အခန်းကြီး ၄
ဗင်္ယာမိန်မင်းကြီးသည် မိန့်ခွန်းကို ဆက်၍ဟော၏—အပြစ်ဖြေခြင်းမင်္ဂလာကြောင့် ကယ်တင်ခြင်း ရောက်လာ၏—ကယ်တင်ခြင်းသို့ ရောက်ရခြင်းငှာ၊ ဘုရားသခင်ကို ယုံကြည်ကြလော့—သစ္စာရှိခြင်းအားဖြင့်၊ သင်တို့၏အပြစ်များမှလွှတ်ခြင်းကို ထိန်းသိမ်းထားကြလော့—သင်တို့၏ဥစ္စာများကို ဆင်းရဲသားများသို့ မျှ၍ပေးကြလော့—ခပ်သိမ်းသောအရာတို့ကို ဉာဏ်ပညာနှင့် အစီအစဉ်တကျ ပြုကြလော့။ ဘီစီ ၁၂၄ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ ဗင်္ယာမိန်မင်းကြီးသည် သူ့အား ကိုယ်တော်ရှင်၏ကောင်းကင်တမန်မြွက်ဆိုထားလေသောစကားများပြောဆိုခြင်းကို လက်စသတ်၍၊ လူအစုအဝေးကို မျှော်ကြည့်လျှင်၊ ထိုသူတို့မြေကြီးသို့ လဲကျကြသည်ကို မြင်၏။ အကြောင်းမူကား၊ ကိုယ်တော်ရှင်ကို ကြောက်ရွံ့ခြင်းသည် သူတို့အပေါ် ကျရောက်လေ၏။
၂ သူတို့သည်လည်း မြေမှုန့်ထက်ပင် နိမ့်ကျသော၊ လောကီဆိုင်ရာအခြေအနေ၌ရှိကြောင်း သူတို့ကိုယ်သူတို့ ဆင်ခြင်မိကြလေ၏။ သူတို့တစ်သံတည်းဖြင့် ကျယ်လောင်စွာအော်၍ ဟစ်ကြွေးကြသည်ကား၊ အို ကရုဏာထားတော်မူပါ၊ အကျွန်ုပ်တို့၏ အပြစ်များမှ ခွင့်လွှတ်ခြင်းကိုရရှိနိုင်စေခြင်းငှာနှင့် အကျွန်ုပ်တို့၏ စိတ်နှလုံးကို စင်ကြယ်နိုင်စေခြင်းငှာ၊ ခရစ်တော်၏ အပြစ်ဖြေရာ အသွေးတော်နှင့် ဖျန်းတော်မူပါ။ အကြောင်းမူကား၊ ကောင်းကင်နှင့် မြေကြီး၊ ထို့အတူ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူခဲ့သောသူ၊ လူသားတို့၌ ဆင်းလာတော်မူမည့်သူ၊ ဘုရားသခင်၏ သားတော်၊ ယေရှုခရစ်တော်ကို အကျွန်ုပ်တို့ ယုံကြည်ပါ၏။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ဤစကားများကို ပြောလေပြီးနောက်၊ ကိုယ်တော်ရှင်၏ဝိညာဉ်တော်သည် သူတို့အပေါ်ကျရောက်လာ၏။ သူတို့သည်လည်း ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံပြီး၊ သူတို့၏အပြစ်များမှလွှတ်ခြင်းကို ရရှိကြ၏၊ သူတို့ကို ဗင်္ယာမိန်မင်းကြီးပြောထားလေသော စကားများအတိုင်း ကြွလာတော်မူမည့် ယေရှုခရစ်တော်၌ ထားရှိလေသည့် ကြီးစွာသောယုံကြည်ခြင်းကြောင့် ငြိမ်းချမ်းသောအသိစိတ်ရှိကြ၏။
၄ ဗင်္ယာမိန်မင်းကြီးသည်လည်း မိမိနှုတ်ကို တစ်ဖန်ဖွင့်၍၊ ဟောပြောစပြုလေသည်ကား၊ ငါ၏ အဆွေခင်ပွန်းများနှင့် ငါ၏ညီအစ်ကိုများ၊ ငါ၏အမျိုးစုနှင့် ငါ၏လူမျိုးတို့၊ သင်တို့သည် ငါဟောပြောမည့် ကျန်ကြွင်းသေးသောစကားများကို ကြားနာ၍၊ နားလည်နိုင်စေခြင်းငှာ သတိမူကြစေရန် ငါတစ်ဖန်အလိုရှိ၏။
၅ အကြောင်းမူကား၊ ရှုလော့၊ ဤအချိန်၌ ဘုရားသခင်၏ကောင်းမြတ်ခြင်းကို သိခြင်းက သင်တို့၏အရေးမပါခြင်း၊ သင်တို့၏မထိုက်တန်ခြင်းနှင့် ကျရှုံးသည့်အခြေအနေတို့၏ အသိသို့ နှိုးဆော်လေလျှင်—
၆ ငါဆိုသည်ကား၊ သင်တို့သည် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကိုလည်းကောင်း၊ သူ၏အတုမရှိသောတန်ခိုးတော်ကိုလည်းကောင်း၊ သူ၏ဉာဏ်ပညာတော်ကိုလည်းကောင်း၊ သူ၏သည်းခံတော်မူခြင်းကိုလည်းကောင်း၊ လူသားတို့အပေါ် သူ၏စိတ်ရှည်တော်မူခြင်းကိုလည်းကောင်း၊ ထို့အတူ၊ ကမ္ဘာတည်ကတည်းက ပြင်ဆင်ထားတော်မူလေသော အပြစ်ဖြေခြင်းမင်္ဂလာ၊ ထိုမင်္ဂလာအားဖြင့်၊ ကိုယ်တော်ရှင်ကို ကိုးစား၍၊ သူ၏ပညတ်တော်များကို စောင့်ထိန်းရာ၌ လုံ့လဝီရိယရှိလျက်၊ ထိုသူ၏ဘဝ၊ ငါဆိုလိုသည်ကား၊ သေခြင်းရှိသော ဤကိုယ်ခန္ဓာ၏ဘဝအဆုံးတိုင်အောင်ပင်၊ ဆက်၍ယုံကြည်မည့်သူထံသို့ ကယ်တင်ခြင်း ရောက်ရှိနိုင်ကြောင်းကို သိခြင်းသို့ ရောက်ကြလေလျှင်—
၇ ငါဆိုသည်ကား၊ အာဒံ၏ကျရှုံးခြင်းကာလမှစ၍၊ ရှိသမျှသောသူများ၊ ယခုရှိကြသူများ ကမ္ဘာကုန်သည့်တိုင်အောင်ပင် ရှိလိမ့်မည့်သူမှန်သမျှတို့ပင်ဖြစ်သည့် လူသားအားလုံးတို့ အတွက် ကမ္ဘာတည် ကတည်းက ပြင်ဆင်ထားခဲ့လေသော အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့်၊ ကယ်တင်ခြင်းကို ရရှိသည့်သူမှာ ဤလူဖြစ်၏။
၈ ဤအရာမှာ၊ ကယ်တင်ခြင်း ရောက်လာရာ နည်းလမ်းဖြစ်၏။ ငါဟောပြောထားလေသည့် ဤနည်းလမ်းမှတစ်ပါး အခြားကယ်တင်ခြင်း မရှိ။ သင်တို့ကို ငါပြောပြထားလေသော အခြေအနေများမှတစ်ပါး လူသားကယ်တင်ခြင်းသို့ ရောက်နိုင်ရာ အဘယ်အခြေအနေမျှမရှိ။
၉ ဘုရားသခင်ကို ယုံကြည်ကြလော့၊ သူရှိတော်မူပြီး၊ ကောင်းကင်နှင့် မြေကြီး နှစ်ခုလုံး၌ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူခဲ့သည်ကို ယုံကြည်ကြလော့။ သူ့တွင် ကောင်းကင်နှင့် မြေကြီးနှစ်ခုလုံး၌ အလုံးစုံသောဉာဏ်ပညာနှင့် အလုံးစုံသောတန်ခိုးတို့ ရှိတော်မူသည်ကို ယုံကြည်လော့။ ကိုယ်တော်ရှင် နားလည်နိုင်တော်မူသည့် ခပ်သိမ်းသောအရာတို့ကို လူသား နားမလည်ကြောင်း ယုံကြည် ကြလော့။
၁၀ ထိုမှတစ်ဖန်၊ သင်တို့သည် သင်တို့၏အပြစ်များမှ နောင်တရပြီး၊ ထိုအရာတို့ကို စွန့်ပစ်ရမည့်အကြောင်း ယုံကြည်ကြလော့။ သင်တို့ကိုယ်သင်တို့ ဘုရားသခင်ရှေ့ ၌ နှိမ့်ချကြလော့။ သင်တို့ကို သူခွင့်လွှတ်တော်မူမည့်အကြောင်း ရိုးသားသောစိတ်နှလုံးဖြင့် တောင်းကြလော့။ ယခုမူကား၊ သင်တို့သည် ဤအရာခပ်သိမ်းတို့ကို ယုံကြည်လျှင်၊ ပြုကြလော့။
၁၁ ထိုမှတစ်ဖန်၊ သင်တို့သည် ဘုရားသခင်၏ဘုန်းတော်ကို သိခြင်းသို့ ရောက်ကြလျှင်၊ သို့မဟုတ်၊ သင်တို့သည် သူ၏ကောင်းမြတ်တော်မူခြင်းကို သိလေ၍၊ သူ၏ချစ်ခြင်းကို တွေ့ကြုံလေသဖြင့်၊ ထိုကဲ့သို့၊ အလွန်ကြီးစွာသောဝမ်းမြောက်ခြင်းကို ဖြစ်စေသည့် သင်တို့၏အပြစ်များမှလွှတ်ခြင်းကို ရရှိကြလေပြီဟု ယခင်က ငါပြောထားလေသည့်အတိုင်း၊ သင်တို့ကို ငါဆို၏။ ထိုကဲ့သို့ပင်၊ သင်တို့သည် ဘုရားသခင်၏ကြီးမြတ်တော်မူခြင်းနှင့်၊ သင်တို့ကိုယ်တိုင်၏ အရေးမပါခြင်း၊ မထိုက်တန်သော အသင်လူသတ္တဝါတို့ထံ သူ၏ကောင်းမြတ်တော်မူခြင်းနှင့် စိတ်ရှည်တော်မူခြင်းတို့ကို အောက်မေ့ကြခြင်းဖြင့် အစဉ်အမြဲ သတိရစေရန် ငါအလိုရှိ၏။ သင်တို့ကိုယ်သင်တို့ နက်လှစွာနှိမ့်ချခြင်းဖြင့်ပင် နှိမ့်ချ၍၊ ကိုယ်တော်ရှင်၏နာမတော်အား နေ့စဉ်ပဌနာပြုလျက်၊ ကောင်းကင်တမန်တို့၏နှုတ်မှ မြွက်ဆိုထားခဲ့သည့် ကြွလာတော်မူမည့်သူကို ယုံကြည်ခြင်း၌ မြဲမြံစွာရပ်လျက်နေကြလော့။
၁၂ ရှုဦးလော့၊ ငါဆိုသည်ကား၊ သင်တို့သည် ဤအရာများကို ပြုကြလျှင်၊ အစဉ်ရွှင်လန်းဝမ်းမြောက်၍၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်ဖြင့်ပြည့်လျက်၊ သင်တို့၏အပြစ်များမှလွှတ်ခြင်းကို အစဉ်အမြဲထိန်းသိမ်းထားကြ၏။ သင်တို့ကို ဖန်ဆင်းတော်မူခဲ့သည့်သူ၏ဘုန်းတော်အကြောင်းကို သိခြင်းပညာ သို့မဟုတ်၊ ဖြောင့်မတ်မှန်ကန်သည့်သူ၏ အကြောင်းကို သိခြင်းပညာ၌ တိုးပွားကြလိမ့်မည်။
၁၃ သင်တို့သည် တစ်ယောက်ကိုတစ်ယောက် ထိခိုက်စေလိုစိတ်လည်း မရှိကြ၊ ငြိမ်းချမ်းစွာနေလိုစိတ်နှင့် လူသားမှန်သမျှတို့အား ရသင့်သည်အတိုင်း ဆပ်ပေးလိုစိတ်သာ ရှိကြလေ၏။
၁၄ သင်တို့၏ သားသမီးများကိုလည်း မွတ်သိပ်စေခြင်း၊ သို့မဟုတ် အဝတ်မရှိခြင်းကို အခွင့်ပေးကြမည်မဟုတ်။ ဘုရားသခင်၏ပညတ်တရားများကို လွန်ကျူးစေခြင်း၊ ထို့အတူ အချင်းချင်းတိုက်ခိုက်၍ရန်ရှာခြင်း၊ ထို့အတူ အပြစ်တို့၏သခင်ဖြစ်သူ သို့မဟုတ်၊ ငါတို့ဘိုးဘေးတို့ ပြောထားလေသည့် မကောင်းသောဝိညာဉ်ဖြစ်သူ၊ အလုံးစုံသောဖြောင့်မတ်ခြင်းတို့၏ရန်သူဖြစ်သော နတ်ဆိုးကို အစေခံခြင်းကိုလည်း အခွင့်ပေးကြမည်မဟုတ်။
၁၅ သို့ရာတွင်၊ သမ္မာတရားနှင့် တည်ကြည်လေးနက်ခြင်းတို့၏လမ်းများသို့လိုက်ကြစေခြင်းငှာ သူတို့ကို သွန်သင်ပေးကြလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် ချစ်ကြရန်နှင့် တစ်ယောက်ကိုတစ်ယောက် အစေခံကြရန် သွန်သင်ပေးကြလိမ့်မည်။
၁၆ သင်တို့ကိုယ်တိုင်သည်လည်း သင်တို့၏မစခြင်းကို လိုအပ်လျက်ရှိသူတို့ကို မစကြလိမ့်မည်။ လိုအပ်လျက်ရှိသူတို့အား သင်တို့၏ဥစ္စာကို ပေးကြလိမ့်မည်။ သင့်တို့ထံသို့ တောင်းသည့်သူတောင်းစား၏ အသနားခံခြင်းကို အချည်းနှီးဖြစ်စေရန် အခွင့်ပေးမည်မဟုတ်။ သူ့ကိုပျက်စီးစေရန် မောင်းထုတ်ကြမည်လည်း မဟုတ်။
၁၇ သင်တို့ပြောကောင်းပြောမည်မှာ၊ ထိုလူသည် မိမိဝမ်းနည်းပူဆွေးမှုကို မိမိကိုယ်တိုင်အားဖြင့် ဖြစ်စေလေ၏။ ထို့ကြောင့်၊ ငါ့လက်ကို ရုပ်သိမ်း၍၊ ငါ၏စားစရာအချို့ကို သူ့အား မပေး၊ သူဒုက္ခဝေဒနာမခံစားရစေရန်၊ ငါ့ဥစ္စာအချို့ကို မျှ၍လည်း ပေးလိမ့်မည်မဟုတ်၊ အကြောင်းမူကား၊ သူ၏အပြစ်ဒဏ်များသည် တရားမျှတ၏—
၁၈ သို့ရာတွင်၊ ငါဆိုသည်ကား၊ အို အချင်းလူ၊ ဤသို့ပြုသူမှန်သမျှတို့သည် နောင်တရရန် ကြီးစွာသောအကြောင်း ရှိ၏။ သူသည် ပြုလေသည့်အရာမှ နောင်တမရလျှင်၊ ကာလအစဉ်အဆက် ပျက်စီး၍၊ ဘုရားသခင်၏နိုင်ငံတော်၌ နေရာမရှိ။
၁၉ အကြောင်းမူကား၊ ရှုလော့၊ ငါတို့အားလုံးသည် သူတောင်းစားများ မဟုတ်ကြလေသလော။ ငါတို့အားလုံးသည် ငါတို့မှာရှိသည့် ခပ်သိမ်းသော ဥစ္စာများအတွက်သော်လည်းကောင်း၊ စားစရာနှင့် အဝတ် နှစ်ခုစလုံးအတွက်သော်လည်းကောင်း၊ ရွှေအတွက်သော်လည်းကောင်း၊ ငွေအတွက်သော်လည်းကောင်း၊ ငါတို့မှာရှိသည့် အမျိုးမျိုးသော စည်းစိမ်ဥစ္စာများအတွက်သော်လည်းကောင်း တစ်ပါးတည်းသော ကိုယ်တော်၊ အကယ်စင်စစ်၊ ဘုရားသခင်ကို အားကိုးရကြလေသည် မဟုတ်လော။
၂၀ ရှုဦးလော့၊ ဤအချိန်၌ပင်၊ သင်တို့သည် သူ၏နာမတော်အား ပဌနာပြုလျက်၊ သင်တို့၏အပြစ်များမှလွှတ်ခြင်းကို တောင်းခံနေကြ၏။ သူသည်လည်း သင်တို့တောင်းခံသည်ကို အချည်းနှီးဖြစ်စေခြင်းငှာ အခွင့်ပေးတော်မူသလော။ မဟုတ်ပေ။ သူ၏ဝိညာဉ်တော်ကို သင်တို့အပေါ်သွန်းလောင်း၍၊ သင်တို့စိတ်နှလုံးကို ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံစေပြီး၊ သင်တို့၏နှုတ်ကိုပိတ်စေသဖြင့် စကားမပြောနိုင်ကြဘဲ၊ သင်တို့၏ဝမ်းမြောက်ခြင်းမှာ၊ အလွန်ကြီး၏။
၂၁ ယခုမူကား၊ သင်တို့ကို ဖန်ဆင်းတော်မူလေသောသူ၊ သင်တို့၏ အသက်အတွက်သော်လည်းကောင်း၊ သင်တို့နှင့် သင်တို့မှာရှိသမျှသော အရာခပ်သိမ်းတို့အတွက် သော်လည်းကောင်း အားကိုးရလေသည့်သူတည်းဟူသော ဘုရားသခင်သည် သင်တို့ရရှိလိမ့်မည်ဟု ယုံကြည်လျက်၊ ယုံကြည်ခြင်းဖြင့် တောင်းသမျှဖြောင့်မှန်သည့်အရာကို ပေးတော်မူလေလျှင်၊ အို ထိုသို့ဆိုလျှင်၊ သင်တို့၌ရှိသည့် ဥစ္စာများကို တစ်ယောက်ကိုတစ်ယောက် မျှ၍ပေးသင့်ပေစွတကား။
၂၂ ပျက်စီးခြင်းမရှိစေခြင်းငှာ၊ သင်တို့၏ဥစ္စာကို အသနားခံသည့်သူကို သင်တို့ တရားစီရင်၍၊ အပြစ်တင်ကြလျှင်၊ သင်တို့မပိုင်၊ သင်တို့၏ ဘဝကိုပိုင်သည့်သူတည်းဟူသော ဘုရားသခင်သာပိုင်သည့် သင်တို့၏ဥစ္စာကို မပေးဘဲဆိုင်းငံ့ထားခြင်းအတွက်၊ သင်တို့ကို ပြစ်ဒဏ်ချမှတ်ခြင်းသည်ကား၊ ပို၍ပင်တရားမျှတပေလိမ့်မည်တကား။ သို့သော်လည်း၊ သင်တို့သည် အသနားခံခြင်းမရှိကြ။ ပြုထားလေသောအရာမှလည်း နောင်တမရကြ။
၂၃ ငါဆိုသည်ကား၊ ထိုသူသည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သူ၏ဥစ္စာသည် သူနှင့်အတူ ပျက်စီးလိမ့်မည်။ ယခုမူကား၊ ဤလောကနှင့်စပ်ဆိုင်သည့် အရာတို့၌ ကြွယ်ဝသောသူတို့အား ဤအရာတို့ကို ငါပြော၏။
၂၄ ထိုမှတစ်ဖန်၊ ငါသည် ဆင်းရဲသားတို့ကို ဆိုသည်မှာ၊ မရှိသော်လည်း လုံလောက်၍ နေ့တိုင်းမပြတ် အသက်ရှင်ကျန်ရစ်သော အသင်တို့၊ ငါဆိုလိုသည်ကား၊ သင်တို့မှာ မရှိသောကြောင့် သူတောင်းစားကိုပေးရန် ငြင်းဆိုသောသင်တို့၊ ငါသည် မရှိသောကြောင့်မပေး၊ သို့ရာတွင် ငါ့မှာရှိလေလျှင်၊ ပေးပေလိမ့်မည်ဟု သင်တို့၏စိတ်နှလုံး၌ စဉ်းစားကြစေရန် ငါအလိုရှိ၏။
၂၅ ယခုမူကား၊ သင်တို့သည် စိတ်နှလုံး၌ ဤသို့စဉ်းစားကြလျှင်၊ ဆက်၍အပြစ်ကင်း၏။ သို့မဟုတ်လျှင်၊ သင်တို့သည် ပြစ်ဒဏ်ချမှတ်ခံရ၍၊ ပြစ်ဒဏ်သည်ကား၊ မရရှိလေသည့်အရာကို တပ်မက်သော စိတ်ရှိသောကြောင့်သာဖြစ်၏။
၂၆ ယခုမူကား၊ သင်တို့ကို ငါပြောလေပြီးသည့်အရာများကြောင့်—ဆိုလိုသည်မှာ၊ သင်တို့သည် ဘုရားသခင်ရှေ့ ၌ အပြစ်ကင်းစွာလျှောက်လှမ်းနိုင်ကြစေခြင်းငှာ၊ သင်တို့၏အပြစ်များမှလွှတ်ခြင်းကို နေ့တိုင်းမပြတ် ထိန်းသိမ်းထားစေခြင်းအတွက်—လူအသီးသီးတို့သည် မိမိတို့မှာရှိသည့်အတိုင်း၊ မွတ်သိပ်သူတို့ကို ကျွေးမွေးခြင်း၊ အဝတ်မရှိသောသူတို့အား အဝတ်ပေးခြင်း၊ ဖျားနာသောသူတို့အား အကြည့်အရှုသွား၍၊ လိုအပ်ချက်ရှိသည်အတိုင်း၊ ဝိညာဉ်ပကတိနှင့် ဇာတိပကတိနှစ်ခုစလုံးတို့၌ အကူအမ ပေးခြင်း စသည်ဖြင့်၊ သင်တို့၏ဥစ္စာများကို ဆင်းရဲသားတို့အား မျှ၍ပေးရမည်ကို ငါအလိုရှိ၏။
၂၇ ထို့အတူ၊ ဤအရာခပ်သိမ်းတို့ကို ဉာဏ်ပညာနှင့် အစီအစဉ်တကျပြုရမည့်အကြောင်း သတိပြုလော့။ အကြောင်းမူကား၊ လူသည် ခွန်အားရှိသည်ထက် ပို၍လျှင်မြန်စွာပြေးရန် မရှိမဖြစ်မလိုအပ်။ ထိုမှတစ်ဖန်၊ လုံ့လဝီရိယရှိရမည်မှာ၊ မဖြစ်မနေလိုအပ်၏။ ထိုသို့ပြုခြင်းအားဖြင့်၊ ဆုကို ရနိုင်၏။ ထို့ကြောင့်၊ ခပ်သိမ်းသောအရာတို့ကို အစီအစဉ်တကျပြုရပေမည်။
၂၈ သင်တို့၌ ကိုယ်နှင့်စပ်ဆိုင်သောသူထံမှ ချေးငှားယူသူမှန်သမျှသည် ချေးငှားယူသည့်အရာကို သဘောတူထားသည့်အတိုင်း ပြန်ပေးရမည့်အကြောင်း သင်တို့သတိရကြစေရန် ငါအလိုရှိ၏။ သို့မဟုတ်လျှင်၊ သင်သည် အပြစ်ကျူးလွန်၏။ ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်း အပြစ်ကို ကျူးလွန်ကောင်းကျူးလွန်စေလိမ့်မည်။
၂၉ နောက်ဆုံးအနေဖြင့်၊ သင်တို့အပြစ်ကျူးလွန်နိုင်သည့် ခပ်သိမ်းသောအရာတို့ကို ငါမပြောပြနိုင်။ အကြောင်းမူကား၊ အထူးထူးအပြားပြားသောလမ်းများနှင့် နည်းလမ်းများရှိ၏။ ထိုကဲ့သို့ပင်၊ အလွန်များသဖြင့် ၎င်းတို့ကို ငါမရေတွက်နိုင်။
၃၀ သို့ရာတွင်၊ ဤမျှအထိ သင်တို့ကို ငါပြောပြနိုင်သည်မှာ၊ သင်တို့သည် သင်တို့၏ကိုယ်၊ ထို့အတူ သင်တို့၏အတွေးများ၊ ထို့အတူ သင်တို့၏စကားများ၊ သင်တို့၏အကျင့်များကို သတိမပြုကြ၊ ဘုရားသခင်၏ပညတ်တော်များကိုလည်း မကျင့်စောင့်ကြဘဲ၊ သင်တို့ကြားနာပြီးလေသည့် ငါတို့၏ကိုယ်တော်ရှင်ကြွလာတော်မူခြင်းအကြောင်းကို ဘဝအဆုံးတိုင်အောင်ပင် ဆက်၍မယုံကြည်ကြလျှင်၊ ပျက်စီးရပေမည်။ ယခုမူကား၊ အို အချင်းလူ၊ သတိရလော့။ ပျက်စီးခြင်းမရှိစေနှင့်။