ပို၍ကြီးမြတ်သောဝမ်းမြောက်ခြင်း
ကျွန်တော်တို့ရဲ့ ဘဝတွေကို ကောင်းကင်ဘုံရှင်အဘနှင့် သူ၏ချစ်လှစွာသောသားတို့ကို ပေးအပ်ခြင်းအားဖြင့်ရရှိတဲ့ ကြီးမြတ်သောဝမ်းမြောက်ခြင်းကိုရှာဖွေကြရအောင်လားခင်ဗျာ။
ကျွန်တော် အထွေထွေညီလာခံမှာဟောပြောခွင့်ရတဲ့ကောင်းချီးကိုရရှိတာ အခုဆိုရင်ဆယ်စုနှစ်သုံးခုရှိပါပြီ။ အဲ့ဒီအချိန်တွေအတွင်းမှာ၊ ဒီသတင်းစကားတွေနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့လူအများက ကျွန်တော်ကိုမေးခွန်းတွေအများကြီးမေးကြပါတယ်။ မကြာသေးခင်က၊ ဒီမေးခွန်းတစ်ခုကဆက်တိုက်ပေါ်ထွက်နေပါတယ်။ ပုံမှန်ဆိုရင်ဒီလိုမျိုးပြောကြတယ်၊ “အသင်းလူကြီး ဥဒေါ့ဖ်၊ ကျွန်တော်က သင်ရဲ့ နောက်ဆုံးဟောပြောချက်ကိုသေချာနားထောင်ပါတယ်၊ ဒါပေမယ့် လေယာဥ်မောင်းတဲ့အကြောင်းဘာမှမကြားခဲ့ရပါဘူး။”
ဒီနေ့ပြီးရင်တော့၊ ကျွန်တော် ဒီမေးခွန်းကိုအကြာကြီးထပ်ကြားရလိမ့်မှာမဟုတ်လောက်ပါဘူး။
“ကြည်နူးရွှင်မြူး နေရောင်-ခွဲဖြာ တိမ်လွှာလေးတွေ”ပေါ်မှာဖြစ်ပါတယ်။
ဝဲလ်ဗာနှင့် အော်ဗဲလ် ရိုက်ဒ်တို့ ပထမဆုံးပျံတက်ပြီး ကစ်တီ ဟော့ခ်၊ နော့သ် ကယ်လိုလိုင်းနားရဲ့ သဲပြင်ပေါ်မှာပျံသန်းခဲ့တာလွန်ခဲ့တဲ့ နှစ်၁၂၀ကျော်လောက်ကပဲရှိသေးတယ်ဆိုတာ ယုံဖို့ခက်ခဲပါတယ်။ ထို ဒီဇင်ဘာလက တိုတောင်းတဲ့ လေကြောင်းခရီးစဉ်လေးခုဟာကမ္ဘာကြီးကို ပြောင်းလဲစေပြီး ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံး တီထွင်မှုတစ်ခုဆီကိုတံခါးဖွင့်ပေးခဲ့ပါတယ်။
အဲ့ဒီအစောပိုင်းကာလတွေမှာပျံသန်းရတာက အန္တရာယ်များပါတယ်။ ဒါကိုအဲ့ဒီညီအကိုတွေသိခဲ့ပါတယ်။ သူတို့ရဲ့အဖေ၊ မယ်လ်တန် လည်းသိခဲ့ပါတယ်။ တကယ်တော့၊ သူရဲ့သားနှစ်ယောက်လုံးကိုလေယာဥ်မတော်တဆမှုမှာဆုံးရှုံးရမှာကို သူအရမ်းကြောက်ခဲ့လို့၊ သားတွေကသူတို့ဘယ်တော့မှ အတူတူမပျံသန်းဘူးလို့ကတိပေးခဲ့ကြပါတယ်။
သူတို့ဘယ်တော့မှမလုပ်ခဲ့ကြပါဘူး၊ တစ်ခါကလွဲရင်ပေါ့။ ကစ်တီ ဟော့ခ်မှာဖြစ်ခဲ့တဲ့ အဲ့ဒီသမိုင်းဝင်နေ့ရက်ပြီးခုနှစ်နှစ်အကြာမှာ၊ မယ်လ်တန် ရိုက်ဒ်က နောက်ဆုံးမှာ ဝဲလ်ဗာနှင့် အော်ဗဲလ်ကိုအတူတူပျံသန်းခွင့်ပေးပြီးတော့ သူကြည့်ခဲ့ပါတယ်။ ဆင်းသက်ပြီးနောက်မှာတော့၊ အော်ဗဲလ် သူ့အဖေကိုသူ့ရဲ့ပထမဆုံးနဲ့ တစ်ခုတည်းသောလေယာဥ် ကိုစီးကြည့်ဖို့နဲ့ ဘယ်လိုမျိုးလဲဆိုတာသူကိုယ်တိုင်သိဖို့ ဖျောင်းဖျပါတယ်။
မြေပြင်ကနေ လေယာဥ်ပျံတက်လာတာနဲ့၊ အသက် ၈၂နှစ်ရှိတဲ့ မယ်လ်တန်ဟာ လေယာဥ်ပျံသန်းမှုမှာစိတ်လှုပ်ရှားပြီး ကြောက်ရွံ့စိတ်တွေမရှိတော့ပါဘူး။ သူ့အဖေ ပျော်ရွှင်ပြီး “ထပ်မြင့်ဦး၊ အောဗဲလ်၊ ထပ်မြင့်ဦး” လို့ပြောတာကို အောဗဲလ် ဝမ်းမြောက်ခဲ့ပါတယ်။
သူက ကျွန်တော့်လိုပဲခံစားခဲ့ရတာပါ။
ရံဖန်ရံခါ လေယာဥ်အကြောင်း ကျွန်တော်ပြောရတဲ့ အကြောင်းရင်းက ရိုက်ဒ်ရဲ့ ခံစားမှုလိုမျိုး တစ်ခုခုကိုသိနေလို့ပါပဲ။ ကျွန်တော်လည်း၊ “ကမ္ဘာမြေရဲ့ဆွဲငင်အားတွေကိုကျော်လွှားပြီး၊ ပျော်မြူးငွေရောင်တောင်ပံတွေကြားမှာကခုန်” ခဲ့ပါတယ်။
ကျွန်တော်မမွေးဖွားမီ၃၇ နှစ်လောက်မှာဖြစ်ခဲ့တဲ့ ရိုက်ဒ်ညီအကိုတွေရဲ့ပထမဆုံးလေယာဥ်က၊ စွန့်စားမှု၊အံ့သြမှု၊ စစ်မှန်တဲ့ဝမ်းမြောက်ခြင်းတံခါးတွေကို ကျွန်တော့်ဘဝထဲမှာဖွင့်ပေးခဲ့ပါတယ်။
အဲ့ဒီဝမ်းမြောက်မှုကအလွန်အံ့ဩဖို့ကောင်းသလို၊ အဲ့ဒါကပိုကြီးမြတ်တဲ့ဝမ်းမြောက်ခြင်းလည်းရှိပါတယ်။ ဒီနေ့၊ မယ်လ်တန် ရိုက်ဒ်ရဲ့ဝိညာဥ်က ကြည်နူးစွာ၊ “ထပ်မြင့်ဦး၊ အောဗဲလ်၊ ထပ်မြင့်ဦး” လို့ပြောခဲ့သလိုပဲ၊ ကျွန်တော်ပိုကြီးမြတ်တဲ့ဝမ်းမြောက်ခြင်းအကြောင်းပြောချင်ပါတယ်၊ အဲ့ဒါဟာ ဘယ်ကလာတယ်၊ ကျွန်တော်တို့နှလုံးသားထဲကို ဘယ်လိုရောက်တယ်၊ ပြီးတော့ အဲ့ဒါကို ကျွန်တော်တို့ဘယ်လို ပိုတွေ့ကြုံနိုင်မလဲဆိုတဲ့ အကြောင်းပါ။
လူသားဖြစ်တည်ခြင်း၏ရည်ရွယ်ချက်တစ်ခုလုံး
လူတိုင်းပျော်ရွှင်ချင်ကြတယ်ဆိုတာ ပြောစရာမလိုပါဘူး။ သို့သော်၊ လူတိုင်းမပျော်နိုင်ကြဘူးဆိုတာလည်း ပြောဖို့မလိုလောက်ပါဘူး။ ဝမ်းနည်းစွာပဲ၊ လူများစွာအတွက်၊ ပျော်ရွှင်ခြင်းကိုရှာရတာ ခက်ပုံပေါ်ပါတယ်။
အဲ့ဒါဘာကြောင့်ပါလဲ။ ပျော်ရွှင်မှုက ကျွန်တော်တို့ လူသားတိုင်းအလိုအရှိဆုံးအရာဆိုရင်၊ ဒါကိုရှာဖွေတဲ့အခါဘာကြောင့်မအောင်မြင်နိုင်ကြတာပါလဲ။ ကန်းထရီး သီချင်းတစ်ပုဒ်ကိုကူးယူပြောရရင်၊ ကျွန်တော်တို့က ဝမ်းမြောက်ခြင်းကိုနေရာအလွဲတွေမှာရှာနေကြတာဖြစ်နိုင်ပါတယ်။
ပျော်ရွှင်ခြင်းကိုဘယ်မှာရှာဖွေနိုင်မလဲ။
ဝမ်းမြောက်ခြင်းကို ဘယ်လိုရှာဖွေရမလဲ မဆွေးနွေးခင်၊ စိတ်ဓာတ်ကျခြင်းနှင့် အခြားခက်ခဲသောစိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှု စိန်ခေါ်မှုတွေဟာအမှန်တကယ်ဖြစ်ကြောင်း အသိအမှတ်ပြုခွင့်ပြုပါ၊ အဖြေက “ပိုပျော်အောင်ကြိုးစားနေပါ” လို့ပြောတာလောက်မရိုးရှင်းပါဘူး။ ဒီနေ့ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က စိတ်ကျန်းမာရေးပြသာနာတွေကို သေးငယ်အောင်လုပ်တာ သို့မဟုတ် အရေးမထားတာမဟုတ်ပါဘူး။ သင်မှာဒီလိုအခက်အခဲတွေ ရင်ဆိုင်နေရမယ်ဆိုရင်၊ သင့်ဘေးမှာ ကျွန်တော်ရပ်ပြီး သူနဲ့အတူတူနာကျင်ရပါတယ်။ တချို့လူတွေအတွက်၊ ဝမ်းမြောက်ခြင်းရှာဖွေခြင်းမှာ ကုထုံးတွေလေ့ကျင့်မှုအပေါ်မှာ သူတို့ရဲ့ဘဝတွေကို မြှုပ်နှံထားတဲ့ စိတ်ကျန်းမာရေးဆိုင်ရာအတတ်ပညာရှင်တွေဆီက အကူအညီရယူတာ ပါဝင်နိုင်ပါတယ်။ အဲ့ဒီလိုအကူအညီတွေအတွက် ကျွန်တော်တို့ကျေးဇူးတင်သင့်ပါတယ်။
ဘဝဆိုတာ စိတ်ခံစားကောင်းမှုတွေပဲအစဥ်မပြတ်ရှိနေတဲ့အရာမဟုတ်ပါဘူး “အကြောင်းမူကား၊အရာရာ၌ဆန့်ကျင်ဘက်ရှိရပေမည်။” ကျမ်းစာတွေထဲမှာသူအတည်ပြုထားသလိုပါပဲ၊ ဘုရားကိုယ်တိုင်တောင်ဝမ်းနည်းမှုရှိတယ်ဆိုရင်၊ ကျွန်တော်ရော သင်ရော ဝမ်းနည်းမှုရှိမှာပါပဲ။ ဝမ်းနည်းမှုကိုခံစားရခြင်းက ကျရှုံးခြင်းရဲ့လက္ခဏာမဟုတ်ပါဘူး။ အနည်းဆုံး၊ ဒီဘဝမှာ၊ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ဟာ ခွဲထားလို့မရတဲ့ အဖော်တွေပဲဖြစ်ပါတယ်။ သင်တို့အားလုံးလိုပါပဲ၊ ကျွန်တော်လည်း စိတ်ပျက်ခြင်း၊ ပူဆွေးခြင်း၊ ဝမ်းနည်းခြင်းနှင့် နောင်တတွေကိုခံစားခဲ့ရပါတယ်။
သို့သော်လည်း၊ သိမ်းထားလို့ မရလောက်အောင်ကို စိတ်ဝိညာဥ်ကိုဝမ်းမြောက်ခြင်းတွေပြည့်စေတဲ့ လှပတဲ့အရုဏ်ဦးကိုလည်းကျွန်တော်ကိုယ်တိုင် ခံစားဖူးတယ်။ ဒီငြိမ်းချမ်းမှုရှိတဲ့ တည်ငြိမ်ခြင်းတွေက ကယ်တင်ရှင်နဲ့ သူ့ရဲ့လမ်းကို လိုက်လျှောက်ခြင်းအားဖြင့် ရလာတယ် ဆိုတာကိုကျွန်တော် ကိုယ်တိုင်ရှာဖွေခဲ့ရပါတယ်။
သူကျွန်တော်တို့ကိုပေးတဲ့ ငြိမ်းချမ်းခြင်းက လောက ကပေးတာနဲ့မတူပါဘူး။ အဲ့ဒါပိုကောင်းပါတယ်။ ပိုကြီးမြတ်ပြီး မြင့်မြတ်ပါတယ်။ သခင်ယေရှုကမိန့်ခဲ့ပါတယ်၊ “သူတို့အသက်နှင့် ပြည့်စုံစေခြင်းငှာ လာသတည်း။”
ယေရှုခရစ်တော်၏ ဧဝံဂေလိတရားဟာ အမှန်တကယ်ပင် ”ဝမ်းမြောက်ဝမ်းသာစရာသတင်း” ဖြစ်ပါတယ်။ ဒါဟာ တုနှိုင်းမဲ့မျှော်လင့်ချက်၏ သတင်းစကားဖြစ်ပါတယ်။ ထမ်းပိုးထမ်းခြင်းနှင့် ဝန်ကူသယ်ပေးခြင်း သတင်းစကားဖြစ်ပါတယ်။ မြင့်မြတ်သောစုရုံးခြင်းဖြစ်ပါတယ်။ ကောင်းကင်၏ကူညီပေးမှုအရ၊ ပိုမြင့်မားသောနားလည်ခြင်း၊ ပိုမြင့်မြတ်သော ပဋိညာဥ်များ၊ ထာဝရလုံခြုံခြင်းနှင့် တည်တံ့သောဘုန်းသရေဖြစ်ပါတယ်။
ဝမ်းမြောက်ခြင်းက ဘုရားသခင်ရဲ့အစီအစဥ်မှာ သူ့ရဲ့သားသမီးတွေအတွက်အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။ သင့်ကို—“ဝမ်းမြောက်ခြင်းရှိနိုင်စေခြင်းငှာ” ဖန်ဆင်းခဲ့တယ်ဆိုရင်၊ သင်ဟာ အဲ့ဒါအတွက်တည်ဆောက်ခြင်းခံခဲ့ရတာပါ။
ပျော်ရွှင်ခြင်းရဲ့လမ်းကြောင်းကို ကျွန်တော်တို့ကောင်းကင်ဘုံရှင်ဘုရားသခင်ကမကွယ်ထားပါဘူး။ အဲ့ဒါဟာ လျှို့ဝှက်ချက်မဟုတ်ပါဘူး။ လူတိုင်းအတွက်ရနိုင်ပါတယ်။
တပည့်တော်လမ်းကြောင်းကိုလျှောက်ကြသူများ၊ ကယ်တင်ရှင်ရဲ့ ဥပမာနဲ့သင်ကြားမှုများကိုလိုက်လျှောက်ကြသူများ၊ ကိုယ်တော်၏ ပညတ်တော်များကိုစောင့်ထိန်းပြီး၊ သူနှင့်ပြုထားသော ပဋိညာဥ်များကိုလေးစားကြသူများအတွက် ကတိပေးထားခြင်းဖြစ်ပါတယ်။ တကယ့်ကောင်းမြတ်တဲ့ကတိတော်ပါပဲ။
ဘုရားသခင်မှာ ပို၍ပေးစရာများရှိပါတယ်
ပျော်ရွှင်ဖို့ဘုရားသခင်ကိုမလိုဘူး၊ ဘာသာရေးမရှိဘဲပျော်ရွှင်နိုင်လို့ ပြောတဲ့သူတွေကိုကျွန်တော်တို့ သိကြပါတယ်။
အဲ့ဒီလို ခံစားချက်တွေကို ကျွန်တော်လေးစားပြီး အသိအမှတ်ပြုပါတယ်။ ကောင်းကင်ဘုံရှင်အဘဟာ သူ့ရဲ့သားသမီးတွေအားလုံးကို ပျော်ရွှင်မှုတွေတတ်နိုင်သလောက် ရရှိစေချင်ပါတယ်၊ ဒါကြောင့် ဒီကမ္ဘာကို လှပခြင်း၊ ပြီးပြည့်စုံတဲ့နှစ်လိုဖွယ်တွေနဲ့ ကြည်နူးခြင်းများကို၊ “မျက်စိကိုနှစ်သက်စေဖို့နှင့် စိတ်နှလုံးကိုဝမ်းသာစေဖို့” သူဖြည့်စည်းခဲ့ပါတယ်။ ကျွန်တော့်အတွက်ကတော့ ပျံသန်းခြင်းက ပျော်ရွှင်မှုကို ပေးစွမ်းပါတယ်။ တခြားသူတွေအတွက်တော့ ဂီတ၊ အနုပညာ၊ ဝါသနာ သို့မဟုတ် သဘာဝတရားတို့မှာရှာဖွေကြပါတယ်။
ကယ်တင်ရှင်ရဲ့ဝမ်းမြောက်ဖွယ်သတင်းကောင်းကို ဝေငှတဲ့အခါ၊ ကျွန်တော်တို့က အဲ့ဒီ ဝမ်းမြောက်ခြင်းရင်းမြစ်တွေကို လျှော့လိုက်တာမဟုတ်ပါဘူး။ ဘုရားသခင်က တစ်ခုခုပိုပေးနိုင်တယ်ဆိုတာကိုပဲ ကျွန်တော်တို့ ရိုးရှင်းစွာပြောတာဖြစ်ပါတယ်။ ပိုကြီးမြတ်လေးနက်သောပျော်ရွှင်မှု—ဤကမ္ဘာက ပေးစွမ်းနိုင်တာထက်ကျော်လွန်တဲ့ဝမ်းမြောက်ခြင်းတစ်ခု ဖြစ်ပါတယ်။ အဲ့ဒါက ကြေကွဲရခြင်းတွေကို ခံနိုင်ရည်ရှိမှု၊ ဝမ်းနည်းခြင်းတွေကို ထိုးဖောက်နိုင်စွမ်းနဲ့ အထီးကျန်ခြင်းတွေကို လျော့ပါးလာစေမယ့် ဝမ်းမြောက်ခြင်းဖြစ်ပါတယ်။
ဆန့်ကျင်ဘက်အားဖြင့်၊ လောကီပျော်ရွှင်မှုဟာ မတည်မြဲပါဘူး။ မတည်မြဲနိုင်ပါဘူး။ အိုမင်း၊ ယိုယွမ်း၊ ဟောင်းနွမ်းခြင်း သို့မဟုတ် ပျက်သုဥ်းခြင်းတွေဖြစ်လာတာဟာ လောကအရာတွေရဲ့သဘာဝပါပဲ။ သို့သော် ဘုရားသခင်ဟာ ထာဝရဖြစ်တာကြောင့် ကိုယ်တော်ထံဝမ်းမြောက်မှုဟာ ထာဝရဖြစ်ပါတယ်။ ယေရှုခရစ်တော်က ကျွန်တော်တို့ကို ရုပ်ပိုင်းဆိုင်ရာအကျိုးဆက်များမှ ကျော်လွှားနိုင်ဖို့လာခဲ့ပြီး၊ ပျက်စီးမှုများကို မပျက်စီးမှုများနှင့် အစားထိုးခဲ့ပါတယ်။ သူတစ်ဦးတည်းသာအဲ့ဒီ တန်ခိုးရှိပါတယ်၊ သူ့ရဲ့ဝမ်းမြောက်ခြင်းကသာ ထာဝရဖြစ်ပါတယ်။
သင့်ဘဝမှာ ထိုကဲ့သို့ပျော်ရွှင်မှု မျိုးထပ်မံရှိနိုင်တယ်လို့ခံစားရပါက၊ ယေရှုခရစ်တော်နှင့်ကိုယ်တော်၏ လမ်းစဉ်ကို လိုက်လျှောက်ဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ဒါဟာ ဘဝတစ်လျှောက်လုံးနဲ့ ကျော်လွန်စွာပြုရမယ့် ခရီးစဥ်ပဲဖြစ်ပါတယ်။ စစ်မှန်တဲ့ဝမ်းမြောက်ခြင်းကိုရှာဖွေရာ ထိုက်တန်ခြင်းရှိတဲ့ ဒီခရီးစဥ်ကို စတင်ဖို့ အချက်အနည်းငယ်ကို ကျွန်တော်အကြုံပြုပါရစေ။
ဘုရားသခင်းရဲ့ အနီးကိုချဥ်းကပ်ပါ
သွေးထွက်ခြင်းနာမကျမ်းမှုကို ၁၂နှစ်ကြာခံစားခဲ့ရတဲ့ ဓမ္မသစ်ကျမ်းက အမျိုးသမီးကိုမှတ်မိပါသလား။ သူ့မှာရှိသမျှကို ဆရာဝန်တွေဆီမှာ အကုန်ခံခဲ့ပေမယ့်လည်း အားလုံးကပိုဆိုးလာခဲ့ပါတယ်။ သူမက သခင်ယေရှုအကြောင်းကြားခဲ့ပါတယ်၊ သူ့ရဲ့ကုသခြင်းတွေက လူသိများပါတယ်။ ဒါပေမယ့်၊ သူမကို ဘယ်လိုကုသမှာလဲ။ သူ့အနားရောက်အောင်တောင် သူမ ဘယ်လိုသွားမလဲ။ မောရှေရဲ့ ဥပဒေအရ သူမရဲ့ နာမကျမ်းမှုက သူမကို “မစင်ကြယ်“ခဲ့ပါဘူး၊ ဒါကြောင့် တခြားသူတွေရဲ့အဝေးမှာနေဖို့ လိုအပ်ခဲ့ပါတယ်။
သူ့ထံကိုပွင့်လင်းစွာ ချဥ်းကပ်ပြီး၊ ကုသပေးဖို့တောင်းဆိုဖို့က ဖြစ်နိုင်ပုံမပေါ်ပါဘူး။
သို့သော်လည်း၊ သူမထင်ခဲ့ပါတယ်၊ “ငါသည် အဝတ်တော်ကိုသာထိလျှင် ချမ်းသာရမည်။“
နောက်ဆုံးမှာ၊ သူမရဲ့ ယုံကြည်ခြင်းက ကြောက်ရွံ့ခြင်းကိုလွှမ်းမိုးခဲ့ပါတယ်။ တခြားသူတွေရဲ့ ပြစ်တင်ဝေဖန်ခြင်းကို ကျော်လွှန်ပြီး ကယ်တင်ရှင်ထံသို့ချဥ်းကပ်ခဲ့ပါတယ်။
နောက်ဆုံးမှာ၊ သူမဟာ ရောက်ဖို့လက်တကမ်းပဲလိုပါတော့တယ်။ သူမလက်ကိုဆန့်တန်းခဲ့ပါတယ်။
ပြီးတော့သူမ ပျောက်ကင်းသွားပါတယ်။
ကျွန်တော်တို့အားလုံးလည်း ဒီအမျိုးသမီးလိုပဲ မဟုတ်ပါလား။
ကျွန်တော်တို့ ကယ်တင်ရှင်နားချဥ်းကပ်ဖို့ ဘာကြောင့် တုံ့ဆိုင်းနေရလဲဆိုတဲ့ အကြောင်းပြချက်တွေအများကြီးနိုင်ပါတယ်။ တခြားသူတွေရဲ့ လှောင်ပြောင်မှုတွေ သို့မဟုတ် ဝေဖန်မှုတွေကို ကျွန်တော်တို့ ကြုံတွေ့ရနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ မာနကြောင့်၊ အရမ်းရိုးရှင်းပေမယ့်လည်း တန်ဖိုးအများကြီးရှိတဲ့ အရာတစ်ခုနဲ့ လွဲချော်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ အခြေအနေတစ်ခုကြောင့် ကိုယ်တော်ရဲ့ကုသခြင်းရရှိဖို့ အရည်အချင်းမပြည့်မီဘူး၊ ဝေးကွာလွန်းတယ်၊ အပြစ်တွေများလွန်းတယ်လို့ ထင်နိုင်ပါတယ်။
ဒီအမျိုးသမီးလိုပါပဲ၊ ကျွန်တော်တို့ဘုရားသခင်အနားကိုချဥ်းကပ်ပြီး၊ ကိုယ်တော့်ကိုထိရန် လက်လှမ်းပါ၊ ကျွန်တော်တို့ အမှန်တကယ်ပင် ပျောက်ကင်းခြင်း၊ ငြိမ်းချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ရှာဖွေနိုင်ပါတယ်။
အဲ့ဒါကိုရှာပါ
သခင်ယေရှုသင်ခဲ့ပါတယ်၊ “ရှာကြလော့၊ ရှာလျှင်တွေ့မည်။“
ဒီရိုးရှင်းတဲ့ စာကြောင်းက ဝိညာဥ်ရေးရာကတိတော်တစ်ခုသာ မဟုတ်ဘဲ၊ အမှန်တရားတစ်ခုဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
စိတ်ဆိုးဖို့၊ သံသယဝင်ဖို့၊ ခါးသီးဖို့ သို့မဟုတ် တစ်ယောက်တည်းနေဖို့ အကြောင်းပြချက်တွေကို ရှာဖွေမယ်ဆိုရင်၊ ဒါတွေကို ကျွန်တော်တို့တွေ့မှာပါ။
သို့သော်လည်း၊ ဝမ်းမြောက်ခြင်းကိုရှာဖွေမယ်ဆိုရင်၊ ကယ်တင်ရှင်ကို ပျော်ရွှင်စွာလိုက်လျှောက်ခြင်းနဲ့ ဝမ်းမြောက်ရန် အကြောင်းပြချက်တွေကိုရှာဖွေမယ်ဆိုရင်၊ ကျွန်တော်တို့တွေ့မှာပါ။
ကျွန်တော်တို့မရှာတာကို တွေ့တယ်ဆိုတာ သိပ်မရှိပါဘူး။
ဝမ်းမြောက်ခြင်းကို သင်ရှာဖွေနေတာပါလား။
ရှာကြလော့၊ ရှာလျှင်တွေ့မည်။
တစ်ဦးနဲ့ တစ်ဦးရဲ့ ဝန်တွေကိုသယ်ပေးကြပါ
သခင်ယေရှုကသွန်သင်ခဲ့ပါတယ်၊ “အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် သာ၍မင်္ဂလာရှိသည်။“
ကျွန်တော်တို့ ဝမ်းမြောက်ခြင်းကိုရှာဖွေရာမှာ၊ အကောင်းဆုံးနည်းလမ်းက တခြားသူတွေဆီ ဝမ်းမြောက်ခြင်းသယ်ဆောင်ပေးတာဖြစ်နိုင်ပါသလား။
ညီအကိုမောင်နှမများခင်ဗျာ၊ သင်နဲ့ကျွန်တော် ဒါမှန်ကန်တယ်ဆိုတာသိပါတယ်။ ဝမ်းမြောက်ခြင်းဆိုတာ ဘယ်တော့မှ ကုန်သွားမယ့် မုန့်ညက်စည် ဒါမှမဟုတ် ဆီအိုးနဲ့တူပါတယ်။ စစ်မှန်တဲ့ ဝမ်းမြောက်ခြင်းတွေကဝေငှတဲ့အခါမှာ နှစ်ဆပိုများပါတယ်။
ကြီးကျယ်ခမ်းနားခြင်း သို့မဟုတ် ရှုပ်ထွေးခြင်းတွေမလိုအပ်ပါဘူး၊
ကျွန်တော်တို့ရိုးရှင်းတဲ့ အရာတွေကိုလုပ်ဆောင်ကြပါတယ်။
တစ်စုံတစ်ဦးအတွက် ကျွန်တော်တို့နှလုံးသားအပြည့်နဲ့ ဆုတောင်းပေးသလိုမျိုးပါ။
စိတ်ရင်းနဲ့ချီးမွမ်းစကားပြောခြင်းမျိုးပါ။
လူတစ်ယောက်ကို ကြိုဆိုခြင်း၊ လေးစားခြင်း၊ တန်ဖိုးရှိခြင်းနဲ့ ချစ်ခြင်းတို့ခံစားရဖို့ ကူညီပေးခြင်းပါ။
အကြိုက်ဆုံးကျမ်းစာကိုဝေငှပြီး ကျွန်တော်တို့အတွက်ဘယ်လိုအဓိပ္ပာယ်ရှိလဲဆိုတာ ဝေငှခြင်းပါ။
သို့မဟုတ် နားထောင်ပေးခြင်းပါ။
“သင်တို့၏ အပေါင်းအဖော်များ၏ အမှုကိုဆောင်ခြင်း၌ရှိသောအခါ၊ သင်တို့၏ဘုရားသခင်၏အမှုကိုဆောင်ခြင်း၌ အမှန်ရှိသည်၊“ သင့်ရဲ့ ကြင်နာမှုကိုဘုရားသခင်က ရက်ရောစွာပြန်လည်ပေးပါလိမ့်မယ်။ တခြားသူများကိုသင်ပေးတဲ့ ဝမ်းမြောက်ခြင်းက၊ “အမှန်ခြင်းရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်း“ဖြင့် သင့်ထံပြန်လာပါလိမ့်မယ်။
“ဒါဆိုကျွန်တော်တို့ ဘာလုပ်သင့်ပါလဲ။”
လာမယ့်နေ့တွေ၊ အပတ်တွေနဲ့ လ တွေအတွင်းမှာ အောက်ပါတို့လုပ်ဖို့ ကျွန်တော်ဖိတ်ခေါ်ပါရစေ။
-
ဘုရားသခင်နားချဥ်းကပ်ဖို့ စစ်မှန်ပြီး၊ ပြည့်ဝတဲ့နှလုံးသား လုံ့လထုတ်ပြီး အချိန်သုံးပါ။
-
မျှော်လင့်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းအချိန်များနေ့စဥ် ရရှိဖို့အတွက် လုံ့လရှိစွာရှာဖွေပါ။
-
သင့်အနားကိုရှိနေတဲ့ သူများထံကို ဝမ်းမြောက်ခြင်းတွေပေးပါ။
ကျွန်တော်ချစ်ရတဲ့ ညီအကိုမောင်နှမများ၊ မိတ်ဆွေများ၊ ဘုရားသခင်၏ ထာဝရအစီအစဥ်ကို ပိုမိုနက်ရှိုင်းစွာ နားလည်ရန်အတွက်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာဖွေပြီး၊ ဤဖိတ်ခေါ်ချက်များကို လက်ခံကာ သူ၏လမ်းစဉ်အတိုင်း လျှောက်လှမ်းရန်ကြိုးစားပါက၊ ဝမ်းနည်းမှုများအလယ်မှာပင် “ဘုရားသခင်၏ငြိမ်သက်ခြင်းသည် သင်တို့၏စိတ်နှလုံးကို စောင်မလိမ့်မည်။“ သင့်ရဲ့နှလုံးသားတွင်းမှာ ဘုရားသခင်ရဲ့ သာ၍မလွန်ဆန်နိုင်သော ချစ်ခြင်းမေတ္တာကို ပိုမိုကြီးမားစွာခံစား ရပါလိမ့်မယ်။ ဆီလက်ရှယ်လ်အလင်း၏အရုဏ်ဦးသည် သင်၏အခက်အခဲအရိပ်များကို ထိုးဖောက်ဝင်ရောက်မည်ဖြစ်ပြီး၊ မမြင်နိုင်သော၊ ပြီးပြည့်စုံသော၊ ကောင်းကင်စက်ဝန်း၏ဂုဏ်အသရေများနှင့် အံ့သြဖွယ်ရာများကို သင်စတင်ခံစားနိုင်ပါလိမ့်မယ်။ သင့်ရဲ့ ဝိညာဥ်ဟာ ဒီကမ္ဘာမြေဆွဲငင်အားကနေ ထိုးခွင်းတက်သွားတယ်လို့ခံစားရပါလိမ့်မယ်။
ကောင်းတဲ့မယ်လ်တန် ရိုက်ဒ်လိုပါပဲ၊ သင်လည်း ဝမ်းမြောက်ခြင်းအသံနဲ့ “ထပ်မြင့်ပါဦး၊ အဘ၊ ထပ်မြင့်ပါဦး“လို့ ဟစ်ကြွေးနိုင်ပါလိမ့်မယ်။
ကျွန်တော်တို့ရဲ့ ဘဝတွေကို ကောင်းကင်ဘုံရှင်အဘနှင့် သူ၏ချစ်လှစွာသောသားတို့ကို ပေးအပ်ခြင်းအားဖြင့်ရရှိတဲ့ ကြီးမြတ်သောဝမ်းမြောက်ခြင်းကိုရှာဖွေကြရအောင်လားခင်ဗျာ။ ဤအရာက ကျွန်တော်ရဲ့ အလေးအနက်ထားတဲ့ဆုတောင်းခြင်းနဲ့ ကောင်းချီးဖြစ်ပါတယ်၊ ယေရှုခရစ်တော်၏နာမတော်ဖြင့် အာမင်။