အခန်းကြီး ၈
အမ္မုန်သည် လင်မဟိ၏လူမျိုးတို့ကို သွန်သင်၏—သူသည် ယာရက်အမျိုး၏ပုရပိုက်ပြား နှစ်ဆယ် လေးပြားအကြောင်းကို သိရ၏—ရှေးမှတ်တမ်းများကို မြင်သောသူတို့အားဖြင့် ဘာသာပြန်နိုင်၏—မြင်သောသူဖြစ်ရခြင်းထက် ကြီးမြတ်သောဆုကျေးဇူးမရှိ။ ဘီစီ ၁၂၁ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လင်မဟိမင်းကြီးသည် သူ၏လူမျိုးတို့အား ပြောဆိုခြင်းကို လက်စသတ်လေပြီးနောက်၊ များစွာသောအရာတို့ကို ဟောပြောသဖြင့်၊ ထိုအရာတို့မှ အနည်းငယ်တို့ကိုသာလျှင်၊ ဤကျမ်း၌ ငါရေးထား၏။ သူသည် မိမိလူမျိုးတို့အား၊ ဇရဟင်မလပြည်ရှိ သူတို့ညီအစ်ကိုများနှင့်စပ်လျဉ်းသည့် အရာခပ်သိမ်းတို့ကို ပြောပြ၏။
၂ သူသည် အမ္မုန်ကိုလည်း လူအစုအဝေး၏ရှေ့၌ ရပ်စေ၍၊ ဇေနိဖ်ထိုပြည်မှ ထွက်သွားသည့်အချိန်မှစ၍၊ သူကိုယ်တိုင် ထိုပြည်မှထွက်ခဲ့သည့်အချိန်ထိတစ်လျှောက်လုံး၊ သူတို့၏ညီအစ်ကိုများ၌ ဖြစ်ပျက်ခဲ့လေသည်များကို ပြောပြစေ၏။
၃ အမ္မုန်သည် ဗင်္ယာမိန်မင်းကြီးထိုသူတို့ကို သွန်သင်ခဲ့သည့် နောက်ဆုံးသောစကားများကိုလည်း ပြောပြခဲ့ပြီး၊ ထိုစကားများကို လင်မဟိမင်းကြီး၏လူမျိုးတို့အား ရှင်းပြခဲ့သည်မှာ၊ သူပြောသည့် စကားခပ်သိမ်းတို့ကို သူတို့နားလည်နိုင်ကြစေခြင်းငှာပေတည်း။
၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဤအရာခပ်သိမ်းကို သူပြုလေပြီးနောက်၊ လင်မဟိမင်းကြီးသည် လူအစုအဝေးကို ပြန်ခွင့်ပေး၍၊ လူတိုင်းကို ကိုယ့်အိမ်ကိုယ် ပြန်စေခဲ့၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် မိမိတို့ ဇရဟင်မလပြည်ကို စွန့်ခွာခဲ့သည့်အချိန်မှစ၍၊ သူ၏လူမျိုးတို့အကြောင်း မှတ်တမ်းများပါရှိသော ပုရပိုက်ပြားများကို၊ အမ္မုန်ဖတ်နိုင်စေခြင်းငှာ ရှေ့သို့ ယူလာစေ၏။
၆ ယခုတွင်၊ မှတ်တမ်းကို အမ္မုန်ဖတ်၍ ပြီးလျှင်ပြီးချင်း၊ ဘာသာစကားများကို အနက်ဖွင့်နိုင်ခြင်းရှိမရှိ မင်းကြီးက မေးလျှင်၊ အမ္မုန်က သူမဖွင့်နိုင်ကြောင်း ပြော၏။
၇ မင်းကြီးကလည်း သူ့ကို ဆိုသည်ကား၊ ငါ့လူမျိုးတို့၏ဆင်းရဲဒုက္ခများကြောင့်၊ ငါသည် ဝမ်းနည်းပူဆွေးလျက်၊ ငါ၏လူလေးဆယ့်သုံးယောက်ကို တောရိုင်းထဲသို့ခရီးသွားစေသည်မှာ၊ ထိုသို့အားဖြင့်၊ ဇရဟင်မလပြည်ကို သူတို့တွေ့ရှိကြစေခြင်းငှာနှင့်၊ ငါတို့ကို ကျွန်ခံရာမှ ကယ်လွှတ်ရန် ငါတို့ညီအစ်ကိုများထံ တောင်းဆိုနိုင်စေခြင်းငှာပေတည်း။
၈ သူတို့သည်လည်း တောရိုင်းထဲ၌ ရက်ပေါင်းများစွာကြာအောင် ပျောက်ဆုံးကြ၏။ သို့သော်လည်း၊ သူတို့သည် လုံ့လဝီရိယရှိ၍၊ ချောင်း၊ များစွာသောရေများရှိသည့် ပြည်၌ ခရီးသွားခဲ့ကြလေပြီးနောက်၊ လူသေနှင့် သားရဲအသေတို့၏ အရိုးများနှင့်ဖုံးလွှမ်းထားသည့်၊ ထို့အတူ၊ အမျိုးမျိုးသော အဆောက်အအုံတို့၏ ပြိုပျက်ရာများနှင့်လည်း ဖုံးလွှမ်းထားသည့်ပြည်ကို ရှာဖွေတွေ့ရှိလေပြီးနောက်၊ ဣသရေလအမျိုး၏ဗိုလ်ခြေတို့ကဲ့သို့ပင်၊ အမြောက်အမြားရှိလှသော လူမျိုးတို့နေထိုင်ခဲ့လေသည့်ပြည်ကို ရှာဖွေတွေ့ရှိလေပြီးနောက်၊ ဇရဟင်မလပြည်ကို တွေ့ခြင်းမရှိဘဲ ဤပြည်သို့ ပြန်လာခဲ့ကြ၏။
၉ သူတို့ပြောလေသည့်အရာများမှန်ကန်သည့်အကြောင်း၊ သက်သေခံအဖြစ်၊ ရေးထွင်းခြင်းများနှင့် ပြည့်သောပုရပိုက်ပြား နှစ်ဆယ်လေးပြားကို ယူဆောင်လာကြလေ၏။ ထိုပုရပိုက်ပြားများသည် ရွှေစင်ဖြစ်၏။
၁၀ ရှုဦးလော့၊ သူတို့သည် ကြီးမားသော ရင်အုပ်တန်ဆာများကိုလည်း ယူဆောင်လာကြလေ၏။ ထိုအရာတို့သည်ကား၊ ကြေးနီ၊ ကြေးဝါများဖြစ်၍၊ စုံလင်စွာကောင်းမွန်၏။
၁၁ ထိုမှတစ်ဖန်၊ သူတို့သည် ဓားများကိုယူဆောင်လာခဲ့ကြ၏။ ဓားရိုးသည် ပျက်စီး၍၊ ဓားသွားမှာ သံချေးလှိုက်စားလျက်ရှိ၏။ ပုရပိုက်ပြားများပေါ်ရှိ ထိုဘာသာစကား၊ သို့မဟုတ်၊ ရေးထွင်းခြင်းများကို အနက်ဖွင့်နိုင်သောသူ တစ်ဦးတစ်ယောက်မျှလည်း၊ ဤပြည်၌မရှိ။ ထို့ကြောင့်၊ သင် ဘာသာပြန်နိုင်သလောဟု ငါမေး၏။
၁၂ သင့်ကို ငါတစ်ဖန်ဆိုသည်မှာ၊ ဘာသာပြန်နိုင်သောသူ တစ်စုံတစ်ဦးကို သင်သိသလော။ အကြောင်းမူကား၊ ဤမှတ်တမ်းများကို ငါတို့၏ဘာသာစကားသို့ ဘာသာပြန်စေရန် ငါအလိုရှိ၏။ ဤမှတ်တမ်းများသည် ၎င်းတို့ဖြစ်လာရာအရပ်မှ ဖျက်ဆီးခံရလေသူ ကျန်ကြွင်းသောလူမျိုးတို့အကြောင်း သိခြင်းကို ပေးကောင်းပေးပေလိမ့်မည်။ သို့မဟုတ်၊ ဖျက်ဆီးခံရလေသည့် ထပ်တူထပ်မျှဖြစ်သော ဤလူမျိုးတို့အကြောင်းသိခြင်းကို ပေးကောင်းပေးပေလိမ့်မည်။ သူတို့ပျက်စီးခြင်း၏အကြောင်းရင်းကိုလည်း ငါသိလို၏။
၁၃ ယခုတွင်၊ အမ္မုန်ဆိုသည်ကား၊ အို အရှင်မင်းကြီး၊ ထိုမှတ်တမ်းများကို ဘာသာပြန်နိုင်သည့် သူတစ်ဦးကို အကျွန်ုပ်အမှန်ပြောနိုင်ပါ၏။ အကြောင်းမူကား၊ ရှေးကျသော မှတ်တမ်းအားလုံးတို့ကို ကြည့်၍ ဘာသာပြန်နိုင်သည့်အရာတစ်ခု ထိုသူ၌ရှိ၏။ ထိုအရာသည်ကား၊ ဘုရားသခင်ထံမှ ဆုကျေးဇူးတစ်ခုဖြစ်၏။ ထိုအရာတို့ကို အနက်ဖွင့်သောအရာများဟုခေါ်၍၊ မိန့်မှာထားခြင်းခံရသောသူမှတစ်ပါး၊ အဘယ်သူမျှ ထိုအရာတို့၏အတွင်းကို မကြည့်နိုင်သည်ကား၊ မကြည့်သင့်သောအရာကို ကြည့်၍၊ ပျက်စီးမည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။ ထိုအရာတို့၏ အတွင်းကို ကြည့်ရှုရန် မိန့်မှာထားတော်မူခြင်းခံရသူမှန်သမျှကို မြင်သောသူဟုခေါ်၏။
၁၄ ရှုဦးလော့၊ ဇရဟင်မလပြည်ရှိလူမျိုးတို့၏ရှင်ဘုရင်သည်ကား၊ ဤအရာတို့ကိုပြုရန် မိန့်မှာ ခံရသည့်သူဖြစ်၍၊ ဘုရားသခင်ထံမှ ဤအလွန်ကြီးမြတ်သည့် ဆုကျေးဇူးရရှိသူဖြစ်၏။
၁၅ မြင်သောသူသည် ပရောဖက်ထက်သာ၍ကြီးမြတ်ကြောင်း မင်းကြီးဆို၏။
၁၆ အမ္မုန်ဆိုသည်ကား၊ မြင်သောသူသည် ဗျာဒိတ်ဟောသူဖြစ်၍၊ ပရောဖက်လည်းဖြစ်၏။ အဘယ်သူမျှ မရရှိနိုင်သော ဘုရားသခင်၏တန်ခိုးတော်ကို မပိုင်ဆိုင်လျှင်၊ သာ၍ကြီးမြတ်သောဆုကျေးဇူးကို အဘယ်သူမျှမရရှိနိုင်။ သို့သော်လည်း၊ လူသားသည် ဘုရားသခင်ထံမှ ပေးထားသည့် ကြီးစွာသောတန်ခိုးကို ရရှိနိုင်၏။
၁၇ သို့ရာတွင်၊ မြင်သောသူသည် အတိတ်မှအရာများနှင့် ဖြစ်လာမည့်အရာတို့ကိုလည်း သိနိုင်ပြီး၊ ၎င်းတို့အားဖြင့် ခပ်သိမ်းသောအရာတို့ကို ဖော်ပြလိမ့်မည်၊ သို့မဟုတ်၊ လျှို့ဝှက်သောအရာများကို ထင်ရှားစွာပြလိမ့်မည်။ ဝှက်ထားသောအရာများလည်း ပေါ်လာလိမ့်မည်၊ မသိသောအရာများကို ၎င်းတို့အားဖြင့် ဖော်ပြလိမ့်မည်။ ၎င်းတို့အားဖြင့်မှမဟုတ်လျှင်၊ သိနိုင်ခဲ့မည်မဟုတ်သည့်အရာများကိုလည်း ဖော်ပြလိမ့်မည်။
၁၈ ဘုရားသခင်သည် ထိုကဲ့သို့ နည်းလမ်းကို ပေးသနားတော်မူ၍၊ လူသားသည် ယုံကြည်ခြင်းအားဖြင့်၊ ကြီးစွာသောအလွန်တရာအံ့ဩဖွယ်အမှုများကို ပြုနိုင်၏။ ထို့ကြောင့်၊ သူသည် သူ၏အပေါင်းအဖော်များအတွက် ကြီးစွာအကျိုးပြုသူ ဖြစ်လာ၏။
၁၉ ယခုမူကား၊ အမ္မုန်သည် ဤစကားများ ပြောဆိုခြင်းကို လက်စသတ်လေပြီးလျှင်၊ မင်းကြီးသည် လွန်စွာရွှင်လန်းဝမ်းမြောက်၍၊ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်း၍ ဆိုလေသည်ကား၊ ဤပုရပိုက်ပြားများတွင်၊ ကြီးစွာသောနက်နဲခြင်းပါရှိသည်ကို ယုံမှားသံသယမဖြစ်။ လူသားများသို့ ထိုကဲ့သို့သော နက်နဲခြင်းများကို ဖွင့်ပြခြင်းဟူသည့် ကြံရွယ်ချက်အတွက် ဤအနက်ဖွင့်သော အရာများကို ပြင်ဆင်ထားကြောင်း ယုံမှားသံသယမဖြစ်။
၂၀ အို ကိုယ်တော်ရှင်၏အမှုတော်တို့သည်ကား၊ အံ့ဩဖွယ်ကောင်းပေစွတကား၊ သူသည် မိမိလူမျိုးတို့ကို အဘယ်မျှကြာအောင် သည်းခံမည်နည်း။ ထိုမှတစ်ပါး၊ လူသားတို့၏ နားလည်ခြင်းသည်ကား၊ မမြင်ကြ၍၊ ပိတ်ဆီးနေခြင်းရှိလှပေစွတကား။ အကြောင်းမူကား၊ သူတို့သည် ဉာဏ်ပညာကို မရှာကြ၊ သူတို့အပေါ် ဉာဏ်ပညာ၏အုပ်စိုးမှုကိုလည်း အလိုမရှိကြ။
၂၁ ထိုမှတစ်ပါး၊ သူတို့သည် သိုးထိန်းထံမှ၊ ထွက်ပြေးသော သိုရိုင်းစုကဲ့သို့ဖြစ်ကြ၏။ ကွဲပြားပြန့်ကျဲပြီး၊ နှင်ထုတ်ခံရကြ၏၊ တောသားရဲတို့၏ကိုက်စားခြင်းကိုလည်း ခံရကြ၏။