အထွေထွေညီလာခံ
ပဋိညာဉ်များနှင့် တာဝန်များ
ဧပြီလ ၂၀၂၄ အထွေထွေညီလာခံ


15:11

ပဋိညာဉ်များနှင့် တာဝန်များ

ယေရှုခရစ်တော်ရဲ့အသင်းတော်က ဘုရားသခင်နဲ့ပဋိညာဉ်ပြုခြင်းကို အလေးပေးတဲ့ အသင်းတော်ဖြစ်ပါတယ်။

“သင့်ရဲ့အသင်းတော်က တခြားအသင်းတော်တွေနဲ့ ဘယ်လိုကွာခြားပါသလဲ။” ဒီလိုအရေးကြီးတဲ့မေးခွန်းအတွက် ကျွန်တော့်အဖြေက အသင်းတော်ကြီးထွားလာပြီး ကျွန်တော်ရင့်ကျက်လာတာနဲ့အမျှ ပြောင်းလဲသွားခဲ့ပါတယ်။ ၁၉၃၂ ခုနှစ် ကျွန်တော် ယုတပြည်မှာ မွေးတော့၊ ကျွန်တော်တို့ အသင်းဝင်စာရင်းက ၇ သိန်းလောက်ပဲ ရှိခဲ့ပြီး၊ အများစုက ယုတနဲ့ အနီးနားက ပြည်နယ်တွေလောက်ပဲ ရှိခဲ့ပါတယ်။ အဲဒီအချိန်၊ ကျွန်တော်တို့မှာ ဗိမာန်တော် ၇ ခုပဲရှိခဲ့ပါတယ်။ ဒီနေ့မှာ ယေရှုခရစ်တော်ရဲ့နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ရဲ့ အသင်းဝင်စာရင်းက နိုင်ငံပေါင်း ၁၇၀ခန့်မှာ ၁၇သန်းထက်ကျော်သွားပါပြီ။ ဒီ ဧပြီ ၁ ရက်နေ့မှာ၊ နိုင်ငံအများအပြားမှာ ကျွန်တော်တို့ ဆပ်ကပ်ထားတဲ့ ဗိမာန်တော်ပေါင်း ၁၈၉ ခုရှိပြီး စီစဉ်ဆဲနဲ့ဆောက်လုပ်ဆဲ ၁၄၆ ခု ထပ်ပြီးရှိပါတယ်။ ဒီဗိမာန်တော်တွေရဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ရဲ့ဝတ်ပြုကိုးကွယ်ခြင်းမှာပါဝင်တဲ့ ပဋိညာဉ်တွေရဲ့ အခန်းကဏ္ဍနဲ့သမိုင်းကြောင်းကို ကျွန်တော်ပြောကြားသင့်တယ်လို့ ခံစားခဲ့ရပါတယ်။ ဒါက အစောပိုင်းဟောပြောသူများရဲ့ စိတ်အားထက်သန်တဲ့သွန်သင်မှုတွေကို ဖြည့်စွက်ပေးပါလိမ့်မယ်။

၁။

ပဋိညာဉ်ဆိုတာ တချို့သောတာဝန်တွေကို ဖြည့်ဆည်းဖို့ ကတိကဝတ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ အသက်တာနဲ့ လူ့အဖွဲ့အစည်းကို ထိန်းကျောင်းတည့်မတ်ဖို့ ကိုယ်ပိုင်ကတိကဝတ်တွေက မရှိမဖြစ် လိုအပ်ပါတယ်။ အဲဒီအယူအဆကို လက်ရှိမှာ စိန်ခေါ်နေကြပါတယ်။ အသံအနည်းစုက အဖွဲ့အစည်းဆိုင်ရာ အခွင့်အာဏာကို ဆန့်ကျင်ပြီး လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်တဲ့ ဘယ်ကန့်သတ်ချက်မဆိုကနေ ကင်းလွတ်သင့်တယ်လို့ အခိုင်အမာပြောဆိုနေကြပါတယ်။ ယခုထိတိုင် ဖွဲ့စည်းထားတဲ့ လူမှုအသိုင်းအဝိုင်းတွေမှာ နေထိုင်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုရရှိဖို့ တစ်ဦးချင်းလွတ်လပ်ခွင့်အချို့ကို စွန့်လွှတ်ထားကြောင်း ထောင်စုနှစ်နဲ့ချီတဲ့အတွေ့အကြုံမှ ကျွန်တော်တို့ သိရပါတယ်။ ဒီလိုမျိုး တစ်ဦးချင်းလွတ်လပ်ခွင့်ကို လက်လွှတ်မှုတွေက အဓိကအားဖြင့်၊ ဖော်ပြထား ဒါမှမဟုတ် ညွှန်ပြထားတဲ့၊ ပဋိညာဉ် ဒါမှမဟုတ် ကတိကဝတ်တွေအပေါ်မှာ အခြေခံပါတယ်။

တပ်မတော်သားများ
ဆေးဘက်ဆိုင်ရာဝန်ထမ်းများ
မီးသတ်သမားများ
အချိန်ပြည့်သာသနာပြုများ

ဒါတွေက ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ ပဋိညာဉ်တာဝန်တွေနဲ့လည်ပတ်နေတဲ့ ဥပမာတစ်ချို့ဖြစ်ပါတယ်၊ (၁) တရားသူကြီးများ၊ (၂) စစ်တပ်၊ (၃) ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ နှင့် (၄) မီးသတ်သမားများ။ ဒီလို လူရင်းနှီးပြီးသားအလုပ်တွေ လုပ်ကြတဲ့သူတွေက—မကြာခဏ ကတိသစ္စာ ဒါမှမဟုတ် ပဋိညာဉ်တစ်ခုနဲ့—သူတို့ကျရာတာဝန်တွေကိုထမ်းဆောင်ဖို့ ကတိပြုကြပါတယ်။ ကျွန်တော်တို့ရဲ့ အချိန်ပြည့် သာသနာပြုတွေလည်း အတူတူပါပဲ။ ကွဲပြားတဲ့ အဝတ်အစားတွေ ဒါမှမဟုတ် နာမည်ကတ်တွေက ညွှန်ပြနေတာကတော့ ဝတ်ဆင်သူသည်ပဋိညာဉ်တရားအောက်မှာ ရှိကြောင်း၊ သင်ကြားဖို့နဲ့ အစေခံဖို့ တာဝန်ရှိကြောင်း နဲ့ အဲလိုအစေခံဖို့ ပံ့ပိုးကူညီခံရသင့်ကြောင်း ဖြစ်ပါတယ်။ ဆက်စပ်ရည်ရွယ်ချက်တစ်ခုကတော့ ဝတ်ဆင်သူတွေကို သူတို့ရဲ့ ပဋိညာဉ်တာဝန်တွေအကြောင်း သတိပေးဖို့ပါပဲ။ သူတို့ရဲ့ ကွဲပြားတဲ့အဝတ်အစား ဒါမှမဟုတ် သင်္ကေတွေမှာ မှော်ပညာ မပါဝင်ပါဘူး၊ ဝတ်ဆင်သူတွေလက်ခံထားတဲ့ အထူးတာဝန်တွေအတွက် လိုအပ်တဲ့ သတိပေးချက်တစ်ခုသာဖြစ်ပါတယ်။ စေ့စပ်လက်စွပ်နဲ့ မင်္ဂလာလက်စွပ်တွေရဲ့ သင်္ကေတတွေနဲ့ အခန်းကဏ္ဍမှာလည်း ဒါက မှန်ကန်ပါတယ်၊ သူတို့တွေက စူးစမ်းသူတွေကို သတိပေးတာ ဒါမှမဟုတ် ဝတ်ဆင်သူတွေကို ပဋိညာဉ်တာဝန်တွေကို အမှတ်ရစေတာဖြစ်ပါတယ်။

မင်္ဂလာလက်စွပ်။

၂။

လူတစ်ဦးချင်းစီရဲ့ အသက်တာကို ထိန်းကျောင်းတည့်မတ်တဲ့နေရာမှာ အုတ်မြစ်ဖြစ်တယ်လို့ ကျွန်တော်ပြောခဲ့တဲ့ ပဋိညာဉ်တွေက အထူးသဖြင့် ဘာသာရေးဆိုင်ရာပဋိညာဉ်တွေကို ဆိုလိုပါတယ်။ များစွာသောဘာသာရေးဆက်နွယ်မှုတွေနဲ့ လိုအပ်ချက်တွေရဲ့ အခြေခံအုတ်မြစ်နဲ့သမိုင်းက ပဋိညာဉ်တွေအပေါ် အခြေခံထားပါတယ်။ ဥပမာအားဖြင့်၊ အာဗြဟံပဋိညာဉ်က များစွာသောကြီးမြတ်တဲ့ ဘာသာရေးထုံးတမ်းတွေအတွက် ပဓာနကျပါတယ်။ အဲဒါက သူ့သားသမီးတွေနဲ့ ပြုလုပ်ထားတဲ့ ဘုရားသခင်ရဲ့ ပဋိညာဉ်ကတိတွေ ကြီးမြတ်ပုံကို ပြောပြပါတယ်။ ဓမ္မဟောင်းကျမ်းဟာ အာဗြဟံနဲ့သူ့အမျိုးအနွယ်ကိုပြုထားတဲ့ ဘုရားသခင်ရဲ့ပဋိညာဉ်ကို မကြာခဏ ရည်ညွှန်းပါတယ်။

ဓမ္မဟောင်းကာလမှာ ရေးသားခဲ့တဲ့ ၊ မော်မုန်ကျမ်းရဲ့ ပထမပိုင်းက ၊ ဣသရေလလူမျိုးသမိုင်းနဲ့ဝတ်ပြုကိုးကွယ်မှုမှာ ပဋိညာဉ်တွေရဲ့ အခန်းကဏ္ဍကို ရှင်းလင်းစွာ သရုပ်ဖော်ပါတယ်။ အဲဒီခေတ်က ဣသရေလလူမျိုးတွေရဲ့ရေးသားချက်တွေက ”ဣသရေလေအမျိုးသားများသို့ ပြုလေသည့် ကိုယ်တော်ရှင်၏ပဋိညာဉ်များပါဝင်သည့် ယုဒလူမျိုးတို့၏မှတ်တမ်းတစ်ခုဖြစ်၏”လို့ ကောင်းကင်တမန်တစ်ပါးက နီဖိုင်းကို ပြောခဲ့ပါတယ်။ နီဖိုင်းကျမ်းတွေက အာဗြဟံပဋိညာဉ် ကိုအကြိမ်များစွာ မှီငြမ်းပြီး ဣသရေလလူမျိုးများကို “ကိုယ်တော်ရှင်ရဲ့ပဋိညာဉ်ခံလူမျိုးများ”လို့ဆိုပါတယ်။ ဘုရားသခင်နဲ့ ပဋိညာဉ်ပြုခြင်း (သို့) ဘာသာရေးခေါင်းဆောင်များနဲ့ ပဋိညာဉ်ပြုခြင်းအလေ့အကျင့်ကို နီဖိုင်း၊ အဲဂုတ္တပြည်က ယောသပ်၊ ဗင်္ယာမိန်မင်းကြီး၊ အယ်လမာနဲ့ ခေါင်းဆောင်မော်ရော်နိုင်းတို့အကြောင်းရေးသားထားတဲ့ မော်မုန်ကျမ်းစာတွေမှာလည်း မှတ်တမ်းတင်ထားပါတယ်။

၃။

ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိအပြည့်အစုံကို ပြန်လည်ဆောင်ယူဖို့အချိန် ရောက်လာတဲ့အခါ၊ ဘုရားသခင်က ဂျိုးဇက်စမစ်လို့ခေါ်တဲ့ ပရောဖက်တစ်ဦးကို ဆင့်ခေါ်ခဲ့ပါတယ်။ ရင့်ကျက်တဲ့ ဒီပရောဖက်ငယ်အတွက် ကောင်းကင်တမန် မော်ရော်နိုင်းရဲ့ အစောပိုင်း လမ်းညွှန်ချက်အပြည့်အစုံကို ကျွန်တော်တို့ မသိခဲ့ပါဘူး။ သူက ဂျိုးဇက်ကို “ဘုရားသခင်မှာ [သူ့]အတွက် အလုပ်တစ်ခုရှိတယ်” လို့ပြောခဲ့ပြီး “ဘိုးဘေးများထံပြုခဲ့တဲ့ကတိတော်များ” အပါအဝင် “ထာဝရတည်မြဲတဲ့ဧဝံဂေလိရဲ့ပြည့်စုံခြင်း”ကို ဖော်ဆောင်ရမယ်လို့ ပြောခဲ့တာ ကျွန်တော်တို့ အမှန်သိကြပါတယ်။ ငယ်ရွယ်တဲ့ဂျိုးဇက်ကို အသင်းတော်တစ်ခုဖွဲ့စည်းဖို့ မညွှန်ကြားခင်ကတည်းက၊ သူ အပြင်းထန်ဆုံးဖတ်ခဲ့တဲ့ ကျမ်းစာတွေက၊ မော်မုန်ကျမ်းထဲမှာ သူဘာသာပြန်နေတဲ့ ပဋိညာဉ်အကြောင်း သွန်သင်ချက်တွေဆိုတာကိုလည်း ကျွန်တော်တို့ သိကြပါတယ်။ ဒီစာအုပ်ဟာ ဘုရားသခင်ရဲ့အစီအစဉ်အပါအဝင် ၊ ဧဝံဂေလိအပြည့်အစုံပေါ်ထွန်းလာဖို့အတွက် ပြန်လည်ဆောင်ယူတဲ့နေရာမှာ အဓိကရင်းမြစ်ဖြစ်ပြီး၊ မော်မုန်ကျမ်းဟာ ပဋိညာဉ်ကို ကိုးကားချက်တွေနဲ့ပြည့်နေပါတယ်။

သမ္မာကျမ်းစာကို ကောင်းစွာဖတ်ခဲ့တဲ့အတွက်၊ “ဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ ပဋိညာဉ်တရားသစ်ပေးဖို့” ကယ်တင်ရှင်ရဲ့ ရည်ရွယ်ချက်ကို ကိုးကားထားတဲ့ ဟေဗြဲဩဝါဒစာကို ဂျိုးဇက်က သိရှိပြီးဖြစ်ပါတယ်။ ဟေဗြဲကျမ်းက ယေရှုကိုလည်း “ပဋိညာဉ်တရားသစ်၏အာမခံ”လို့ ညွှန်းဆိုခဲ့ပါတယ်။ သိသာထင်ရှားစွာနဲ့၊ ကယ်တင်ရှင်ရဲ့ သေမျိုးအမှုတော်ဆောင်ခြင်း သမ္မာကျမ်းစာမှတ်တမ်းကို “ဓမ္မသစ်”လို့‌ ခေါင်းစီးတပ်ပါတယ် ၊ “ပဋိညာဉ်သစ်” နဲ့ ဆင်တူနီးပါး နာမည်ဖြစ်ပါတယ်။

ပဋိညာဉ်တွေက ဧဝံဂေလိကို ပြန်လည်ဆောင်ယူရာမှာ ပဓာနကျပါတယ်။ ကိုယ်တော်ရှင်က ပရောဖက်ကို သူ့ရဲ့အသင်းတော်ကို စုစည်းဖို့ ညွန်ကြားတဲ့ အစောပိုင်းအဆင့်တွေမှာ အဲဒါက ထင်ရှားပါတယ်။ မော်မုန်ကျမ်းကိုထုတ်ဝေလိုက်တာနဲ့၊ ကိုယ်တော်ရှင်က၊ မကြာခင် ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်လို့ အမည်တွင်လာမယ့်၊ သူ့ရဲ့ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ကို စုစည်းဖို့ ညွန်ကြားခဲ့ပါတယ်။ ဧပြီ ၁၈၃၀ မှာ မှတ်တမ်းတင်ထားတဲ့ ဗျာဒိတ်တော်က ညွှန်ကြားပါတယ်၊ လူများသည် “၎င်းတို့၏အပြစ်များအားလုံးမှ အမှန်တကယ်နောင်တရကာ ယေရှုခရစ်တော်၏နာမတော်ကို ၎င်းတို့အပေါ်၌ ခံယူလိုပြီး သူ့အား အဆုံးတိုင် အစေခံရန် စိတ်ပိုင်းဖြတ်ထားကြောင်း” “သက်သေခံ” (အလေးအနက်သက်သေခံ) ပြီးပါက ၎င်းတို့အား “သူ၏အသင်းတော်ထဲသို့ ဗတ္တိဇံအားဖြင့် လက်ခံပါလိမ့်မည်။”

အသင်းတော်သည် “သခင်ယေရှုကို အောက်မေ့သတိရသောအားဖြင့် မုန့်နဲ့ စပျစ်ရည်[ရေ] ကို သုံးဆောင်ရန် မကြာခဏ တွေ့ဆုံရမည်” လို့တူညီတဲ့ ဗျာဒိတ်တော်ကပဲ ညွှန်ကြားခဲ့ပါတယ်။ ဦးဆောင်တဲ့ အသင်းလူကြီး (သို့) ယဇ်ပုရောဟိတ်အတွက် သတ်မှတ်ပြဌာန်းထားတဲ့ ပဋိညာဉ်စကားလုံးတွေမှာ ဒီဘိသိက်မင်္ဂလာရဲ့ အရေးပါမှုက ထင်ရှားပါတယ်။ ကိုယ်တော်က ပေါင်မုန့်ကို “သုံးဆောင်သောသူမှန်သမျှ၏စိတ်ဝိညာဉ်တို့အတွက်သော်လည်းကောင်း … ၊ အို ထာဝရအဘဘုရားသခင်၊ သူတို့သည် ကိုယ်တော့် သားတော်၏ နာမတော်ကို သူတို့အပေါ်မှာ ခံယူရန်၊ သူ့အား အစဉ်အမြဲ အောက်မေ့ရန်နှင့် မိန့်တော်မူခဲ့သော ပညတ်တော်တို့ကို စောင့်ထိန်းရန် လိုလိုလားလားရှိကြကြောင်း ကိုယ်တော့်ထံသို့ သက်သေခံကြဖို့ရာလည်းကောင်း” ကောင်းချီးပေးခဲ့ပါတယ်။”

အသစ်ပြန်လည်ဆောင်ယူခဲ့တဲ့ အသင်းတော်မှာ ပဋိညာဉ်တွေရဲ့ အဓိကအခန်းကဏ္ဍကို ကိုယ်တော်ရှင်ရဲ့ဗျာဒိတ်တော်များ ပထမဆုံးထုတ်ဝေခြင်းအတွက် ပေးခဲ့တဲ့ နိဒါန်းမှာ ထပ်မံအတည်ပြုထားပါတယ်။ ကိုယ်တော်ရှင်က ဂျိုးဇက်စမစ်ကိုခေါ်ဆိုရခြင်းမှာ မြေကြီးပေါ်ရှိလူများသည် “ငါ၏ဘိသိက်မင်္ဂလာများကို လမ်းလွဲ၍ ငါ၏ထာဝရပဋိညာဉ်တရားကို ဖောက်ဖျက်ခြင်းကြောင့်” ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ကိုယ်တော်ရဲ့ပညတ်တော်များကို “ငါ၏ ထာဝရပဋိညာဉ်တရားကို တည်စေခြင်းငှာ” ပေးထားကြောင်း ဗျာဒိတ်တော်က ထပ်မံ ရှင်းပြပါတယ်။

ယနေ့ ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်နဲ့ အသင်းသားတွေရဲ့ ဝတ်ပြုကိုးကွယ်မှုမှာ ပဋိညာဉ်ရဲ့အခန်းကဏ္ဍတွေကို ကျွန်တော်တို့ နားလည်သဘောပေါက်ပါတယ်။ ဥက္ကဋ္ဌ ဂေါ်ဒွန် ဘီ၊ ဟင်ကလေ က ဗတ္တိဇံခံခြင်းနဲ့ အပတ်စဉ်ပွဲတော်သုံးဆောင်ရခြင်းရဲ့ အကျိုးသက်ရောက်မှု အကျဉ်းချုပ်ကိုပြောပြပါတယ်၊ “ဗိတ္တိဇံရေထဲကိုဝင်တဲ့ ဤအသင်းတော်ရဲ့အသင်းသားတိုင်းဟာ မြင့်မြတ်တဲ့ပဋိညာဉ်တစ်ခုရဲ့ ဘက်တော်သားဖြစ်လာပါတယ်။ ကိုယ်တော်ရှင်ရဲ့ညစာဖြစ်တဲ့ ပွဲတော်မင်္ဂလာကိုသုံးဆောင်တိုင်းမှာ၊ ကျွန်တော်တို့က အဲဒီပဋိညာဉ်ကို အသစ်ပြုပါတယ်။”

ကျွန်တော်တို့ကို ဒီညီလာခံမှာရှိတဲ့ ဟောပြောသူအများအပြားက သတိပေးလျက်ရှိပါတယ်၊ ဥက္ကဌ ရပ်ဆဲလ် အမ်၊ နယ်လဆင်က ကယ်တင်ခြင်းအစီအစဉ်ကို “ပဋိညာဉ်လမ်းကြောင်း”အဖြစ် မကြာခဏရည်ညွှန်းပါတယ်၊ အဲဒီလမ်းကြောင်းက ကျွန်တော်တို့ကို “ဘုရားသခင်ဆီ ပြန်လည်ခေါ်ဆောင်သွားပြီး” “ဘုရားသခင်နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးပဲ ဖြစ်ပါတယ်။” သူက ကျွန်တော်တို့ရဲ့ ဗိမာန်တော်အခမ်းအနားတွေမှာ ပဋိညာဉ်တွေရဲ့ အရေးပါမှုကို သွန်သင်ခဲ့ပြီး အစကနေ အဆုံးအထိ မြင်အောင်ကြည့်ဖို့နဲ့ “ဆီလက်ရှယ်လ်ကို စဉ်းစားပါ” လို့တိုက်တွန်းခဲ့ပါတယ်။.

၄။

အခု ကျွန်တော် ဗိမာန်တော်ပဋိညာဉ်တွေအကြောင်း ထပ်ပြောပါမယ်။ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိအပြည့်အစုံကို ပြန်လည်ဆောင်ယူရမယ့် တာဝန်ကိုပြီးပြည့်စုံဖို့၊ ပရောဖက်ဂျိုးဇက်စမစ်က သူ့ရဲ့နောက်ဆုံးနှစ်တွေကို အီလီနွိုက်ပြည်နယ်၊ နော့ဘူးမှာ ဗိမာန်တော်ဆောက်ဖို့ ညွှန်ကြားရင်း ကုန်ဆုံးခဲ့ပါတယ်။ သူကနေတဆင့်၊ မြင့်မြတ်တဲ့သွန်သင်ချက်တွေ၊ ဩဝါဒတွေနဲ့ ပဋိညာဉ်တွေကို သူ့ရဲ့ဆက်ခံသူတွေ ဗိမာန်တော်တွေမှာ စီမံအုပ်ချူပ်ဖို့ ကိုယ်တော်ရှင်က ထုတ်ဖော်ခဲ့ပါတယ်။ ဝိညာဉ်ပကတိအပ်နှင်းတဲ့ ပုဂ္ဂိုလ်တွေက၊ ဘုရားသခင်ရဲ့ကယ်တင်ခြင်းအစီအစဉ်ကို သင်ကြားခံရပြီး မြင့်မြတ်တဲ့ ပဋိညာဉ်တွေပြုဖို့ ဖိတ်ခေါ်ခြင်းခံရပါတယ်။ ထိုပဋိညာဉ်တွေကို သစ္စာစောင့်သိသူတွေက ထာဝရအသက် ကိုရရှိမှာဖြစ်ပြီး၊ “ခပ်သိမ်းသောအရာတို့ကို သူတို့ပိုင်သည်” ဖြစ်ပြီး သူတို့သည် “ဘုရားသခင်နှင့် ခရစ်တော် အပါးတွင် ထာဝစဉ်နေထိုင်ကြပါလိမ့်မယ်။”

အနောက်ဘက်တောင်တန်းတွေဆီ သမိုင်းဝင်ခရီး စတင်ဖို့ဖြစ်လာတဲ့၊ ကျွန်တော်တို့ရဲ့ အစောပိုင်းရှေ့ဆောင်သူတွေကို နှင်မထုတ်ခင်မှာ ၊ နော့ဘူးဗိမာန်တော်ထဲမှာ ဝိညာဉ်ပကတိအပ်နှင်းခြင်းအခမ်းအနားများကို စီမံဆောင်ရွက်ခဲ့ပါတယ်။ နော့ဘူးဗိမာန်တော်မှာ ဝိညာဉ်ပကတိအပ်နှင်းပြီး ခရစ်တော်နဲ့ပေါင်းစည်းခြင်းကနေ ရရှိလာတဲ့ တန်ခိုးတော်က၊ သူတို့ကို မော်ကွန်းဝင်ခရီး လျှောက်လှမ်းဖို့နဲ့ အနောက်ဘက်မှာ ထူထောင်ဖို့ ခွန်အားပေးတဲ့အကြောင်း၊ များပြားတဲ့ရှေ့ဆောင်သူများဆီမှ သက်သေခံချက်များစွာရှိပါတယ်။

သန့်ရှင်းတဲ့ ဗိမာန်တော်မှာ ဝိညာဉ်ပကတိအပ်နှင်းခံရသူ‌တွေက ဗိမာန်တော်အဝတ်တန်ဆာကို ဝတ်ဆင်ဖို့ တာဝန်ရှိပါတယ်၊ အပြင်ဝတ်ရဲ့အောက်မှာ ဝတ်ဆင်ရတဲ့အတွက် အဝတ်တန်ဆာရဲ့အစတစ်ခုကိုတောင် မမြင်ရပါဘူး။ အဲဒါက ဝိညာဉ်ပကတိအပ်နှင်းပြီးသား အသင်းဝင်တွေကို မြင့်မြတ်တဲ့ပဋိညာဉ်တွေနဲ့ သန့်ရှင်းတဲ့ဗိမာန်တော်မှာ ကတိပြုခြင်းခံရတဲ့ ကောင်းချီးတွေကို အမှတ်ရစေပါတယ်။ ထိုသန့်ရှင်းတဲ့ရည်ရွယ်ချက်တွေအောင်မြင်ဖို့၊ သိသာထင်ရှားတဲ့ ခြွင်းချက်တွေနဲ့၊ ဗိမာန်တော်အဝတ်တန်ဆာတွေကို စဉ်ဆက်မပြတ်ဝတ်ဆင်ဖို့ ကျွန်တော်တို့ကို ညွှန်ကြားထားပါတယ်။ ပဋိညာဉ်တွေက “တစ်ရက်မှအနားမယူတဲ့အတွက်၊” အဝတ်တန်ဆာကိုဖယ်ရှားမယ်ဆိုရင် သက်ဆိုင်တဲ့ပဋိညာဉ်တာဝန်နဲ့ကောင်းချီးတွေကို ငြင်းဆိုမှုလို့ မှတ်ယူနိုင်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့၊ အဝတ်တန်ဆာတွေကို သစ္စာရှိစွာဝတ်ဆင်ပြီး ဗိမာန်တော်ပဋိညာဉ်တွေကို အစဉ်အမြဲလိုက်နာသူတွေက သခင်ယေရှုခရစ်တော်ရဲ့ တပည့်တော်များအဖြစ် သူတို့ရဲ့အခန်းကဏ္ဍကို အတည်ပြုပါတယ်။

ဗိမာန်တော်များ၏မြေပုံ

ယေရှုခရစ်တော်ရဲ့နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်က ကမ္ဘာတစ်ဝှမ်းမှာ ဗိမာန်တော်များကို ဆောက်လုပ်နေပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က ဗိမာန်တော်ဝတ်ပြုခြင်း၊ မြင့်မြတ်တဲ့တာဝန်များ၊ တန်ခိုးများနဲ့ ထူးခြားတဲ့ကောင်းချီးများနဲ့ ပဋိညာဉ်အားဖြင့် ခရစ်တော်ထံမှလက်ခံရရှိတဲ့အတိုင်းအတာအားဖြင့် ဘုရားသခင်ရဲ့ပဋိညာဉ်သားသမီးတွေကို ကောင်းချီးပေးဖို့ဖြစ်ပါတယ်။

ဆောက် ပဲလ်လို ဘရာဇီးဗိမာန်တော်။

ယေရှုခရစ်တော်ရဲ့အသင်းတော်က ဘုရားသခင်နဲ့ပဋိညာဉ်ပြုခြင်းကို အလေးပေးတဲ့ အသင်းတော်ဖြစ်ပါတယ်။ ပဋိညာဉ်များဟာ ဤပြန်လည်ဆောင်ယူထားသောအသင်းတော်က စီမံတဲ့ ကယ်တင်ခြင်းနဲ့ ချီးမြှောက်ခြင်းဆိုင်ရာ ဘိသိက်မင်္ဂလာတစ်ခုစီမှာ ရှိရင်းစွဲဖြစ်ပါတယ်။ ဗတ္တိဇံခံခြင်းဘိသိက်မင်္ဂလာနဲ့ ဆက်စပ်ပဋိညာဉ်တွေက ဆီလက်ရှယ်လ်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လိုအပ်ချက်တွေ ဖြစ်ပါတယ်။ ဗိမာန်တော်ရဲ့ ဘိသိက်မင်္ဂလာတွေနဲ့ဆက်စပ်ပဋိညာဉ်တွေက ဆီလက်ရှယ်လ်နိုင်ငံတော်ထဲမှာ ချီးမြှောက်တဲ့၊ “ဘုရားသခင်ရဲ့အကြီးမြတ်ဆုံးဆုကျေးဇူး” ဖြစ်တဲ့၊ ထာဝရအသက်အတွက်၊ လိုအပ်ချက်တွေဖြစ်ပါတယ်။ ထိုအရာက ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ရဲ့ ဗဟိုချက်ဖြစ်ပါတယ်။

ယေရှုခရစ်တော်ဟာ၊ ဒီအသင်းတော်ရဲ့ဦးသျှောင်ဖြစ်ပြီး၊ မြင့်မြတ်တဲ့ပဋိညာဉ်တွေကို လိုက်နာတဲ့သူအားလုံးအပေါ်မှာ သူ့ရဲ့ကောင်းချီးတွေကို တိုးပွားစေမယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။