အခန်းကြီး ၂၆
အသင်းတော်၏များစွာသောအသင်းသားတို့သည် မယုံကြည်သူတို့အားဖြင့် အပြစ်သို့ ပို့ဆောင်ခံရ၏—အယ်လမာအား ထာဝရအသက်ကို ကတိထား၏—နောင်တရ၍ ဗတ္တိဇံခံသောသူတို့သည် ခွင့်လွှတ်ခြင်းကို ရရှိကြ၏—အယ်လမာနှင့် ကိုယ်တော်ရှင်ထံသို့ နောင်တရ၍ ဝန်ခံသော သူများတည်းဟူသော အပြစ်၌ရှိသူအသင်းတော်အသင်းသားတို့သည် ခွင့်လွှတ်ခံရလိမ့်မည်။ သို့မဟုတ်လျှင်၊ သူတို့သည် အသင်းတော်၏လူတို့၌ ရေတွက်မခံရ။ ဘီစီ ၁၂၀–၁၀၀ ခန့်။
၁ ယခုတွင်၊ အချိန်တန်လာသောအခါ၊ ဤလူတို့အား ဗင်္ယာမိန်မင်းကြီးဟောပြောစဉ်က၊ ကလေးသူငယ်များဖြစ်၍၊ သူ၏စကားများစွာတို့ကို နားမလည်နိုင်ခဲ့သည့်သူတည်းဟူသော ကြီးပြင်းလာသည့်မျိုးဆက်မှ များစွာတို့ရှိလေ၏။ သူတို့သည်လည်း သူတို့ဘိုးဘေးတို့၏ နည်းဥပဒေသများကို မယုံကြည်ကြ။
၂ သေသူတို့၏ရှင်ပြန်ထမြောက်ခြင်းအကြောင်း ပြောထားသည့်အရာကို သူတို့မယုံကြည်ကြ။ ခရစ်တော်၏ကြွလာတော်မူခြင်းအကြောင်းကိုလည်း မယုံကြည်ကြ။
၃ ယခုမူကား၊ သူတို့၏မယုံကြည်မှုကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သူတို့နားမလည်နိုင်ကြ။ သူတို့စိတ်နှလုံးသည်လည်း မာကျောလေ၏။
၄ သူတို့သည် ဗတ္တိဇံခံရန်လည်း အလိုမရှိကြ။ အသင်းတော်သို့လည်း မဝင်လိုကြ။ သူတို့၏ ယုံကြည်ခြင်းအတိုင်း ကွဲပြားသောလူများဖြစ်၍၊ သူတို့၏ကာမဂုဏ်သဘောနှင့် အပြစ်များသောအခြေအနေ၌ပင် အစဉ်အမြဲဆက်၍တည်ရှိကြ၏။ အကြောင်းမူကား၊ သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်ထံ ပဌနာမပြုလိုကြ။
၅ ယခုမူကား၊ မောဇိယနန်းစံကာလ၌ သူတို့သည် ဘုရားသခင့်လူမျိုးတို့၏တစ်ဝက်မျှ အမြောက်အမြားမရှိ။ သို့ရာတွင်၊ ညီအစ်ကိုများကြား၌ ငြင်းခုံခြင်းများကြောင့်၊ သူတို့ပို၍ မြောက်မြားလာ၏။
၆ အကြောင်းမူကား၊ သူတို့သည် အသင်းတော်၌ရှိသည့် များစွာသောသူတို့ကို သူတို့၏ မြှောက်ပင့်သောစကားများဖြင့် လှည့်စား၍၊ များစွာသောအပြစ်တို့ကို ကျူးလွန်စေ၏။ ထို့ကြောင့်၊ အသင်းတော်၌ရှိသော၊ အပြစ်ကျူးလွန်သူများကို အသင်းတော်အားဖြင့် ဆုံးမရန် လိုအပ်လာ၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ယဇ်ပုရောဟိတ်များရှေ့သို့ ဆောင်ယူခံရ၍၊ ဆရာများအားဖြင့် ယဇ်ပုရောဟိတ်များထံ လွှဲအပ်ခံရ၏။ ယဇ်ပုရောဟိတ်တို့က သူတို့ကို ယဇ်ပုရောဟိတ်မင်းဖြစ်သူ အယ်လမာရှေ့သို့ ဆောင်ယူကြ၏။
၈ ယခုတွင်၊ မောဇိယမင်းကြီးသည် အယ်လမာအား အသင်းတော်အပေါ် ၌ အခွင့်အာဏာကို ပေးလေ၏။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အယ်လမာသည် သူတို့အကြောင်းကို မသိ။ သို့ရာတွင်၊ သူတို့တစ်ဖက်၌ သက်သေများစွာရှိ၏။ အကြောင်းမူကား၊ သူတို့၏ဒုစရိုက်ကို လူတို့ ရပ်၍အမြောက်အမြား သက်သေခံကြ၏။
၁၀ ယခုတွင်၊ ထိုကဲ့သို့သောအရာတစ်စုံတစ်ခု အသင်းတော်၌ ယခင်က မရှိလေခဲ့ပေ။ ထို့ကြောင့်၊ အယ်လမာသည် စိတ်ညှိုးငယ်၍ သူတို့ကို မင်းကြီးရှေ့သို့ ဆောင်ယူစေ၏။
၁၁ ထို့အတူ၊ မင်းကြီးကို သူလျှောက်လေသည်ကား၊ ရှုလော့၊ သူတို့ညီအစ်ကိုများ စွပ်စွဲသောသူတို့ကို ကိုယ်တော်ရှေ့သို့ အကျွန်ုပ်တို့ ဆောင်ယူခဲ့လေပြီ၊ သူတို့ကို အထူးထူးအပြားပြားသောဒုစရိုက်များ၌ ဖမ်းဆီးမိခဲ့ပါပြီ။ သူတို့ဒုစရိုက်များမှလည်း နောင်တမရကြ။ ထို့ကြောင့်၊ သူတို့ပြစ်မှုများအတိုင်း သူတို့ကို ကိုယ်တော်တရားစီရင်နိုင်စေရန် ကိုယ်တော်ရှေ့သို့ အကျွန်ုပ်တို့ဆောင်ယူခဲ့ပါပြီ။
၁၂ သို့ရာတွင်၊ မောဇိယမင်းကြီးက အယ်လမာအား၊ ရှုလော့၊ ငါသည် သူတို့ကို တရားမစီရင်။ ထိုကြောင့်၊ သူတို့ကို တရားစီရင်ခံရစေရန် သင့်လက်သို့အပ်နှံပါ၏ဟု ဆို၏။
၁၃ ယခုမူကား၊ အယ်လမာ၏စိတ်ဝိညာဉ်သည် တစ်ဖန်ညှိုးငယ်ပြန်သဖြင့်၊ ဤအမှုနှင့် စပ်လျဉ်း၍ သူအဘယ်သို့ပြုရမည်ကို ကိုယ်တော်ရှင်ထံသွား၍ မေးလျှောက်၏။ အကြောင်းမူကား၊ သူသည် ဘုရားသခင်၏အမြင်၌ အမှားပြုမိမည်ကို စိုးရိမ်၏။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် မိမိစိတ်ဝိညာဉ်တစ်ခုလုံးကို ဘုရားသခင်ထံ သွန်းလောင်းလေသဖြင့်၊ ကိုယ်တော်ရှင်၏အသံ သူ့ထံရောက်လာပြီး မိန့်တော်မူလေသည်ကား၊
၁၅ အသင်အယ်လမာသည် မင်္ဂလာရှိ၏။ မော်မုန်ရေများ၌ ဗတ္တိဇံခံသောသူတို့သည်လည်း မင်္ဂလာရှိ၏။ သင်သည် ငါ့ကျွန်အဘိနဒိ၏စကားများကို ကြီးစွာသော ယုံကြည်ခြင်းတစ်ခုတည်းကြောင့် ကောင်းချီးခံစားရ၏။
၁၆ သူတို့သည်လည်း သင်ဟောပြောလေသည့်စကားများကို ကြီးစွာသော ယုံကြည်ခြင်းတစ်ခုတည်းကြောင့်၊ မင်္ဂလာရှိ၏။
၁၇ ထို့အတူ၊ သင်သည် ဤလူတို့၌ အသင်းတော်တစ်ခုကို တည်ထောင်သောကြောင့် မင်္ဂလာရှိ၏။ သူတို့ကိုလည်း တည်ထောင်၍၊ ငါ၏လူများ ဖြစ်လိမ့်မည်။
၁၈ ထိုမှတစ်ပါး၊ ငါ၏နာမတော်ကို ခံယူရန် လိုလိုလားလားရှိသောဤလူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ငါ၏နာမတော်အားဖြင့် သူတို့သည် အခေါ်ခံရလိမ့်မည်။ သူတို့သည်လည်း ငါ၏လူများဖြစ်၏။
၁၉ သင်သည် လွန်ကျူးသောသူ၏အကြောင်းကို ငါ့အား မေးလျှောက်လေသောကြောင့်၊ ကောင်းချီးခံစားရ၏။
၂၀ သင်သည် ငါ့ကျွန်ဖြစ်၏။ သင်သည် ထာဝရအသက်ကို ရမည့်အကြောင်းကိုလည်း ငါသည် သင်နှင့် ပဋိညာဉ်ပြု၏။ သင်သည် ငါ့ကို အစေခံ၍၊ ငါ၏နာမအားဖြင့် ထွက်သွား၍၊ ငါ၏သိုးတို့ကို အတူတကွ စုဝေးလိမ့်မည်။
၂၁ ငါ၏အသံကို ကြားနာသောသူသည် ငါ၏သိုးဖြစ်၍၊ အသင်းတော်ထဲသို့ သူ့ကို သင်လက်ခံလိမ့်မည်။ ငါသည်လည်း သူ့ကို လက်ခံမည်။
၂၂ အကြောင်းမူကား၊ ရှုလော့၊ ဤအရာသည် ငါ၏အသင်းတော်ဖြစ်၏။ ဗတ္တိဇံခံသူမှန်သမျှသည် နောင်တရခြင်းအလို့ငှာ ဗတ္တိဇံခံလိမ့်မည်။ သင်လက်ခံမည့်သူမှန်သမျှသည် ငါ၏နာမတော်ကို ယုံကြည်လိမ့်မည်။ သူ့ကိုလည်း ငါလွတ်လပ်စွာခွင့်လွှတ်တော်မူမည်။
၂၃ အကြောင်းမူကား၊ လောကီသားတို့၏အပြစ်များကို ငါ့အပေါ်၌ ခံယူသူမှာ ငါဖြစ်၏။ သူတို့ကို ဖန်ဆင်းတော်မူလေသောသူမှာ ငါဖြစ်၏။ အဆုံးတိုင်အောင် ယုံကြည်သောသူအား ငါ၏လက်ယာတော်ဘက်၌ နေရာတစ်နေရာပေးသူမှာလည်း ငါဖြစ်၏။
၂၄ အကြောင်းမူကား၊ ရှုလော့၊ ငါ၏နာမတော်အားဖြင့် သူတို့ကို ခေါ်လိမ့်မည်။ သူတို့သည်လည်း ငါ့ကို သိလျှင်၊ ထွက်လာ၍ ငါ၏လက်ယာတော်ဘက်၌ နေရာတစ်နေရာအစဉ်ထာဝရ ရရှိလိမ့်မည်။
၂၅ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ဒုတိယတံပိုးကို မှုတ်လျှင်၊ ငါ့ကို အဘယ်တုန်းကမျှ မသိသောသူတို့သည် ထွက်လာ၍ ငါ့ရှေ့ ၌ ရပ်လိမ့်မည်။
၂၆ ထို့နောက်တွင်၊ ငါသည် သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်ဖြစ်တော်မူကြောင်းနှင့် သူတို့၏ရွေးနှုတ်ရှင်ဖြစ်တော်မူကြောင်းကို သူတို့သိလိမ့်မည်။ သို့ရာတွင်၊ သူတို့သည် ရွေးနှုတ်ခြင်းကို ခံလိုကြမည်မဟုတ်။
၂၇ ထို့နောက်တွင်၊ ငါသည် သူတို့ကိုဘယ်တုန်းကမျှမသိကြောင်း သူတို့ကို ဝန်ခံ၍၊ သူတို့သည် နတ်ဆိုးနှင့် သူ၏ကောင်းကင်တမန်များအတွက် ပြင်ဆင်ထားသည့် ထာဝရတည်မြဲသောမီးထဲသို့ ထွက်ခွာသွားလိမ့်မည်။
၂၈ ထို့ကြောင့်၊ သင့်ကို ငါဆိုသည်ကား၊ ငါ၏အသံကို မကြားနာသောသူကို၊ ငါ၏အသင်းတော်ထဲသို့ သင်လက်မခံရ။ အကြောင်းမူကား၊ ထိုသူကို နောက်ဆုံးသောနေ့၌ ငါလက်ခံလိမ့်မည်မဟုတ်။
၂၉ ထို့ကြောင့်၊ သင့်ကို ငါဆိုသည်ကား၊ သွားလော့။ ငါ့ကိုဆန့်ကျင်၍ လွန်ကျူးသောသူမှန်သမျှကိုလည်း ထိုသူလွန်ကျူးလေသောအပြစ်များအတိုင်း သင်တရားစီရင်ရမည်။ အကယ်၍ ထိုသူသည် သူ့အပြစ်များကို သင်နှင့်ငါ့ရှေ့ ၌ ဝန်ခံ၍၊ စိတ်နှလုံး၏ရိုးသားခြင်းဖြင့် နောင်တရလျှင်၊ ထိုသူကို ခွင့်လွှတ်လော့။ ငါသည်လည်း ထိုသူကို ခွင့်လွှတ်တော်မူမည်။
၃၀ ထိုမှတစ်ပါး၊ ငါ၏လူတို့သည် အကြိမ်ကြိမ် နောင်တရသမျှ၊ ငါ့ကို ဆန့်ကျင်သည့် သူတို့၏လွန်ကျူးခြင်းများကို ငါခွင့်လွှတ်တော်မူမည်။
၃၁ သင်တို့သည် သင်တို့၏လွန်ကျူးခြင်းများကိုလည်း တစ်ယောက်ကို တစ်ယောက် ခွင့်လွှတ်ရမည်။ သင့်ကို ငါအမှန်ဆိုသည်ကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူ၏လွန်ကျူးခြင်းကို ခွင့်လွှတ်ခြင်းမရှိသောသူက သူနောင်တရသည်ဟုပြောလျှင်၊ ထိုသူသည် မိမိကိုယ်ကို ပြစ်ဒဏ်ချမှတ်ရာသို့ ရောက်စေ၏။
၃၂ ယခုတွင်၊ သင့်ကို ငါဆိုသည်ကား၊ သွားလော့။ မိမိ၏အပြစ်များမှ နောင်တမရသူမှန်သမျှသည် ငါ၏လူများ၌ ရေတွက်ခံရလိမ့်မည်မဟုတ်။ ဤအရာတို့ကို ယခုအချိန်မှစ၍ ကျင့်စောင့်ရပေမည်။
၃၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အယ်လမာသည် ဤစကားများကို ကြားလေပြီးလျှင်၊ သတိရနိုင်ခြင်းငှာလည်းကောင်း၊ ထိုအသင်းတော်၏လူတို့ကို ဘုရားသခင်၏ ပညတ်တော်များအတိုင်း တရားစီရင်နိုင်ခြင်းငှာလည်းကောင်း ထိုစကားများကို ရေးချ၏။
၃၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဒုစရိုက်၌ ဖမ်းဆီးမိလေသောသူများကို ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်အတိုင်း အယ်လမာသည်သွား၍ တရားစီရင်၏။
၃၅ မိမိတို့အပြစ်များမှ နောင်တရ၍၊ ဝန်ခံသောသူမှန်သမျှကို အသင်းတော်၏လူများ၌ ရေတွက်၏။
၃၆ မိမိတို့အပြစ်များကို ဝန်မခံဘဲ၊ မိမိတို့ဒုစရိုက်များမှ နောင်တမရသောသူများသည် အသင်းတော်၏လူများ၌ ရေတွက်မခံရ။ သူတို့အမည်များသည်လည်း ပယ်ဖျောက်ခံရလေ၏။
၃၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အယ်လမာသည် အသင်းတော်၏ ခပ်သိမ်းသော အမှုများကို အုပ်ချုပ်၏။ သူတို့သည်လည်း ဘုရားသခင်ရှေ့ ၌ စေ့စေ့မြေ့မြေ့ကျင့်ဆောင်လျက်၊ များစွာသောသူတို့ကို လက်ခံလျက်၊ များစွာသောသူတို့ကို ဗတ္တိဇံပေးလျက်၊ အသင်းတော်၏အမှုများ၌ တစ်ဖန် ငြိမ်းချမ်းခြင်းကိုရ၍၊ လွန်စွာအောင်မြင်ကြ၏။
၃၈ ယခုမူကား၊ ဤအရာခပ်သိမ်းတို့ကို အယ်လမာနှင့်၊ အသင်းတော်ရှိ အလုပ်လုပ်ကြသော သူ၏အပေါင်းအဖော်များ လုပ်ဆောင်ကြ၏၊ အလုံးစုံသော လုံ့လဝီရိယဖြင့် ကျင့်ဆောင်လျက်၊ အရာရာ၌ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သွန်သင်ပေးလျက်၊ အမျိုးမျိုးသော ဆင်းရဲဒုက္ခများကို ခံစားလျက်၊ ဘုရားသခင်၏ အသင်းတော်နှင့် မဆိုင်သောသူ ခပ်သိမ်းတို့၏ ညှဉ်းဆဲခြင်းကို ခံရလျက်ရှိကြ၏။
၃၉ သူတို့သည် မိမိတို့ညီအစ်ကိုများကို ဆုံးမကြ၏။ သူတို့အယောက်တိုင်းသည် မိမိအပြစ်များအတိုင်း၊ သို့မဟုတ်၊ မိမိကျူးလွန်လေသောအပြစ်များအတိုင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ဆုံးမခံရလျက်၊ မခြားမလပ်ဆုတောင်းရန်၊ ထို့အတူ ခပ်သိမ်းသောအရာတို့၌ ကျေးဇူးတော်ချီးမွမ်းရန် ဘုရားသခင်၏ မိန့်မှာတော်မူခြင်းကို ခံရလေ၏။