အထွေထွေညီလာခံ
အံ့ဖွယ်အမှုများ၊ ကောင်းကင်တမန်များ၊ နှင့် ယဇ်ပုရောဟိတ်တန်ခိုး
ဧပြီလ ၂၀၂၄ အထွေထွေညီလာခံ


11:43

အံ့ဖွယ်အမှုများ၊ ကောင်းကင်တမန်များ၊ နှင့် ယဇ်ပုရောဟိတ်တန်ခိုး

အံ့ဖွယ်အမှုတွေနဲ့ ကောင်းကင်တမန်တွေရဲ့ အမှုတော်ဆောင်ခြင်းအပါအဝင် ယဇ်ပုရောဟိတ်ကောင်းချီးများကို အလိုရှိပါက၊ ဘုရားသခင်ပြင်ဆင်ထားတဲ့ ရရှိနိုင်တဲ့ ပဋိညာဉ်တွေလမ်းစဉ်ကို လိုက်လျှောက်ပါ။

ယနေ့ လူအများဟာ အံ့ဖွယ်အမှုတွေမရှိတော့ဘဲ၊ ကောင်းကင်တမန်တွေဟာ စိတ်ကူးယဉ်ဆန်ပြီး၊ ကောင်းကင်ဘုံတွေဟာလည်း ပိတ်သွားပြီလို့ ပြောကြပါတယ်။ အံ့ဖွယ်အမှုတွေ မရပ်စဲသေးကြောင်း၊ ကောင်းကင်တမန်တွေဟာ ကျွန်တော်တို့ထဲတွင်ရှိပြီး၊ ကောင်းကင်ဘုံတွေဟာ အမှန်တကယ်ပွင့်နေကြောင်း ကျွန်တော်သက်သေခံပါတယ်။

ကျွန်တော်တို့ရဲ့ကယ်တင်ရှင်၊ ယေရှုခရစ်တော်၊ မြေကြီးပေါ်ရှိစဉ်က၊ ကိုယ်တော်ဟာ သူ့ရဲ့အကြီးအကဲတမန်တော်၊ ပေတရုအား ယဇ်ပုရောဟိတ်သော့တွေပေးခဲ့ပါတယ်။ ထိုသော့တွေအားဖြင့်၊ ပေတရုနှင့် အခြားတမန်တော်တွေဟာ ကယ်တင်ရှင်ရဲ့အသင်းတော်ကို ဦးဆောင်ခဲ့ပါတယ်။ သို့သော် ထိုတမန်တော်တွေသေဆုံးသွားသောအခါ၊ ယဇ်ပုရောဟိတ်သော့တွေကို မြေကြီးမှပြန်ယူသွားခဲ့ပါတယ်။

ယဇ်ပုရောဟိတ်ရှေးကျသောသော့တွေကို ပြန်လည်ဆောင်ယူထားကြောင်း ကျွန်တော်သက်သေခံပါတယ်။ ပေတရု၊ ယာကုပ်၊ ယောဟန်နဲ့ အခြားသော ရှေးပရောဖက်တွေဟာ ရှင်ပြန်ထမြောက်သောဇီဝသက်ရှိတွေအဖြစ်၊ ပရောဖက်ဂျိုးဇက်စမစ်ထံအား ပေါ်ထွန်းခဲ့ပြီး ကိုယ်တော်ရှင်ဖော်ပြတဲ့အရာ၊ “ငါ့နိုင်ငံတော်၏သော့များကိုလည်းကောင်း၊ ဧဝံဂေလိတရားတော်သာသနာကိုလည်းကောင်း” အပ်နှင်းထားပါတယ်။

ထိုတူတဲ့သော့တွေကို ပရောဖက်တစ်ပါးမှ ပရောဖက်တစ်ပါးထံသို့ ယနေ့တိုင်အောင် လက်ဆင့်ကမ်းခဲ့ပါတယ်။ ကျွန်တော်တို့ဟာ လူ ၁၅ ဦးအား ကယ်တင်ရှင်ရဲ့အသင်းတော်အတွက် ဦးဆောင်အသုံးပြုရန် ပရောဖက်တွေ၊ မြင်သူတွေ၊ နဲ့ ဗျာဒိတ်ခံယူသူတွေအဖြစ် ထောက်မထားပါတယ်။ ရှေးကကဲ့သို့ပင်၊ ယဇ်ပုရောဟိတ်အခွင့်အာဏာသော့တွေအားလုံးကို ကိုင်ဆောင်ကာ ကျင့်သုံးခွင့်ရရှိထားတဲ့ အကြီးတန်းတမန်တော်တစ်ဦးရှိပါတယ်။ သူကတော့ ယေရှုခရစ်တော်၏ နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၊ ကျွန်တော်တို့ခေတ်တွင် ပြန်လည်ဆောင်ယူထားသော ခရစ်တော်၏အသင်းတော်ရဲ့ ဥက္ကဋ္ဌနှင့် ပရောဖက်၊ ဥက္ကဋ္ဌ ရပ်ဆဲ အမ် နယ်လဆင် ပဲဖြစ်ပါတယ်၊ ။

ကယ်တင်ရှင်ရဲ့အသင်းတော်မှတဆင့်၊ ကျွန်တော်တို့အသက်တာတွင် ကျွန်တော်တို့ကိုကူညီရန် ဘုရားသခင်ရဲ့တန်ခိုးအပါအဝင်—ယဇ်ပုရောဟိတ်ရဲ့ကောင်းချီးများကို ရရှိကြပါတယ်။ အခွင့်အာဏာရှိသော ယဇ်ပုရောဟိတ်သော့တွေအောက်၌၊ ကျွန်တော်တို့ဟာ ဘုရားသခင်ထံ မြင့်မြတ်သောကတိတော်တွေကို ပြုလုပ်ပြီး ကိုယ်တော်ရဲ့မျက်မှောက်တော်တွင် အသက်ရှင်နေထိုင်ရန် ပြင်ဆင်ပေးတဲ့ မြင့်မြတ်သောဘိသိတ်မင်္ဂလာတွေကို လက်ခံရရှိကြပါတယ်။ ဗိတ္တိဇံခံခြင်းနဲ့ အတည်ပြုခြင်းမှအစပြုကာ ထို့နောက် ဗိမာန်တော်တွင်၊ ကျွန်တော်တို့ ကိုယ်တော်ထံပြန်သွားမဲ့ ပဋိညာဉ်လမ်းစဉ်အတိုင်း ရှေ့သို့ဆက်လှမ်းကြပါတယ်။

ကျွန်တော်တို့ခေါင်းပေါ်တွင် လက်တင်ဆုတောင်းခြင်းဖြင့်၊ ကျွန်တော်တို့ဟာ လမ်းညွှန်မှု၊ နှစ်သိမ့်မှု၊ အကြံဉာဏ်၊ ကုသခြင်းနှင့် ယေရှုခရစ်တော်နောက်လိုက်ရန် တန်ခိုးအပါအဝင်၊ ယဇ်ပုရောဟိတ်ကောင်းချီးတွေကို ရရှိကြပါတယ်။ ကျွန်တော့်အသက်တာတစ်လျှောက်လုံး ဒီကြီးမြတ်တဲ့တန်ခိုးကြောင့် ကောင်းချီးတွေရခဲ့ပါတယ်။ ကျမ်းစာတွင် ဖော်ပြထားတဲ့အတိုင်း၊ အဲ့ဒါကို သန့်ရှင်းသောမေလခိဇေဒက်ယဇ်ပုရောဟိတ်တန်ခိုးအဖြစ် ကျွန်တော်တို့ ရည်ညွှန်းကြပါတယ်။

အထူးသဖြင့် ယဇ်ပုရောဟိတ်ကောင်းချီးများတွင် ဖော်ပြတာကြောင့်၊ ကျွန်တော်ဟာ လူငယ်ဘဝမှာ ထိုတန်ခိုးကို အလွန်လေးစားခဲ့ပါတယ်။ ချီလီနိုင်ငံတွင် သာသနာပြုလူငယ်တစ်ဦးအဖြစ် အမှုတော်ထမ်းနေစဉ်၊ ကျွန်တော်နဲ့ ကျွန်တော့်အဖော်ဟာ အဖမ်းခံရပြီး ကွဲသွားခဲ့ကြပါတယ်။ ဘာကြောင့်ဖမ်းလဲဆိုတာ ကျွန်တော်တို့ကို တစ်ခါမှ မပြောပြခဲ့ကြပါဘူး။ အဲ့အချိန်ဟာ ကြီးစွာသော နိုင်ငံရေး ကသောင်းကနင်း ဖြစ်နေတဲ့ ကာလဖြစ်ပါတယ်။ ထောင်နှင့်ချီသောလူတွေကို စစ်တပ်ရဲတွေက ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ဘယ်သတင်းကိုမှ ထပ်မံမကြားခဲ့ရပါဘူး။

စစ်ဆေးပြီးနောက်မှာ၊ ကျွန်တော် အကျဉ်းခန်းထဲမှာ တစ်ယောက်တည်းထိုင်နေပြီး၊ ချစ်ရသူများကို ထပ်ပြီးပြန်တွေ့နိုင်ပါ့မလားမသိဖြစ်ခဲ့ရပါတယ်။ ကျွန်တော်ရဲ့ ကောင်းကင်ဘုံရှင်အဘထံ လှည့်၍၊ ထက်သန်စွာ အသနားခံခဲ့ပါတယ်၊ “အဘ၊ ကိုယ်တော်ရဲ့သာသနာပြုတွေကို ကိုယ်တော်ကြည့်ရှုစောင့်ရှောက်တော်မူတာကို အစဉ်အမြဲ သွန်သင်ခံခဲ့ရပါတယ်။ ကျေးဇူးပြု၍၊ အဘ၊ ကျွန်တော်ဟာ ထူးခြားတာ ဘာမှမရှိပါဘူး၊ သို့သော် ကျွန်တော် နာခံမှုရှိပြီး ဒီညတွင် ကိုယ်တော်ရဲ့အကူအညီကို လိုအပ်ပါတယ်။”

ဒီအကူအညီမျိုးစေ့တွေကို အစောပိုင်းနှစ်ပေါင်းများစွာကတည်းက စိုက်ပျိုးခဲ့ပါတယ်။ ကျွန်တော်ဗိတ္တိဇံခံပြီးနောက်၊ ကျွန်တော့်အား အသင်းတော်ရဲ့အသင်းသားတစ်ဦးအဖြစ် အတည်ပြုခံရပြီး သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးကို ပေးအပ်ခံခဲ့ရပါတယ်။ သံတိုင်များနောက်ကွယ်တွင်၊ တစ်ယောက်တည်း၊ ဆုတောင်းနေချိန်တွင်၊ သန့်ရှင်းသောဝိညာဉ်တော်ဟာ ကျွန်တော့်ထံသို့ ချက်ချင်းရောက်လာပြီး ကျွန်တော့်ကို နှစ်သိမ့်ပေးခဲ့ပါတယ်။ သူဟာ ယဇ်ပုရောဟိတ်ရဲ့ နောက်ထပ်ကောင်းချီးတစ်ခုဖြစ်တဲ့၊ ကျွန်တော့်အမျိုး၏အဘကောင်းချီးမှ အလွန်ထူးခြားသောစာပိုဒ်ကို စိတ်ထဲ စွဲဆောင်လာခဲ့ပါတယ်။ အဲဒီထဲမှာ၊ ဘုရားသခင်က ကျွန်တော့်ကို သစ္စာရှိခြင်းအားဖြင့် အလှတရား၊ သီလနဲ့ ချစ်ခြင်းမေတ္တာနဲ့ ပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ယခုနဲ့ထာဝရတံဆိပ်ခတ်ထားနိုင်မယ်၊ ကျွန်တော်တို့ဟာ အဖိုးတန် သားသမီးများရဲ့ မိဘများဖြစ်လာကြမယ်၊ ဣသရေလအမျိုး၌ ဖခင်တစ်ဦးအနေဖြင့် ကောင်းချီးခံရပြီး ချီးမြှောက်ခံရလိမ့်မယ်လို့ ကတိပေးခဲ့ပါတယ်။

ကျွန်တော်ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ လှုံ့ဆော်ခံစကားများဟာ ကျွန်တော်ရဲ့စိတ်ဝိညာဉ်ကို ငြိမ်းချမ်းစေခဲ့ပါတယ်။ အဲ့စကားတွေဟာ သူ့ရဲ့ကတိတော်တွေကို အမြဲစောင့်ထိန်းတတ်တဲ့၊ ကျွန်တော်တို့ရဲ့ချစ်လှစွာသော ကောင်းကင်ဘုံရှင်အဘထံမှ လာကြောင်း ကျွန်တော်သိပါတယ်။ အဲဒီအခိုက်အတန့်မှာ၊ ကတိတွေ ပြည့်စုံတာကိုမြင်ရဖို့ လွတ်မြောက်ပြီး အသက်ရှင်နေရမယ်ဆိုတာ အာမခံချက်ရှိခဲ့ပါတယ်။

တစ်နှစ်ခန့်အကြာ၊ ကောင်းကင်ဘုံရှင်အဘဟာ ကျွန်တော့်အား လှပ၍ သီလနှင့် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသော ဇနီးတစ်ဦးအား ကောင်းချီးပေးခဲ့ပါတယ်။ လန်နက် နဲ့ ကျွန်တော်ဟာ ဗိမာန်တော်မှာ တံဆိပ်ခတ်ခဲ့ကြပါတယ်။ အဖိုးတန်သား သုံးယောက်နှင့် အဖိုးတန်သမီးလေးယောက်တို့ဖြင့် ကောင်းချီးပေးခံရပါတယ်။ ကျွန်တော် အသက် ၁၇ နှစ်တွင် ရရှိခဲ့သော အမျိုး၏အဘကောင်းချီးများတွင် ဘုရားသခင်ရဲ့ကတိတော်တွေအတိုင်း၊ ဖခင်တစ်ဦးဖြစ်လာခဲ့ပါတယ်။

“သို့ဖြစ်၍၊ ငါ၏​ချစ်လှစွာ​သော​ညီအစ်ကိုတို့ [နှင့် ညီအမတို့]၊ ခရစ်တော်သည် ကောင်းကင်သို့ တက်​သွား​တော်မူ​ပြီး၊ အလွန်​တရာ​အံ့ဩဖွယ်​အမှုတို့ ရပ်​တန့်​သွားလေ​ပြီလော။ …

“… မဟုတ်​ပေ။ လူ​သားတို့ကို ကောင်းကင်​တမန်တို့ အမှု​တော်​ဆောင်ခြင်း​သည်​လည်း ရပ်​တန့်​မသွား။”

မကြာခဏဆိုသလို ယဇ်ပုရောဟိတ်တန်ခိုးရဲ့ တိုက်ရိုက်အဖြေအဖြစ်၊ ကျွန်တော်တို့အသက်တာတွင် အံ့ဖွယ်အမှုတွေနှင့် အမှုဆောင်အလုပ်တွေ အမြဲဖြစ်ပေါ်နေကြောင်း ကျွန်တော်သက်သေခံပါတယ်။ အချို့သော ယဇ်ပုရောဟိတ်ကောင်းချီးတွေဟာ ကျွန်တော်တို့ မြင်နိုင်နားလည်နိုင်သော နည်းလမ်းများဖြင့်၊ ချက်ချင်းပြည့်စုံကြပါတယ်။ အခြားကောင်းချီးတွေဟာ တဖြည်းဖြည်း ဖွင့်ဟလာကာ ဒီဘဝတွင် အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ပါဘူး။ သို့သော် ဘုရားသခင်ဟာ ကျွန်တော်တို့မိသားစုသမိုင်းမှ ထိုမှတ်တမ်းတွင်ဖော်ပြထားတဲ့အတိုင်း၊ သူ့ကတိတော်တွေအားလုံးကို အမြဲစောင့်ထိန်းပါတယ်။

ကျွန်တော့်အဖေဘက်ကအဘိုး၊ ဂရန့် ရီးစ် ဘိုဝင်ဟာ၊ ယုံကြည်ချက်ကြီးမားသူတစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုယ်ပိုင် အမျိုး၏အဘကောင်းချီးကို သူရရှိခဲ့ပုံကို ပြန်ပြောပြတာ ကြားခဲ့ရတာကို ကွက်ကွက်ကွင်းကွင်း မှတ်မိပါသေးတယ်။ သူ့ဂျာနယ်တွင်၊ သူမှတ်တမ်းတင်ခဲ့ပါတယ်၊ “အမျိုး၏အဘက ကျွန်တော့်အား ကုသခြင်းဆုကျေးဇူးကို ကတိပေးခဲ့ပါတယ်။ သူ​က၊ ‘ဖျား​နာ​သူ​တွေကို​ သက်သာ​စေလိမ့်​မယ်။ အမှန်တကယ်၊ သေလွန်သူတွေဟာ သင်ရဲ့လက်အောက်တွင် ထမြောက်ကြလိမ့်မယ်။’” လို့ပြောပါတယ်။

နှစ်အတော်ကြာပြီးနောက်၊ အဖိုးဟာ မြက်ခြောက်ပုံနေတုန်း အိမ်သို့ပြန်သွားရန် လှုံ့ဆော်မှုရခဲ့ပါတယ်။ သူ့အ​ဖေက သူ့ဆီလာ​နေတာကို ​​တွေ့လိုက်ပါတယ်​။ “ဂရန့်၊ မင်းအမေ ဆုံးသွားပြီ” လို့ သူ့အဖေက ပြောပါတယ်။

အဘိုးရဲ့ဂျာနယ်မှ ထပ်မံကိုးကားလိုက်ပါတယ်၊ “ကျွန်တော် မရပ်တော့ဘဲ အိမ်ရှေ့ တံခါးဝက လှဲနေတဲ့သူမခေါက်ခုတင်ဆီ အမြန်သွားခဲ့ပါတယ်။ ကျွန်တော် သူမကို ကြည့်လိုက်တော့ သူမမှာ ကျန်သေးတဲ့ အသက်တာ အရိပ်အယောင် မတွေ့ခဲ့ရပါဘူး။ ကျွန်တော်ရဲ့အမျိုး၏အဘကောင်းချီးတွေကို သစ္စာရှိလျှင်၊ ကျွန်တော့်ယုံကြည်ခြင်းအားဖြင့် ဖျား​နာ​သူ​တွေကို​ သက်သာစေမယ်၊ သေလွန်သူတွေဟာ ထမြောက်ကြလိမ့်မယ်ဆိုတဲ့ ကတိကို သတိရမိပါတယ်။ ကျွန်တော့်လက်ကို သူမခေါင်းပေါ်တင်ပြီး၊ အမျိုး၏အဘက ကျွန်တော့်ကိုပေးခဲ့တဲ့ ကတိက တကယ်မှန်ရင် အမေ့ကို ဒီအချိန်မှာ သိသာစေပြီး အသက်ပြန်ရှင်စေဖို့ရန် ကိုယ်တော်ရှင်ကို ပြောခဲ့ပါတယ်။ ကိုယ်တော် ဒီလိုလုပ်ပေးမယ်ဆိုရင်၊ သူ့ကောင်းကင်နိုင်ငံတော်ကိုတည်ဆောက်ဖို့အတွက် ကျွန်တော့်စွမ်းအားရှိသမျှလုပ်ဆောင်ဖို့ ဘယ်တော့မှ တုံ့ဆိုင်းမနေပါဘူးလို့ ကျွန်တော်ကတိပေးခဲ့ပါတယ်။ ကျွန်တော်ဆုတောင်းနေစဉ်၊ သူမမျက်လုံးဖွင့်လာပြီး ‘ဂရန့်၊ ငါ့ကို ထူပေးပါ။ ငါ ဝိညာဉ်လောကကိုရောက်နေခဲ့တာ၊ ဒါပေမဲ့ မင်း ငါ့ကိုပြန်ခေါ်လာတယ်။ ဒါက မင်းနဲ့ ကျန်တဲ့ငါ့မိသားစုတွေအတွက် အမြဲသက်သေခံချက်ဖြစ်ပါစေ’” လို့ အမေကပြောခဲ့ပါတယ်။

ဥက္ကဋ္ဌ ရပ်ဆဲလ် အမ် နယ်လဆင်က ကျွန်တော်တို့အား အံ့ဖွယ်အမှုတွေကို ရှာဖွေကာ မျှော်လင့်ရန် သွန်သင်ခဲ့ပါတယ်။ ယဇ်ပုရောဟိတ်အခွင့်ကို ပြန်လည်ရရှိပြီးဖြစ်သောကြောင့်၊ ဘုရားသခင်ရဲ့ တန်ခိုးနှင့် အခွင့်အာဏာဟာ မြေကြီးပေါ်တွင် ရှိနေကြောင်း ကျွန်တော်သက်သေခံပါတယ်။ တာဝန်ပေးမှုတွေနှင့် အတိုင်ပင်ခံအဖွဲ့တွေမှတစ်ဆင့်၊ အမျိုးသား၊ အမျိုးသမီး၊ လူငယ်၊ နဲ့လူကြီးတွေဟာ ယဇ်ပုရောဟိတ်အမှုတော်၌ ပါဝင်နိုင်ပါတယ်။ အဲ့ဒါဟာ ကောင်းကင်တမန်များ တက်ရောက်တဲ့၊ အံ့ဖွယ်အမှုများရဲ့ အလုပ်ဖြစ်ပါတယ်။ အဲ့ဒါဟာ ကောင်းကင်ဘုံအလုပ်ဖြစ်ပြီး၊ ဘုရားသခင့်သားသမီးအားလုံးကို ကောင်းချီးပေးပါတယ်။

၁၉၈၉ မှာ၊ ကျွန်တော်တို့ မိသားစု ခုနစ်ယောက်က အသင်းတော်စုအပျော်ခရီးတိုတစ်ခုကနေ ပြန်လာကြပါတယ်။ အရမ်းကိုနောက်ကျနေပါပြီ။ လန်နက်က ကျွန်တော်တို့ရဲ့ ခြောက်ယောက်မြောက်ကလေးကို ကိုယ်ဝန်လွယ်ထားပါတယ်။ သူမပတ်ပေးဖို့မေ့သွားတဲ့၊ ထိုင်ခုံခါးပတ်ကို ပတ်ပေးဖို့ ပြင်းထန်သောလှုံ့ဆော်မှုတစ်ခုအား သူမ ခံစားခဲ့ရပါတယ်။ သိပ်မကြာခင်မှာဘဲ ကျွန်တော်တို့လမ်းကို ကွေ့ပတ်ပြီးရောက်လာခဲ့ကြတယ်၊ ကားတစ်စီးက ကျွန်တော်တို့မောင်းနေတဲ့လမ်းထဲ ဖြတ်မောင်းသွားပါတယ်။ တစ်နာရီ မိုင် ၇၀ (၁၁၂ ကီလိုမီတာ) လောက်နဲ့ လာတဲ့၊ ကားကို မတိုက်မိအောင် ကျွန်တော်လမ်းလွှဲလိုက်ပါတယ်။ ကျွန်တော်တို့ဗင်န် ကားဟာ လှိမ့်ပြီး၊ အဝေးပြေးလမ်းမပေါ်မှ၊ လမ်းချော်သွားကာ၊ နောက်ဆုံးရပ်သွားပြီး ခရီးသည်ဘက်က ဖုန်တွေထဲကျသွားပါတယ်။

နောက်တစ်ခုက “ရှိန်း၊ ကျွန်မတို့ ရှင်ရဲ့ တံခါးကနေ ထွက်ဖို့လိုတယ်” ဆိုတဲ့ လန်နက်ရဲ့ အသံကိုကြားနေရတာကို ကျွန်တော်မှတ်မိပါတယ်။ ကျွန်တော်ကတော့ ထိုင်ခုံခါးပတ်နဲ့ လေထဲမှာ တွဲလောင်းကျနေပါတယ်။ ဦးတည်ချက်ရဖို့ စက္ကန့်အနည်းငယ်ကြာခဲ့ပါတယ်။ ကျွန်တော်တို့ ကလေးတွေကို အခု ဗင်န်ကားရဲ့ မျက်နှာကျက်နေတဲ့ ပြတင်းပေါက်ကနေ ချီထုတ်ခဲ့ကြပါတယ်။ ဘာဖြစ်သွားတာလဲလို့ တွေးပြီး သူတို့ ငိုနေခဲ့ကြပါတယ်။

ခဏအတွင်းမှာပဲ၊ ကျွန်တော်တို့ရဲ့ ၁၀ နှစ်အရွယ် သမီးလေး၊ အမ်မလီ၊ ပျောက်ဆုံးနေကြောင်း သတိထားမိခဲ့ပါတယ်။ ကျွန်တော်တို့က သူမနာမည်ကို အော်ခေါ်ပေမယ့် တုံ့ပြန်တာမရှိခဲ့ပါဘူး။ အိမ်သို့သွားနေသော၊ အသင်းတော်စုကအသင်းသားတွေက၊ အခင်းဖြစ်ပွားရာနေရာတွင် သူမအား ပျာပျာသလဲရှာဖွေနေခဲ့ပါတယ်။ အဲ့ချိန် အရမ်းမှောင်နေပါပြီ။ ဗင်ကားထဲကို ဓာတ်မီးနဲ့ပြန်ကြည့်လိုက်တော့၊ အမ်မလီရဲ့ ခန္ဓာကိုယ်သေးသေးလေးဟာ ဗင်န်ကားအောက်မှာ ပိတ်မိနေတာကို၊ ထိတ်လန့်စွာတွေ့လိုက်ရပါတယ်။ “ငါတို့ အမ်မလီပေါ်က ဗင်န်ကားကို မပြီးဖယ်ရမယ်”၊ လို့ ကျွန်တော်အပြင်းအထန် အော်ပြောလိုက်ပါတယ်။ ကျွန်တော် ခေါင်မိုးကိုကိုင်ပြီး ဆွဲမလိုက်ပါတယ်။ အနည်းငယ်ပဲ မ တင်ရပါသေးတယ်၊ ဗင်န်ကားဟာ ၎င်းရဲ့ဘီးများပေါ်သို့ အံ့ဖွယ်နည်းဖြင့် လှည့်သွားပြီး၊ အမ်မလီရဲ့အသက်မဲ့ခန္ဓာကိုယ်ကို မြင်သာစေခဲ့ပါတယ်။

အမ်မလီက အသက်မရှူတော့ပါဘူး။ သူမရဲ့မျက်နှာဟာ ပြာနှမ်းနေခဲ့ပါတယ်။ “ငါတို့ သူမကို ကောင်းချီးပေးရမယ်” ​​လို့ ကျွန်တော်ပြောခဲ့တယ်။ ချစ်လှစွာသောသူငယ်ချင်းနဲ့ အသင်းတော်စုကအသင်းသားတစ်ဦးဟာ ကျွန်တော်နဲ့အတူ ဒူးထောက်ပြီး၊ မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့်အာဏာဖြင့်၊ ယေရှုခရစ်တော်ရဲ့နာမ၌၊ သူမ အသက်ရှင်နိုင်ရန် ကျွန်တော်တို့ အမိန့်ပေးခဲ့ပါတယ်။ အဲ့အချိန်မှာပဲ၊ အမ်မလီဟာ စူးရှသောအသက်ရှုသံဖြင့် ရှုချလိုက်ပါတယ်။

နာရီအတော်ကြာပြီးနောက်၊ နောက်ဆုံးမှာ လူနာတင်ကားရောက်လာခဲ့ပါတယ်။ အမ်မလီကို ဆေးရုံသို့ အမြန်ပို့ခဲ့ပါတယ်။ သူမ အဆုတ်ကသွေးပြတ်ပြီး ဒူးခေါင်းအရွတ်များ အပြင်းအထန်ထိခိုက်ခဲ့ပါတယ်။ သူမအောက်ဆီဂျင်မရှိခဲ့တာကြောင့် ဦးနှောက်ထိခိုက်မှုဟာ စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။ အမ်မလီဟာ တစ်ရက်ခွဲကြာ မေ့မြောနေခဲ့ပါတယ်။ သူမအတွက် ကျွန်တော်တို့ ဆက်တိုက် အစာရှောင် ဆုတောင်းခဲ့ကြပါတယ်။ သူမဟာ အပြည့်အဝ ပြန်လည်ကျန်းမာခြင်းနဲ့အတူ ကောင်းချီးခံစားခဲ့ရပါတယ်။ ယနေ့၊ အမ်မလီနဲ့ သူမခင်ပွန်း၊ ကယ်ဗင်၊ တို့ဟာ သမီးခြောက်ယောက်ရဲ့ မိဘတွေဖြစ်နေပါပြီ။

မယုံနိုင်လောက်အောင်၊ လူတိုင်းဟာ လမ်းလျှောက်ပြီးထွက်လာနိုင်ခဲ့ကြပါတယ်။ လီနက်ကိုယ်ဝန်ဆောင်ထားခဲ့တဲ့ ကလေးလေးကတော့ တိုင်ဆန်ပဲဖြစ်ပါတယ်။ သူလည်း ဘေးကင်းစွာနဲ့ပဲ နောက်ဖေဖော်ဝါရီလမှာ ဖွားမြင်ခဲ့ပါတယ်။ ရှစ်လအကြာ၊ သူဇာတိခန္ဓာကိုယ်ကို ရရှိပြီးနောက်၊ တိုင်ဆန်ဟာ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘထံသို့ ပြန်သွားခဲ့ပါတယ်။ သူဟာ ကျွန်တော်တို့ရဲ့ စောင့်ရှောက်သူတမန်တော်သားလေး ဖြစ်ပါတယ်။ ကျွန်တော်တို့မိသားစုမှာ သူ့ရဲ့လွှမ်းမိုးမှုကို ခံစားရပြီး သူနှင့်အတူ နောက်တစ်ကြိမ်ရှိရန် စောင့်မျှော်နေကြပါတယ်။

ဗင်န်ကားမှ အယ်မလီကို မ ပေးသူတွေက ဗင်န်ကားဟာ အလေးချိန် မရှိပုံပေါ်နေခဲ့တယ်လို့ သတိပြုမိခဲ့ကြပါတယ်။ ကောင်းကင်တမန်တွေဟာ အမ်မလီကိုယ်မှယာဉ်ကိုမတင်ရန် မြေကြီးသားကောင်းကင်တမန်တွေနဲ့ ပူးပေါင်းခဲ့မယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ သန့်ရှင်းသောယဇ်ပုရောဟိတ်တန်ခိုးဖြင့် အမ်မလီဟာ အသက်ပြန်ရှင်လာတယ်ဆိုတာကိုလည်းကျွန်တော်သိပါတယ်။

ကိုယ်တော်ရှင်ဟာ သူရဲ့အစေခံတို့အား ဒီသစ္စာတရားကို ဖော်ပြတော်မူခဲ့ပါတယ်၊ “အကြောင်းမူကား၊ ငါသည် သင်တို့ရှေ့မှ ကြွတော်မူမည်။ ငါသည် သင်တို့၏လက်ယာဘက်၌လည်းကောင်း၊ လက်ဝဲဘက်၌လည်းကောင်း ရှိတော်မူမည်၊ ငါ၏ဝိညာဉ်တော်သည် သင်တို့စိတ်နှလုံး၌ ရှိလိမ့်မည်၊ ငါ၏ကောင်းကင်တမန်တို့သည်လည်း သင်တို့ကို မစချီပင့်ကြခြင်းငှာ သင်တို့ပတ်ဝန်းကျင်၌ ရှိကြလိမ့်မည်။”

“ဘုရားသခင့်သားတော်၏ အသင်းအတိုင်း၊ သန့်ရှင်းသော ယဇ်ပုရောဟိတ်အခွင့်”ဖြစ်တဲ့—မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့်အာဏာ—ဟာ နောက်ပိုင်းကာလ၌၊ ၎င်းရဲ့သော့များ၊ အခွင့်အာဏာနဲ့ တန်ခိုးများနဲ့အတူ မြေကြီးပေါ်သို့ ပြန်လည်ရရှိခဲ့တယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ ကျွန်တော်တို့ မျှော်လင့်ပြီး ဆုတောင်းရတဲ့ အခြေအနေအားလုံးဟာ မပြောင်းလဲသော်လည်း၊ ဘုရားသခင်ရဲ့အံ့ဖွယ်အမှုတွေဟာ သူ့အလိုတော်၊ သူ့အချိန်၊ နှင့် ကျွန်တော်တို့အတွက် သူ့အစီအစဉ်အတိုင်း အမြဲဖြစ်လာမယ်ဆိုတာ ကျွန်တော်သိပါတယ်။

အံ့ဖွယ်အမှုတွေနှင့် ကောင်းကင်တမန်တွေရဲ့ အမှုတော်ဆောင်ခြင်းအပါအဝင် ယဇ်ပုရောဟိတ်ကောင်းချီးများကို အလိုရှိပါက၊ ဘုရားသခင်ပြင်ဆင်ထားတဲ့ ကျွန်တော်တို့တစ်ဦးစီအတွက် ရရှိနိုင်တဲ့ ပဋိညာဉ်တွေလမ်းစဉ်ကို လိုက်လျှောက်ရန် သင့်အား ကျွန်တော်ဖိတ်ခေါ်ပါတယ်။ သင့်ကို ချစ်တဲ့ အသင်းတော်ရဲ့ အသင်းသားတွေနဲ့ ခေါင်းဆောင်တွေက သင့်ကို နောက်တစ်ဆင့်တက်ဖို့ ကူညီပေးပါလိမ့်မယ်။

ဘုရားသခင်ရဲ့ သားတော်၊ ယေရှုခရစ်တော်၊ အသက်ရှင်တယ်၊ ယဇ်ပုရောဟိတ်သော့တွေကိုကိုင်ဆောင်ကာ ကျင့်သုံးတဲ့အသက်ရှင်သောပရောဖက်များမှတစ်ဆင့် သူ့အသင်းတော်ကို ဦးဆောင်နေတယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်က စစ်မှန်ပါတယ်။ ကယ်တင်ရှင်ဟာ ကျွန်တော်တို့ကို ကုသရန်၊ ရွေးကောက်ရန်နှင့် အိမ်သို့ပို့ဆောင်ရန် သူ့အသက်ကို ပေးခဲ့ပါတယ်။

အံ့ဖွယ်အမှုတွေ မရပ်စဲသေးကြောင်း၊ ကောင်းကင်တမန်တွေဟာ ကျွန်တော်တို့ထဲတွင်ရှိပြီး၊ ကောင်းကင်ဘုံတွေဟာ ပွင့်နေကြောင်း၊ ကျွန်တော်သက်သေခံပါတယ်။ အိုး၊ ကောင်းကင်ဘုံတွေဟာ အမှန်တကယ်ပွင့်နေပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။