ သင်တို့ကိုငါပြောမည့် အရာများကိုလည်း ဘုရားသခင်ထံမှ ကောင်းကင်တမန်အားဖြင့်၊ ငါ့ထံသို့ ဖော်ပြထား၏။ နိုးလော့ဟု ငါ့ကို မြွက်ဆို၍၊ နိုးလျှင် ငါ့ရှေ့ ၌ သူရပ်သည်ကို မြင်ရ၏။
၃ ငါ့ကို မြွက်ဆိုသည်ကား၊ နိုးလော့၊ ငါပြောမည့်စကားများကို ကြားနာလော့။ အကြောင်းမူကား၊ ရှုလော့၊ ကြီးစွာသောဝမ်းမြောက်ခြင်း၏ ဝမ်းသာစရာသတင်းကို သင့်အား ဟောကြားခြင်းငှာ ငါလာ၏။
၄ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် သင်၏ဆုတောင်းခြင်းများကို ကြားတော်မူ၍၊ သင်၏ဖြောင့်မတ်ခြင်းကို တရားစီရင်တော်မူ၏၊ သင်ရွှင်လန်း ဝမ်းမြောက်နိုင်စေခြင်းငှာ ဟောကြားစေရန်လည်း ငါ့ကို စေလွှတ်တော်မူလေပြီ။ သင်၏ လူမျိုးတို့ကို သင်ဟောကြား၍၊ သူတို့ကိုလည်း ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံစေခြင်းငှာပေတည်း။
၅ အကြောင်းမူကား၊ ရှုလော့၊ အချိန်ကာလကျရောက်လာ၍၊ အလွန်မဝေးသောအခါ၌၊ ထာဝရကာလတစ်ခုလုံးမှ ထာဝရကာလတစ်ခုလုံးသို့ တိုင်အောင်ရှိလေပြီး၊ ယခုလည်းရှိ၍ အုပ်စိုးတော်မူလေသည့် ကိုတော်ရှင်အနန္တတန်ခိုးရှင်သည် ကောင်းကင်ဘုံမှနေ၍၊ လူသားတို့၌ ဆင်းလာတော်မူပြီး၊ မြေဖြင့်ပြုသောတဲကိုယ်ခန္ဓာ၌နေလျက်၊ ဖျားနာသူများကို အနာကင်းစေခြင်း၊ သေသူများကို ထမြောက်စေခြင်း၊ ခြေမစွမ်းသောသူတို့ကို လှမ်းသွားစေခြင်း၊ မျက်စိကန်းသောသူတို့ကို မျက်စိအမြင်ရရှိစေခြင်း၊ နားပင်းသောသူတို့ကို နားကြားရစေခြင်း၊ ရောဂါအမျိုးမျိုးတို့ကို ပျောက်စေခြင်းစသည့် ကြီးစွာသောအလွန်တရာအံ့ဩဖွယ်အမှုများကို ပြုတော်မူလျက်၊ တန်ခိုးတော်နှင့် လူသားတို့၌ သွားလာလိမ့်မည်။
၆ လူသားတို့၏စိတ်နှလုံး၌ နေထိုင်လျက်ရှိသော နတ်ဆိုးများ သို့မဟုတ် မကောင်းသောဝိညာဉ်များကိုလည်း နှင်ထုတ်တော်မူလိမ့်မည်။
၇ ကြည့်ဦးလော့။ သူသည် စုံစမ်းခြင်းများနှင့် ကိုယ်ခန္ဓာ၏နာကျင်မှု၊ အစာငတ်ခြင်း၊ ရေငတ်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို သေခြင်းသို့ရောက်သည့်တိုင်အောင်မှတစ်ပါး၊ လူသားခံစားနိုင်သည်ထက်ပင် ခံစားတော်မူ၏။ အကြောင်းမူကား၊ ရှုလော့၊ ချွေးပေါက်မှန်သမျှမှ သွေးများထွက်၏။ ပြင်းစွာသောစိတ်ဆင်းရဲမှု အလွန်ကြီးမားလှသည်မှာ သူ့လူမျိုးတို့၏ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့်ပင်တည်း။
၈ သူ့ကိုလည်း ယေရှုခရစ်တော်၊ ဘုရားသခင်၏သားတော်၊ ကောင်းကင်နှင့်မြေကြီး၏အဘ၊ ရှေးဦးစွာကတည်းက၊ အရာခပ်သိမ်းတို့၏ ဖန်ဆင်းရှင် ဟုခေါ်လိမ့်မည်။ သူ၏မယ်တော်ကိုလည်း မာရိဟု ခေါ်လိမ့်မည်။
၉ ကြည့်ဦးလော့၊ သူ၏နာမတော်၌ ယုံကြည်ခြင်းအားဖြင့်ပင်၊ လူသားများသို့ ကယ်တင်ခြင်းရောက်ရှိစေခြင်းငှာ သူ၏လူမျိုးတို့ထံသို့ ကြွလာတော်မူ၏။ ဤအရာခပ်သိမ်းတို့ နောက်၌ပင် သူတို့သည် သူ့ကို လူသားဟုထင်မှတ်၍၊ နတ်ဆိုးစွဲသောသူပါတကားဟု ဆိုလျက်၊ ရိုက်ပုတ်ကြပြီး၊ လက်ဝါးကပ်တိုင်၌ ကွပ်မျက်ကြလိမ့်မည်။
၁၀ သူသည်လည်း သုံးရက်မြောက်သောနေ့ ၌ သေရာမှ ထမြောက်တော်မူလိမ့်မည်။ ရှုဦးလော့၊ သူသည် လောကကို တရားစီရင်ခြင်းငှာ၊ ရပ်တော်မူ၏။ ရှုဦးလော့၊ ဤအရာခပ်သိမ်းတို့ကို ပြုသည်မှာ ဖြောင့်မတ်သောတရားစီရင်ခြင်းကို လူသားတို့အပေါ် ကျရောက်စေခြင်းငှာပေတည်း။
၁၁ အကြောင်းမူကား၊ ရှုလော့၊ အာဒံ၏လွန်ကျူးမှုကြောင့် ကျရှုံးလေသောသူများ၊ မိမိတို့နှင့်စပ်လျဉ်းသည့် ဘုရားသခင်၏အလိုတော်ကို မသိဘဲသေသူများ၊ သို့မဟုတ် မသိဘဲနှင့် ပြစ်မှားသောသူတို့၏အပြစ်များအတွက် သူ၏အသွေးတော်က အပြစ်ဖြေတော်မူ၏။
၁၂ သို့ရာတွင်၊ ဘုရားသခင်ကို သိလျက်နှင့်ဆန့်ကျင်ပုန်ကန်သောသူသည် အမင်္ဂလာ၊ အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ နောင်တရခြင်းနှင့် ကိုယ်တော်ရှင်ယေရှုခရစ်တော်အပေါ်ယုံကြည်ခြင်းအားဖြင့်မှတစ်ပါး၊ ကယ်တင်ခြင်းသည် ဤသို့သောသူအဘယ်သူ့ဆီသို့မျှ မရောက်နိုင်။
၁၃ ဤအရာတို့ကို၊ အမျိုးစု၊ ပြည်သား၊ အသီးသီးဘာသာစကားကိုပြောသူမှန်သမျှတို့ထံ ဟောကြားစေခြင်းငှာ၊ ကိုယ်တော်ရှင်ဘုရားသခင်သည် သူ၏သန့်ရှင်းသောပရောဖက်များကို ခပ်သိမ်းသော လူသားတို့ထံ စေလွှတ်တော်မူလေပြီ။ ထိုသို့အားဖြင့်၊ ခရစ်တော်ကြွလာလိမ့်မည်ဟု ယုံကြည်သူမှန်သမျှသည် သူတို့၏အပြစ်များမှလွှတ်ခြင်းကိုရရှိ၍၊ သူတို့၌ သူကြွလာတော်မူနှင့်လေပြီးသကဲ့သို့ပင် အလွန်ကြီးစွာသောဝမ်းမြောက်ခြင်းဖြင့်လည်း ရွှင်လန်းဝမ်းမြောက်ကြ၏။
၁၄ အဘယ်သို့ပင်ဖြစ်စေ၊ ကိုယ်တော်ရှင်ဘုရားသခင်သည် မိမိလူမျိုးတို့ လည်ပင်းခိုင်မာသည်ကို သိတော်မူ၍၊ သူတို့အဖို့ ပညတ်တရား၊ မောရှေ၏ပညတ်တရားကိုပင် စီရင်ပေးတော်မူ၏။
၁၅ သူ၏ကြွလာတော်မူခြင်းနှင့်စပ်လျဉ်းသည့် များစွာသောနိမိတ်လက္ခဏာများ၊ အံ့မခန်းချီးမွမ်းဖွယ်အမှုများ၊ သင်္ကေတများနှင့် ပုံပမာတို့ကိုလည်း သူတို့ကို ပြတော်မူ၏။ သန့်ရှင်းသောပရောဖက်တို့ကလည်း၊ သူ၏ကြွလာတော်မူခြင်းအကြောင်းကို ဟောပြောကြ၏။ သို့သော်လည်း သူတို့သည် စိတ်နှလုံးကို မာကျောစေလျက်၊ သူ့အသွေးတော်ဖြင့် အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့်မှတစ်ပါး၊ မောရှေ၏ပညတ်တရားမှာ တစ်စုံတစ်ရာမျှအကျိုးမရှိကြောင်းကို နားလည်ခြင်းမရှိကြ။
၁၆ ကလေးသူငယ်များသည် အပြစ်ပြု၍ ကယ်တင်ခြင်းသို့ မရောက်နိုင်ဟုထင်စရာရှိ၏။ သို့ရာတွင်၊ ငါဆိုသည်ကား၊ သူတို့သည် ကောင်းချီးခံစားရကြ၏။ အကြောင်းမူကား၊ ရှုလော့၊ အာဒံကဲ့သို့၊ သို့မဟုတ် အလိုအလျောက် သူတို့ကျရှုံး၍၊ ထိုကဲ့သို့ပင် ခရစ်တော်၏အသွေးတော်က သူတို့၏အပြစ်များအတွက် အပြစ်ဖြေတော်မူ၏။
၁၇ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ ခရစ်တော်၊ ကိုယ်တော်ရှင်အနန္တတန်ခိုးရှင်၏နာမတော်၌နှင့် နာမတော်အားဖြင့်မှတစ်ပါး၊ လူသားတို့ထံ ကယ်တင်ခြင်းကို ရောက်နိုင်စေသည့်၊ အခြားနာမသော်လည်းကောင်း၊ အခြားလမ်းတစ်စုံတစ်ခုသော်လည်းကောင်း၊ နည်းလမ်းသော်လည်းကောင်း မရှိလတ္တံ့။
၁၈ အကြောင်းမူကား၊ ရှုလော့၊ သူသည် တရားစီရင်တော်မူ၏၊ သူ၏တရားစီရင်ခြင်းသည် တရားမျှတ၏။ ကလေးဘဝ၌ သေသော ကလေးငယ်သည် ပျက်စီးခြင်းမရှိရ။ သို့ရာတွင်၊ လူသားတို့သည် မိမိတို့ကိုယ်ကို နှိမ့်ချလျက်၊ ကလေးသူငယ်များကဲ့သို့ဖြစ်လာပြီး၊ ကယ်တင်ခြင်းသည် ခရစ်တော်၊ ကိုယ်တော်ရှင်အနန္တတန်ခိုးရှင်၏ အပြစ်ဖြေရာအသွေးတော်၌နှင့် အသွေးတော်အားဖြင့် ရှိလေခဲ့၊ ရှိလျက်၊ ရှိလိမ့်မည်ဟု ယုံကြည်ခြင်းမရှိကြလျှင်၊ သူတို့ကိုယ်တိုင်၏ဝိညာဉ်သို့ အပြစ်ဒဏ်ရောက်ခြင်းကို သောက်ကြ၏။
၁၉ အကြောင်းမူကား၊ ဇာတိပကတိလူသည် ဘုရားသခင်၏ ရန်သူဖြစ်၏၊ အာဒံ၏ ကျရှုံးခြင်းမှ စ၍ ဖြစ်လေပြီ၊ သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ သွေးဆောင်တော်မူခြင်းကို ဝန်ခံခြင်း၊ ထို့အတူ ဇာတိပကတိလူ၏ ကိုယ်ကို ချွတ်ပယ်ပြီး၊ ခရစ်တော်ကိုယ်တော်ရှင်၏ အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် သန့်ရှင်းသူတစ်ယောက်ဖြစ်လာခြင်း၊ ထို့အတူ ကျိုးနွံသော၊ သိမ်မွေ့အောက်ကျို့သော၊ နှိမ့်ချသော၊ သည်းခံတတ်သော၊ ချစ်ခြင်းနှင့်ပြည့်ဝသော ကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်လာခြင်း၊ သူ့အပေါ် ချမှတ်ရန် သင့်လျော်သည်ဟု ကိုယ်တော်ရှင်ဆင်ခြင်တော်မူသော အရာမှန်သမျှကိုလည်း ကလေးငယ်တစ်ဦး မိမိအဘကို လိုက်နာသကဲ့သို့ပင်၊ လိုက်နာရန် လိုလိုလားလားရှိခြင်းတို့ မရှိလျှင်၊ ကာလအစဉ်အဆက်အမြဲဖြစ်လိမ့်မည်။
၂၀ ထိုမှတစ်ဖန်၊ သင့်ကို ငါဆိုသည်ကား၊ ပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကိုပြောသူနှင့် လူမျိုးမှန်သမျှ၌ ကယ်တင်ရှင်အကြောင်း အသိပညာ ပျံ့နှံ့သည့်အချိန် ကျရောက်လာလိမ့်မည်။
၂၁ ရှုဦးလော့၊ ထိုအချိန်ကျရောက်လာသောအခါ၊ နောင်တရခြင်းနှင့် ကိုယ်တော်ရှင်ဘုရားသခင်အနန္တတန်ခိုးရှင်၏ နာမတော်အပေါ် ယုံကြည်ခြင်းမရှိလျှင်၊ ကလေးသူငယ်များမှတစ်ပါး၊ ဘုရားသခင်ရှေ့၌ အဘယ်သူမျှ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လိမ့်မည်မဟုတ်။
၂၂ သင်သည် သင်၏လူမျိုးတို့ကို သင်၏ဘုရားသခင်ကိုယ်တော်ရှင် မိန့်တော်မူလေသည့်အရာတို့ကို သွန်သင်ပေးလေပြီးသည့် ဤအချိန်၌ပင်၊ သင့်ကို ငါပြောထားလေသော စကားများအတိုင်းမှတစ်ပါး၊ သူတို့ကို ဘုရားသခင်၏အမြင်၌ အပြစ်တင်ခွင့်နှင့်ကင်းလွတ်ခြင်း မရှိရကြတော့။
၂၃ ယခုမူကား၊ ငါ့ကို ကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူလေသည့် နှုတ်ကပတ်တော်တို့ကို ငါဟောပြောပြီးလေပြီ။
၂၄ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ တရားစီရင်တော်မူရာနေ့၌၊ ထိုအရာတို့သည် ဤလူမျိုးတို့တစ်ဖက်တွင် ထင်ရှားသောသက်သေအဖြစ် ရှိလိမ့်မည်။ သို့ဖြစ်၍၊ လူသားတိုင်းသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မိမိအကျင့်များအတိုင်း တရားစီရင်ခံရလိမ့်မည်။
၂၅ သူတို့သည် ဆိုးလျှင်၊ သူတို့ကိုယ်တိုင်၏အပြစ်ရောက်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများ၏ အလွန်ဆိုးရွားသောအဖြစ်ကို မှတ်မိ၍နေရကြ၏။ ထိုအဖြစ်က၊ သူတို့ကို ကိုယ်တော်ရှင်၏မျက်မှောက်မှ ပြန်လမ်းမရှိနိုင်တော့သည့် ဝမ်းနည်းပူဆွေးမှုနှင့် အဆုံးမရှိသည့် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခြင်းတို့၏ အခြေအနေသို့ရောက်စေ၏။ သို့ဖြစ်၍၊ သူတို့ကိုယ်တိုင်၏ဝိညာဉ်သို့ အပြစ်ဒဏ်ရောက်ခြင်းကို သောက်ကြလေပြီ။
၂၆ ထို့ကြောင့်၊ သူတို့သည် ဘုရားသခင်၏ အမျက်တော်ဖလားကို သောက်ကြလေပြီ၊ ထိုအမှုသည်ကား၊ အာဒံသည် တားမြစ်ထားသောအသီးကို သုံးဆောင်ခြင်းကြောင့် ကျရှုံးရသည်ဟု တရားတော်မူခြင်းက ငြင်းဆိုနိုင်ခြင်းထက်၊ သူတို့အတွက် မငြင်းဆိုနိုင်သောအမှုဖြစ်၏။ ထို့ကြောင့်၊ ကရုဏာတော်သည် သူတို့အပေါ်၌ အဘယ်သောအခါမျှ သက်ရောက်ခြင်းမရှိနိုင်တော့။
၂၇ သူတို့၏ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခြင်းသည်လည်း၊ မငြိမ်းနိုင်သောမီးလျှံများနှင့် ကာလအစဉ်အဆက်အမြဲတက်သည့် မီးခိုးတို့၏ ကန့်နှင့်ရောသောမီးအိုင်ကဲ့သို့ ဖြစ်၏။ ထိုကဲ့သို့ ကိုယ်တော်ရှင်သည် ငါ့ကို မိန့်တော်မူလေ၏။ အာမင်။