အထွေထွေညီလာခံ
သခင်ယေရှု၏သက်သေခံချက်
ဧပြီလ ၂၀၂၄ အထွေထွေညီလာခံ


14:21

သခင်ယေရှု၏သက်သေခံချက်

ကျွန်တော့်ဖိတ်ခေါ်ချက်ကတော့ သခင်ယေရှု၏သက်သေခံချက်၌ ရဲရင့်သူတစ်ယောက်အဖြစ် သင့်နေရာကို လုံခြုံစေရန် ယခုလုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

၁၈၃၂ ခုနှစ်တွင်၊ ဂျိုးဇက်စမစ်နဲ့ ဆစ်ဒနီ ရစ်ဂဒွန်တို့ဟာ ဘုရားသခင်ရဲ့သားသမီးတွေရဲ့ ထာဝရကံကြမ္မာနဲ့ပတ်သက်ပြီး အံ့ဖွယ်ရူပါရုံကို ရရှိခဲ့ပါတယ်။ ထိုဗျာဒိတ်တော်က ကောင်းကင်နိုင်ငံတော်သုံးနိုင်ငံအကြောင်း ပြောကြားခဲ့ပါတယ်။ ဥက္ကဋ္ဌ ဒယ်လင် အိတ်ချ် အုတ်ခ်က ပြီးခဲ့တဲ့အောက်တိုဘာလတွင်၊ ဒီ “ဘုန်းကျက်သရေထွန်းလင်းရာနိုင်ငံတော်များ” အကြောင်းကို ဟောပြောခဲ့ပါတယ်၊ “သိုးသငယ်၏ အောင်နိုင်ခြင်းနှင့် ဘုန်းတော်တို့အားဖြင့်” လူအနည်းငယ်မှလွဲ၍ နောက်ဆုံးတွင် “၎င်းတို့၏ရွေးချယ်မှုတွေနဲ့ ဆန္ဒတွေအတိုင်း”ထိုနိုင်ငံတော်တွေထဲမှ တစ်ခုထဲသို့ ရွေးနှုတ်ခြင်းခံကြရပါတယ်။ ဘုရားသခင်ရဲ့ရွေးနှုတ်ခြင်းအစီအစဥ်ဟာ ကမ္ဘာပေါ်ရှိ ဘယ်အချိန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ်နေထိုင်နေကြတဲ့၊ သူရဲ့သားသမီးတွေအားလုံးအတွက် စကြဝဠာအခွင့်အရေးတစ်ခုဖြစ်ပါတယ်။

ကောင်းကင်နိုင်ငံတော်သုံးခုတွင် ထီလက်စ်ရှယ်လ်က၊ “အဘယ်သူမျှ နားလည်ခြင်း မမီနိုင်သည့်” အငယ်ဆုံး ဂုဏ်အသရေရှိနေစဉ်၊ ကျွန်တော်တို့ခမည်းတော်ရဲ့မျှော်လင့်ချက်က၊—သူ့သားတော်ရဲ့ကျေးဇူးတော်အားဖြင့်—ကျွန်တော်တို့ဟာ “သခင်နှင့်ဆက်ဆံသောအမွေခံတွေ”အဖြစ် ပြီးတော့ ထာဝရအသက်ကို ရရှိနိုင်တဲ့၊ ထိုနိုင်ငံတော်တွေရဲ့ အမြင့်ဆုံးနဲ့ ဂုဏ်အသရေအရှိဆုံးဖြစ်တဲ့၊ ဆီလက်ရှယ်လ်၊ အတွက် ကျွန်တော်တို့ရွေးချယ်ပြီး အရည်အချင်းပြည့်မီ‌‌စေဖို့ဖြစ်ပါတယ်။ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်နယ်လ်ဆင်က ကျွန်တော်တို့အား “ဆီလက်ရှယ်လ်ကိုစဉ်းစားပါ၊” ပြီးတော့ ဆီလက်ရှယ်လ်နိုင်ငံတော်ကို ကျွန်တော်တို့ရဲ့ ထာဝရပန်းတိုင်ဖြစ်စေရန်၊ အဲ့ဒီနောက် “ဒီနေရာမြေကြီးပေါ်မှာ[ကျွန်တော်တို့ရဲ့ ]ဆုံးဖြတ်ချက်တစ်ခုချင်းစီတိုင်းအတွက် နောက်ကမ္ဘာမှာ [ကျွန်တော်တို့ကို] ရောက်စေမယ့်နေရာကို ဂရုတစိုက်စဉ်းစား” ရန်တိုက်တွန်းခဲ့ပါတယ်။

ဆီလက်ရှယ်လ်နိုင်ငံတော်၌ရှိသူတွေဟာ “သခင်ယေရှုအကြောင်း သက်သေခံချက်ကို လက်ခံကြသော၊ … ပဋိညာဉ်တရားသစ်၏ အရှင်တည်းဟူသော စေ့စပ်ရှင် သခင်ယေရှုအားဖြင့် စုံလင်စေခဲ့သည့် တရားသောသူများ”ဖြစ်ကြပါတယ်။ ဒုတိယ၊ သို့မဟုတ် ထီရက်စ်ထရီရယ်လ်၊ ကောင်းကင်နိုင်ငံတော်ရဲ့နေထိုင်သူတွေကို “မြေကြီးပေါ်၌ ဂုဏ်သရေရှိသူများ၊ လူသားတို့၏ပရိယာယ်ကြောင့် အလင်းကွယ်ရသူများ”အပါအဝင်၊ အခြေခံလူကောင်းတွေအဖြစ် ဖော်ပြကြပါတယ်။ သူတို့ရဲ့အဓိကကန့်သတ်ထားတဲ့အကျင့်ကတော့ “သခင်ယေရှုအကြောင်းသက်သေခံချက်၌ မရဲရင့်ကြ” တာပဲဖြစ်ပါတယ်။ မတူတာကတော့၊ အနိမ့်ဆုံးဘုံ၊ ထီလက်စ်ရှယ်လ်နိုင်ငံတော်၌နေသူတွေဟာ “သခင်ယေရှုအကြောင်း သက်သေခံချက်ကို သော်လည်းကောင်း၊ ဧဝံဂေလိတရားတော်ကို လက်ခံခြင်းမရှိကြ” တဲ့သူတွေဖြစ်ပါတယ်။

နိုင်ငံတော်တစ်ခုစီတွင် နေထိုင်သူတွေအတွက် ထူးခြားတဲ့ဝိသေသလက္ခဏာတွေမှာ “သခင်ယေရှု၏သက်သေခံချက်”နဲ့ သူတို့သက်ဆိုင်နေတဲ့ (၁) စိတ်နှလုံးအကြွင်းမဲ့ ဆည်းကပ်ခြင်းမှ (၂) ရဲရင့်ခြင်း (၃) ပြတ်ပြတ်သားသား ငြင်းပယ်ခြင်းတွေအထိ ပါဝင်တယ်ဆိုတာ မှတ်သားထားပါ။ လူတစ်ဦးစီရဲ့တုံ့ပြန်မှူတွေက သူတို့ရဲ့ ထာဝရအနာဂတ်နဲ့ ချိတ်ဆက်နေပါတယ်။

၁။

သခင်ယေရှု၏သက်သေခံချက်ဆိုတာ ဘာလဲ။

အဲ့ဒါက ကိုယ်တော်ဟာ ဘုရားသခင်ရဲ့သားတော်၊ မေရှိယနဲ့ ရွေးနှုတ်ရှင်ဖြစ်တယ်ဆိုတဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့သက်သေခံချက်ပဲဖြစ်ပါတယ်။ အဲ့ဒါက သခင်ယေရှုဟာ ဘုရားသခင်နဲ့အတူ အစအဦး၌ရှိခဲ့ပြီး၊ ကောင်းကင်နဲ့မြေကြီးရဲ့ ဖန်ဆင်းရှင်ဖြစ်ကြောင်း၊ “သူ၌ဧဝံဂေလိတရားဖြစ်၏၊ ဧဝံဂေလိတရားသည် အသက်ဖြစ်၏၊ အသက်သည် လူသားတို့၏အလင်းဖြစ်၏” ဆိုတဲ့ ယောဟန်ရဲ့သက်သေခံချက်ဖြစ်ပါတယ်။ အဲ့ဒါက “တမန်တော်များနှင့်ပရောဖက်များ၏ သက်သေခံချက်၊ … သူအသက်စွန့်ပြီး၊ သင်္ဂြိုဟ်ခံရပြီး သုံးရက်မြောက်သောနေ့၌ တစ်ဖန် ထမြောက်ပြီး ကောင်းကင်ဘုံသို့ ကြွတော်မူသည်ဟူသော သက်သေခံချက်” ဖြစ်ပါတယ်။ အဲ့ဒါက “ကယ်တင်ခြင်း​ရောက်လာစေသည့် ပေးထားသော​အခြားနာမ မရှိ” ဆိုတဲ့အသိဖြစ်ပါတယ်။ အဲ့ဒါက ပရောဖက် ဂျိုးဇက်စမစ်အားဖြင့် “သူအသက်ရှင်တော်မူကြောင်း၊ ”“နောက်ဆုံးအနေအဖြစ် ကျွန်တော်တို့ကိုပေးသည့် သက်သေခံချက် ဖြစ်ပါတယ်။ … ခမည်းတော်ဖြစ်ဖွားစေသည့် တစ်ပါးတည်းသောသားတော်ဖြစ်ကြောင်း—သူအားဖြင့်၊ ထို့အတူ သူမှတစ်ဆင့်၊ ထို့အတူ သူ့ထံမှ ကမ္ဘာတို့ကို ဖန်ဆင်းထားလေခဲ့၊ ဖန်ဆင်းထားလျက်ရှိပေ၏၊ ထိုအရပ်တို့၌ နေထိုင်သောသူများသည်လည်း ဘုရားသခင်အဖို့ ဖြစ်ဖွားစေသည့် သားများနှင့် သမီးများ ဖြစ်ကြ၏။”

၂။

ဒီသက်သေခံချက်အပြင် မေးခွန်းရှိပါတယ်၊ အဲ့ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေလုပ်ဆောင်ကြမလဲ။

ဆီလက်ရှယ်လ်နိုင်ငံတော်ရဲ့ အမွေခံတွေမှာ ဗိတ္တိဇံခံခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံခြင်းနဲ့ ယုံကြည်ခြင်းအားဖြင့် ကျော်လွှားခြင်းတို့ဖြင့် သခင်ယေရှုရဲ့သက်သေခံချက်ကို အကြွင်းမဲ့“လက်ခံ” ကြပါတယ်။ ယေရှုခရစ်တော်ရဲ့ဧဝံဂေလိတရားရဲ့ မူတွေနဲ့ သမ္မာတရားတွေဟာ သူတို့ရဲ့ ဦးစားပေးမှုတွေနဲ့ ရွေးချယ်မှုတွေကို လွှမ်းမိုးပါတယ်။ သခင်ယေရှုရဲ့သက်သေခံချက်ဟာ သူတို့ဘာတွေဆိုတာနဲ့ သူတို့ဘာတွေဖြစ်လာမလဲဆိုတာကို ထင်ရှားပေါ်လွင်စေပါတယ်။ သူတို့ရဲ့စေ့ဆော်မှုမှာ မေတ္တာ၊ “ခရစ်တော်၏ စင်​ကြယ်သော​ချစ်ခြင်း​”ဖြစ်ပါတယ်။ သူတို့ရဲ့အာရုံမှာ “ခရစ်တော်၏ပြည့်စုံခြင်းပမာဏ အရပ်”ကို လိုက်ရှာခြင်းဖြစ်ပါတယ်။

ထီရက်စ်ထရီရယ်လ်နိုင်ငံတော်၌ တွေ့ရမဲ့သူအချို့ဟာ သခင်ယေရှု၏သက်သေခံချက်ကို လက်ခံကြသော်လည်း သူတို့ဟာ အဲ့ဒါနဲ့ပတ်သက်ပြီး သူတို့ မလုပ် တဲ့အရာတွေဖြင့် ခွဲခြားခံထားရပါတယ်။ ကယ်တင်ရှင်အကြောင်းသက်သခံချက်၌ မရဲရင့်ခြင်းဟာ စိတ်မပါခြင်း သို့မဟုတ် ပေါ့ပေါ့ဆဆဖြစ်ခြင်း—“နွေးရုံရှိခြင်း”— အဆင့်ကိုပေါ်လွင်စေပါတယ်၊ ဥပမာဆိုရမယ်ဆိုရင်၊ မော်မုန်ကျမ်းရှိ အမ္မုန်လူတွေနဲ့ဆန့်ကျင်ဘက်အဖြစ်၊ “ဘုရားသခင်​အတွက် သူတို့၏ စိတ်​အားကြီးမှုကြောင့် သူတို့ကို ခွဲခြား၏။”

ထီလက်စ်ရှယ်လ်နိုင်ငံတော်တွင် နေထိုင်သူတွေဟာ ကိုယ်တော်ရဲ့ဧဝံဂေလိတရား၊ ပဋိညာဉ်တွေနဲ့ ပရောဖက်တွေနဲ့အတူ သခင်ယေရှု၏သက်သေခံချက်ကို ငြင်းပယ်သူတွေဖြစ်ပါတယ်။ သူတို့အား အဘိနဒိက “သူတို့ကိုယ်တိုင်၏ကာမဂုဏ်သဘော အလို​ဆန္ဒများ​အတိုင်း လိုက်သွားလျက်​ရှိကြ၏။ သူတို့ထံသို့ ကရုဏာ​တော်လက်ရုံးတို့ကို ဆန့်တော်မူ​စဉ်တွင်လည်း ကိုယ်တော်ရှင်ကို ပဌနာ​မပြုလေကြ။ အကြောင်းမူကား၊ ကရုဏာတော်​လက်ရုံးတို့ကို သူတို့ထံသို့ ဆန့်သော်လည်း​လက်မခံကြ” သူတွေလို့ဖော်ပြခဲ့ပါတယ်။

၃။

သခင်ယေရှု၏သက်သေခံချက်၌ ရဲရင့်ခြင်းဆိုတာ ဘာလဲ။

ဒီမေးခွန်းကိုဖြေရာတွင် ထည့်သွင်းစဉ်းစားနိုင်တဲ့ ဖြစ်နိုင်ခြေများစွာရှိပါတယ်။ ကျွန်တော် အနည်းငယ်ကို ဖော်ပြပါမယ်။ သခင်ယေရှု၏သက်သေခံချက်တွင် ရဲရင့်ခြင်းရှိခြင်းဆိုတာ ထိုသက်သေခံချက်အား အာဟာရပြုခြင်း နဲ့ ခိုင်ခံ့စေခြင်းတို့ ပါဝင်ပါတယ်။ ဆုတောင်းခြင်း၊ ကျမ်းစာများကိုလေ့လာခြင်း၊ ဥပုသ်စောင့်ခြင်း၊ ပွဲတော်သုံးဆောင်ခြင်း၊ နောင်တရခြင်း၊ အမှုတော်ဆောင်ခြင်း၊ နှင့် ကိုယ်တော်ရှင်၏အိမ်တော်၌ဝတ်ပြုခြင်း အစရှိသော၊ သခင်ယေရှုရဲ့သက်သေခံချက်ကို ခိုင်ခံ့စေမဲ့ သေးငယ်တဲ့အရာတွေကို တပည့်တော်အစစ်တွေဟာ လျစ်လျူမရှုကြပါဘူး။ ဥက္ကဋ္ဌ နယ်လဆင်က “‘ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားဖြင့်’ [မော်ရော်နိုင်း ၆း၄]နေ့စဉ်ခွန်အားဖြည့်မခံရတဲ့ သက်သေခံချက်ဟာ ကြောက်စရာကောင်းလောက်အောင်မြန်မြန်ပြိုကွဲသွားနိုင်တယ် လို့ကျွန်တော်တို့ကိုသတိပေးထားပါတယ်။ ဒါကြောင့်၊ … ကျွန်တော်တို့ဟာ ကိုယ်တော်ရှင်ကို ကိုးကွယ်ခြင်းနဲ့ သူ့ဧဝံဂေလိတရားတော်ကို လေ့လာခြင်းဆိုတဲ့ နေ့စဉ်အတွေ့အကြုံတွေလိုအပ်ပါတယ်။” အဲ့နောက် သူကထပ်ပြောပါတယ်၊ “သင်တို့ဘဝမှာ ဘုရားသခင်လွှမ်းမိုးနိုင်ဖို့ အခွင့်ပေးဖို့ရာ သင်တို့ကို ကျွန်တော်တောင်းဆိုပါတယ်။ သူ့ကို သင့်ရဲ့ အချိန်အလုံအလောက်ပေးပါ။ သင်အဲလိုလုပ်ဆောင်တာနဲ့အမျှ၊ သင့်ရဲ့ အကောင်းဝိညာဉ်ပကတိအဟုန် ဘာဖြစ်လာသလဲဆိုတာ သင်သတိပြုမိပါလိမ့်မယ်။”

ရဲရင့်ခြင်းဆိုတာ လူတစ်ဦးရဲ့သက်သေခံချက်နဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန်လည်း အကြံပြုထားပါတယ်။ ဗိတ္တိဇံခံခြင်းတွင်၊ ကျွန်တော်တို့ဟာ “ခပ်သိမ်းသော ကာလတို့၌​လည်းကောင်း၊ ခပ်သိမ်းသော​အရာတို့၌​လည်းကောင်း၊ [ကျွန်တော်တို့​]ရှိကြမည့် ခပ်သိမ်းသော​အရပ်တို့၌​လည်းကောင်း သေခြင်းသို့​တိုင်အောင်ပင် ဘုရားသခင်၏ သက်သေများ​အဖြစ် ရပ်တည်”လိုကြောင်း ကျွန်တော်တို့ အတည်ပြုကြပါတယ်။ အထူးသဖြင့် ဒီပသခါပွဲရာသီမှာ၊ ကျွန်တော်တို့က ရွှင်လန်းစွာ၊ လူသိရှင်ကြား၊ ရှင်ပြန်ထမြောက်ပြီး အသက်ရှင်တော်မူတဲ့ ခရစ်တော်အကြောင်း ကျွန်တော်တို့သက်သေခံချက်ကိုကြွေးကြော်ကြပါတယ်။

သခင်ယေရှု၏သက်သေခံချက်တွင် ရဲရင့်ခြင်း၏ အင်္ဂါရပ်တစ်ခုမှာ ကိုယ်တော်ရဲ့တမန်တော်တွေကို ပဌနာပြုရန်ဖြစ်ပါတယ်။ ဘုရားသခင်ဟာ ကျွန်တော်တို့အား ပိုမိုကောင်းမွန်သောလမ်း၊ ပဋိညာဉ်လမ်းကြောင်းသို့ အတင်းအကျပ်မခိုင်းစေဘဲ၊ ကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေရဲ့အကျိုးဆက်တွေကို အပြည့်အဝသိရှိနားလည်စေရန် သူ့ရဲ့ပရောဖက်တွေကို ညွှန်ကြားထားပါတယ်။ အဲ့ဒါဟာ သူ့အသင်းတော်ရဲ့အသင်းသားတွေအတွက်သာ မဟုတ်ပါဘူး။ ကိုယ်တော်ရဲ့ပရောဖက်တွေနဲ့ တမန်တော်တွေအားဖြင့်၊ ကိုယ်တော်ဟာ သူတို့အား လွတ်မြောက်စေပြီး၊ မလိုလားအပ်တဲ့ ဆင်းရဲဒုက္ခတွေကို လွှတ်ကာ ထာဝရရွှင်လန်းစေမဲ့ သမ္မာတရားကို ပဌနာပြုရန် ကမ္ဘာတစ်ဝှမ်းလုံးကို မေတ္တာဖြင့်တောင်းဆိုထားပါတယ်။

သခင်ယေရှု၏သက်သေခံချက်၌ ရဲရင့်ခြင်းဆိုတာ အထူးသဖြင့် ကျွန်တော်တို့ရဲ့မိသားစုမှ သတ္တိရှိသူတွေဖြစ်ရန်၊ အခြားသူတွေကို နှုတ်ကပတ်တော်နဲ့ ပုံသက်သေပြခြင်းဖြင့် အားပေးခြင်းဖြစ်ပါတယ်။ အသင်းလူကြီး နီရယ် အေ မက်ဝဲလ်က ၊“အထူးသဖြင့် ‘ဂုဏ်ယူစရာ’ ကောင်းလှတဲ့ [အသင်းတော်ရဲ့] အသင်းသားတွေထဲမှာ သူတို့ရဲ့တပည့်တော်ဖြစ်ခြင်းကို နက်ရှိုင်းစေမဲ့အရာတွေကို ပြုလုပ်မယ့်အစား အပေါ်ယံသာပြုလုပ်နေကြပြီး ‘စိတ်အားထက်သန်စွာ ပါဝင်ခြင်း’ ထက် ပေါ့ပေါ့တန်တန်သာပါဝင်ကြတဲ့သူတွေလည်းရှိပါတယ် လို့ ပြောခဲ့ပါတယ်။ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၇၆း၇၅၅၈း၂၇)။” အသင်းလူကြီး မက်ဝဲလ် ကထပ်မံပြောခဲ့ပါတယ်၊ အားလုံးက လွတ်လပ်စွာရွေးချယ်ခွင့်ရှိတာကြောင့်၊ “ကံမကောင်းစွာပဲ၊ တချို့က ပေါ့လျော့မှုကို ရွေးချယ်ကြတဲ့အခါ၊ သူတို့ဟာ သူတို့အတွက်သာမက နောင်လာနောက်သားတွေအတွက်ပါ ရွေးချယ်နေကြတာဖြစ်ပါတယ်။ မိဘတွေရဲ့ သေးငယ်တဲ့ မရေမရာလုပ်ခြင်းတွေဟာ သားသမီးတွေမှာ ကြီးမားတဲ့လမ်းလွဲမှုကို ဖြစ်စေနိုင်ပါတယ်။ လက်ရှိမျိုးဆက်တွေရဲ့ မရေရာမသေချာမှုတွေဟာလည်း အစောပိုင်းမိသားစုတွေရဲ့ နှစ်မြှပ်မှုတွေကို ထင်ဟပ်စေနိုင်ပါတယ်။ ဝမ်းနည်းစရာက၊ နောင်တွင်၊ အချို့ဟာ ဒီလိုဆုတ်ယုတ်မှုကြောင့်၊ ကွဲလွဲမှုကို ရွေးချယ်ကြပါလိမ့်မယ်။”

လွန်ခဲ့သောနှစ်တွေက၊ အသင်းလူကြီး ဂျွန် အိတ်ချ် ဂရိုဘာ့ဂ်က ၁၉၀၀ ခုနှစ်အစောပိုင်းတွင် ဟာဝိုင်ယီရှိ အသင်းတော်ခွဲငယ်တစ်ခုတွင်နေထိုင်တဲ့ မိသားစုငယ်ဇာတ်လမ်းအကြောင်းပြောပြခဲ့ပါတယ်။ သူတို့သမီးတွေထဲက တစ်ယောက်ဟာ အမည်မသိရောဂါနဲ့ နေမကောင်းဖြစ်ပြီး ဆေးရုံတင်ထားရတဲ့အချိန်မှာ သူတို့ဟာ အသင်းတော်ရဲ့အသင်းသားတွေဖြစ်ခဲ့တာ နှစ်နှစ်ခန့်ရှိနေပါပြီ။ နောက်တနင်္ဂနွေနေ့ ဘုရားကျောင်းမှာ၊ ဖခင်နဲ့သူသားဟာ အပါတ်တိုင်းပြုလုပ်တဲ့အတိုင်း ပွဲတော်ကိုပြင်ဆင်နေကြပါတယ်၊ ငယ်ရွယ်တဲ့ဖခင်က မုန့်ကိုကောင်းချီးပေးရန်အတွက် ဒူးထောက်ဟန်ပြင်တုန်း၊ အသင်းတော်ခွဲဥက္ကဋ္ဌဟာ ပွဲတော်ဝိုင်းမှာရှိနေတာ ဘယ်သူဆိုတာကို ရုတ်တရက်သိလိုက်တဲ့အခါ ထခုန်ပြီး အော်ပြောလိုက်ပါတယ်၊ “ရပ်လိုက်ပါ။ ပွဲတော်ကို မင်းထိလို့မရဘူးလေ။ မင်းရဲ့သမီးမှာ အမည်မသိရောဂါတစ်ခုရှိနေတယ်လေ။ အခြားသူတစ်ဦး ပွဲတော်မုန့်အသစ်ပြင်ဆင်နေတုန်း မင်း ချက်ချင်းထွက်သွားပါ။ မင်းကို ဒီနေရာမှာရှိဖို့ ငါတို့ ခွင့်မပြုနိုင်ဘူး။ သွားလိုက်ပါ။” ထိတ်လန့်တုန်လှုပ်နေတဲ့ဖခင်ဟာ အသင်းတော်ခွဲဥက္ကဋ္ဌနဲ့ အသင်းသားတွေကို ကြည့်လိုက်တဲ့အခါ၊အားလုံးထံမှ စိုးရိမ်ပူပန်မှုတွေကိုခံစားမိကာ သူရှက်လာပြီး ၊ သူ့မိသားစုကို အားပေး၍ ဘုရားကျောင်းဝင်းထဲမှ တိတ်တဆိတ် ထွက်ခွာသွားခဲ့ကြပါတယ်။

မိသားစုဟာ စိတ်ဓါတ်ကျကျနဲ့၊ သူတို့အိမ်လေးဆီကို လမ်းလျှောက်လာရင်း စကားတစ်ခွန်းမှ မပြောခဲ့ကြပါဘူး။ အဲဒီမှာ သူတို့ ဝိုင်းထိုင်ကြပြီး အဖေက “အဖေစကားပြောဖို့ အဆင်သင့်မဖြစ်ခင်အထိ တိတ်တိတ်နေပေးကြပါ” လို့ ပြောလိုက်ပါတယ်။ သားငယ်က သူတို့ကြုံတွေ့ခဲ့ရတဲ့ အရှက်တရားအတွက် လက်စားချေဖို့ ဘာလုပ်ရမလဲ၊ အသင်းတော်ခွဲဥက္ကဋ္ဌရဲ့ ဝက်တွေကို သတ်ပစ်ရမလား၊ သူ့အိမ်ကို မီးရှို့ပစ်ရမလား၊ ဒါမှမဟုတ် တခြားအသင်းတော်မှာ ပါဝင်လိုက်ရမလား ဆိုပြီး တွေးနေခဲ့ပါတယ်။ ငါးမိနစ်၊ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်၊ နှစ်ဆယ့်ငါးမိနစ်ထိ တိတ်ဆိတ်သွားခဲ့ပါတယ်။

ဖခင်ရဲ့တင်းဆုပ်ထားတဲ့လက်သီးတွေက ဖြေလျော့လာပြီး၊ မျက်ရည်တွေ ဝဲလာပါတယ်။ မိခင်ဟာ စတင်ငိုကြွေးပြီး၊ မကြာခင် ကလေးတစ်ဦးစီလည်း တိတ်တဆိတ် ငိုကြွေးကြပါတော့တယ်။ ဖခင်က သူ့မိန်းမဘက်လှည့်ပြီး ပြောပါတယ်၊ “ကိုယ်မင်းကိုချစ်တယ်၊” အဲ့နောက် သူတို့ရဲ့သားသမီးအယောက်စီကို အဲဒီစကား ထပ်ပြောခဲ့ပါတယ်။ “မင်းတို့အားလုံးကို အဖေချစ်တယ်၊ အဖေတို့အားလုံး မိသားစုအဖြစ် ထာဝရ အတူရှိစေချင်တယ်။ အဲ့ဒါဖြစ်နိုင်ဖို့တစ်ခုတည်းသောနည်းလမ်းကတော့ အဖေတို့အားလုံးဟာ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ရဲ့ အသင်းသားကောင်းတွေဖြစ်ဖို့နဲ့ ဗိမာန်တော်မှာ သန့်ရှင်းသောယဇ်ပုရောဟိတ်အားဖြင့် တံဆိပ်ခတ်ခြင်းကိုခံရဖို့ပဲ ဖြစ်တယ်။ ဒီဟာက အသင်းတော်ခွဲဥက္ကဋ္ဌရဲ့ အသင်းတော်မဟုတ်ဘူး။ ယေရှုခရစ်တော်ရဲ့အသင်းတော် ဖြစ်တယ်။ ထိခိုက်နစ်နာစေတဲ့ ဒါမှမဟုတ် အရှက်ရစေတဲ့ ဒါမှမဟုတ် သိက္ခာကျစေတဲ့ ဘယ်အရာ ဘယ်သူကမှ အဖေတို့အမြဲအတူရှိနိုင်ဖို့တားဆီးတာကို အဖေတို့ခွင့်မပြုနိုင်ဘူး။ လာမယ့်တနင်္ဂနွေနေ့ ဘုရားကျောင်းကို အဖေတို့ ပြန်သွားကြမယ်။ သမီးလေးဘာကြောင့်နေမကောင်းဖြစ်လဲဆိုတာကို မသိမချင်း အဖေတို့ သီးသန့်နေကြမယ်၊ ဒါပေမယ့် အဖေတို့ပြန်သွားကြမယ်။”

သူတို့ ဘုရားကျောင်းကို ပြန်သွားခဲ့ကြပြီး၊ သမီးဖြစ်သူလည်း ပြန်လည်ကျန်းမာလာပြီး၊ နောက် မိသားစုဟာ လာရိရေ ဟာဝိုင်ယီ ဗိမာန်တော်ဆောင်လုပ်ပြီးစီးတဲ့အခါ တံဆိပ်ခတ်ခဲ့ကြပါတယ်။ သူဟာ ထာဝရကိုသာကြည့်ခဲ့တာကြောင့် သူတို့ရဲ့ဖခင်၊ အဖိုး၊ အဘိုး ဖြစ်တဲ့ ဝိညာဉ်ပုဂ္ဂိုလ်ပေါင်း ၁၀၀ကျော်က ယနေ့မှာ၊ ကောင်းချီးရရှိနိုင်ခဲ့ပါပြီ။

ကျွန်တော်ဖော်ပြမဲ့ သခင်ယေရှု၏သက်သေခံချက်တွင် ရဲရင့်ခြင်းရဲ့နောက်ဆုံးအင်္ဂါရပ်တစ်ခုမှာ ကျွန်တော်တို့တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်မြင့်မြတ်မှုကို ရှာဖွေဖို့ဖြစ်ပါတယ်။ သခင်ယေရှုဟာ ကျွန်တော်တို့ရဲ့ ပဓာနရွေးနှုတ်ရှင်ဖြစ်ပါတယ်၊ ကိုယ်တော်ရှင်က တောင်းဆိုပါတယ်၊ “နောင်တရကြလော့၊ ခပ်သိမ်းသော အသင်မြေကြီးစွန်း​သား​တို့။ သင်တို့သည် သန့်ရှင်းသော​ဝိညာဉ်တော်ကို လက်​ခံရ​ရှိခြင်း​အားဖြင့်၊ သန့်ရှင်း စင်ကြယ် နိုင်စေ​ခြင်းငှာ​လည်း​ကောင်း၊ နောက်ဆုံးသော​နေ့၌ ငါ့​ရှေ့၌၊ အပြစ်​ကင်းစင်လျက် ရပ်နိုင်​စေခြင်းငှာ​လည်း​ကောင်း ငါ့​ထံသို့​လာ၍၊ ငါ၏​နာမတော်၌ ဗတ္တိဇံ​ခံကြလော့။”

ပရောဖက်မော်မုန်က “များစွာသော​ဆင်းရဲ​ဒုက္ခကို ဖြတ်ကျော်​”ခဲ့ရသော်လည်း ထိုဆင်းရဲမှုအတိုင်း ကြံ့ကြံ့ခံဇွဲရှိခဲ့ကြသော သန့်ရှင်းသူတွေတစ်စုအကြောင်းကို ဖော်ပြခဲ့ပါတယ်။

“သို့သော်လည်း၊ သူတို့သည် အကြိမ်ကြိမ်​အစာ​ရှောင်၍၊ ဆုတောင်း၍ နှိမ့်ချခြင်း၌ ပို၍​အားကြီး​သည်ထက် အားကြီး​လာလျက်၊ ခရစ်တော်၌ သူတို့၏​ယုံကြည်ခြင်းသည် ခိုင်မြဲ​သည်​ထက်​ခိုင်မြဲ​လာသည်မှာ၊ သူတို့​စိတ်ဝိညာဉ်ကို ဝမ်းမြောက်ခြင်း၊ သက်​သာခြင်းတို့နှင့်၊ ပြည့်ခြင်းသို့​ရောက်သည့်​တိုင်အောင်​ပင်တည်း။ အမှန်စင်စစ်၊ ဘုရားသခင်​ထံသို့ သူတို့​စိတ်နှလုံးကို အပ်နှင်းခြင်းကြောင့်၊ ကျရောက်​လာသည့် သန့်ရှင်းစင်ကြယ်​စေခြင်း​တည်းဟူသော စိတ်နှလုံး​စင်ကြယ်​စေခြင်းနှင့် သန့်ရှင်းစင်ကြယ်စေခြင်းသို့ပင် ရောက်လေ၏။” အဲ့ဒါဟာ ကျွန်တော်တို့ရှာဖွေတဲ့ ကယ်တင်ရှင်ရဲ့ကျေးဇူးတော်အားဖြင့်—ဘုရားသခင်​ထံသို့ ကျွန်တော်တို့​စိတ်နှလုံးကို အပ်နှင်းခြင်းကြောင့်၊ဝိညာဉ်ရေးရာအရ တဖန်မွေးဖွားလာပြီး စိတ်နှလုံး၌ ကြီးစွာသော​ပြောင်းလဲခြင်း—ဖြစ်ပါတယ်။

ကျွန်တော်ဖိတ်ခေါ်ချက်ကတော့ သခင်ယေရှု၏သက်သေခံချက်၌ ရဲရင့်သူတစ်ယောက်အဖြစ် သင့်နေရာကို လုံခြုံစေရန် ယခုလုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ နောင်တရရန် လိုအပ်သလို၊ “သင်တို့မထင်မှတ်သည့်နာရီ၌ နွေရာသီကုန်လွန်သွားလိမ့်မည်၊ ရိတ်သိမ်းချိန်လည်း ပြီးဆုံးလိမ့်မည်၊ သင်တို့စိတ်ဝိညာဉ်များသည်လည်းကယ်တင်ခြင်းသို့မရောက်”မည်ကိုစိုးရိမ်၍ “သင်တို့၏​နောင်တရခြင်း​ကာလကို ဖင့်နွှဲခြင်း​မရှိစေနှင့်။” ဘုရားသခင်နဲ့သင်ရဲ့ပဋိညာဉ်များကို စောင့်ထိန်းရာတွင် ထက်သန်မှုရှိပါ။ “နှုတ်ကပတ်တော်၏​တင်းကျပ်​ပြင်းထန်ခြင်း[ကြောင့်] စိတ်ပျက်ခြင်း”မရှိပါနဲ့။ “ရေးထားလေသော [သခင်​ယေရှု၏]အမည်ကို သင်တို့​စိတ်နှလုံး၌ အစဉ်​အမြဲ​သတိရစေရန် အောက်မေ့​ကြလော့၊ … ထိုသို့အားဖြင့် သင်တို့ကို ဘုရားသခင်၏​လက်ဝဲတော်ဘက်၌ မတွေ့ရဘဲ၊ သင်တို့သည် မိမိကို ခေါ်မည့် ​အသံ ၊ ထို့အတူ၊ သူခေါ်မည့် အမည် ကိုလည်း ကြား၍၊ သိကြ၏။” ထို့နောက် နောက်ဆုံးတွင်၊ “[သခင်ယေရှု] သွန်သင်၍ မှာထားတော်မူသည်အတိုင်း ပြုမည်အကြောင်း၊ ဤအရာကို သင့်စိတ်နှလုံး၌ မှတ်ထားလော့။”

ကျွန်တော်တို့ရဲ့ခမည်းတော်ဟာ သူရဲ့ ဆီလက်ရှယ်လ်နိုင်ငံတော်တွင် သူနဲ့အတူ ထာဝရအသက်ကို သုံးဆောင်စေရန် သူရဲ့သားသမီးအားလုံးကို အလိုရှိပါတယ်။ သခင်ယေရှုဟာ အဲဒီလိုဖြစ်နိုင်ဖို့အတွက် ဆင်းရဲဒုက္ခခံ၍၊ အသေခံပြီး ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ ကိုယ်တော်ဟာ “လူ​သားတို့​အပေါ် ၌ သူ၏​ကရုဏာတော်​ထား​ပိုင်ခွင့်ကို ခမည်းတော်​ထံမှ တောင်း​ဆိုခြင်းငှာ ကောင်းကင်သို့ တက်​သွား​တော်မူ​ပြီး၊ ဘုရားသခင်၏​လက်ယာတော်​ဘက်၌ ထိုင်​တော်မူ”နေပါပြီ။ ကျွန်တော်တို့အားလုံး သခင်ယေရှုခရစ်တော်ရဲ့ အလွန်ပြင်းပြတဲ့သက်သေခံချက်ဖြင့် ကောင်းချီးမင်္ဂလာ ခံစားရရန်၊ ထိုသက်သေခံချက်၌ ဝမ်းမြောက်၍ ရဲရင့်ကြပြီး၊ ကျွန်တော်တို့ရဲ့ အသက်တာတွင် ကိုယ်တော်ရဲ့ကျေးဇူးတော်အသီးအပွင့်တွေကို အစဉ်ဆက်မပြတ် သုံးဆောင်နိုင်စေရန် ဆုတောင်းပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။