သင့်အားအိမ်တော်သို့ခေါ်ဆောင်လာရန် ကိုယ်တော်၏ရည်ရွယ်ချက်
ကိုယ်တော်ရှင်၏အစီအစဥ်အားလုံးသည် သူ၏ချစ်လှစွာသော သားသမီးများအား အိမ်တော်သို့ခေါ်ဆောင်လာရန်အတွက်သာပုံဖော်ထားခြင်းဖြစ်ပါတယ်။
ဥက္ကဋ္ဌ နယ်လဆင်မှတစ်ဆင့်၊ ကျွန်တော်ကို ကိုယ်တော်ရှင်ယေရှုခရစ်တော်၏ တမန်တော်တစ်ပါးအဖြစ်အမှုတော်ဆောင်ရန်ခေါ်ဆိုခဲ့ပါတယ်၊ ထိုခေါ်ဆိုခြင်းလုပ်ငန်းစဥ်မှာ လိုက်လျှောညီထွေစွာ စတင်လုပ်ဆောင်နိုင်ဖို့ သင်တို့ရဲ့ ဆုတောင်းခြင်းတွေအတွက် ကျေးဇူးတင်ကြောင်းဖော်ပြချင်ပါတယ်။ ဒီခေါ်ဆိုခြင်းခံရတာဟာ ဘယ်လောက်နှိမ့်ချမှုခံစားရနိုင်တယ်ဆိုတာ သင်စဥ်းစားကြည့်နိုင်ပါတယ်၊ ဒီအချိန်တွေမှာ ပြောင်းလဲမှုကြီးတွေဖြစ်ခဲ့ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်မိခဲ့ပါတယ်။ ကယ်တင်ရှင်ကို စွမ်းအားရှိသမျှနဲ့ အမှုတော်ဆောင်ပြီး သူ၏မျှော်လင့်ခြင်းရှိတဲ့ ဧဝံဂေလိတရားတော်၏သတင်းကောင်းကို ဝေငှရာမှာ သင်တို့နဲ့အတူလုပ်ဆောင်တာဟာ အမှန်တကယ်ပဲ ကြီးစွာသောဂုဏ်ယူဖွယ်တစ်ခုဖြစ်ပါတယ်။
ဒါ့အပြင်၊ တမန်တော်သစ်တိုင်းရဲ့နောက်မှာ အလွန်အံ့သြဖွယ်ကောင်းတဲ့ ယောက်ခမတစ်ယောက်ရှိတယ် လို့ပြောကြပါတယ်။ တကယ်ပြောခဲ့ကြတာလားဆိုတာတော့ ကျွန်တော်မသိပါဘူး၊ ဒါပေမယ့် အခုအခြေအနေအတွက်တော့၊ တကယ်ဖြစ်နိုင်ပါတယ်။ ကျွန်တော်ရဲ့ ယောက်ခမက ကျွန်တော်တို့နဲ့အတူ မရှိတော့ဘူးဆိုပေမယ့် သူ့ရဲ့ အံ့ဖွယ်ကောင်းခြင်းတွေက လျော့မသွားပါဘူးလို့ ကျွန်တော်ယူဆပါတယ်။
လွန်ခဲ့တဲ့လများစွာက၊ ကျွန်တော့်ဇနီးနဲ့ ကျွန်တော် အသင်းတော်တာဝန်တွေများစွာနဲ့ တခြားနိုင်ငံကိုရောက်ရှိနေတုန်း၊ တစ်မနက်မှာ ကျွန်တော်နိုးလာပြီး ဟိုတယ်ပြတင်းပေါက်ရဲ့အပြင်ဘက်ကို မှုန်ရီစွာကြည့်လိုက်ပါတယ်။ လူရှုပ်တဲ့ လမ်းရဲ့နောက်ပိုင်းမှာ၊ လမ်းပိတ်ထားတဲ့နေရာမှာ အနီးနားစခန်းက ရဲတစ်ယောက်နဲ့ပိတ်ထားပြီး ကားတွေအဲ့နေရာရောက်တာနဲ့ ပြန်လှည့်ကြရတာကိုကျွန်တော်တွေ့လိုက်ပါတယ်။ ပထမမှာတော့၊ ကားအနည်းငယ်လမ်းထဲမောင်းသွားပြီး ပြန်လှည့်လာခဲ့ကြပါတယ်။ ဒါပေမယ့် အချိန်ကြာလာတဲ့နဲ့အမျှ ယာဥ်ကြောပိတ်ဆို့မှုများလာပြီး၊ ကားတွေတန်းစီတာလည်းများလာပါတော့တယ်။
ရဲတစ်ဦးက သူ့ရဲ့လုပ်ပိုင်ခွင့်ကိုအပြည့်အဝ အသုံးချပြီးတော့ ယာဥ်ပိတ်ဆို့မှုတွေကိုတားဆီးဖို့နဲ့ လူတွေကိုပြန်လှည့်ခိုင်းတာ ကို အပေါ်ဘက် ပြတင်းပေါက်ကနေ၊ကျွန်တော်ကြည့်နေခဲ့ပါတယ်။ တကယ်တော့၊ ကားတစ်စီးဆီက ပိတ်ထားတဲ့နေရာကိုချဥ်းကပ်လာတဲ့အခါတိုင်း၊ သူသွက်သွက်လက်လက် စတင်လှုပ်ရှားနေတာက စိတ်အားထက်သန်စွာလုပ်ဆောင်နေပုံရပါတယ်။ ကားမောင်းတဲ့တစ်ဦးက လမ်းပိတ်ထားတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားရင်လည်း၊ ထိုရဲကတော့ ကူညီပေးမယ့်ပုံ၊ ကိုယ်ချင်းစာပုံမပေါ်ပါဘူး။ သူအကြိမ်ကြိမ်အခါခါ ခေါင်းခါပြပြီးတော့၊ ဆန့်ကျင်ဘက်လမ်းကိုပဲ ညွှန်ပေးပါတယ်။
ကျွန်တော့်ရဲ့မိတ်ဆွေများ၊ ထာဝရအိမ်တော်သို့ပြန်နိုင်မယ့် သေခြင်းရှိရာဘဝလမ်းမှာ ရှိနေကြတဲ့ ကျွန်တော့်ရဲ့မိတ်ဆွေ လိုက်လျှောက်ကြသူများခင်ဗျာ၊ ကျွန်တော်တို့ အဘရဲ့ လှပတဲ့အစီအစဥ်၊ သူ၏”အံ့ဖွယ်” အစီအစဥ်ဟာ၊ ကမ္ဘာအစဦးမှာထဲက သင့်ကိုအိမ်တော်ကိုခေါ်ဆောင်ဖို့ ပြင်ဆင်ခဲ့တာပါ၊ထားခဲ့ဖို့ မဟုတ်ပါဘူး။ ဘယ်သူကမှ လမ်းပိတ်ထားခြင်းမျိုးမလုပ်ထားပါဘူး၊ သင့်ကို အဝေးထွက်သွားစေဖို့ ပြန်လှည့်ခိုင်းမယ့်သူ ချထားမျိုးလည်းမရှိပါဘူး။ တကယ်တော့၊ အဲ့ဒါရဲ့ဆန့်ကျင်ဘက်ပါ။ ဘုရားသခင်က သင်နဲ့ ဆက်ဆံရေးရရှိဖို့အမြဲကြိုးစားနေတာပါ။ သူ့ရဲ့ “သားသမီးတွေ သူ့ထံပြန်လာဖို့ရွေးချယ်ဖို့အတွက် သူအလိုရှိပါတယ်၊” ပြီးတော့ ပြန်လာနိုင်ဖို့ သူ့မှာအစွမ်းရှိသမျှနဲ့ ကူညီပေးနေပါတယ်။
သင်နဲ့ ကျွန်တော့် အတွက် သေခြင်းရှိရာ၏ ပိုတိုးတက်ပြီးပိုကောင်းတဲ့အတွေ့အကြုံတွေရနိုင်ဖို့အတွက် အခွင့်အရေးတွေပေးခြင်းတွေဟာ ဒီကမ္ဘာမြေကိုဖန်တီးစဥ်ကတည်းက ကိုယ်တော်ကြိုမြင်ခဲ့တဲ့ သူ့ရဲ့ တိကျတဲ့ရည်ရည်ရွယ်ပဲဖြစ်ပါတယ်၊ ဘုရားသခင်ပေးထားတဲ့ သေခြင်းရှိရာရွေးချယ်ပိုင်ခွင့်တွေကို အသုံးပြုဖို့အခွင့်အရေးဟာသူ့ကိုရွေးချယ်ပြီး၊ လေ့လာရန်၊တိုးတက်ရန်၊ အမှားများပြုလုပ်ရန်၊ နောင်တရရန်၊ ဘုရားသခင်နှင့် မိမိနှင့်ဆက်စပ်သောသူများကိုချစ်ရန် နှင့် တစ်နေ့သူ့အိမ်ကိုပြန်သွားရန်တို့ပဲဖြစ်ပါတယ်။
ကိုယ်တော်က သူ၏မြင့်မြတ်တဲ့ ချစ်လှစွာသောသားတော်ကို လူသားတို့၏အတွေ့အကြုံပြည့်ဝစွာ နေထိုင်နိုင်ရန်၊သူ၏တခြားသားသမီးတွေအတွက် ဥပမာပြုနိုင်ရန်၊ အပြစ်ဖြေရန်နှင့် ရွေးနှုတ်ရန်အတွက် ဒီပြိုလဲနေတဲ့ကမ္ဘာကိုပို့ခဲ့ပါတယ်။ ခရစ်တော်ရဲ့ ကြီးမြတ်သောအပြစ်ဖြေခြင်းဆုကျေးဇူးဟာ ကျွန်တော်တို့ကိုထာဝရအိမ်တော်မှဝေးကွာစေမယ့် ရုပ်ပိုင်းဆိုင်ရာ နှင့် ဝိညာဥ်ပိုင်းဆိုင်ရာ ပိတ်ဆို့မှုတွေကိုဖယ်ရှားပေးပါတယ်။
ကိုယ်တော်ရှင်၏အစီအစဥ်အားလုံးသည် သူ၏ချစ်လှစွာသော သားသမီးများအား အိမ်တော်သို့ခေါ်ဆောင်လာရန်အတွက်သာပုံဖော်ထားခြင်းဖြစ်ပါတယ်။
ပြန်လည်ဆောင်ယူထားသောကျမ်းစာမှာ၊ ဒီအစီအစဥ်ကို ဘုရားသခင်၏တမန်တော်၊ ပုရောဖက်တွေက ဘယ်လိုခေါ်ပါသလဲ။ သူတို့က ဒါကို ရွေးနှုတ်ခြင်းအစီအစဥ်၊, ဂရုဏာအစီအစဥ်၊ ကြီးမြတ်တဲ့ပျော်ရွှင်ခြင်းအစီအစဥ်၊, နှင့် “ငါ၏တစ်ပါးတည်းသောသားတော်၏ အသွေးတော်အားဖြင့်” လူတို့အားလုံးအတွက် ကယ်တင်ခြင်းအစီအစဥ် လို့ခေါ်ပါတယ်။
အဘ၏ကြီးမြတ်တဲ့ပျော်ရွှင်ခြင်းအစီအစဥ်ရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ ဒီနေရာ၊ ယခုနှင့် ထာဝရများ၏ ပျော်ရွှင်ခြင်း အတွက်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပျော်ရွှင်ခြင်းကို ပိတ်ပင်ပြီး၊ စိုးရိမ်မှုနဲ့ကြောက်စိတ်များဖြစ်လာဖို့အတွက် မဟုတ်ပါဘူး။
အဘရဲ့ရွေးနှုတ်ခြင်းအစီအစဥ်ရဲ့ ရည်ရွယ်ချက်က အမှန်တကယ်ပင် ကျွန်တော်တို့ရဲ့ ရွေးနှုတ်ခြင်း ဖြစ်ပါတယ်၊ ယေရှုခရစ်တော်၏ ပေးဆပ်ခြင်းနှင့် သေခြင်းမှ ကျွန်တော်တို့ကယ်တင်ခံရပြီး၊ အပြစ်နှင့် သေခြင်းဒဏ်တို့မှ လွတ်မြောက်ရန်ဖြစ်ပါတယ်။ ကျွန်တော်တို့ရှိတဲ့အတိုင်းထားခဲ့ဖို့မဟုတ်ပါဘူး။
အဘ၏ ဂရုဏာတော်အစီအစဥ်ရဲ့ ရည်ရွယ်ချက်ဟာ ကျွန်တော်တို့သူ့ထံသို့ပြန်ပြီး ကိုယ်တော်အပေါ်သစ္စာရှိခြင်း၏ ပဋိညာဥ်များအပေါ်အလေးထားရာတွင် ဂရုဏာတော် ဖြည့်ကျက်ခြင်း ဖြစ်ပါတယ်။ ဂရုဏာတော်ကိုပယ်ချပြီး နာကျင်ခြင်းနဲ့ ဝမ်းနည်းခြင်းဒဏ်ရာများကို ခံစားဖို့မဟုတ်ပါဘူး။
ခမည်းတော်ရဲ့ ကယ်တင်ခြင်းအစီအစဥ်ဟာ အမှန်တကယ်ပင် ကျွန်တော်တို့ ကယ်တင်ခြင်း ဖြစ်ပါတယ်၊ ကျွန်တော်တို့ “ယေရှုရဲ့ သက်သေခံချက်” ကိုရရှိကြတာနဲ့အမျှ ဆီလက်ရှယ်လ်နိုင်ငံတော်ရဲ့ဘုန်းတန်ခိုးမှာရှိပြီး ကျွန်တော်တို့ရဲ့ ဝိညာဥ်အလုံးစုံအား ကိုယ်တော်ထံပေးဆက်ကပ်ခြင်းမှ ရရှိမှာဖြစ်ပါတယ်။ အဲ့ဒါဟာကျွန်တော်တို့ကိုချန်ထားခဲ့ဖို့မဟုတ်ပါဘူး။
ဒါဆို ကျွန်တော်တို့ဘဝနေထိုင်ပုံနဲ့ ပတ်သက်ပြီး ဘာအကျိုးသက်ရောက်မှုမှ မရှိဘူးလား။ ကျွန်တော်တို့ ရွေးချယ်ပိုင်ခွင့်ကို အသုံးပြုတဲ့နည်းလမ်းရွေးချယ်မှုတွေက အရေးမကြီးဘူးလား။ ဘုရားသခင်ရဲ့ ပညတ်တော်တွေကို ယူချင်ယူနိုင်သလို ထားခဲ့ချင်ရင်ထားခဲ့နိုင်ပါသလား။ အဲ့လို မဟုတ်ပါဘူးခင်ဗျာ။ သခင်ယေရှုရဲ့သေခြင်းရှိရာအမှုတော်ဆောင်ခြင်းမှာ အစဥ်အမြဲဖိတ်ခေါ်ချက်နဲ့ တောင်းဆိုခြင်းတစ်ခုဟာ ကျွန်တော်တို့ပြောင်းလဲပြီး နောင်တရကာ သူထံသို့လာရန်ဖြစ်တယ်ဆိုတာ သေချာပါတယ်။ သေခြင်းရှိရာဘဝတွင် ပိုမြင့်မားတဲ့စံနှုန်းများနှင့်နေထိုင်ရန် သူ၏သင်ကြားမှုတွေရဲ့ အခြေခံအဓိပ္ပာယ်သက်ရောက်ခြင်းဆိုတာ ကိုယ်ရေးကိုယ်တာတိုးတက်ခြင်းများရရှိရန်၊ ခရစ်တော်၌ယုံကြည်ခြင်းပြောင်းလဲရန်နှင့် စိတ်နှလုံး၌ကြီးစွာသောပြောင်းလဲခြင်းတို့ဖြစ်ပါတယ်။
ဘုရားသခင်က ကျွန်တော်တို့ရဲ့ တကိုယ်ကောင်းဆန်ပြီးမာနထောင်လွှားတဲ့ခွန်အားများကို မျှတစွာပြုမူတွေးခေါ်နိုင်ရန်၊ သဘာဝလူသားစိတ်ကိုပထုတ်ကာ၊၊ “သွားလော့၊ နောက်တဖန် ဒုစရိုက်ကိုမပြု” ကြဖို့ ကျွန်တော်တို့ကိုလိုလားပါတယ်။
အဘရဲ့ ဖန်ဆင်းတော်မှုတဲ့ အစီအစဥ်အားလုံးဟာကျွန်တော်တို့ကို ကယ်တင်ဖို့၊ ရွေးနှုတ်ဖို့၊ ဂရုဏာတော်ဆန့်တန်းဖို့နဲ့ ပျော်ရွှင်မှုဆောင်ယူလာပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေကို ယုံကြည်ပါက၊ ကြီးမြတ်သောအစီအစဥ်ကိုဆောင်ယူတော်မူလာတဲ့ သားတော်ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်ပါသလဲ။
သားတော်က သူကိုယ်တိုင်မိန့်ခဲ့ပါတယ်၊ “အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှါ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်သို့လိုက်ခြင်းငှါ ဆင်းသက်၏။”
သခင်ယေရှု၏အလိုဟာ ကြီးမြတ်တော်မူသောအဘ၏ အလိုတော်ပဲဖြစ်ပါတယ်။ ကိုယ်တော်က အဘ၏နောက်ဆုံးသားသမီးတစ်ဦးချင်းစီကို အစီအစဥ်ရဲ့အဆုံးသတ် ပန်းတိုင်ရရှိနိုင်ဖို့နဲ့ သူတို့နဲ့ ထာဝရအသက်ရရှိစေဖို့ ဖြစ်နိုင်စေရန်လုပ်ပေးချင်ပါတယ်။ ထိုမြင့်မြတ်သောအလားအလာမှာ ဘယ်သူကိုမှ ပယ်မထုတ်ထားပါဘူး။
သင်က ဘယ်တော့မှမလုံလောက်ဘူးဆိုတာ သို့မဟုတ် ခရစ်တော်ရဲ့ အနန္တအသက်သေခံပေးဆပ်ခြင်းက အားလုံးအပေါ် ဂရုဏာတော်ပြည့်စွာ သက်ရောက်မှုရှိနေပြီး သင့်အပေါ်မှာမရှိဘူးလို့ စိတ်ပူနေတယ်ဆိုရင်၊ သင်နားလည်မှုလွဲနေတာပါ။ အနန္တ ဆိုတာ ထာဝရပါ။ အနန္တ က သင်နဲ့ သင်ချစ်ရတဲ့သူတွေကို သက်ရောက်မှုရှိပါတယ်။
နီဖိုင်းက ဤလှပတဲ့သမ္မာတရားကိုရှင်းပြခဲ့ပါတယ်၊ “လောကီသားတို့၏ အကျိုးအတွက်မှတစ်ပါး၊ အဘယ်အရာကိုမျှ သူပြုတော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသောလူသားတို့ကို သူ့ထံသို့ ဆွဲ၍ခေါ်နိုင်ခြင်းငှာ၊ သူ၏အသက်ကိုစွန့်တော်မူ၍ပင်၊ ချစ်တော်မူ၏။ သို့ဖြစ်၍၊ သူ၏ကယ်တင်ခြင်းကိုမခံယူစေကြောင်း၊ အဘယ်သူကိုမျှ မိန့်တော်မမူ။”
ကယ်တင်ရှင်၊ သိုးထိန်းကောင်းဟာ၊ သူ့ရဲ့ ပျောက်ဆုံးနေတဲ့သိုးတွေကို ပြန်ရှာတွေ့သည်အထိ ရှာဖွေတော်မူပါတယ်။ ကိုယ်တော်ဟာ “မည်သူတစ်ဦးတစ်ယောက်ကိုမှ ပျက်စီးရန်သူအလိုမရှိပါဘူး။”
“ရှုလော့၊ ငါ၏ကရုဏာတော်လက်ရုံးသည် သင်တို့ဆီသို့ ဆန့်တန်း၏၊ လာမည့်သူမှန်သမျှကို ငါလက်ခံတော်မူမည်။”
“သင်တို့၌ ဖျားနာသောသူတစ်စုံတစ်ဦးရှိသလော။ ထိုသူတို့ကို ဤအရပ်သို့ဆောင်ယူခဲ့ကြလော့။ သင်တို့၌ ခြေမစွမ်းသောသူ၊ သို့မဟုတ် မျက်စိကန်းသောသူ၊ သို့မဟုတ် ခြေဆွံသောသူ၊ သို့မဟုတ် အင်္ဂါ ချို့တဲ့သောသူ၊ သို့မဟုတ် နူသောသူ၊ သို့မဟုတ် ကိုယ်ပိန်ခြောက်သောသူ၊ သို့မဟုတ် နားပင်းသောသူ၊ ဒုက္ခအမျိုးမျိုးရောက်သောသူ တစ်စုံတစ်ဦးရှိသလော။ ထိုသူတို့ကို ဤအရပ်သို့ဆောင်ခဲ့ကြလော့။ ငါသည်သူတို့ကိုအနာကင်းစေမည်။”
ကိုယ်တော်သည် သွေးသွန်အနာစွဲသောအမျိုးသမီးကို မနှင်ထုတ်ခဲ့ပါဘူး၊ နူနာစွဲသောသူကို မတွန့်ဆုတ်ခဲ့ပါဘူး၊ မှားယွင်းသောအမှုကိုပြုလုပ်သောမိန်းမကို မပစ်ပယ်ခဲ့ပါဘူး၊ သူတို့ရဲ့အပြစ်တွေဘယ်လိုပဲရှိပါစေ—နောင်တရသောသူကို မပစ်ပယ်ခဲ့ပါဘူး။ ကိုယ်တော်ဟာ သူထံသို့ ကြေကွဲသောနှလုံးသားနှင့်ကျိုးပဲ့သောစိတ် ကို သယ်ယူလာတဲ့ သင်နဲ့ သင်ချစ်ရတဲ့သူတွေကိုလည်း ပစ်ပယ်မှာမဟုတ်ပါဘူး။ ဒါဟာ ကိုယ်တော်ရဲ့ ရည်ရွယ်ချက် သို့မဟုတ် ဖန်တီးထားခြင်း မဟုတ် ပါဘူး၊ သူ့ရဲ့အစီအစဥ်၊ ရည်မှန်းမှု၊ ဆန္ဒနဲ့ မျှော်လင့်ချက်မဟုတ်ပါဘူး။
မဟုတ်ပါဘူး၊ သူက လမ်းပိတ်ခြင်းနဲ့ အတားအဆီးတွေကိုမပြုလုပ်ထားပါဘူး၊ ပယ်ရှားပေးတဲ့သူပါ။ သင့်ကို ကိုယ်တော်က ဖယ်မထုတ်ထားဘူး၊ ကြိုဆိုတဲ့သူပါ။ သူ့ရဲ့ အမှုတော်ဆောင်ခြင်းတစ်ခုလုံးက ဒီရည်ရွယ်ချက်ကို သက်ရှင်ကြေညာခြင်းပဲဖြစ်ပါတယ်။
ပြီးတော့ ကိုယ်တော့်ရဲ့ အပြစ်ဖြေပေးဆပ်ခြင်းလည်းသက်သက်ရှိပါတယ်၊ ဒါကို ကျွန်တော်တို့ရဲ့ သေခြင်းရှိရာစွမ်းရည်ကိုကျော်လွန်ပြီး သဘောပေါက်ဖို့ ခက်ခဲပါလိမ့်မယ်။ သို့သော်၊ ဒီ “ဒါပေမယ့်” ဆိုတာကအရေးကြီးပါတယ်၊ ကျွန်တော်တို့ သူ့ရဲ့ မြင့်မြတ်ပြီး၊ ကယ်တင်ခြင်းရည်ရွယ်တဲ့ အပြစ်ဖြေပေးဆပ်ခြင်းကို နားလည်ပါတယ်၊ သဘောပေါက်နိုင်ပါတယ်။
သခင်ယေရှု လက်ဝါးကပ်တိုင်ပေါ်မှာသေခဲ့တဲ့အခါမှာ၊ ဗိမာန်တော်၏ကန့်လန့်ကာဟာ စုတ်ကွဲခဲ့ပါတယ်၊ ဒါဟာ ကိုယ်တော့်ထံသို့ပြန်လာသူများအားလုံး၊ ယုံကြည်သူများ၊ ဝန်များကိုကိုယ်တော့်ပေါ်ပေးသူများနှင့် သူရဲ့ဝန်ကို ပဋိညာဥ်ဆက်သွယ်ခြင်းဖြင့် ဆောင်ယူထားသော သူများအား ပွင့်လင်းစွာကြိုဆိုနေတဲ့အဘဘုရားရဲ့ တည်ရှိခြင်းကိုပြန်လည်ရှရှိကြောင်းသင်္ကေတဖြစ်ပါတယ်။
တစ်နည်းအားဖြင့်ပြောရလျှင်၊ အဘဘုရားရဲ့ အစီအစဥ်ဟာ လမ်းပိတ်ထားတာမဟုတ်ပါဘူး။ ဒါဘယ်တော့မှမရှိခဲ့ပါဘူး၊ နောက်လည်းရှိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့လုပ်ရမယ့်အရာတွေ၊ စောင့်ထိန်းရမယ့် ပညတ်တော်တွေ နဲ့ ပြောင်းလဲရမယ့် ကျွန်တော်တို့သဘာဝတရားတွေ ရှိပါသလား။ ရှိပါတယ်။ သို့သော်၊ သူ့ရဲ့ ကျေးဇူးတော်နဲ့၊ ဒီအရာတွေဟာ ကျွန်တော်တို့လုပ်နိုင်နဲ့နေရာအတွင်းမှာရှိနေပါတယ်၊ ကျွန်တော်တို့ ဆုပ်ကိုင်နိုင်တာထက် မကျော်လွန်ပါဘူး။
ဒါဟာ ကောင်းမြတ်တဲ့ သတင်းဖြစ်ပါတယ်။ ကျွန်တော် ဒီရိုးရှင်းတဲ့ သမ္မာတရားတွေကိုပြောမပြနိုင်လောက်အောင် ကျေးဇူးတော်ချီးမွမ်းပါတယ်။ အဘရဲ့ ဖန်တီးမှု၊ သူ့ရဲ့အစီအစဥ်၊ ရည်ရွယ်ချက်၊ မျှော်မှန်းချက်၊ အလိုတော်နဲ့ မျှော်လင့်ခြင်းတွေအားလုံးဟာ သင့်ကို ကုသဖို့၊ သင့်ကိုငြိမ်းချမ်းခြင်းပေးဖို့ နဲ့ အိမ်တော်သို့ခေါ်ဆောင်ဖို့ဖြစ်ပါတယ်။ ဤအကြောင်းအရာတွေကို ကိုယ်တော်၏သားတော်၊ ယေရှုခရစ်တော်၏နာမဖြင့် သက်သေခံပါတယ်၊အာမင်။