အခန်းကြီး ၁၃
အဘိနဒိသည် မြင့်မြတ်သောတန်ခိုးတော်အားဖြင့် ကာကွယ်ခံရ၏—သူသည် ပညတ်တော်ဆယ်ပါးကို သွန်သင်ပေး၏—ကယ်တင်ခြင်းသည် မောရှေ၏ပညတ်တရား တစ်ခုတည်းအားဖြင့် ရောက်ရှိလာသည် မဟုတ်—ဘုရားသခင်ကိုယ်တော်တိုင်သည် အပြစ်ဖြေခြင်းမင်္ဂလာကို ပြုတော်မူပြီး၊ မိမိလူမျိုးတို့ကို ရွေးနှုတ်တော်မူလိမ့်မည်။ ဘီစီ ၁၄၈ ခန့်။
၁ ယခုမူကား၊ မင်းကြီးသည် ဤစကားများကို ကြားလေလျှင် သူ့ယဇ်ပုရောဟိတ်တို့ကို ဆိုသည်ကား၊ ဤသူကို ခေါ်သွား၍၊ ကွပ်မျက်လော့။ အကြောင်းမူကား၊ ငါတို့သည် သူနှင့် အဘယ်သို့ စပ်ဆိုင်သနည်း။ သူသည် ရူး၏ဟုဆိုလျှင်၊
၂ သူတို့သည်လည်း ရှေ့သို့တိုး၍ သူ့ကို ဖမ်းဆီးရန် ကြိုးစားကြ၏။ သို့ရာတွင်၊ သူဆီးတား၍၊ ဆိုလေသည်ကား၊
၃ ငါ့ကိုမထိကြနှင့်၊ အကြောင်းမူကား၊ သင်တို့ ငါ့ကို ဖမ်းဆီးလျှင်၊ ဘုရားသခင်သည် သင်တို့ကို ဒဏ်ခတ်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်စေလွှတ်၍၊ ဟောပြောစေလိုသော သတင်းစကားကိုလည်း ငါမဟောပြောရသေး။ ငါပြောပြဖို့၊ သင်တို့တောင်းဆိုသည့်အရာကိုလည်း မပြောပြရသေး။ ထို့ကြောင့်၊ ဤအချိန်၌ ငါပျက်စီးရစေကြောင်းကို ဘုရားသခင်အခွင့်ပေးတော်မူမည်မဟုတ်။
၄ သို့ရာတွင်၊ ငါ့ကို ဘုရားသခင်မိန့်တော်မူလေသည့် မိန့်မှာချက်များကို ငါပြီးပြည့်စုံစေရမည်။ သင်တို့အား သမ္မာတရားကို ငါပြောပြလေသောကြောင့်လည်း သင်တို့သည် ငါ့ကို အမျက်ထွက်ကြ၏။ ထိုမှတစ်ဖန်၊ ငါသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောလေသောကြောင့်၊ သင်တို့သည် ငါ့ကို အရူးဟု ရှုတ်ချကြ၏။
၅ ယခုတွင်၊ အချိန်တန်လာသောအခါ၊ အဘိနဒိက ဤစကားများကို ပြောလေပြီးနောက်တွင် နောဧမင်းကြီး၏လူတို့က မဖမ်းဆီးဝံ့ကြ။ အကြောင်းမူကား ကိုယ်တော်ရှင်၏ဝိညာဉ်တော်သည် သူ့အပေါ်၌ တည်လေ၏။ သူ၏မျက်နှာသည်လည်း အလွန်တောက်ပသည်မှာ သိနာတောင်ပေါ်၌ မောရှေ ကိုယ်တော်ရှင်နှင့် စကားပြောစဉ်ကကဲ့သို့ပင်ဖြစ်လေ၏။
၆ သူသည်လည်း ဘုရားသခင်ထံမှ တန်ခိုးနှင့် အခွင့်အာဏာတို့အားဖြင့် ဟောပြော၍၊ စကားကို ဆက်၍ ဆိုလေသည်ကား၊
၇ ငါ့ကို ကွပ်မျက်ရန် သင်တို့၌ အစွမ်းသတ္တိမရှိကြောင်း သင်တို့သိကြ၏။ ထို့ကြောင့်၊ ငါ၏အမှာစကားကို အဆုံးသတ်မည်။ ထိုမှတစ်ပါး၊ ငါသည် သင်တို့၏ဒုစရိုက်များနှင့်စပ်လျဉ်း၍၊ အမှန်ကို ပြောပြသောကြောင့်၊ ထိုအချင်းအရာက သင်တို့၏စိတ်နှလုံးကို ထိခိုက်ကြောင်း ငါသိမြင်၏။
၈ ထိုမှတစ်ပါး၊ ငါ၏စကားများက သင်တို့ကို အံ့မခန်းချီးမွမ်းဖွယ်ဖြစ်ခြင်း၊ အံ့အားသင့်ခြင်းနှင့် အမျက်တို့ဖြင့် ပြည့်စေ၏။
၉ သို့ရာတွင်၊ ငါ၏အမှာစကားကို ငါအဆုံးသတ်မည်။ ထို့နောက်တွင်ကား၊ အဘယ်အရပ်သို့ ငါသွားသည်ဖြစ်စေ အရေးမကြီး။ ထိုသို့ဆိုလျှင်၊ ငါသည်ကယ်တင်ခြင်းသို့ ရောက်၏။
၁၀ သို့ရာတွင်၊ ငါသည် ဤမျှအထိသင်တို့ကို ပြောပြပြီးနောက်၊ ငါ့ကို သင်တို့ပြုသည့်အရာသည် ဖြစ်လာမည့်အရာတို့၏ သင်္ကေတနှင့်အရိပ်အဖြစ် ရှိလိမ့်မည်။
၁၁ ယခုမူကား၊ ငါသည် သင်တို့အား ဘုရားသခင်၏ ကျန်ကြွင်းသောပညတ်တော်များကို ဖတ်၍ပြ၏။ အကြောင်းမူကား၊ ထိုအရာတို့ကို သင်တို့စိတ်နှလုံးထဲ၌ မှတ်သားထားခြင်းမရှိကြောင်း ငါသိမြင်၏။ သင်တို့ဘဝ၏အများဆုံးသောကာလ၌ ဒုစရိုက်ကို သင်ယူ၍၊ သွန်သင်ပေးလေကြောင်း ငါသိမြင်၏။
၁၂ ယခုမူကား၊ အထက်ကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသည့် ရုပ်တုဆင်းတု တစ်ခုကိုမျှ၊ သို့မဟုတ်၊ အရာတို့၏ပုံသဏ္ဌာန်တူတစ်ခုကိုမျှ၊ ကိုယ်အဖို့ မလုပ်နှင့်ဟု သင်တို့အား ငါပြောသည်ကို သတိရကြလော့။
၁၃ ထိုမှတစ်ဖန်၊ သင်သည် ထိုအရာတို့ကို ဦးမညွှတ်မပျပ်ဝပ်နှင့်။ ထိုအရာတို့ကို အစေမခံနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင်ငါကိုယ်တော်ရှင်သည် အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရားသခင်ဖြစ်၏၊ ငါ့ကို မုန်းသောသူတို့၏မျိုးဆက်များကို တတိယနှင့် စတုတ္ထမျိုးဆက်တိုင်အောင်၊ အဘတို့၏ဒုစရိုက်များကို သားတို့၌ ဆပ်ပေးစီရင်လျက်၊
၁၄ ငါ့ကိုချစ်၍၊ ငါ၏ပညတ်တော်များကို စောင့်ထိန်းကြသူတို့၏ အထောင်အသောင်းတိုင်အောင် ကရုဏာတော်ကို ပြလျက်ရှိ၏။
၁၅ သင်သည် သင်၏ဘုရားသခင်ကိုယ်တော်ရှင်၏နာမတော်ကို အချည်းနှီး မမြွက်ဆိုနှင့်။ အကြောင်းမူကား၊ သူ၏နာမတော်အား အချည်းနှီးမြွက်ဆိုသောသူကို အပြစ်ကင်းသည်ဟု ကိုယ်တော်ရှင် မှတ်တော်မမူ။
၁၆ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့။
၁၇ သင်သည် ခြောက်ရက်ပတ်လုံး၊ သင်၏အလုပ်အားလုံးကို လုပ်လော့။
၁၈ သို့ရာတွင်၊ သတ္တမနေ့၊ သင်၏ဘုရားသခင်ကိုယ်တော်ရှင်၏ဥပုသ်နေ့၌၊ သင်မှစ၍၊ သင်၏သား၊ သင်၏သမီး၊ သင်၏ကျွန်ယောက်ျား၊ သင်၏ကျွန်မိန်းမ၊ သင်၏တိရစ္ဆာန်၊ သင်၏တံခါးအတွင်း၌နေသောသူတစိမ်းတို့သည် အလုပ်မလုပ်ရ။
၁၉ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် ကောင်းကင်နှင့် မြေကြီး၊ ထို့အတူ၊ သမုဒ္ဒရာအရပ်ရပ်ရှိသမျှတို့ကို ခြောက်ရက်တွင်ဖန်ဆင်း၏။ သို့ဖြစ်၍၊ ကိုယ်တော်ရှင်သည် ဥပုသ်နေ့ကို ကောင်းချီးပေး၍၊ သန့်ရှင်းစေတော်မူ၏။
၂၀ သင်၏ဘုရားသခင်ကိုယ်တော်ရှင်ပေးသနားတော်မူသောပြည်၌ သင်၏အသက် တာရှည်မည်အကြောင်း၊ သင်၏အမိနှင့် အဘကို ရိုသေစွာပြုလော့။
၂၁ သင်သည် လူအသက်ကို မသတ်ရ။
၂၂ သင်သည် သူ့သားမယားအား ပြစ်မှားခြင်းကို မကျူးလွန်ရ။ သင်သည် မခိုးရ။
၂၃ သင်သည် ကိုယ်နှင့်စပ်ဆိုင်သောသူတစ်ဖက်၌ မမှန်သောသက်သေကို မခံရ။
၂၄ သင်သည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်ကို တပ်မက်သောစိတ်မရှိစေရ။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ဇနီး၊ သူ၏ကျွန်ယောက်ျား၊ သူ၏ကျွန်မိန်းမ၊ သူ၏နွား၊ သူ၏မြည်းမှစ၍၊ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာတစ်စုံတစ်ခုကိုမျှ တပ်မက်သောစိတ် မရှိစေရ။
၂၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အဘိနဒိသည် ဤဟောပြောခြင်းများကို လက်စသတ်ပြီးနောက်၊ ထိုသူတို့ကို ဆိုသည်ကား၊ သင်တို့သည် ဤလူတို့အား ဤပညတ်တော်များကို စောင့်ထိန်းရန် ဤအရာခပ်သိမ်းတို့ကို လုပ်ဆောင်ရန် အားထုတ်ရမည့်အကြောင်း သွန်သင်ပေးပြီးလေပြီလော။
၂၆ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ အကြောင်းမူကား၊ သင်တို့သွန်သင်ပေးပြီးလေလျှင်၊ ကိုယ်တော်ရှင်သည် ငါ့ကို ဤလူမျိုးတို့နှင့်စပ်လျဉ်းသည့် မကောင်းသောအရာကို လာပြီး၊ ပရောဖက်ပြု၍ဟောစေလိမ့်မည် မဟုတ်။
၂၇ ယခုမူကား၊ ကယ်တင်ခြင်းသည် မောရှေ၏ပညတ်တရားအားဖြင့် ရောက်လာကြောင်း သင်တို့ပြောကြလေပြီ။ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် မောရှေ၏ပညတ်တရားကို စောင့်ထိန်းရန် လိုအပ်လျက်ရှိသေး၏။ သို့ရာတွင်၊ မောရှေ၏ပညတ်တရားကို စောင့်ထိန်းရန် မလိုအပ်တော့မည့် အချိန် ကျရောက်လာလိမ့်မည်ဖြစ်ကြောင်း သင်တို့ကို ငါဆို၏။
၂၈ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ ကယ်တင်ခြင်းသည် ပညတ်တရားတစ်ခုတည်းအားဖြင့် ရောက်လာသည်မဟုတ်။ ဘုရားသခင်ကိုယ်တိုင် မိမိလူများတို့၏အပြစ်နှင့်ဒုစရိုက်များအတွက် ပြုတော်မူမည့် အပြစ်ဖြေခြင်းမင်္ဂလာကြောင့် မဟုတ်လေလျှင်၊ မောရှေ၏ပညတ်တရားရှိသော်ငြားလည်း၊ သူတို့သည် ရှောင်လွှဲ၍မရနိုင်ဘဲပျက်စီးရမည်။
၂၉ ယခုမူကား၊ သင်တို့ကို ငါဆိုသည်မှာ၊ ဣသရေလအမျိုးသားတို့အား ပညတ်တရား၊ အမှန်စင်စစ်၊ အလွန်တင်းကျပ်သောပညတ်တရားကို ပြုထားရန် လိုအပ်၏။ အကြောင်းမူကား၊ သူတို့သည် လည်ပင်းခိုင်မာသောလူမျိုးဖြစ်၍၊ ဒုစရိုက်ကိုပြုရန် လျင်မြန်၍၊ သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်ကို အောက်မေ့ရန် နှေးကွေးကြ၏။
၃၀ ထို့ကြောင့်၊ သူတို့ကို ပညတ်တရား၊ အထူးသဖြင့်၊ စီရင်တော်မူခြင်းများနှင့် ဘိသိက်မင်္ဂလာများ၏ပညတ်တရား၊ ဘုရားသခင်နှင့် သူ့ထံသို့ပြုရမည့် မိမိတို့၏တာဝန်ကို အောက်မေ့လျက်ရှိကြစေရန် နေ့တိုင်းမပြတ်၊ တင်းကျပ်စွာ ကျင့်စောင့်ကြရမည့်ပညတ်တရားကို ပေးထား၏။
၃၁ သို့ရာတွင်၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ ဤအရာခပ်သိမ်းတို့သည် ဖြစ်လာမည့် အရာတို့၏သင်္ကေတများပေတည်း။
၃၂ ယခုမူကား၊ သူတို့သည် ပညတ်တရားကို နားလည်ကြသလော။ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ သူတို့အားလုံးသည် ပညတ်တရားကို နားမလည်ကြ။ ဤအမှုသည်ကား၊ သူတို့စိတ်နှလုံး၏မာကျောခြင်းကြောင့်ပေတည်း။ အကြောင်းမူကား၊ ဘုရားသခင်၏ရွေးနှုတ်ခြင်းအားဖြင့်မှတစ်ပါး၊ ကယ်တင်ခြင်းသို့ အဘယ်သူမျှ မရောက်နိုင်ကြောင်း၊ သူတို့နားလည်ခြင်းမရှိကြ။
၃၃ အကြောင်းမူကား၊ ရှုလော့၊ မေရှိယ ကြွလာတော်မူခြင်းအကြောင်းနှင့် ဘုရားသခင်သည် သူ၏လူမျိုးတို့ကို ရွေးနှုတ်တော်မူမည့်အကြောင်း သူတို့ကို မောရှေပရောဖက်ပြု၍ မဟောလေသလော။ ထိုမှတစ်ပါး၊ ကမ္ဘာဦးကတည်းက ပရောဖက်ပြု၍ဟောလေသည့် ခပ်သိမ်းသောပရောဖက်တို့သည်—ဤအရာများအကြောင်းကို ပို၍ သို့မဟုတ် လျော့၍ မဟောပြောလေသလော။
၃၄ ဘုရားသခင်ကိုယ်တော်တိုင်သည် လူသားတို့၌ ဆင်းလာတော်မူပြီး၊ မိမိအပေါ်၌ လူသား၏ပုံသဏ္ဌာန်ကိုခံယူ၍၊ မြေကြီးမျက်နှာပြင်ပေါ်၌ ကြီးစွာသောတန်ခိုးဖြင့် သွားတော်မူကြောင်းကို သူတို့မဟောပြောလေသလော။
၃၅ ထိုမှတစ်ပါး၊ သူသည် သေသူတို့၏ရှင်ပြန်ထမြောက်ခြင်းကို ဖြစ်ပေါ်စေမည့်အကြောင်းကိုလည်းကောင်း၊ သူကိုယ်တိုင် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ညှဉ်းဆဲခြင်းခံရမည့်အကြောင်းကိုလည်းကောင်း သူတို့မဟောပြောလေသလော။