အခန်းကြီး ၆
ဗင်္ယာမိန်မင်းကြီးသည် လူမျိုးတို့၏အမည်များကို မှတ်တမ်းပြု၍၊ သူတို့ကို သွန်သင်ပေးစေခြင်းငှာ ယဇ်ပုရောဟိတ်များကို ခန့်အပ်ထား၏—မောဇိယသည် ဖြောင့်မတ်သော ရှင်ဘုရင်အဖြစ်အုပ်စိုး၏။ ဘီစီ ၁၂၄–၁၂၁ ခန့်။
၁ ယခုမူကား၊ ဗင်္ယာမိန်မင်းကြီးသည် လူမျိုးတို့အား ဟောပြောခြင်းကို အဆုံးသတ်ပြီးနောက်၊ ပညတ်တော်များကို စောင့်ထိန်းရန် ဘုရားသခင်နှင့် ပဋိညာဉ်ပြုသူခပ်သိမ်းတို့၏ အမည်များကို မှတ်တမ်းယူခြင်းသည် သင့်လျော်ပေ၏ဟု ဆင်ခြင်၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကလေးသူငယ်များမှတစ်ပါး၊ ပဋိညာဉ်ပြု၍ မိမိတို့အပေါ်၌ ခရစ်တော်၏နာမတော်အား မခံယူသောသူ တစ်ဦးမျှမရှိချေ။
၃ ထိုမှတစ်ဖန်၊ အချိန်တန်လာသောအခါ၊ ဗင်္ယာမိန်မင်းကြီးသည် ဤအရာခပ်သိမ်းတို့ကို လက်စသတ်ပြီး၊ မိမိသားမောဇိယကို မိမိလူမျိုးတို့အပေါ်ရှင်ဘုရင်နှင့် အုပ်စိုးသူအဖြစ် ခန့်ထား၏၊ ထို့အတူ နိုင်ငံနှင့်စပ်လျဉ်းသည့် အရာခပ်သိမ်းတို့ကို မှာထား၏၊ လူမျိုးတို့အား သင်ကြားပေးစေရန် ယဇ်ပုရောဟိတ်များကိုလည်း ခန့်အပ်ထား၍၊ ထိုသို့အားဖြင့်၊ သူတို့သည် ဘုရားသခင်၏ ပညတ်တော်များကို ကြားနာ၍ သိနိုင်ကြပြီး၊ သူတို့ ပြုထားလေသည့် ကျိန်ဆိုခြင်းကို အောက်မေ့ရန် နှိုးဆော်စေခြင်းငှာ၊ ခန့်ထားပြီးနောက်တွင်၊ လူအစုအဝေးကို ပြန်ခွင့်ပေး၍၊ လူတိုင်းသည်လည်း မိမိတို့မိသားစုအလိုက် မိမိတို့အိမ်သို့ ပြန်ကြ၏။
၄ မောဇိယသည်လည်း သူ့အဘ၏နေရာ၌ နန်းစံစပြု၏။ သူသည် အသက်သုံးဆယ်တွင် နန်းစံစပြု၍ လေဟိယေရုရှလင်ကို စွန့်ခွာခဲ့သည်မှ လေးရာခုနစ်ဆယ်ခြောက်နှစ်ခန့် ကြာသောအချိန်တွင်ဖြစ်လေ၏။
၅ ဗင်္ယာမိန်မင်းကြီးသည်လည်း သုံးနှစ်ဆက်၍နေပြီး၊ သေ၏။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မောဇိယမင်းကြီးသည် ကိုယ်တော်ရှင်၏ လမ်းစဉ်များသို့လိုက်၍၊ စီရင်တော်မူချက်များနှင့် ထုံးဥပဒေသများကို ကျင့်စောင့်၏၊ ထို့အတူ မိန့်တော်မူသမျှ၊ ခပ်သိမ်းသောအရာတို့၌ သူ၏ပညတ်တော်များကို စောင့်ထိန်း၏။
၇ မောဇိယမင်းကြီးသည် မိမိလူမျိုးတို့အား မြေကြီးကို ထွန်ယက်စေ၏။ ခပ်သိမ်းသောအရာတို့၌ သူ့အဘပြုခဲ့လေသည့်အတိုင်း ပြုနိုင်စေကြောင်း၊ သူကိုယ်တိုင် မြေကြီးကိုထွန်ယက်၍ ထိုသို့အားဖြင့်၊ သူ့လူမျိုးတို့ကို ဝန်လေးခြင်းမဖြစ်နိုင်စေခဲ့။ သူ၏ခပ်သိမ်သောလူမျိုးတို့ ၌လည်း သုံးနှစ်ကာလတစ်လျှောက်လုံး တိုက်ခိုက်ခြင်းမရှိခဲ့ချေ။