အခန်းကြီး ၂၉
ရှင်ဘုရင်နေရာ၌ တရားသူကြီးများ ရွေးကောက်ခံရစေရန် မောဇိယက အဆိုပြု၏—မဖြောင့်မတ်သောမင်းတို့သည် မိမိတို့လူများကို အပြစ်သို့ ပို့ဆောင်ကြ၏—အယ်လမာအငယ်သည် လူတို့၏မဲဆန္ဒဖြင့် တရားသူကြီးချုပ်အဖြစ် ရွေးကောက်ခံရ၏—သူသည် အသင်းတော်၌ ယဇ်ပုရောဟိတ်မင်းလည်းဖြစ်၏—အယ်လမာအကြီးနှင့် မောဇိယသေ၏။ ဘီစီ ၉၂–၉၁ ခန့်။
၁ ယခုတွင် မောဇိယသည် ဤအရာကိုပြုလေပြီးလျှင်၊ အဘယ်သူသည် သူတို့၏ရှင်ဘုရင်ဖြစ်သင့်ကြောင်းနှင့်စပ်လျဉ်း၍ သူတို့ဆန္ဒကို သိလိုသဖြင့်၊ ထိုပြည်တစ်လျှောက်လုံးရှိ ခပ်သိမ်းသောလူမျိုးတို့၌ သတင်းလွှင့်၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လူတို့၏မဲဆန္ဒပေါ်လာ၍ ဆိုလေသည်ကား၊ ကိုယ်တော်၏သား အာရုန်ကို အကျွန်ုပ်တို့၏ရှင်ဘုရင်နှင့် အကျွန်ုပ်တို့၏အုပ်စိုးသူဖြစ်စေရန် အကျွန်ုပ်တို့အလိုရှိကြပါ၏။
၃ ယခုတွင်၊ အာရုန်သည် နီဖိုင်းပြည်သို့ တက်သွားခဲ့လေ၏။ ထို့ကြောင့်၊ မင်းကြီးသည် နိုင်ငံကို သူ့ထံသို့ မအပ်နှင်းနိုင်ပေ။ အာရုန်ကလည်း နိုင်ငံကို ခံယူလိမ့်မည်မဟုတ်။ မောဇိယ၏သားတို့မှလည်း နိုင်ငံကို ခံယူရန် အဘယ်သူမျှလိုလိုလားလားမရှိကြ။
၄ ထို့ကြောင့်၊ မောဇိယမင်းကြီးသည် လူတို့၌ တစ်ဖန်သတင်းလွှင့်၏။ အထူးသဖြင့်၊ ရေးထားသောစကားကိုပင် လူတို့ထံ သူစေလွှတ်၏။ ရေးထားလေသော ဤစကားများသည်ကား၊
၅ ရှုလော့၊ အို အသင် ငါ၏လူများ သို့မဟုတ်၊ ငါ၏ညီအစ်ကိုများဟုပင်၊ ငါမှတ်ယူသောကြောင့်၊ ဆင်ခြင်စေခြင်းငှာ သင်တို့အခေါ်ခံရသည့်အကြောင်းရင်းကို သင်တို့ဆင်ခြင်စေရန် ငါအလိုရှိ၏—အကြောင်းမူကား၊ သင်တို့သည် ရှင်ဘုရင်တစ်ပါးရှိစေရန် အလိုရှိကြ၏။
၆ ယခုတွင်၊ သင်တို့အား ငါကြေညာသည်မှာ၊ နိုင်ငံကို မှန်ကန်စွာပိုင်ဆိုင်သည့်သူသည် ငြင်းပယ်၍၊ သူ့အပေါ်၌ နိုင်ငံကို ခံယူလိမ့်မည်မဟုတ်။
၇ ယခုမူကား၊ သူ၏နေရာ၌၊ တခြားသောသူကို ခန့်အပ်လျှင်၊ ရှုလော့၊ သင်တို့၌ ရန်တွေ့ခြင်းများ ဖြစ်ပေါ်လာလိမ့်မည်ကို ငါစိုးရိမ်မိ၏။ နိုင်ငံကို ပိုင်ဆိုင်သည့် ငါ့သားသည် အမျက်ထွက်ကောင်း ထွက်လာပြီး၊ ဤလူတို့မှ တစ်ချို့သောသူများကို သူ့နောက်သို့ သွေးဆောင်၍ခေါ်ဆောင်သွားမည့်အဖြစ်က အသွေးသွန်းလောင်းခြင်းများစွာနှင့်၊ ကိုယ်တော်ရှင်၏ လမ်းစဉ်များကို မှောက်လှန်ခြင်း၊ ထိုမှတစ်ပါး၊ လူများစွာတို့၏အသက်ကို ဖျက်ဆီးခြင်း၏ အကြောင်းရင်းဖြစ်သည့် စစ်တိုက်ခြင်းများနှင့် ရန်တွေ့ခြင်းများကို သင်တို့၌ ဖြစ်စေလိမ့်မည်။
၈ ယခုတွင်၊ သင်တို့ကို ငါဆိုသည်ကား၊ ငါတို့သည် ဉာဏ်ပညာရှိ၍ ဤအရာတို့ကို ဆင်ခြင်ကြကုန်အံ့။ အကြောင်းမူကား၊ ငါ့သားကို ဖျက်ဆီးရန် ငါတို့၌ အခွင့်အရေးမရှိ။ တခြားတစ်ယောက်ကို သူ့နေရာ၌ ခန့်အပ်ထားလျှင်လည်း၊ ထိုသူကို ဖျက်ဆီးရန် တစ်စုံတစ်ခုသောအခွင့်အရေး ငါတို့၌မရှိ။
၉ ငါ့သားသည် သူ၏မာနနှင့် အချည်းနှီးသောအရာများဘက်သို့ တစ်ဖန်ပြန်လှည့်၍၊ သူပြောထားလေသည့်အရာများကို ပြန်ပြီးရုပ်သိမ်းလျက်၊ နိုင်ငံကိုပိုင်ရသော သူ့အခွင့်အရေးကို တောင်းဆိုမည်ဆိုလျှင်လည်း၊ ထိုအမှုက သူနှင့် ဤလူတို့ကိုလည်း၊ များစွာသောအပြစ်တို့ကို ကျူးလွန်စေလိမ့်မည်။
၁၀ ယခုမူကား၊ ငါတို့သည် ဉာဏ်ပညာရှိ၍၊ ဤအရာများကို မျှော်လင့်၍၊ ဤလူတို့၏ငြိမ်းချမ်းခြင်းကို ဖြစ်စေမည့်အရာကို ပြုကြကုန်အံ့။
၁၁ ထို့ကြောင့်၊ ငါ့အသက်တာ၏ကျန်ကြွင်းချိန်၌ ငါသည်သင်တို့၏ ရှင်ဘုရင်ဖြစ်ပေမည်။ သို့သော်လည်း၊ ငါတို့၏ဥပဒေအတိုင်း၊ ဤလူတို့ကို တရားစီရင်စေရန် တရားသူကြီးများကို ငါတို့ခန့်အပ်ကြကုန်အံ့။ ငါတို့သည် ဤလူတို့၏အမှုများကို နည်းလမ်းအသစ်ဖြင့် စီစဉ်ကြမည်။ အကြောင်းမူကား၊ ဤလူတို့ကို ဘုရားသခင်၏ပညတ်တော်များအတိုင်း တရားစီရင်ကြမည့် ဉာဏ်ပညာရှိသောသူတို့ကို တရားသူကြီးများအဖြစ် ငါတို့ခန့်အပ်ကြမည်။
၁၂ ယခုတွင်၊ လူသည် လူအားဖြင့်တရားစီရင်ခံရသည်ထက် ဘုရားသခင်အားဖြင့် တရားစီရင်ခံရသည်မှာ၊ သာ၍ ကောင်း၏။ အကြောင်းမူကား၊ ဘုရားသခင်၏တရားစီရင်တော်မူခြင်းများသည် အစဉ်အမြဲတရားမျှတ၏။ သို့ရာတွင် လူ၏တရားစီရင်ခြင်းများမှာ အစဉ်အမြဲတရားမမျှတ။
၁၃ ထို့ကြောင့်၊ ဘုရားသခင်၏ပညတ်တရားတို့ကို တည်ထောင်၍၊ ဤလူတို့အား သူ၏ပညတ်တော်များအတိုင်း တရားစီရင်မည့် ဖြောင့်မတ်သောသူတို့ကို သင်တို့၏ရှင်ဘုရင်များအဖြစ် သင်တို့၌ရှိနိုင်လျှင်၊ ထိုမှတစ်ပါး၊ ဤလူတို့အတွက် ငါ၏အဘဗင်္ယာမိန်ပြုခဲ့သကဲ့သို့ပင် ပြုကြမည့် ယောက်ျားများ သင်တို့၏ရှင်ဘုရင်များဖြစ်စေရန် သင်တို့၌ ရှိနိုင်လျှင်—ငါဆိုသည်ကား၊ ဤကဲ့သို့သောအခြေအနေအစဉ်အမြဲရှိနိုင်လျှင်၊ သင်တို့ကို အုပ်စိုးခြင်းငှာ၊ ရှင်ဘုရင်များအစဉ်အမြဲ ရှိစေရန်သင့်လျော်၏။
၁၄ ဘုရားသခင်၏ပညတ်တော်များကို သင်တို့အား သွန်သင်ပေးခြင်းငှာ၊ ထို့အတူ ပြည်တစ်လျှောက်လုံး၌ ငြိမ်းချမ်းခြင်းကို တည်ထောင်ခြင်းငှာ ငါကိုယ်တိုင်ပင်၊ ငါ့၌ရှိသည့် အလုံးစုံသောအစွမ်းသတ္တိနှင့် စွမ်းရည်တို့ဖြင့် အလုပ်လုပ်လေသည်မှာလည်း၊ စစ်တိုက်ခြင်းများ၊ ရန်တွေ့ခြင်းများ၊ ခိုးယူခြင်း၊ လုယက်ခြင်း၊ လူ့အသက်ကိုသတ်ခြင်းနှင့် ဒုစရိုက်တစ်စုံတစ်ခုမျှ မရှိရစေကြောင်းပင်တည်း။
၁၅ ဒုစရိုက်ကို ကျူးလွန်လေသူအဘယ်သူ့ကိုမဆို၊ ကျူးလွန်လေသည့် ပြစ်မှုအတိုင်း၊ ငါတို့ဘိုးဘေးတို့မှ ငါတို့ကို ပေးထားလေသော ဥပဒေအတိုင်း ထိုသူကို ငါအပြစ်ဒဏ်ပေးလေပြီ။
၁၆ ယခုတွင်၊ သင်တို့ကို ငါဆိုသည်ကား၊ ခပ်သိမ်းသောလူတို့သည် မဖြောင့်မတ်သောကြောင့်၊ သင်တို့အပေါ်အုပ်စိုးစေရန် ရှင်ဘုရင်တစ်ပါး သို့မဟုတ်၊ ရှင်ဘုရင်များ သင်တို့၌ရှိရမည်မှာ မသင့်လျော်ပေ။
၁၇ အကြောင်းမူကား၊ ရှုလော့၊ ဆိုးညစ်သော ရှင်ဘုရင်တစ်ပါးက ကျူးလွန်စေသော ဒုစရိုက်မှာ၊ ကြီးမားလှပေစွတကား။ ထိုမှတစ်ပါး၊ ဖျက်ဆီးခြင်းမှာ၊ ကြီးမားလှပေစွတကား။
၁၈ ထိုမှတစ်ပါး၊ နောဧမင်းကြီး၊ သူ၏ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများ၊ ထို့အတူ၊ သူ့လူတို့၏ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကို အောက်မေ့ကြလော့။ သူတို့အပေါ် အဘယ်သို့သော ကြီးမားသည့်ဖျက်ဆီးခြင်း ကျရောက်လာခဲ့လေသည်ကို ကြည့်ရှုဆင်ခြင်လော့။ ထို့အတူ၊ သူတို့၏ဒုစရိုက်များကြောင့်လည်း၊ သူတို့သည် ကျွန်ပြုခြင်းသို့ ဆောင်ယူခံရကြ၏။
၁၉ သူတို့၏ရိုးသားသော နောင်တရခြင်းကြောင့်၊ အရာမှန်သမျှကို သိတော်မူသည့် သူတို့၏ဖန်ဆင်းရှင်၏ ကြားဝင်စေ့စပ်ပေးတော်မူခြင်းအားဖြင့် မဟုတ်လေလျှင်၊ သူတို့သည် ကျွန်ခံရာ၌ ယခုတိုင်အောင်၊ ရှောင်လွှဲ၍မရဘဲ ဆက်၍ရှိနေရပေမည်။
၂၀ သို့ရာတွင်၊ ရှုလော့၊ သူတို့သည် ရှေ့တော်၌ သူတို့ကိုယ်ကို နှိမ့်ချသောကြောင့် သူကယ်လွှတ်တော်မူ၏။ သူ့ထံသို့ စိတ်အားထက်သန်စွာတောင်းလျှောက်ကြသောကြောင့်လည်း သူတို့ကို ကျွန်ခံရာမှ ကယ်လွှတ်တော်မူ၏။ ထိုကဲ့သို့အားဖြင့်၊ ကိုယ်တော်ရှင်သည် လူသားတို့၌ ခပ်သိမ်းသောအခြေအနေများတွင်၊ သူ၏တန်ခိုးတော်ဖြင့် ပြုတော်မူပြီး၊ သူ့ကို ကိုးစားသောသူများဆီသို့ ကရုဏာလက်ရုံးတော်ကို ဆန့်လျက်ရှိ၏။
၂၁ ရှုဦးလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် ဆိုးယုတ်သောရှင်ဘုရင်ကို တိုက်ခိုက်ခြင်းများစွာနှင့် အသွေးသွန်းလောင်းခြင်းများစွာတို့အားဖြင့်မှတစ်ပါး၊ နန်းမချနိုင်ကြ။
၂၂ အကြောင်းမူကား၊ ရှုလော့၊ သူ့၌ ဒုစရိုက်ပြုဘက်အဆွေခင်ပွန်းများရှိပြီး၊ သူ့အနီး၌ အစောင့်များချထား၏။ သူသည် သူ့အရင်က ဖြောင့်မတ်ခြင်းဖြင့် အုပ်စိုးခဲ့ကြသောသူတို့၏ ဥပဒေများကိုလည်း ပယ်ဖျက်၏။ ဘုရားသခင်၏ပညတ်တော်များကိုလည်း ခြေဖြင့် နင်း၏။
၂၃ သူသည် ဥပဒေများ၊ အထူးသဖြင့်၊ သူကိုယ်တိုင်၏ဆိုးညစ်ခြင်းများအတိုင်းရှိသော ဥပဒေများကို ပြဌာန်းသတ်မှတ်ပြီး၊ သူ၏လူများ၌ ထုတ်ပြန်၏။ သူ၏ဥပဒေများကို မနာခံသူမှန်သမျှကိုလည်း ပျက်စီးစေ၏။ သူ့ကို ဆန့်ကျင်၍ ပုန်ကန်သူမှန်သမျှကို၊ ဆန့်ကျင်၍၊ စစ်တိုက်ခြင်းငှာ သူ၏စစ်တပ်များကို စေလွှတ်လိမ့်မည်ဖြစ်ပြီး၊ တတ်နိုင်လျှင်၊ ထိုသူတို့ကို ဖျက်ဆီးလိမ့်မည်။ ထိုကဲ့သို့အားဖြင့်၊ မဖြောင့်မတ်သောရှင်ဘုရင်သည် အလုံးစုံသောဖြောင့်မတ်ခြင်းလမ်းများကို မှောက်လှန်၏။
၂၄ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ထိုကဲ့သို့သော စက်ဆုပ်ရွံရှာဖွယ်အမှုများ သင်တို့အပေါ်ကျရောက်ရမည်မှာ မသင့်လျော်ပေ။
၂၅ ထို့ကြောင့်၊ သင်တို့အား ငါတို့ဘိုးဘေးတို့ပေးထားလေသည့် ဥပဒေတည်းဟူသော၊ ကိုယ်တော်ရှင်၏လက်တော်အားဖြင့် ပေးထားတော်မူခဲ့သော မှန်ကန်သည့် ဥပဒေတို့အတိုင်း တရားစီရင်ခံရနိုင်ခြင်းငှာ၊ တရားသူကြီးများကို လူတို့၏မဲဆန္ဒအားဖြင့် သင်တို့ရွေးချယ်ကြလော့။
၂၆ ယခုတွင်၊ လူတို့၏မဲဆန္ဒက မှန်သောအရာနှင့် ဆန့်ကျင်သောအဘယ်အရာကိုမဆို အလိုရှိခြင်းမှာ၊ အစဉ်အလာမဟုတ်ပေ။ သို့ရာတွင်၊ လူနည်းစုအတွက်မူကား၊ မမှန်သောအရာကို အလိုရှိခြင်းမှာ၊ အစဉ်အလာဖြစ်၍နေ၏။ ထို့ကြောင့်၊ ဤအရာကို သင်တို့ကျင့်စောင့်လျက်၊ သင်တို့၏ဥပဒေအဖြစ်ပြုကြလော့—လူတို့၏မဲဆန္ဒအားဖြင့် သင်တို့၏အမှုအရေးကို စီရင်ခြင်းငှာပေတည်း။
၂၇ လူတို့၏မဲဆန္ဒက ဒုစရိုက်ကိုရွေးချယ်သည့်အချိန်ကျရောက်လာလျှင်၊ ထို့နောက်တွင်ကား၊ ဘုရားသခင်၏တရားစီရင်တော်မူခြင်းများ သင်တို့အပေါ် ကျရောက်လာမည့်အချိန်ဖြစ်၏။ ထိုမှတစ်ပါး၊ ယင်းနောက်တွင်၊ သူသည် ဤပြည်ကို ယခင်ကဆုံးမတော်မူလေသကဲ့သို့ပင်၊ ကြီးစွာသောဖျက်ဆီးခြင်းဖြင့်၊ သင်တို့ကို ဆုံးမတော်မူလိမ့်မည့် အချိန်ဖြစ်၏။
၂၈ ယခုမူကား၊ သင်တို့၌ တရားသူကြီးများရှိ၍၊ ပေးထားလေခဲ့သော ဥပဒေအတိုင်း သင်တို့ကို တရားမစီရင်လျှင်၊ ထိုသူတို့ကို အထက်တရားသူကြီးအားဖြင့် တရားစီရင်ခံရစေရန် သင်တို့ပြုနိုင်၏။
၂၉ သင်တို့၏အထက်တရားသူကြီးများသည် ဖြောင့်မတ်သောစီရင်ချက်များကို မစီရင်ကြလျှင်၊ သင်တို့၏အောက်တရားသူကြီးအနည်းငယ်ကို အတူတကွစုဝေးစေရမည်။ ထိုသူတို့သည်လည်း သင်တို့၏အထက်တရားသူကြီးများကို လူတို့၏မဲဆန္ဒအတိုင်း တရားစီရင်ကြလိမ့်မည်။
၃၀ ကိုယ်တော်ရှင်ကို ကြောက်ရွံ့ခြင်းဖြင့်၊ ဤအရာတို့ကို ပြုရန်ကိုလည်း သင်တို့ကို ငါမိန့်မှာ၏။ ဤအရာတို့ကိုပြုစေခြင်းငှာ သင်တို့ကို ငါမိန့်မှာသည်ကား၊ သင်တို့၌ ရှင်ဘုရင်မရှိရစေကြောင်း၊ ဤလူတို့အပြစ်နှင့်ဒုစရိုက်များကို ကျူးလွန်ကြလျှင်၊ ထိုအပြစ်ဒုစရိုက်များ သူတို့၏ဦးခေါင်းပေါ်သို့ ကျရောက်စေကြောင်းပင်တည်း။
၃၁ အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ များစွာသောလူတို့၏အပြစ်များသည်ကား၊ သူတို့ရှင်ဘုရင်များ၏ဒုစရိုက်များကြောင့် ဖြစ်ရလေပြီ။ ထို့ကြောင့်၊ သူတို့၏ဒုစရိုက်များသည် သူတို့ရှင်ဘုရင်များ၏ဦးခေါင်းပေါ်သို့ ကျရောက်လေ၏။
၃၂ ယခုမူကား၊ ငါသည် ဤမမျှတခြင်းကို ဤမြေထဲ၌၊ အထူးသဖြင့် ဤငါ၏လူတို့၌ မရှိတော့စေခြင်းငှာ အလိုရှိ၏။ သို့ရာတွင် ငါသည် ဤပြည်ကို လွတ်လပ်ရာပြည်ဖြစ်စေကြောင်း၊ ထို့အတူ ငါတို့ထိုပြည်၌နေထိုင်၍ အမွေခံနိုင်စေခြင်းငှာ သင့်လျော်သည်ဟု ကိုယ်တော်ရှင်ဆင်ခြင်တော်မူသမျှကာလပတ်လုံး၊ ထိုမှတစ်ပါး၊ ငါတို့၏သားစဉ်မြေးဆက်မှ တစ်စုံတစ်ဦး ထိုပြည်၏မျက်နှာပြင်ပေါ်၌ ဆက်၍တည်ရှိနေသမျှ၊ လူသားတိုင်းသည် မိမိအခွင့်အရေးများနှင့် အထူးအခွင့်အရေးများကို ညီမျှစွာခံစားနိုင်စေကြောင်း အလိုရှိ၏။
၃၃ ထို့အတူ၊ မောဇိယမင်းကြီးသည် သာ၍များစွာသောအရာတို့ကို သူတို့ထံ ရေးခဲ့ပြီး၊ ဖြောင့်မတ်သောမင်းကြီး၏ခပ်သိမ်းသော စုံစမ်းခံရခြင်းများနှင့် ဒုက္ခများ၊ ထိုမှတစ်ပါး၊ သူတို့၏လူများအတွက် စိတ်ဝိညာဉ်၏ခပ်သိမ်းသောဝေဒနာများ၊ ထို့အတူ၊ သူတို့၏မင်းကြီးထံသို့ လူတို့၏အလုံးစုံသောညည်းညူအပြစ်တင်ခြင်းများကိုလည်း ဖွင့်ပြလျက်ရှိ၏။ ထိုအရာအားလုံးတို့ကိုလည်း သူတို့အား ရှင်းပြခဲ့၏။
၃၄ ဤအရာများ မဖြစ်အပ်ကြောင်းကိုလည်း သူပြောပြ၏။ သို့ရာတွင်၊ လူတိုင်း မိမိတာဝန်ကို ဆောင်ရွက်နိုင်စေခြင်းငှာ ထိုတာဝန်သည် ခပ်သိမ်းသောလူတို့အပေါ်သို့ ကျရောက်ရပေမည်။
၃၅ မဖြောင့်မတ်သောရှင်ဘုရင်ကို သူတို့အပေါ် အုပ်စိုးစေရန် ထားရှိခြင်းအားဖြင့်၊ သူတို့ခံစားရမည့် ဆိုးကျိုးမှန်သမျှကိုလည်း ဖွင့်ပြခဲ့သည်မှာ၊
၃၆ အထူးသဖြင့်၊ သူ၏ခပ်သိမ်းသော ဒုစရိုက်များနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများ၊ ခပ်သိမ်းသောစစ်တိုက်ခြင်းများ၊ ရန်တွေ့ခြင်းများ၊ အသွေးသွန်းလောင်းခြင်း၊ ခိုးယူခြင်း၊ လုယက်ခြင်း၊ မတရားသောမေထုန်အမှုများပြုခြင်း၊ အမျိုးမျိုးသောမရေတွက်နိုင်သည့် ဒုစရိုက်များဖြစ်၍—ဤအရာတို့ မဖြစ်အပ်ကြောင်းကိုလည်းကောင်း၊ ဘုရားသခင်၏ပညတ်တော်များကို သူတို့အတည့်အလင်း ဆန့်ကျင်လေသည်ကိုလည်းကောင်း ပြောပြလျက်ရှိ၏။
၃၇ ယခုမူကား၊ မောဇိယမင်းကြီးက ဤအရာများကို လူတို့ထံပို့လွှတ်ပြီးနောက်တွင် သူ့စကားများ၏မှန်ကန်ခြင်းအကြောင်း နားသွင်းခြင်းကို သူတို့ခံရကြ၏။
၃၈ ထို့ကြောင့်၊ သူတို့သည် ရှင်ဘုရင်ထားရှိလိုသော အလိုဆန္ဒများကို စွန့်လွှတ်၍၊ ထိုပြည်တစ်လျှောက်လုံး၌၊ လူတိုင်းတူညီသောအခွင့်အလမ်း ရှိရန် အလွန်စိတ်ထက်သန်လာ၏။ ထိုမှတစ်ပါး၊ လူတိုင်းမိမိကိုယ်တိုင်၏ အပြစ်များအတွက် တာဝန်ယူရန် လိုလိုလားလားရှိခြင်းကို ပြကြ၏။
၃၉ ထို့ကြောင့်၊ အချိန်တန်လာသောအခါ၊ သူတို့သည် မိမိတို့ကို ပေးထားလေသော ဥပဒေအတိုင်း တရားစီရင်စေရန် အဘယ်သူ့ကို မိမိတို့၏တရားသူကြီးဖြစ်သင့်ကြောင်းနှင့်စပ်လျဉ်း၍၊ ဆန္ဒကိုထုတ်ဖော်ပြခြင်းငှာ၊ ထိုပြည်တစ်လျှောက်လုံး၌ အုပ်စုများအဖြစ် သူတို့ကိုယ်သူတို့ အတူတကွစည်းဝေးကြ၏။ မိမိတို့ကို ပေးထားလေသော လွတ်လပ်ခြင်းကြောင့်လည်း လွန်စွာရွှင်လန်းဝမ်းမြောက်ကြ၏။
၄၀ သူတို့သည် မောဇိယကို ချစ်အားကြီး၍လည်း လာကြ၏။ ထိုမှတစ်ပါး၊ သူ့ကို အခြားသောသူအားလုံးထက်ပို၍ ရိုသေကြ၏။ အကြောင်းမူကား၊ အမြတ်ရရန်၊ အထူးသဖြင့်၊ စိတ်ဝိညာဉ်ကို ဖောက်ပြန်စေသောစီးပွားကို ရှာလျက်ရှိသည့် မတရားဖိနှိပ်ညှဉ်းပန်းသူတစ်ဦးအဖြစ် သူ့ကို မမှတ်ယူကြ။ အကြောင်းမူကား၊ သူတို့ထံမှ စည်းစိမ်ဥစ္စာများကို သူမတောင်းဆို၊ အသွေးသွန်းလောင်းခြင်း၌လည်း မမွေ့လျော်။ သို့ရာတွင်၊ သူသည် ထိုပြည်၌ ငြိမ်းချမ်းခြင်းကို တည်ဆောက်ပြီး၊ သူ၏လူများကို အမျိုးမျိုးသောကျွန်ခံရာမှ လွတ်မြောက်စေခြင်းငှာ အခွင့်ပေးလေ၏။ ထို့ကြောင့်၊ သူ့ကို အမှန်စင်စစ်၊ အတိုင်းထက်အလွန် လွန်စွာရိုသေကြ၏။
၄၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့အပေါ်အုပ်စိုးစေခြင်းငှာ သို့မဟုတ်၊ သူတို့ကို ဥပဒေအတိုင်း တရားစီရင်စေခြင်းငှာ တရားသူကြီးများကို သူတို့ခန့်အပ်ကြ၏။ ဤအမှုကို ထိုပြည်တစ်လျှောက်လုံး၌ ပြုကြ၏။
၄၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အယ်လမာသည် ပထမဦးဆုံးတရားသူကြီးချုပ်အဖြစ်ခန့်အပ်ခံရ၏။ သူ့အဘက သူ့အား ထိုအမှုအရာကို အပ်နှင်းထားလေသောကြောင့်၊ သူသည် ယဇ်ပုရောဟိတ်မင်းလည်းဖြစ်သဖြင့်၊ အသင်းတော်၏အမှုအမျိုးမျိုးတို့နှင့် စပ်လျဉ်း၍လည်း သူ့ကို တာဝန်ပေးထားလေ၏။
၄၃ ယခုမူကား၊ အချိန်တန်လာသောအခါ၊ အယ်လမာသည် ကိုယ်တော်ရှင်၏လမ်းစဉ်များသို့ လိုက်၍၊ သူ၏ပညတ်တော်များကို စောင့်ထိန်းလျက်၊ ဖြောင့်မတ်သောစီရင်ချက်များကို စီရင်၏။ ထိုပြည်တစ်လျှောက်၌လည်း၊ အဆက်မပြတ်ငြိမ်းချမ်းခြင်း ရှိလေ၏။
၄၄ ထိုကဲ့သို့အားဖြင့်၊ ဇရဟင်မလပြည်တစ်လျှောက်လုံးတွင်၊ နီဖိုင်းအမျိုးသားများဟုခေါ်သော လူတို့၌ တရားသူကြီးများအုပ်စိုးခြင်း စတင်ခဲ့၏။ အယ်လမာသည်လည်း ပထမဦးဆုံး တရားသူကြီးချုပ်ဖြစ်လေ၏။
၄၅ ယခုမူကား၊ အချိန်တန်လာသောအခါ၊ သူ၏အဘသည် ဘုရားသခင်၏ပညတ်တော်များကို ပြီးပြည့်စုံစေရန် နေထိုင်လေပြီး၊ အသက်ရှစ်ဆယ်နှစ်နှစ်ရှိသောအခါ၊ သေ၏။
၄၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လေဟိ ယေရုရှလင်ကို စွန့်ခွာခဲ့ချိန်မှ စုစုပေါင်း ငါးရာကိုးနှစ်ကြာလျှင်၊ မောဇိယသည်လည်း၊ နန်းစံနှစ်သုံးဆယ်သုံးနှစ်၊ အသက်ခြောက်ဆယ်သုံးနှစ်ရှိသောအခါ သေ၏။
၄၇ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်းလူမျိုးတို့အပေါ် ရှင်ဘုရင်များနန်းစံခြင်း ပြီးဆုံးခဲ့၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့၏အသင်းတော်ကို တည်ထောင်သူအယ်လမာ၏ဘဝ ပြီးဆုံးလေသတည်း။