အထွေထွေညီလာခံ
အကူအညီတောင်းပါ၊ မလဲကျပါစေနဲ့
ဧပြီလ ၂၀၂၄ အထွေထွေညီလာခံ


9:58

အကူအညီတောင်းပါ၊ မလဲကျပါစေနဲ့

ကျွန်တော်တို့ဘုရားသခင်ထံ အကူအညီတောင်းရင်၊ လဲကျမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သက်သေခံပါတယ်။

ဒီနေ့မှာ၊ ကျွန်တော်ရဲ့ နှလုံးသားထဲမှာပြည့်ဝစွာသေချာမှုနဲ့ ဘုရားသခင်ဟာကျွန်‌တော်တို့ရဲ့ ဆုတောင်းသံတွေကို ကြားပြီး ကိုယ်ပိုင်နည်းလမ်းနဲ့ ဖြေပေးတယ်ဆိုတာကို သက်သေခံရင်းစတင်ချင်ပါတယ်။

မသေချာမှုတွေ၊ နာကျင်မှုတွေ၊ စိတ်ပျက်မှုတွေ၊ ကြေကွဲမှုတွေနဲ့ ဖြတ်သန်းနေရတဲ့လောကမှာ၊ ကျွန်‌တော်တို့ဟာ ကိုယ်ပိုင်အရည်အချင်းများနှင့် နှစ်သက်မှုများအပြင် လောကမှလာသော အသိပညာနှင့် လုံခြုံမှုကို ပိုမိုအားကိုးလိုစိတ်ရှိနိုင်ကြပါတယ်။ ဒါက ကျွန်‌တော်တို့ ဒီသေခြင်းရှိရာဘဝရဲ့အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ တကယ်အကူအညီပေးနိုင်တဲ့ ရင်းမြစ်တွေနဲ့ ထောက်ပံ့မှုတွေကို လျစ်လျုရှုဖို့ဖြစ်စေနိုင်ပါတယ်။

ဆေးရုံအခန်း။

ကျွန်တော်နာမကျန်းမှုတစ်ခုကြောင့်ဆေးရုံတက်ခဲ့ရတဲ့အကြောင်းကိုမှတ်မိပါသေးတယ်၊ အဲ့ဒီအချိန်က ကျွန်တော့်အတွက် အိပ်ဖို့အရမ်းခက်ခဲ့ပါတယ်။ ကျွန်တော်မီးတွေပိတ်လိုက်ပြီး အခန်းကမှောင်သွားတဲ့အချိန်မှာ၊ မျက်နှာကျက်ပေါ်က ရောင်ပြန်ဟပ်နေတဲ့ “အကူအညီတောင်းပါ၊ မလဲကျပါစေနဲ့” ဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့လိုက်ပါတယ်။ ကျွန်တော်အံ့သြမိတာက၊ နောက်နေ့မှာ ထိုစာက အခန်းရဲ့နေရာတော်တော်တော်များများမှာ ရှိနေတာကိုသတိထားမိပါတယ်။

အကူအညီတောင်းပါ၊လဲမကျပါစေနဲ့ ဆိုင်းဘုတ်။

ဘာကြောင့် ဒီစာကအရမ်းအရေးကြီးတာပါလဲ။ ကျွန်တော် သူနာပြုကိုအဲ့ဒီအကြောင်းမေးကြည့်တော့၊ သူမက “အဲ့ဒါက သင်ခံစားနေရတဲ့နာကျင်မှုကိုပိုဆိုးစေနိုင်တဲ့ ထိခိုက်မှုမျိုးထပ်မဖြစ်စေဖို့ပါ” လို့ပြောပါတယ်။

ဒီဘဝဟာ၊ သဘာဝအရ၊ နာကျင်နိုင်တဲ့ အတွေ့အကြုံတွေကိုသယ်ယူလာပါတယ်၊ တချို့ကမွေးရာပါတွေဖြစ်တယ်၊ တချို့က ကျွန်တော်တို့ရဲ့အားနည်းချက်တွေ သို့မဟုတ် ဒုက္ခတွေကြောင့်ဖြစ်တယ်၊ တချို့က တခြားသူတွေသူတို့ရဲ့ရွေးချယ်မှုတွေကိုအသုံးပြုတဲ့နည်းလမ်းတွေကြောင့်ဖြစ်တယ်၊ တချို့ကတော့ ကျွန်တော်တို့ရဲ့ရွေးချယ်ခွင့်ကို အသုံးပြုခြင်းကြောင့်ဖြစ်ပါတယ်။

ကယ်တင်ရှင်ကိုယ်တိုင် ကြေညာခဲ့တဲ့ အဆိုပါ ကတိတော်ထက်ပိုပြီး စွမ်းအားပြည့်ဝတဲ့ အရာ ရှိပါဦးမလားခင်ဗျာ၊ “တောင်းကြလော့။တောင်းလျှင်ရမည်။ရှာကြလော့။ ရှာလျှင်တွေ့မည်၊ တံခါးကိုခေါက်ကြလော့” သို့မဟုတ် အကူအညီတောင်းပါ၊ “ခေါက်လျှင်ဖွင့်မည်။”

ဆုတောင်းခြင်းက ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဘဘုရားသခင်နှင့် ဆက်သွယ်ဖို့နည်းလမ်းဖြစ်ပါတယ်၊ ဒါဟာကျွန်တော်တို့ “အကူအညီတောင်းပြီး လဲမကျစေဖို့”ကူညီပေးပါတယ်။ သို့သော်လည်း၊ တုံ့ပြန်မှုချက်ချင်းမရတဲ့အခါ သို့မဟုတ် ကျွန်တော်တို့မျှော်လင့်ထားသလိုမရရှိတဲ့အခါ၊ ကျွန်တော်တို့ရဲ့ အကူအညီတောင်းခြင်းတွေကို မကြားနိုင်ဘူးလို့ထင်ရတဲ့အချိန်တွေလည်းရှိမှာပါ။

ဒါက တစ်ခါတစ်ရံမှာ စိတ်ပူပန်ခြင်း၊ ဝမ်းနည်းခြင်းနှင့် စိတ်ပျက်ခြင်းတို့ဖြစ်ဖို့ ဦးတည်စေပါတယ်။ သို့သော်၊ နီဖိုင်းရဲ့ ကိုယ်တော်ရှင်ထံယုံကြည်ခြင်းအပေါ်ဖော်ပြမှုမှာ၊ သူက “ငါ‌သင်္ဘောတည်ဆောက်ရစေမည့်အကြောင်း၊အဘယ်သို့အားဖြင့် မသွန်သင်ဘဲရှိမည်နည်း” လို့ပြောခဲ့တာကို သတိရပါ။ အခု၊ သင့်ကိုကျွန်တော်မေးပါမယ်၊ ကိုယ်တော်ရှင်က သင်မပြိုလဲဖို့အတွက်၊ ဘာကြောင့်မညွှန်ကြားပဲနေပါ့မလဲ။

ဘုရားသခင်၏‌အဖြေများမှာ ယုံကြည်စိတ်ချမှုရှိခြင်းက ကိုယ်တော်ရဲ့နည်းလမ်းတွေဟာ ကျွန်တော်တို့ရဲ့နည်းလမ်းမဟုတ်ဘူးဆိုတာ လက်ခံနိုင်ခြင်းပဲဖြစ်ပါတယ်၊ သို့ရာတွင်၊ “ခပ်သိမ်းသောအရာတို့သည် သူတို့အချိန်နှင့် သူတို့ဖြစ်လာကြရမည်။”

ကျွန်‌တော်တို့ဟာ မေတ္တာနှင့်ဂရုဏာတော်ပြည့်ဝတဲ့ကောင်းကင်ဘုံရှင်အဖရဲ့ သားသမီးများဖြစ်တယ်ဆိုတာကို သေချာသိနေခြင်းက သူ့ထံမှာ “အကူအညီတောင်း”ဖို့အတွက်တွန်းအားတစ်ခုဖြစ်သင့်ပါတယ်။ “အစဥ်အမြဲဆုတောင်းရမည်၊ အားလည်းမလျော့ရ၊ သင်တို့၏အမှုဆောင်ရွက်ခြင်းသည် သင်တို့စိတ်ဝိညာဥ်၏ကောင်းကျိုးအတွက် ဖြစ်‌စေကြောင်း” သဘာထားဖြင့်ရိုသေစွာတောင်းလျှောက်ရပါမယ်၊ သားတော်ယေရှုခရစ်တော်၏နာမတော်ဖြင့် ကျွန်တော်တို့ပြုလုပ်တဲ့ ဆုတောင်းချက်တိုင်းကိုကြားရတဲ့အခါ ကောင်းကင်ဘုံရှင်အဘ ဘယ်လိုခံစားရမလဲဆိုတာ စဥ်းစားကြည့်ပါ။ ကျွန်တော်တို့အဲ့လိုလုပ်ဆောင်တဲ့အခါမှာ၊ ဘယ်လောက်တန်ခိုးပြည့်ဝပြီး ကြင်နာမှုရှိလိုက်ပါသလဲ။

ကျမ်းစာတွေမှာ လဲမကျစေဖို့ဘုရားသခင်ရဲ့အကူအညီခေါ်ဆိုခဲ့ကြတဲ့သူတွေနဲ့ ဥပမာတွေနဲ့ပြည့်နှက်နေပါတယ်။ ဟေလမန်နဲ့သူရဲ့ စစ်တပ်ဟာ၊ ဒုက္ခတွေနဲ့ကြုံတွေ့ရတုန်းမှာ၊ ဆုတောင်းခြင်းတို့၌သူတို့၏စိတ်ဝိညာဥ်ကိုသွန်းလောင်းခဲ့ကြပြီး၊ဘုရားသခင်ကို အကူအညီတောင်းခဲ့ကြပါတယ်။ သူတို့ဟာ စိတ်ချမှု၊ငြိမ်းချမ်းခြင်း၊ ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းတို့ရခဲ့ကြပြီး၊ သူတို့ရဲ့ပန်းတိုင်ရောက်တယ်အထိ ရဲရင့်ခြင်းနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့ကိုရခဲ့ကြပါတယ်။

မောရှေဟာ ပင်လယ်နီ နဲ့ အီဂျစ်လူမျိုးတွေတိုက်ခိုက်ဖို့လာကြတဲ့ကြားမှာ ရှိနေတုန်းက၊ ပြီးတော့ အာဗြဟံဟာ သူ့သားဣဇာက်ကို ယဇ်ပူဇော်ဖို့ အတွက် နာခံခဲ့ရတုန်းက၊ သူတို့ဘယ်လို ဘုရားသခင်ကို အော်ခေါ်ပြီး အကူအညီတောင်းမယ်ဆိုတာစဥ်းစားကြည့်ပါ။

သင်တို့အယောက်ချင်းစီတိုင်းမှာလည်း အကူအညီတောင်းခြင်းက မလဲကျဖို့အဖြေဖြစ်တယ့် အတွေ့အကြုံတွေရှိမှာသေချာပါတယ်။

လွန်ခဲ့တဲ့နှစ်သုံးဆယ်က၊ ကျွန်တော်နဲ့ကျွန်တော့်ဇနီးတို့ ဥပဒေအရလက်ထပ်ဖို့နဲ့ ဗိမာန်တော်မှာလက်ထပ်ဖို့ပြင်ဆင်နေကြတဲ့အချိန်မှာ၊ သပိတ်မှောက်ခြင်းတွေကြောင့် ဥပဒေအရလက်ထပ်ပေးခြင်းတွေကို ရပ်တန့်ထား‌ကြောင်း ဖုန်းရရှိခဲ့ပါတယ်။ ကျွန်တော်တို့စီစဥ်ထားတဲ့အခမ်းအနားမတိုင်ခင် သုံးရက်အလိုမှာဒီဖုန်းကိုရခဲ့တာပါ။ တခြားရုံးတွေကိုအကြိမ်များ‌စွာခေါ်ဆိုကြိုးစားခဲ့ပေမယ့်လည်း ရက်ချိန်းမရနိုင်တဲ့အခါမှာ၊ ကျွန်တော်တို့ စိတ်ပျက်လာပြီး စီစဥ်ထားသလိုတကယ်လက်ထပ်နိုင်ပါ့မလားဆိုတာကိုစပြီး သံသယဝင်လာပါတော့တယ်။

ကျွန်တော်စေ့စပ်ထားသူနဲ့ ကျွန်တော်ဟာ၊ စိတ်ဝိညာဥ်တွေကို ဆုတောင်းခြင်းနဲ့ ကိုယ်တော့်ထံ အပ်နှင်းပြီး “အကူအညီတောင်း” ခဲ့ပါတယ်။ နောက်ဆုံးမှာ၊ အသိတစ်ယောက်က ယခင်က မြို့တော်ဝန်လုပ်ခဲ့တဲ့ သူတစ်ယောက် မြို့ငယ်လေးတစ်ခုရဲ့အစွန်ကရုံးတစ်ရုံးမှာ ရှိကြောင်းပြောပြခဲ့ပါတယ်။ တုံ့ဆိုင်းခြင်းမရှိဘဲ၊ သူကျွန်တော်တို့ကို လက်ထပ်ပေးနိုင်မလားဆိုတာကို ကျွန်တော်တို့သွားမေးခဲ့ကြပါတယ်။ သူလက်ခံခဲ့လို့ ကျွန်တော်တို့ဝမ်းသာခဲ့ရပါတယ်။ အဲဒီမြို့မှာရှိတဲ့ လက်မှတ်ရဖို့နဲ့ စာရွက်စာတမ်းတွေအားလုံးကို နောက်နေ့မွန်းတည့်မတိုင်မှီ ပို့ပေးရမယ်ဆိုတဲ့အကြောင်း သူ့အတွင်းရေးမှူးက ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။

နောက်နေ့မှာ၊ ကျွန်တော်တို့ မြို့ငယ်လေးကိုပြောင်းပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေ ကိုရဲစခန်းမှာတောင်းခဲ့ကြပါတယ်။ အံ့သြစရာကောင်းတာက၊ ကျွန်တော်တို့ကိုပေးလို့မရဘူးလို့ရဲအရာရှိကပြောပါတယ်၊ ဘာကြောင့်လဲဆိုတော့ လူငယ်စုံတွဲတွေကမိသားစုတွေဆီကထွက်ပြေးလာပြီး အဲ့ဒီမြို့မှာတိတ်တိတ်လေး လက်ထပ်ထားကြလို့ဖြစ်ပါတယ်၊ ကျွန်တော်တို့ကတော့ အဲ့လိုမဟုတ်ပါဘူး။ စိုးရိမ်မှုနဲ့ ဝမ်းနည်းမှုတွေ ကျွန်တော်တို့ဆီကို တဖန်ပြန်ရောက်လာပါတယ်။

အဆင်ပြေဖို့အတွက် ကျွန်တော်ကောင်းကင်ဘုံရှင်အဘကို တိုးတိတ်စွာ အကူအညီတောင်းခဲ့တာကိုသတိရပါသေးတယ်။ ကျွန်တော့်စိတ်ထဲမှာ ‌“ဗိမာန်တော်ထောက်ခံစာ၊ ဗိမာန်တော်ထောက်ခံစာ”လို့ထပ်ခါထပ်ခါ ပြောနေတဲ့ ထင်ရှားတဲ့ခံစားချက်ကိုရရှိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဗိမာန်တော်ထောက်ခံချက်ကို ရဲအရာရှိဆီကိုချက်ချင်းထုတ်ပေးလိုက်ပါတယ်၊ ကျွန်တော့်ရဲ့စေ့စပ်ထားသူကတော့ အံ့အားသင့်သွားပါတယ်။

သူက “မင်းတို့က ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်က လာတယ်ဆိုတာ ဘာလို့မပြောတာလဲ လို့ပြောတော့ ကျွန်တော်တို့ အံ့သြသွားခဲ့ရပါတယ်။ မင်းတို့အသင်းတော်ကို ကျွန်တော်သေချာသိတယ်။” သူချက်ချင်းစပြီးတော့ စာရွက်စာတမ်းတွေကို ပြင်ဆင်ပေးပါတော့တယ်။ ပြီးတော့ သူဘာမှမပြောပဲ ရဲစခန်းကနေ ထွက်သွားတော့ကျွန်တော်တို့ပိုတောင် အံ့သြနေခဲ့ပါတယ်။

မိနစ်ငါးဆယ်လောက်ကြာပြီးတော့၊ သူပြန်မလာသေးပါဘူး။ အဲ့ဒီအချိန်မှာ ၁၁နာရီ ၅၅မိနစ်ရှိနေပါပြီ၊ ကျွန်တော်တို့စာရွက်စာတမ်းတွေကို ပို့ဖို့ မွန်းတည့်အထိဘဲအချိန်ရှိပါတယ်။ ရုတ်တရက် အရမ်းလှတဲ့ခွေးလေးနဲ့သူပြန်လာပြီးတော့ အဲ့ဒါကျွန်တော်တို့ အတွက် မင်္ဂလာလက်ဆောင်လို့ပြောပြီး စာရွက်စာတမ်းတွေနဲ့တကွပေးပါတယ်။

ကျွန်တော်တို့ ‌ခွေးအသစ်လေးနဲ့ စာရွက်စာတမ်းတွေနဲ့အတူ မြို့တော်ဝန်ရဲ့ရုံးခန်းကိုပြေးပါတယ်။ အဲ့နောက် ကျွန်တော်တို့ဆီကိုလာနေတဲ့ အရာရှိကားတစ်စီးကိုတွေ့လိုက်ပါတယ်။ ကျွန်တော်အဲ့ရှေ့မှာရပ်လိုက်ပါတယ်။ ကားရပ်သွားခဲ့တယ်၊ ပြီးတော့ အတွေးရေးမှုးကိုအထဲမှာတွေ့လိုက်ပါတယ်။ သူမကပြောပါတယ်၊ “စိတ်မကောင်းပါဘူး၊ မင်းတို့ကိုကျွန်မ မွန်းတည့်ချိန်လို့ပြောထားတယ်လေ။ တခြားလုပ်စရာရှိတာသွားလုပ်ရတော့မယ်။”

တိတ်ဆိတ်ခြင်းနှင့် ကျွန်တော်ကိုယ့်ကိုယ်နှိမ့်ချပြီးတော့၊ “မပြိုလဲ”ဖို့နောက်တစ်ခါ ကောင်းကင်ဘုံရှင်အဘကို ကျွန်တော့်နှလုံးသားအပြည့်နဲ့ အကူအညီတောင်းလိုက်ပါတယ်။ ရုတ်တရက်၊ အံ့ဖွယ်တစ်ခုဖြစ်လာပါတယ်။ အတွင်းရေးမှုးကပြောပါတယ်၊ “မင်းတို့ရဲ့ခွေးလေးကလှလိုက်တာ။ အဲ့လိုခွေးမျိုးကျွန်မသားအတွက် ဘယ်နေရာရှာလို့ရမလဲ။

“အဲ့ဒါ အမအတွက်ပါ” လို့ကျွန်‌တော်တို့ ချက်ချင်းဖြေလိုက်ပါတယ်။

အတွင်းရေးမှုးက ကျွန်တော်တို့ကို အံ့သြသင့်စွာကြည့်ပြီးတော့ ပြောပါတယ်၊ “အိုခေ၊ ဒါဆိုရုံးကိုပြန်ပြီး စီစဥ်ကြတာပေါ့။”

‌နောက်နှစ်ရက်ကြာပြီးနောက်မှာ၊ စီစဥ်ထားသလို ကာလိုနဲ့ ကျွန်တော်တို့တရားဝန်လက်ထပ်လိုက်ပြီး၊ နောက်မှာ လီမာ ပီရူး ဗိမာန်တော်မှာ တံဆိပ်ခတ်ခဲ့ပါတယ်။

ဟုတ်ပါတယ်၊ အကူအညီတောင်းခံခြင်း မှာ ယုံကြည်ခြင်းနဲ့ လုပ်ဆောင်ခြင်းလိုအပ်ကြောင်းကျွန်တော်တို့သတိရဖို့လိုပါတယ်၊ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို သူ့ရဲ့ အနတ္တဉာဏ်ပညာတော်နှင့်ဖြေကြားပေးမယ့် ကောင်းကင်ဘုံရှင်အဘရှိတယ်ဆိုတာ ကိုယုံကြည်ခြင်းနဲ့ ကျွန်တော်တို့တောင်းလျှောက်ထားတာအတွက် အစဥ်မပြတ်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဆုတောင်းခြင်း၊ အကူအညီတောင်းခြင်း တို့ဟာကျွန်တော်တို့ မျှော်လင့်ခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါပေမယ့် ဆုတောင်းပြီးနောက် လုပ်ဆောင်ခြင်းကတော့ ကျွန်တော်တို့ယုံကြည်ခြင်းဟာ စစ်မှန်ကြောင်းလက္ခဏာဖြစ်ပါတယ်၊ နာကျင်မှု၊ကြောက်ရွံ့မှု သို့မဟုတ် စိတ်ပျက်မှုတွေမှာ စမ်းသပ်ခံထားရတဲ့ ယုံကြည်ခြင်းမျိုးဖြစ်ပါတယ်။

အောက်ပါအရာတွေကိုပြုလုပ်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်၊

  1. သင့်ရဲ့အကူအညီတောင်းရာပထမဆုံးရွေးချယ်စရာအဖြစ် ကိုယ်တော်ရှင်ကိုအမြဲစဥ်းစားပါ။

  2. အကူအညီတောင်းပါ၊လဲမကျပါစေနဲ့။ စစ်မှန်တဲ့ဆုတောင်းခြင်းနဲ့ ဘုရားသခင်ထံလှည့်ပါ။

  3. ဆုတောင်းပြီးတဲ့နောက်မှာ၊ သင်ဆုတောင်းထားခဲ့တဲ့ ကောင်းချီးတွေရရှိဖို့ လုပ်နိုင်သမျှလုပ်ပါ။

  4. ကိုယ်တော်ရဲ့ အချိန်နဲ့ အလိုတော်အရ အဖြေများကိုနှိမ့်ချစွာလက်ခံပါ။

  5. မရပ်လိုက်ပါနဲ့။ အဖြေစောင့်မျှော်နေရင်း ပဋိညာဥ်ရဲ့လမ်းကြောင်းပေါ်မှာ ဆက်ရှေ့ဆက်ပါ။

အခုအချိန်မှာ၊ အခြေအနေတွေကြောင့်တစ်ယောက်ယောက်က၊ ပြိုလဲကျတော့မယ်လို့ ခံစားနေရပြီး ဂျိုးဇက်စမစ်ငိုကြွေးတောင်းခံခဲ့သလို၊ “အို ဘုရားသခင်၊ ကိုယ်တော်သည် အဘယ်မှာရှိသနည်း။ … ကိုယ်တော်၏လက်တော်ကို အဘယ်မျှကြာအောင် ရုပ်သိမ်းမှာလဲ။” လို့ပြောနေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ထိုအခြေအနေများမှာတောင်၊ ဥက္ကဋ္ဌ နယ်လဆင် သင်ကြားခဲ့သလို “ဝိညာဥ်ပကတိအဟုန်တန်ခိုး”နဲ့ ဆုတောင်းပါ၊ ဘာကြောင့်လဲဆိုတော့သင့်ရဲ့ဆုတောင်းသံတွေကို အမြဲနားညောင်းလို့ပါ။

ဒီဓမ္မသီချင်းကိုသတိရပါ၊

သင်ဒီနံနက်မထွက်ခွာခင်၊

ဆုတောင်းသင့်သလေ။

ကယ်တင်ရှင်၏နာမရှေ့မှာ၊

ချစ်ခြင်း‌ထောက်ပံ့တောင်းခဲ့လေသလား၊

ကွယ်ကာရာဒီနေ့။

အို၊ ဆုတောင်းလျှင် ချမ်းသာရသည်၊

ညဥ့်ကိုနေ့သို့ပြောင်းလဲပေး။

ဘဝမှောင်မိုက်ချောက်ချားလာပြီ၊

ဆုတောင်းဖို့မမေ့။

ဆုတောင်းတာနဲ့အမျှ၊ ကျွန်တော်တို့ရဲ့ ဝန်တွေကို ပေါ့စေဖို့ သူ၏တစ်ဦးတည်းသောသားတော်ကိုပေးတော်မူခဲ့သော ကောင်း‌ကင်ဘုံရှင်အဘရဲ့ ‌‌ထွေးပွေ့ခြင်းကိုခံစားနိုင်မှာပါ၊ ကျွန်တော်တို့ ဘုရားသခင်အား‌‌အကူအညီတောင်းမယ်ဆိုရင်၊ ပြိုလဲခြင်းမရှိနိုင်ကြောင်းကျွန်တော်သက်သေခံပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။