ဇေနိဖ်၏မှတ်တမ်း—ဇရဟင်မလပြည်ကို စွန့်ခွာခဲ့သည့်အချိန်မှစ၍၊ လာမန်အမျိုးသားတို့၏လက်မှ ကယ်လွှတ် ခံရသည့်အချိန်အထိ သူ့လူမျိုးတို့အကြောင်းမှတ်တမ်း။
အခန်းကြီး ၉ မှ ၂၂ အထိ ဖွဲ့စည်းပါဝင်၏။
အခန်းကြီး ၉
ဇေနိဖ်သည် လေဟိ-နီဖိုင်းပြည်ကို ပိုင်ဆိုင်ခြင်းငှာ၊ ဇရဟင်မလပြည်မှလူတစ်စုကို ဦးဆောင်၏—လာမန်အမျိုးသားတို့၏ရှင်ဘုရင်သည် သူတို့အား ထိုပြည်ကို အမွေခံကြရန် အခွင့်ပေး၏—လာမန်အမျိုးသားတို့နှင့် ဇေနိဖ်၏လူမျိုးတို့ကြား၌ စစ်တိုက်ခြင်းဖြစ်ပွား၏။ ဘီစီ ၂၀၀–၁၈၇ ခန့်။
၁ ငါဇေနိဖ်သည် နီဖိုင်းအမျိုးသားတို့၏ ဘာသာစကားကို သင်ယူခဲ့လေ၏။ နီဖိုင်းပြည်အကြောင်း သို့မဟုတ် ငါတို့ဘိုးဘေးတို့၏ ပထမဦးဆုံးအမွေခံရာပြည်အကြောင်းကိုလည်း သိလေ၍၊ လာမန်အမျိုးသားတို့၏အင်အားစုကို စူးစမ်းစေခြင်းငှာနှင့်၊ ငါတို့တပ်က သူတို့ကိုသွား၍ ဖျက်ဆီးခြင်းငှာ၊ သူတို့အထဲသို့ သူလျှိုအဖြစ် စေလွှတ်ခြင်းကို ခံရလေ၏—သို့ရာတွင်၊ သူတို့၌ကောင်းမြတ်သောအရာကို ငါမြင်ရပြီးလျှင်၊ သူတို့ဖျက်ဆီးမခံရစေကြောင်း ငါအလိုရှိ၏။
၂ ထို့ကြောင့်၊ ငါသည် တောရိုင်းထဲ၌ ငါ၏ညီအစ်ကိုများနှင့် ငြင်းခုံခဲ့၏။ အကြောင်းမူကား၊ ငါတို့၏ခေါင်းဆောင်ကို ထိုသူတို့နှင့် သဘောတူညီမှုပြုစေကြောင်း ငါအလိုရှိ၏။ သို့ရာတွင်၊ သူသည် ခက်ထန်ကြမ်းကြုတ်သောသူ၊ သွေးဆာသောသူဖြစ်သောကြောင့် ငါ့ကိုသတ်ရန် အမိန့်ပေး၏။ သို့ရာတွင်၊ အသွေးသွန်းလောင်းခြင်းများစွာဖြင့်၊ ငါ့ကို ကယ်နှုတ်ကြ၏။ အကြောင်းမူကား၊ ငါတို့တပ်မှ ပို၍များသောသူများ ပျက်စီးကြသည်အထိ တောရိုင်းထဲတွင်၊ ဖခင်အချင်းချင်း၊ ညီအစ်ကိုအချင်းချင်း တိုက်ခိုက်ကြ၏။ ငါတို့ဘက်မှ အသက်ချမ်းသာရခဲ့ကြသော သူတို့သည် ထိုအဖြစ်အပျက်များကို မိမိတို့၏ဇနီးများနှင့် သားသမီးများအား ပြန်လည် ပြောပြကြခြင်းငှာ၊ ဇရဟင်မလပြည်သို့ ပြန်လာခဲ့ကြ၏။
၃ သို့သော်လည်း၊ ငါတို့ဘိုးဘေးတို့၏အမွေခံရာမြေကို ပိုင်ဆိုင်ရန် ငါအလွန်အမင်း စိတ်အားကြီးသောကြောင့်၊ ထိုပြည်ကို ပိုင်ဆိုင်ခြင်းငှာ၊ သွားလိုကြသူတို့ကို ရနိုင်သမျှစုဆောင်း၍၊ ထိုပြည်သို့တက်သွားကြခြင်းငှာ၊ တောရိုင်းထဲသို့ တစ်ဖန်စ၍ ခရီးသွားကြ၏။ သို့ရာတွင်၊ ငါတို့သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် ပြင်းထန်သောဆင်းရဲဒုက္ခများတို့ဖြင့် ဒဏ်ခတ်တော်မူခြင်းကို ခံရကြ၏။ အကြောင်းမူကား၊ ငါတို့သည် ငါတို့၏ဘုရားသခင်ကိုယ်တော်ရှင်ကို အောက်မေ့ရန် နှေးကွေးကြ၏။
၄ အဘယ်သို့ပင်ဖြစ်စေ၊ တောရိုင်းထဲ၌ နေ့ပေါင်းများစွာ အရပ်ရပ်သို့ လည်ကြပြီးနောက်၊ ငါတို့၏ညီအစ်ကိုများ ကွပ်မျက်ခံရသည့်နေရာတွင် ငါတို့၏တဲများကို ငါတို့ဆောက်ကြ၏။ ထိုနေရာသည် ငါတို့ဘိုးဘေးတို့၏ပြည်အနီး၌ ရှိလေ၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ရှင်ဘုရင်၏သဘောထားကို သိနိုင်ခြင်းငှာလည်းကောင်း၊ ငါ၏လူများနှင့်သွား၍ ထိုပြည်ကို ငြိမ်းချမ်းစွာ ပိုင်ဆိုင်နိုင်ခြင်းရှိမရှိကို သိနိုင်ခြင်းငှာလည်းကောင်း ငါ၏လူလေးယောက်နှင့်အတူ မြို့တွင်းသို့တစ်ဖန်ဝင်၍၊ ရှင်ဘုရင်ထံသို့ ဝင်ကြ၏။
၆ ငါသည်လည်း ရှင်ဘုရင်ထံသို့ ဝင်၍၊ လေဟိ-နီဖိုင်းပြည်နှင့် ရှိလုမ်ပြည်ကို ငါပိုင်ဆိုင်နိုင်ခြင်းငှာ သူသည် ငါနှင့် ပဋိညာဉ်ပြု၏။
၇ သူသည် မိမိလူမျိုးတို့အား ထိုပြည်မှ ထွက်ခွာသွားရကြမည်ကိုလည်း အမိန့်ပေး၍၊ ငါနှင့် ငါ၏လူမျိုးတို့သည် ပိုင်ဆိုင်ကြခြင်းငှာ၊ ထိုပြည်အတွင်းသို့ ဝင်ကြ၏။
၈ ထို့အတူ ငါတို့သည် အဆောက်အအုံများကို တည်ဆောက်ရန်နှင့် မြို့တံတိုင်းများကို အထူးသဖြင့်၊ လေဟိ-နီဖိုင်းမြို့နှင့် ရှိလုမ်မြို့တို့၏တံတိုင်းများကိုပင် ပြုပြင်စပြုခဲ့ကြ၏။
၉ ငါတို့သည် မြေကြီးကိုထွန်ယက်၍၊ အထူးသဖြင့်၊ အမျိုးမျိုးသောအစေ့၊ ပြောင်းဖူး၊ ဂျုံစပါး၊ မုယောတို့၏ အစေ့များ၊ နေယ၊ ရှေရမ်နှင့် အမျိုးမျိုးသောအသီးတို့၏အစေ့များနှင့် စိုက်ပျိုးစပြုကြပြီး၊ ထိုပြည်၌ ပွားများ၍၊ အောင်မြင်စပြုကြ၏။
၁၀ ယခုတွင်၊ လာမန်မင်းကြီးက ငါ၏လူမျိုးတို့ကို ကျွန်ပြုခြင်သို့ ဆောင်ယူရန်၊ ငါတို့ပိုင်ဆိုင်နိုင်ရန် ထိုပြည်ကို ပေးခဲ့ခြင်းသည်ကား၊ သူ၏စဉ်းလဲမှုနှင့် ပရိယာယ်ဖြစ်လေ၏။
၁၁ ထို့ကြောင့်၊ အချိန်တန်လာသောအခါ၊ ငါတို့သည် ထိုပြည်၌ တစ်ဆယ်နှစ်နှစ်ကြာအောင် နေကြလေပြီးမှ၊ လာမန်မင်းကြီးသည် စိတ်မချနိုင်စပြုလာ၏။ အဘယ်နည်းဖြင့်ဖြစ်စေ၊ ထိုပြည်၌ ငါ၏လူမျိုးတို့အင်အားကြီးလာပြီး၊ အနိုင်မရနိုင်တော့မည်ကို စိုးရိမ်၍၊ သူတို့ကို ကျွန်ပြုခြင်းသို့ ဆောင်ယူကြ၏။
၁၂ ယခုတွင်၊ သူတို့သည်ကား၊ ပျင်းရိ၍၊ ရုပ်တုကိုးကွယ်ကြသောသူများ ဖြစ်ကြ၏။ ထို့ကြောင့်၊ သူတို့သည် ငါတို့လက်၏အလုပ်ဖြင့်၊ သူတို့ကိုယ်သူတို့ စည်းစိမ်ယစ်မူးနိုင်ကြခြင်းငှာလည်းကောင်း၊ ထိုမှတစ်ပါး၊ ငါတို့၏လယ်မှ သိုးစုများဖြင့် သူတို့ကိုယ်သူတို့ ပွဲခံကြခြင်းငှာလည်းကောင်း ငါတို့ကို ကျွန်ပြုခြင်းသို့ ဆောင်ယူလိုကြ၏။
၁၃ ထို့ကြောင့်၊ အချိန်တန်လာသောအခါ၊ လာမန်မင်းကြီးသည် သူ့လူမျိုးတို့ကို ငါ၏လူမျိုးတို့နှင့် တိုက်ခိုက်ကြစေခြင်းငှာ၊ နှိုးဆော်စပြုလေ၏။ ထို့ကြောင့်၊ စစ်တိုက်ခြင်းများနှင့် ရန်တွေ့ခြင်းများ ထိုပြည်တွင် အစပြုလေ၏။
၁၄ အကြောင်းမူကား၊ နီဖိုင်းပြည်၌၊ ငါ၏လက်ထက် တစ်ဆယ်သုံးနှစ်မြောက်တွင်၊ ရှိလုမ်ပြည်၏တောင်ပိုင်း၌ ငါ၏လူမျိုးတို့သည် သိုးစုများကို အစာကျွေး၊ ရေတိုက်၍၊ မိမိတို့မြေကို ထွန်ယက်နေကြစဉ်၊ လာမန်အမျိုးသားတို့၏ မြောက်မြားလှသော ဗိုလ်ခြေတို့က လာရောက် တိုက်ခိုက်၍ ကွပ်မျက်ပြီး၊ သူတို့၏သိုးစုများနှင့် သူတို့၏လယ်မှ ပြောင်းဖူးများကို ယူဆောင်သွားကြလေ၏။
၁၅ ထိုမှတစ်ပါး၊ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့ထွက်ပြေးကြ၏။ အမိမခံရသောသူခပ်သိမ်းသည် နီဖိုင်းမြို့အထိပင်ရောက်၍၊ အကာအကွယ်အတွက် ငါ့ထံ တောင်းခံကြ၏။
၁၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် သူတို့ကို လေးများနှင့်၊ ထို့အတူမြားများနှင့်၊ ဓားများနှင့်၊ ထို့အတူ ဓားကောက်များနှင့်၊ ထို့အတူ တင်းပုတ်များနှင့်၊ ထို့အတူ လောက်လွှဲများနှင့်၊ ထို့အတူ ငါတို့ဉာဏ်ရှာ၍လုပ်နိုင်သမျှ အမျိုးမျိုးသောလက်နက်များနှင့် စွဲကိုင်စေလျက်၊ ငါနှင့် ငါ၏လူမျိုးတို့သည် လာမန်အမျိုးသားတို့ကို စစ်တိုက်ခြင်းငှာ သွားခဲ့ကြ၏။
၁၇ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်၏ခွန်အားဖြင့်၊ ငါတို့သည် လာမန်အမျိုးသားတို့ကို စစ်တိုက်ရန် သွားကြ၏။ အကြောင်းမူကား၊ ငါတို့ရန်သူများ၏လက်မှ ငါတို့ကို ကယ်လွှတ်ပေးတော်မူစေကြောင်း၊ ငါနှင့် ငါ၏လူမျိုးတို့သည် ကိုယ်တော်ရှင်ထံသို့ စိတ်အားထက်သန်စွာတောင်းလျှောက်ကြ၏။ ငါတို့ဘိုးဘေးတို့၏ လွတ်မြောက်ခြင်းကို အောက်မေ့ရန် နှိုဆော်ခြင်းကို ငါတို့ခံရကြ၏။
၁၈ ဘုရားသခင်သည်လည်း ငါတို့၏တောင်းလျှောက်ခြင်းများကို ကြားတော်မူ၍၊ ငါတို့၏ ဆုတောင်းခြင်းများကို ဖြေကြားတော်မူ၏။ ငါတို့သည်လည်း သူ၏တန်ခိုးတော်အားဖြင့်၊ သွားခဲ့ကြ၏။ ထိုမှတစ်ပါး၊ ငါတို့သည် လာမန်အမျိုးသားတို့ကို ဆန့်ကျင်ခဲ့ကြပြီး၊ တစ်နေ့နှင့်တစ်ညတွင်၊ သုံးထောင်နှင့် လေးဆယ်သုံးယောက်ကို ကွပ်မျက်ခဲ့ကြ၏။ ငါတို့သည် သူတို့ကို ငါတို့ပြည်၏ အပြင်သို့ နှင်ထုတ်သည့်တိုင်အောင်ပင် ကွပ်မျက်ခဲ့ကြ၏။
၁၉ ငါကိုယ်တိုင်သည်လည်း ငါ၏လက်ဖြင့် သူတို့၏အသေကောင်များကို သင်္ဂြိုဟ်ရာတွင် ကူညီခဲ့၏။ ရှုဦးလော့၊ ငါတို့၏ညီအစ်ကို နှစ်ရာခုနစ်ဆယ်ကိုးယောက် ကွပ်မျက်ခံရ၍ ငါတို့ကြီးစွာဝမ်းနည်းပြီး၊ ငိုကြွေးမြည်တမ်းခဲ့ကြလေ၏။