အခန်းကြီး ၂၈
မောဇိယ၏သားတို့သည် လာမန်အမျိုးသားတို့အား ဟောပြောခြင်းငှာ သွားကြ၏—မြင်သောအရာကျောက်ခဲနှစ်လုံးကို အသုံးပြုလျက်၊ မောဇိယသည် ယာရက်အမျိုး၏ပုရပိုက်ပြားများကို ဘာသာပြန်၏။ ဘီစီ ၉၂ ခန့်။
၁ ယခုတွင်၊ အချိန်တန်လာသောအခါ၊ မောဇိယ၏သားတို့သည် ဤအရာခပ်သိမ်းတို့ကို ပြုလေပြီးလျှင်၊ အနည်းငယ်သောသူတို့ကို သူတို့နှင့်အတူ ခေါ်၍၊ မိမိတို့၏ခမည်းတော် မင်းကြီးထံသို့ ပြန်လာ၍၊ သူတို့ရွေးချယ်ထားလေသော သူများနှင့် နီဖိုင်းပြည်သို့ တက်သွားခြင်းငှာ အခွင့်ပေးပါမည့်အကြောင်း တောင်းဆိုသည်မှာ၊ သူတို့သည် ကြားနာသောအရာတို့ကို ဟောပြောနိုင်လျက်၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မိမိတို့ညီအစ်ကိုလာမန်အမျိုးသားတို့အား ဝေငှနိုင်လျက်—
၂ သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်အကြောင်းကို သိခြင်းပညာသို့ သူတို့ကို ဆောင်ယူနိုင်စေ၍၊ သူတို့ဘိုးဘေးတို့၏ဒုစရိုက်များကို နားသွင်းကောင်းနားသွင်းနိုင်ကြစေကြောင်း၊ ထို့အတူ နီဖိုင်းအမျိုသားတို့အပေါ်ထားသော သူတို့၏မုန်းခြင်းကို ပျောက်ကောင်းပျောက်နိုင်ကြစေကြောင်း၊ သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်၌ ရွှင်လန်းဝမ်းမြောက်ကြစေခြင်းငှာ ဆောင်ယူခြင်းကိုလည်း သူတို့ခံရစေကြောင်း၊ သူတို့တစ်ယောက်ကိုတစ်ယောက် ခင်မင်လာနိုင်ကြစေကြောင်း၊ သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်ပေးထားတော်မူလေသည့် ထိုပြည်တစ်ခုလုံး၌ ရန်တွေ့ခြင်းများမရှိရတော့စေကြောင်းတို့ပင်တည်း။
၃ ယခုတွင်၊ သူတို့သည် လူတစ်စုံတစ်ဦးပျက်စီးရမည်ကို၊ အမှန်စင်စစ်၊ တစ်စုံတစ်ဦးကို အဆုံးမရှိသည့် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခြင်း ခံစားရမည့်အဖြစ်က သူတို့ကို တုန်လှုပ်၍၊ တုန်စေသည့် အဆုံးစွန်သော အတွေးကိုပင်၊ မခံစားနိုင်သောကြောင့်၊ ကယ်တင်ခြင်းအကြောင်းကို လူသတ္တဝါမှန်သမျှတို့ထံ ဟောကြားရန်အလိုရှိကြ၏။
၄ ထိုကဲ့သို့အားဖြင့်၊ ကိုယ်တော်ရှင်၏ဝိညာဉ်တော်သည် သူတို့အပေါ်၌ လွှမ်းမိုးမှုရှိလေ၏။ အကြောင်းမူကား၊ သူတို့သည် အပြစ်ရှိသူများ၌ အလွန်အဆိုးရွားဆုံးသူများဖြစ်၏။ ကိုယ်တော်ရှင်ကလည်း သူ၏အတိုင်းမသိသောကရုဏာတော်ဖြင့် ထိုသူတို့ကို ချမ်းသာပေးရန် သင့်လျော်သည်ဟု ဆင်ခြင်တော်မူ၏။ သို့သော်လည်း၊ သူတို့သည် မိမိတို့၏ဒုစရိုက်များကြောင့်၊ စိတ်ဝိညာဉ်၏ပြင်းစွာသောဝေဒနာကို များစွာခံစားကြ၏၊ များစွာခံစားလျက်၊ ကာလအစဉ်အဆက် စွန့်ပစ်ခံရမည်ကို ကြောက်ရွံ့လျက်ရှိကြ၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် နီဖိုင်းပြည်သို့တက်သွားနိုင်ကြခြင်းငှာ၊ သူတို့အဘကို တောင်းပန်၏။
၆ မောဇိယမင်းကြီးသည်လည်း မိမိသားတို့ကို လာမန်အမျိုးသားတို့၌ နှုတ်ကပတ်တော်ကို ဟောပြောရန် သွားခွင့်ပြုသင့်မသင့် ကိုယ်တော်ရှင်ထံသွား၍ မေးလျှောက်၏။
၇ ကိုယ်တော်ရှင်ကလည်း၊ မောဇိယကို မိန့်တော်မူသည်ကား၊ သူတို့ကို သွားခွင့်ပြုလော့။ အကြောင်းမူကား၊ များစွာသောသူတို့သည် သူတို့၏စကားများကို ယုံကြည်၍ ထာဝရအသက်ကို ရလိမ့်မည်။ ငါသည်လည်း သင်၏သားတို့ကို လာမန်အမျိုးသားတို့လက်မှ ကယ်လွှတ်တော်မူမည်။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့၏တောင်းဆိုချက်အတိုင်း သွား၍ ပြုနိုင်စေခြင်းငှာ မောဇိယအခွင့်ပေး၏။
၉ သူတို့သည်လည်း၊ လာမန်အမျိုးသားတို့၌ နှုတ်ကပတ်တော်ကို ဟောပြောရန် သွားခြင်းငှာ၊ တောရိုင်းထဲသို့ ခရီးသွား၏။ သူတို့၏လုပ်ဆောင်မှုများအကြောင်း မှတ်တမ်းကိုလည်း နောင်ကာလ၌ ငါရေးဦးမည်။
၁၀ ယခုတွင်၊ မောဇိယမင်းကြီး၌ နိုင်ငံကို အပ်နှင်းစရာ တစ်ဦးမျှမရှိ။ အကြောင်းမူကား၊ နိုင်ငံကိုလက်ခံမည့်သူမှာ၊ မိမိသားတို့၌ တစ်စုံတစ်ယောက်မျှမရှိ။
၁၁ ထို့ကြောင့်၊ သူသည် ကြေးပုရပိုက်ပြားများပေါ်၌ရေးထွင်းထားသော မှတ်တမ်းများကိုလည်းကောင်း၊ နီဖိုင်း၏ပုရပိုက်ပြားများကိုလည်းကောင်း၊ လင်မဟိ၏လူများတွေ့ရှိထားလေသည့်အရာများတည်းဟူသော လင်မဟိကိုယ်တိုင် သူ့ထံသို့ပေးအပ်ခဲ့သည့် ရွှေပုရပိုက်ပြားများပေါ်ရှိမှတ်တမ်းများကို ဘာသာပြန်၍၊ ရေးထားစေခဲ့ပြီးနောက် ဘုရားသခင်၏ပညတ်တော်များအတိုင်း ထိန်းသိမ်း၍၊ ကာကွယ်စောင့်မထားခဲ့လေသည့် ခပ်သိမ်းသောအရာများကိုလည်းကောင်း ယူခဲ့လေ၏။
၁၂ သူ့လူမျိုးတို့၏ ကြီးစွာသောစိုးရိမ်ပူပန်မှုတို့ကြောင့်လည်း ဤသို့ သူပြု၏။ အကြောင်းမူကား၊ သူတို့သည် ဖျက်ဆီးခံရလေသောလူတို့အကြောင်းကို အတိုင်းထက်အလွန် သိလိုကြ၏။
၁၃ ယခုမူကား၊ ကွင်းနှစ်ခုပါရှိသည့်ကိုင်းထဲ၌ ထည့်ထားသော ကျောက်ခဲနှစ်လုံးကို အသုံးပြု၍ ထိုရွှေပုရပိုက်ပြားများကို သူဘာသာပြန်၏။
၁၄ ယခုတွင်၊ ဤအရာတို့ကို၊ ရှေးဦးစွာကတည်းက၊ ပြင်ဆင်ထား၏၊ ဘာသာစကားများကို အနက်ဖွင့်ခြင်းဟူသော ကြံရွယ်ချက်အတွက်၊ လူမျိုးအစဉ်အဆက် လက်ဆင့်ကမ်း၍ပေးထားလေ၏။
၁၅ ၎င်းတို့ကို ကိုယ်တော်ရှင်၏လက်တော်အားဖြင့် ထိန်းသိမ်း၍ ကာကွယ်စောင့်မထားလေသည်မှာ၊ ထိုပြည်ကို ပိုင်ဆိုင်မည့် လူသတ္တဝါမှန်သမျှတို့အား သူ့လူမျိုး၏ဒုစရိုက်များနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကို ဖော်ပြခြင်းနိုင်ခြင်းငှာပေတည်း။
၁၆ ဤအရာများရှိသူမှန်သမျှကို၊ ရှေးလွန်လေပြီးသောကာလများကအတိုင်း၊ မြင်သောသူဟု ခေါ်၏။
၁၇ ယခုတွင်၊ မောဇိယသည် ဤမှတ်တမ်းများကို ဘာသာပြန်လေပြီးနောက်၊ ရှုလော့၊ သူတို့ ဖျက်ဆီးခံရသည့်အချိန်မှ နောက်ပြန်လျက် ကြီးစွာသောရဲတိုက်ကို ဆောက်သည့်အချိန်မှစ၍၊ လူတို့၏ဘာသာစကားကို ကိုယ်တော်ရှင်ရှုပ်ထွေးစေသည့် အချိန်တွင်၊ မြေကြီးမျက်နှာပြင် တစ်ခုလုံးပေါ်၌ အရပ်ရပ်သို့ ကွဲပြားပြန့်ကျဲသည့်၊ ထိုမှတစ်ပါး၊ ထိုအချိန်မှနောက်ပြန်၍ အာဒံကို ဖန်ဆင်းတော်မူခြင်းအထိဖြစ်သည့် ဖျက်ဆီးခံရသောလူမျိုးတို့၏မှတ်တမ်းကို ထိုမှတ်တမ်းများကဖော်ပြ၏။
၁၈ ယခုတွင်၊ ဤမှတ်တမ်းသည် မောဇိယ၏လူတို့ကို လွန်စွာငိုကြွေးမြည်တမ်းစေ၏။ ထိုမှတစ်ပါး၊ သူတို့သည် ဝမ်းနည်းခြင်းနှင့် ပြည့်ကြ၏။ သို့သော်လည်း၊ သူတို့ ရွှင်လန်းဝမ်းမြောက်သည့် များစွာသောအသိပညာကို ထိုအရာကပေး၏။
၁၉ ဤမှတ်တမ်းကို နောင်ကာလ၌ ရေးဦးမည်။ အကြောင်းမူကား၊ ရှုလော့၊ ဤမှတ်တမ်း၌ ရေးထားသောအရာများကို ခပ်သိမ်းသောလူမျိုးတို့ သိကြစေကြောင်းသည်ကား အရေးကြီး၏။
၂၀ ယခုမူကား၊ သင်တို့အား ငါပြောလေသကဲ့သို့ပင်၊ မောဇိယမင်းကြီးသည် ဤအရာတို့ကို ပြုလေပြီးနောက်၊ ကြေးပုရပိုက်ပြားများနှင့် သူထိန်းသိမ်းထားလေသည့် ခပ်သိမ်းသောအရာတို့ကို ယူ၍၊ အယ်လမာ၏သားဖြစ်သောအယ်လမာထံသို့ အပ်နှင်းခဲ့၏။ အထူးသဖြင့်၊ ခပ်သိမ်းသောမှတ်တမ်းများ၊ ထို့အတူ၊ အနက်ဖွင့်သောအရာတို့ကို သူ့ထံသို့ အပ်နှင်းလျက်၊ ထိုအရာတို့ကို သူထိန်းသိမ်းပြီး၊ ကာကွယ်စောင့်မ၍၊ လူတို့၏မှတ်တမ်းကို ရေး၍ ထို့အတူ၊ လေဟိယေရုရှလင်ကို စွန့်ခွာခဲ့သည့်အချိန်မှစ၍၊ ထိုအရာတို့အား လက်ဆင့်ကမ်း၍ပေးထားလေသကဲ့သို့ပင်၊ မျိုးဆက်တစ်ခုမှ တခြားတစ်ခုသို့ လက်ဆင့်ကမ်း၍ပေးသွားရမည့်အကြောင်း မိန့်မှာခဲ့လေသတည်း။