အမှုတော်ဆောင်ရန်ကြိုတင်ခန့်အပ်ထားခြင်း
ကောင်းကင်ဘုံရှင်အဘဘုရားသခင်က ကျွန်တော်တို့ရဲ့ကိုယ်ပိုင် ကြိုတင်ခန့်အပ်ခံထားရခြင်းကိုဖော်ပြလိုပြီး၊ ကျွန်တော်တို့ သူ့ကိုဆည်းပူးပြီး သူ့ဆန္ဒအားလိုက်လျှောက်ရန် ကြိုးပမ်းတာနဲ့အမျှ သူဖော်ပြမှာဖြစ်ပါတယ်။
ယနေ့ညနေပိုင်းမှာ၊ နောင်လာမယ့်မျိုးဆက်အတွက်စံပြုသူတွေဖြစ်ကြမယ့် တိုးတက်လာတယ့်အသင်းတော်မှလူငယ်အမျိုးသား၊ အမျိုးသမီးတွေကို ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ။
အောက်တိုဘာလ ၂၀၁၃ မှာ၊ ကျွန်တော်တို့ရဲ့ချစ်လှစွာသောပရောဖက်၊ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ် နယ်လဆင်က၊ “သင်ရဲ့ကောင်းကင်ဘုံရှင်အဘက သင့်ကိုအချိန်အကြာကြီးသိခဲ့တာပါ လို့ကြေညာခဲ့ပါတယ်။ သင့်ကို၊ သူ၏သား သို့မဟုတ် သမီးအဖြစ်၊ ကမ္ဘာမြေပေါ်သို့ဤအချိန်တွင်လာရန်နှင့်၊ ကမ္ဘာမြေပေါ်ရှိသူ၏ကြီးမြတ်တဲ့အလုပ်တွင်ခေါင်းဆောင်တစ်ဦးဖြစ်ရန် ရွေးချယ်ခဲ့ပါတယ်။”
လွန်ခဲ့တဲ့နှစ်နှစ်တုန်းက၊ ဥက္ကဋ္ဌ နယ်လဆင်ကဆက်ပြောခဲ့ပါတယ်၊
“ဒီနေ့၊ကျွန်တော်ခိုင်မာစွာပြန်လည်အတည်ပြုချင်ပါတယ်၊ ကိုယ်တော်ရှင်က ထိုက်တန်ပြီး၊ တတ်နိုင်တဲ့လူငယ် တိုင်း အား ပြင်ဆင်ရန်နှင့် သာသနာပြုသွားရန်တောင်းဆိုခဲ့ပါတယ်။ နောက်ပိုင်းကာလသန့်ရှင်းသူလူငယ်အမျိုးသားများအတွက်၊ သာသနာပြုခြင်းအမှုတော်ဟာ ယဇ်ပုရောဟိတ်တာဝန်ဖြစ်ပါတယ်။ သင်၊ လူငယ်အမျိုးသားတို့ဟာ ကတိထားရာဣသရေလစုဝေးရေးဖြစ်ပေါ်နေတဲ့ဒီအချိန်အတွက် သီးသန့်ရွေးချယ်ထားခံခဲ့ရပါတယ်။
“ငယ်ရွယ်ပြီး တတ်နိုင်တဲ့ညီအမများအတွက်၊ သာသနာပြုခြင်းကလည်းကောင်းမြတ်ပါတယ်၊ သို့သော် ရွေးချယ်လို့ရတဲ့၊ အခွင့်အရေးပါ၊ ကိုယ်တော်ရှင်က သင့်အားသာသနာအမှုတော်ဆောင်စေခြင်းအတွက်ဆုတောင်းပါ၊ သန့်ရှင်းသောဝိညာဥ်တော်က သင့်ရဲ့နှလုံးသားနဲ့ စိတ်ကိုပြန်လည်ပြောကြားပါလိမ့်မယ်။”
ကိုယ်တော်ရှင်အား ကျွန်တော်တို့ပုရောဖက်ရဲ့ကိုးကားချက်များဟာ ကျွန်တော်တို့ခေတ်လူငယ်တွေကိုဣသရေလစုဝေးခြင်း ဒီအချိန်အတွက်ကြိုတင်ခေါ်ယူထားတာဖြစ်ပြီး၊ ကိုယ်တော်ရှင်သင့်ကိုဘာလုပ်စေမယ်ဆိုတာသိရဖို့ ဆုတောင်းရန်ဖိတ်ခေါ်ခြင်းဟာ ဤကမ္ဘာပေါ်မှာသင်မမွေးဖွားမီကတည်းကဘုရားသခင်ဆီက သင်ရရှိထားတဲ့ ကောင်းချီးများနဲ့ သင်နေထိုင်ခဲ့တဲ့ဘဝကို အမှီပြုဖော်ပြထားခြင်းဖြစ်ပါတယ်။ ဤကမ္ဘာမြေပေါ်မှာမွေးဖွားခဲ့တဲ့ ကျွန်တော်တို့အားလုံးဟာကောင်းကင်ဘုံရှင်အဘနဲ့အတူ သူရဲ့ဝိညာဥ်သားသမီးများအဖြစ်ပထမဆုံးနေထိုင်ခဲ့ကြပါတယ်။ ကိုယ်တော်ရှင်က မောရှေကိုမိန့်တော်မူခဲ့ပါတယ်၊ “ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည်၊ ခပ်သိမ်းသောအရာတို့ကို ၎င်းတို့မြေကြီးပေါ်၌ ဇာတိပကတိအားဖြင့် မရှိမီ၊ ဝိညာဥ်ပကတိအားဖြင့် ဖန်ဆင်းတော်မူခဲ့၏။”
သင့်ကို သူဝိညာဥ်အရဖန်ဆင်းတော်မူစဥ်က၊ သူရဲ့ဝိညာဥ်သား၊ သမီးများအနေဖြင့် သင့်ကိုသူချစ်ခဲ့ပါတယ်၊ ပြီးတော့သင်တို့တစ်ဦးချင်းစီမှာ မြင့်မြတ်တဲ့သဘာဝနဲ့ ထာဝရကြမ္မာကို စွဲခိုင်စေခဲ့ပါတယ်။
သေခြင်းရှိရာဘဝမတိုင်ခင် အတွင်းမှာ၊ “သင်ဟာသင်ရဲ့ကိုယ်ပိုင်လက္ခဏာကို တီထွင်ခဲ့ပြီးဝိညာဉ်ရေးရာစွမ်းရည်တွေကို တိုးမြှင့်ခဲ့ပါတယ်။” သင်ဟာရွေးချယ်ခြင်းဆုကျေးဇူးအားဖြင့်ကောင်းချီးရရှိပြီး၊ သင်ကိုယ်တိုင်ရွေးချယ်မှုများပြုလုပ်နိုင်ပါတယ်၊ ပြီးတော့ သင်ကအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုပြုလုပ်ခဲ့ပါတယ်။ ကောင်းကင်ဘုံရှင်အဘရဲ့ပျော်ရွှင်ခြင်းအစီအစဥ်ကို လိုက်လျှောက်ရန်ဆုံးဖြတ်ခဲ့ပါတယ်၊ ထိုအရာက “ခန္ဓာကိုယ်ရှိခြင်းနှင့် ကမ္ဘာမြေပေါ်ရှိတိုးတက်ခြင်းအတွေ့အကြုံတွေရရှိပြီး၊ နောက်ဆုံးမှာ [သင်]ရဲ့မြင့်မြတ်တဲ့ဘဝဟာ ထာဝရအသက်ရဲ့အမွေဖြစ်တယ်ဆိုတာကို သတိပြုလာမိဖို့ပဲဖြစ်ပါတယ်။” အဲ့ဒီဆုံးဖြတ်ချက်ဟာ ထိုအချိန်ကသင့်ရဲ့သေခြင်းရှိရာမတိုင်ခင်ဘဝကိုအကျိုးသက်ရောက်မှုရှိစေခဲ့ပြီး၊ သင်ရဲ့ယခုဘဝကိုလည်းဆက်အကျိုးသက်ရောက်မှုရှိစေမှာပါ။ သေခြင်းရှိရာဘဝမတိုင်ခင်မှာ ဘုရားသခင်ရဲ့ကလေးတစ်ယောက်အနေနဲ့၊ သင်ဟာ “ညဏ်ပညာတိုးတက်လာခဲ့ပြီး သမ္မာတရားကိုချစ်ဖို့လေ့လာခဲ့ရပါတယ်။”
သင်မမွေးဖွားမီမှာ၊ ဘုရားသခင်ကသင်တို့တစ်ယောက်ချင်းစီကို ဤကမ္ဘာမြေပေါ်ကသင်ရဲ့သေခြင်းရှိရာဘဝမှာ သီးသန့်သာသနာတွေကိုပြီးမြောက်ဖို့အတွက် ခန့်အပ်ထားပါတယ်။ သင်ထိုက်တန်စွာဆက်ရှိနေပါက၊ သေခြင်းရှိရာမတိုင်မီဘဝကကောင်းချီးများဟာ သင့်အားဤဘဝတွင်အခွင့်အရေးမျိုးစုံတို့ရရှိစေပါလိမ့်မယ်။ ထိုအခွင့်အရေးတွေထဲမှာ အသင်းတော်မှာအမှုတော်ဆောင်ခြင်းနှင့် ကမ္ဘာမြေမှာယနေ့အရေးအကြီးဆုံးအလုပ်ဖြစ်တဲ့ ဣသရေလစုဝေးခြင်းမှာဆောင်ရွက်နိုင်ရန်တို့ပါဝင်ပါတယ်။ ထိုသေခြင်းရှိရာမတိုင်မီ ကတိတော်တွေနှင့်ကောင်းချီးတွေဟာ သင့်ရဲ့ကြိုတင်ခန့်အပ်ထားခံရခြင်းဖြစ်ပါတယ်။ “ကြိုတင်ခန့်အပ်ထားခံရခြင်းဩဝါဒများဟာ အသင်းတော်မှာရှိတဲ့အသင်းသားများအားလုံးနဲ့သက်ဆိုင်ပါတယ်။” ကြိုတင်ခန့်အပ်ထားခံခြင်းဟာ တချို့သောသီးသန့်အမှုတော်ဆောင်ရန်ခေါ်ခံရခြင်းများနှင့် တာဝန်များရရှိမယ်လို့ ကတိပေးထားတာမဟုတ်ပါဘူး။ ထိုကောင်းချီးတွေနဲ့အခွင့်အလမ်းတွေဟာ သင့်ရဲ့ရွေးချယ်ပိုင်ခွင့်ကိုကောင်းမွန်စွာအသုံးချတဲ့အခါ ရလာဒ်အဖြစ် ဒီဘဝမှာ လာမှာဖြစ်ပါတယ်၊ သင့်ရဲ့ဖြောင့်မတ်မှုရလာဒ်ကြောင့် သေခြင်းရှိရာမတိုင်ခင်မှာကြိုတင်ခန့်အပ်ထားခြင်းခံရသလိုပါပဲ။ ပဋိညာဥ်လမ်းကြောင်းတစ်လျှောက်မှာ သင့်ကိုယ်သင် ထိုက်တန်ခြင်းနဲ့တိုးတက်ခြင်းတို့ဖြင့်သက်သေပြုပါက၊ သင့်ရဲ့ လူငယ်အမျိုးသမီးများအတန်းနှင့် ယဇ်ပုရောဟိတ်အဖွဲ့တို့မှာ အမှုတော်ဆောင်ဖို့အခွင့်အရေးရှိမှာပဲဖြစ်ပါတယ်။ သင်ဟာ ဗိမာန်တော်မှာအစေခံရန်ကောင်းချီးခံစားရပြီး၊ အမှုတော်ဆောင်ညီအကို၊ ညီအမများဖြစ်လာကာ၊ ယေရှုခရစ်တော်၏နောက်လိုက်အဖြစ် သာသနာပြုထွက်နိုင်မှာဖြစ်ပါတယ်။
ဘာကြောင့်သင့်ရဲ့ကြိုတင်ခန့်အပ်ခံရခြင်းကိုသိပြီး နားလည်ဖို့အရေးကြီးပါသလဲ။ မေးခွန်းတွေ ပေါများလာတဲ့ယခုခေတ်မှာ၊ လူများစွာက သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာမှန်ကို သိဖို့ ကြိုးပမ်းတဲ့အခါ၊ ဘုရားသခင်ဟာ “သေခြင်းရှိရာမတိုင်မီ၊ သေခြင်းရှိရာ၊ ထာဝရဝိသေသနှင့် ရည်ရွယ်ချက်ရဲ့ မရှိမဖြစ် အချက်[များ]” နဲ့ ကမ္ဘာမြေကြီးပေါ်မှာ မမွေးဖွားခင်ကတည်းက ကျွန်တော်တို့တစ်ဦးစီကိုသိပြီး ကောင်းချီးပေးခဲ့တယ်ဆိုတဲ့အချက်ဟာ ကျွန်တော်တို့ရဲ့စိတ်နှင့်နှလုံးသားကို ချိုမြိန်သောငြိမ်သက်မှုနဲ့ အာမခံချက်ပေးပါတယ်။ သင်ဘယ်သူဖြစ်တယ်ဆိုတာကို သိခြင်းဟာ ဤကမ္ဘာမြေကြီးပေါ် သင်မမွေးဖွားမီကသင့်ကို ဘုရားသခင်ပေးထားတဲ့ ကြိုတင်ခန့်အပ်ထားခြင်း ကောင်းချီးများကို နားလည်ခြင်းဖြင့်စတင်ပါတယ်။ ကောင်းကင်ဘုံရှင်အဘဘုရားသခင်က ကျွန်တော်တို့ရဲ့ကိုယ်ပိုင် ကြိုတင်ခန့်အပ်ခံထားရခြင်းကိုဖော်ပြလိုပြီး၊ ကျွန်တော်တို့ သူကိုဆည်းပူးပြီး သူ့ဆန္ဒအားလိုက်လျှောက်ရန် ကြိုးပမ်းတာနဲ့အမျှ သူဖော်ပြပါတယ်။
ကျွန်တော်က ဥက္ကဋ္ဌနယ်လဆင်ရဲ့ အင်စတာဂရမ်ပို့စ်တွေကို ဖတ်ရတာသဘောကျပါတယ်။ ကျွန်တော်အကြိုက်ဆုံးထဲကတစ်ခုကတော့ ဇွန်လ ၂၀ရက်၊ ၂၀၂၂ ကပါ။ သူရေးခဲ့တာကတော့၊
“သင့်ကိုကိုယ်တော်ရှင်ကစကားတိုက်ရိုက်ပြောမယ်ဆိုရင်၊ သူပထမဆုံးသင့်ကိုနားလည်စေချင်တာကတော့ သင်ကိုယ်ပိုင်လက္ခဏာမှန်ပဲဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်ချစ်ရတဲ့မိတ်ဆွေများခင်ဗျာ၊ သင်ကအမှန်တကယ် ဘုရားသခင်ရဲ့ဝိညာဥ်သားသမီးများဖြစ်ပါတယ်။ …
“… အဲ့ဒါကိုအမှားလို့မထင်ပါနဲ့၊ သင့်ရဲ့လုပ်နိုင်စွမ်းက မြင့်မြတ်ပါတယ်။ သင့်ရဲ့ကြိုးစားရှာဖွေမှုနဲ့၊ ဘုရားသခင်က သင်ဘယ်လိုလူဖြစ်လာမယ်ဆိုတာကို တစ်ချက်ကြည့်ခွင့်ပေးပါလိမ့်မယ်။”
ကျွန်တော်ရဲ့ကမ္ဘာမြေပေါ်က ဖခင်က ကျွန်တော်ရဲ့ကိုယ်တော်လက္ခဏာနဲ့ ဘုရားသခင်ရဲ့အစီအစဥ်ကိုသိရှိရန်ဘယ်လိုဖော်ထုတ်ရမလဲသိဖို့ သင်ပေးခဲ့တာကိုဝေငှပါရစေ။
ကျွန်တော်အသက်၁၃နှစ်အရွယ်မှာ စနေနေ့မနက်ခင်းတစ်ခုမှာ၊ ကျွန်တော်ရဲ့အပတ်စဥ်အလုပ်အနေနဲ့ မြတ်ရိတ်နေခဲ့ပါတယ်။ ကျွန်တော်ပြီးတဲ့အခါမှာ၊ အိမ်အနောက်ဘက်ကတံခါးပိတ်သံကြားလိုက်ရပြီး ကျွန်တော်အဖေက သူ့ဆီလာဖို့ခေါ်နေတာကိုတွေ့လိုက်ပါတယ်။ ကျွန်တော်နောက်ဖေးဘက်က ဝရန်တာဆီလမ်းလျှောက်သွားပြီး၊ သူကလှေကားထစ်ပေါ်မှာသူနဲ့ထိုင်ဖို့ ခေါ်ပါတယ်။ အဲ့နေ့ကအရမ်းလှပတဲ့မနက်ခင်းဖြစ်ပါတယ်။ အဖေကကျွန်တော်နားမှာကပ်ထိုင်နေပြီး ကျွန်တော်တို့ပုခုံးတွေ ထိနေတာကိုကျွန်တော်အမှတ်ရပါသေးတယ်။ ကျွန်တော်ကိုသူချစ်ကြောင်းသူစပြောပါတယ်။ သူက ကျွန်တော်ရဲ့ဘဝပန်းတိုင်တွေကဘာတွေလဲလို့မေးပါတယ်။ ကျွန်တော်တွေးခဲ့တယ်၊ “ဒါလွယ်ပါတယ်။” ကျွန်တော် အရာနှစ်ခုကိုတော့သေချာသိပါတယ်၊ ကျွန်တော်ပိုပြီးအရပ်ရှည်ချင်တယ်၊ ပြီးတော့ စခန်းချခရီးထွက်တာပိုလုပ်ချင်တယ်။ ကျွန်တော်က ရိုးရှင်းတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူပြုံးတယ်၊ ခဏရပ်ပြီးတော့ပြောပါတယ်၊ “စတီ၊ အဖေ့အတွက်အရမ်းအရေးကြီးတဲ့အရာကို သားနဲ့ဝေငှချင်တယ်။ အဖေအခုပြောမှာကို ကောင်းကင်ဘုံရှင်အဘက သားရဲ့စိတ်နဲ့ ဝိညာဥ်မှာစွဲထင်နေအောင်မှတ်သားထားပေးဖို့ဆုတောင်းပါတယ်၊ ဒါမှသားဘယ်တော့မှမမေ့မှာ။”
ကျွန်တော်ရဲ့အာရုံစိုက်မှုကို အဲ့ဒီအချိန်မှာအဖေအပြည့်အဝရရှိသွားပါတယ်။ သူလှည့်ပြီး ကျွန်တော့်မျက်လုံးတွေကိုကြည့်ပြီးပြောပါတယ်၊ “သား၊ မင်းဘဝရဲ့ကိုယ်ပိုင်အချိန်တွေကို ကာကွယ်ပါ။” အဲ့ဒီအဓိပ္ပာယ်ကျွန်တော့်ရဲ့နှလုံးသားထဲနက်ရှိုင်းစွာရောက်သွားဖို့ သူ တော်တော်ကြာကြာရပ်ခဲ့ပါတယ်။
ပြီးတော့သူဆက်ပြောပါတယ်၊ “သားသိလား၊ ကိုယ့်အနားမှာဘယ်သူမှမရှိတဲ့အချိန်တွေ ပြီးတော့ ကိုယ်ဘာလုပ်နေတယ်ဆိုတာ ဘယ်သူမှမသိတဲ့အချိန်တွေပေါ့။ အဲ့ဒီအချိန်တွေမှာ သားထင်လိမ့်မယ်၊ ‘ငါဘာပဲလုပ်လုပ်၊ဘယ်သူကိုမှမထိခိုက်နိုင်ဘူး၊ ငါတစ်ယောက်တည်းပါပဲ’။”
ပြီးတော့သူပြောပါတယ်၊ “သားဘဝရဲ့တခြားအချိန်တွေထက်၊ ကိုယ်ပိုင်အချိန်တွေမှာဘာလုပ်တယ်ဆိုတာက အခက်အခဲတွေနဲ့ နာကျင်စရာတွေကြုံလာရတဲ့အခါ ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့အပေါ်မှာအကြီးဆုံးသက်ရောက်မှုရှိလာလိမ့်မယ်၊ ပြီးတော့ ကိုယ်ပိုင်အချိန်တွေမှာဘာလုပ်လည်းဆိုတာဟာ တခြားအချိန်တွေထက် ဘဝရဲ့အောင်မြင်မှုတွေနဲ့ဝမ်းမြောက်မှုတွေနဲ့ တွေ့ကြုံရတဲ့အခါမှာ ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့အပေါ်မှာ ပိုကြီးတဲ့ သက်ရောက်မှုရှိပါလိမ့်မယ်။”
သူ့နှလုံးသားကဆန္ဒကို ကျွန်တော့်အဖေ လက်ခံရရှိခဲ့ပါတယ်။ သူ့အသံနဲ့ အသံအနေအထား၊ သူ့စကားလုံးတွေထဲမှာခံစားရတဲ့ချစ်ခြင်း၊ တွေဟာ ကျွန်တော်ရဲ့စိတ်နဲ့ ဝိညာဥ်မှာယနေ့အထိစွဲမှတ်နေပါတယ်။
အဲ့ဒီနေ့ ကျွန်တော်ငယ်ဘဝအိမ်ရဲ့လှေကားထစ်တွေမှာဖြစ်ခဲ့တဲ့အကြီးမားဆုံးသောအံ့သြဖွယ်ကတော့၊ ကျွန်တော့်ဘဝရဲ့ကိုယ်ပိုင်အချိန်တွေမှာ၊ ဘုရားသခင်ထံသွားပြီး ဗျာဒိတ်တော်ရရှိဖို့ဆုတောင်းနိုင်တယ်ဆိုတာကို နှစ်များတစ်လျှောက်သင်ကြားခဲ့ပါတယ်။ ကျွန်တော့်အဖေက ဘုရားသခင်ရဲ့ ကြိုတင်ခန့်အပ်ခြင်းကောင်းချီးများကိုဘယ်လိုလေ့လာနိုင်လဲဆိုတာကို သင်ပေးခဲ့ပါတယ်။ ထိုကိုယ်ပိုင်အချိန်တွေမှာ၊ မော်မုန်ကျမ်းဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဆိုတာကို ကျွန်တော်သင်ယူခဲ့ရပါတယ်။ ကျွန်တော်သာသနာပြုထွက်ဖို့အတွက် ဘုရားသခင်က ကျွန်တော့်ကို ကြိုတင်ခန့်အပ်ခဲ့တယ်ဆိုတာ သင်ယူခဲ့ပါတတယ်။ ဘုရားသခင်က ကျွန်တော်ရဲ့ဆုတောင်းခြင်းတွေကို နားညောင်းတော်မူပြီး ဖြေတယ်ဆိုတာသင်ယူခဲ့ပါတယ်။ ယေရှုက ခရစ်တော်ဖြစ်တယ်၊ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်နဲ့ ရွေးနှုတ်ရှင်ဖြစ်တယ်ဆိုတာကိုသင်ယူခဲ့ပါတယ်။
ကျွန်တော့်အဖေနဲ့အဲ့ဒီအမှတ်တရနေ့ကတည်းက ကျွန်တော်အမှားများစွာလုပ်ခဲ့ပေမယ့်လည်း၊ ကျွန်တော့်ဘဝရဲ့ကိုယ်ပိုင်အချိန်တွေကို ကာကွယ်ဖို့ ကြိုးပမ်းခြင်းက ဘဝမုန်တိုင်းတွေကြားမှာကျောက်ဆူးတစ်ခုအဖြစ် ကျန်ရှိနေခဲ့ပြီး လုံခြုံသောနေရာနှင့် ကုသခြင်းတို့ကို ရှာဖွေနိုင်စေကာ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ရဲ့မေတ္တာနှင့် အပြစ်ဖြေရာယဇ်၏ ကောင်းချီးမင်္ဂလာများကို ခိုင်ခံ့စေခဲ့ပါတယ်။
ကျွန်တော်ရဲ့ ငယ်ရွယ်တဲ့ညီအကိုမောင်နှမများခင်ဗျာ၊ သင့်ဘဝရဲ့ကိုယ်ပိုင်အချိန်တွေကို ပြည့်ဝတဲ့အပန်းဖြေမှုတွေဖြစ်တဲ့၊ စိတ်အားမြှင့်တင်ပေးတဲ့တေးဂီတများနားထောင်ခြင်း၊ ကျမ်းစာများဖတ်ခြင်း၊ ပုံမှန်၊ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆုတောင်းခြင်း၊ အမျိုး၏အဘကောင်းချီးမင်္ဂလာများရရှိရန်ကြိုးစားခြင်းနဲ့ ထိုကောင်းချီးအား ဆင်ခြင်ခြင်းတို့နဲ့ ကာကွယ်ပါက၊ သင် ဗျာဒိတ်တော်ရရှိပါလိမ့်မယ်။ ဥက္ကဋ္ဌ နယ်လဆင်ရဲ့ စကားများထဲမှာပြောထားပါတယ်၊ သင့်ရဲ့မျက်လုံးတွေက “ဘဝရဲ့တကယ့်အမှန်တရားကိုသိဖို့ပွင့်လာ တဲ့ အချိန်ဟာ သင် ဘယ်လိုဘဝမျိုးမှာ ထာဝရနေချင်လဲဆိုတာကို ဆုံးဖြတ်ရမယ့်အချိန်ဖြစ်ပါတယ်။”
ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဘဘုရားခင်က သင့်ရဲ့ဆုတောင်းခြင်းတွေကိုဖြေကြားပါလိမ့်မယ်၊ အထူးသဖြင့်၊ သင့်ဘဝရဲ့ကိုယ်ပိုင်အချိန်တွေမှာဆပ်ကပ်တဲ့ ဆုတောင်းခြင်းတွေကိုပါ။ သူက သင့်ရဲ့ကြိုတင်ခန့်အပ်ထားခြင်းခံရတဲ့ ဆုကျေးဇူးတွေနဲ့စွမ်းရည်တွေကိုဖော်ပြပါလိမ့်မယ်၊ ပြီးတော့ သင်စစ်မှန်စွာမေးလျှောက်ပြီး အမှန်တကယ်သိချင်တဲ့ဆန္ဒရှိပါက၊ သူရဲ့ချစ်ခြင်းတွေသင့်အပေါ်လွှမ်းခြုံတာကိုခံစားရပါလိမ့်မယ်။ သင့်ဘဝရဲ့ကိုယ်ပိုင်အချိန်တွေကိုကာကွယ်တာနဲ့အမျှ၊ သင်ရဲ့ ဧဝံဂေလိတရားတော်ရဲ့ဘိသိတ်မင်္ဂလာနဲ့ ပဋိညာဥ်များမှာပါဝင်ခြင်းဟာ ပိုပြီးအဓိပ္ပာယ်ရှိလာပါလိမ့်မယ်။ ကိုယ်တော်နဲ့ပြုလုပ်တဲ့ပဋိညာဥ်တွေမှာ သင်ကိုယ်တိုင်ဘုရားသခင်နဲ့ ပိုပြီး ပြည့်စုံစွာချည်နှောင်နိုင်ပါလိမ့်မယ်၊ ပြီးတော့ ပိုကြီးမားသောမျှော်လင့်ခြင်း၊ ယုံကြည်ခြင်းနှင့် ကိုယ်တော်သင့်ကိုပေးခဲ့တဲ့ကတိတော်တွေမှာ ပိုစိတ်ချမှုရှိလာပါလိမ့်မယ်။ သင့်အတွက်ဘုရားသခင်ရဲ့အကြံအစဥ်တော်ကိုသိလိုပါသလား။ ကျွန်တော်သက်သေခံပါတယ်၊ ကိုယ်တော်က သင့်ကိုသိစေချင်ပါတယ်၊ သူ့ရဲ့ပုရောဖက်ကိုလှုံ့ဆော်ပြီး ကျွန်တော်တို့ အယောက်ချင်းစီကိုဆုတောင်းပြီး ကျွန်ုပ်တို့ကိုယ်တိုင်အတွက် မြင်သာတဲ့အတွေ့အကြုံတွေရရှိစေပါတယ်။ ကျွန်တော်တို့ကယ်တင်ရှင်ရဲ့စစ်မှန်ခြင်းနဲ့ မျှော်လင့်များဖြင့်နေထိုင်နိုင်ရန်ဖြစ်စေနိုင်ခြင်းနှင့် ကြိုတင်ခန့်အပ်ထားတဲ့ကောင်းချီးများကိုခံစားနိုင်စေတဲ့ အပြစ်ဖြေပေးဆပ်ခြင်းရဲ့တန်ခိုးတော်ကိုသက်သေခံပါတယ်၊ ယေရှုခရစ်တော်၏နာမတော်ဖြင့်အာမင်။