အထွေထွေညီလာခံ
အဆုံးတိုင်အောင်တည်ကြည်ခြင်း
ဧပြီလ ၂၀၂၄ အထွေထွေညီလာခံ


11:25

အဆုံးတိုင်အောင်တည်ကြည်ခြင်း

သူ၏လက်တော်ဖြင့်၊ သင်၏ဘဝတွင်ပေါ်လာမည့် ‌ဂေါလျတ်တိုင်းကို ဖယ်ရှားနိုင်ပါလိမ့်မယ်။

ချစ်ခင်ရပါသော လူငယ်မိတ်ဆွေများရှင်၊ ကျွန်မ ဒီနေ့မှာ ဘုရားကျောင်းရဲ့ လူငယ်ထုဖြစ်တဲ့ သင်တို့ကို တိုက်ရိုက်စကားပြောလိုပါတယ်။

အမျိုးသမီးငယ်များအထွေထွေဥက္ကဋ္ဌအဖွဲ့ကို‌ခေါ်ဆိုခဲ့တာ တစ်နှစ်ရှိသွားပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်အတွင်းမှာဖြစ်ပျက်ခဲ့တာတွေဘယ်လောက်တောင်များလိုက်ပါသလဲ။

ကျွန်မတို့က သင်တို့ လူငယ်အများကြီးနဲ့တွေ့ဆုံပြီး ခရစ်တော်ရဲ့သင်ကြားခြင်းကို အတူတူ လေ့လာခဲ့ကြပါတယ်။ ကျွန်မတို့ သီချင်းတွေဆိုခဲ့ကြတယ်၊ မိတ်ဆွေအသစ်တွေဖွဲ့ခဲ့ကြတယ်၊ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်အတွက် အတူတူ အမှုတော်ဆောင်ခဲ့ကြတယ်။ လူငယ်ညီလာခံနဲ့ကမ္ဘာလုံးဆိုင်ရာအခမ်းအနားတွေမှာ သင်တို့ရဲ့သက်သေခံချက်တွေကို နားထောင်ပြီး ကျွန်မတို့ ခွန်အားတွေရခဲ့ကြပါတယ်။ ပြီးတော့ ကျွန်မတို့ ကိုယ်တော်ရှင်ရဲ့ အိမ်တော်မှာ အတူတူဝတ်ပြုခဲ့ကြတယ်။

အခါတိုင်းမှာ၊ ကျွန်မတို့ဟာကိုယ်တော်ရှင် ယေရှုခရစ်တော်ထံမှ သတင်းစကားကို အမြဲဝေမျှကြတယ်။ ဒီညမှာလည်း အပြောင်းအလဲရှိမှာမဟုတ်ပါဘူး၊ ယေရှုခရစ်တော်အသင်းတော်ရဲ့ လူငယ်ထုဖြစ်တဲ့၊ သင်တို့အတွက် ကျွန်မမှာ သတင်းစကားရှိပါတယ်။

အရေးကြီးသောမေးခွန်များ

အပြစ်တွေရှိတဲ့လောကမှာနေထိုင်ရင်း ဘုရားသခင်ကို ဘယ်လိုယုံကြည်ခြင်းရှိနိုင်လဲဆိုတာ စဉ်းစားဖူးပါသလား။ သင်က ရှေ့ကိုဆက်လျှောက်ပြီး ကောင်းတာတွေလုပ်ဖို့ ဘယ်ကနေ ခွန်အားရနိုင်ပါသလဲ။ စစ်မှန်တဲ့ ဝမ်းမြောက်ခြင်းကို သင်ဘယ်လိုခံစားနိုင်ပါသလဲ။

ဒါဝိဒ်နဲ့ ဂေါလျတ်ရဲ့ အတွေ့အကြုံက အကူအညီဖြစ်မယ်လို့ ကျွန်မထင်ပါတယ်။

ဒါဝိဒ် နဲ့ ဂေါလျတ်

ဓမ္မဟောင်းမှာ၊ ဖိလိတ္တိစစ်တပ်နဲ့ ဣသရေလလူတို့ စစ်ပွဲဖြစ်တဲ့အခါ၊ မနက်တိုင်းနဲ့ညနေတိုင်းမှာ၊ ဂေါလျတ်လို့ ခေါ်တဲ့ ဖိလိတ္တိလူမျိုးလူသန်ကြီးတစ်ဦးက သူနဲ့တိုက်ခိုက်ဖို့ ဘယ်ဣသရေလလူမျိုးကိုမဆို စိန်ခေါ်ပါတယ်။

ဒါဝိဒ် နဲ့ ဂေါလျတ်။

ဣသရေလူမျိုးတွေကြားထဲမှာ ‌နေထိုင်တဲ့ ဒါဝိဒ်လို့ခေါ်တဲ့၊ သိုးထိန်းငယ်လေးတစ်ဦးက ဂေါလျတ်ထက် အများကြီးသေးပေမယ့် ယေရှုခရစ်တော်‌ကို ကြီးမားတဲ့ယုံကြည်ခြင်းရှိပါတယ်။ ဒါဝိဒ်က တိုက်ခိုက်ဖို့ ဆန္ဒပြုပါတယ်။ ဘုရင်ကိုယ်တိုင်က သူ့ကိုနားချပေမယ့်၊ ဒါဝိဒ်က ယေရှုခရစ်တော်ကို ယုံကြည်ဖို့သာ ရွေးချယ်ခဲ့ပါတယ်။

အရင်တုန်းကလည်း၊ ဒါဝိဒ်က ခြင်္သေ့တစ်ကောင်အပြင် ဝက်ဝံတစ်ကောင်နဲ့ပါ တိုက်ခိုက်ဖူးပါတယ်။ အဲဒီအတွေ့အကြုံတွေကနေ၊ သူသိခဲ့တာက ဘုရားသခင်က သူ့ကိုကာကွယ်ပြီး အောင်မြင်စေခဲ့တယ်ဆိုတာပါပဲ။ ဒါဝိဒ်အတွက်၊ ဘုရားသခင်ဟာ အရေးကြီးဆုံး အကြောင်းပြချက်ပါပဲ။ အဲဒါကြောင့်၊ သူ့ကို စွန့်ပစ်သွားမှာ မဟုတ်တဲ့ ဘုရားသခင်ဆီမှာ ယုံကြည်ခြင်းအပြည့်နဲ့၊ ကျောက်ချောငါးလုံးကိုကောက်၊ လေးခွကိုကိုင်ပြီး၊ လူသန်ကြီးကိုရင်ဆိုင်ဖို့ ထွက်သွားခဲ့ပါတယ်။

ဒါဝဒ်ရဲ့ ‌ကျောက်ငါးလုံး။

ဒါဝိဒ်က ဂေါလျတ်ရဲ့နဖူးကို ပထမကျောက်တစ်လုံးနဲ့ပစ်ပြီး၊ သေစေခဲ့တယ်လို့ ကျမ်းစာတွေက ကျွန်မတို့ကို ပြောပြပါတယ်။

အဖြေကိုရှာဖွေခြင်း

ဒါဝိဒ်က ဂေါလျတ်ကို သတ်ဖို့ ကျောက်တစ်လုံးပဲ သုံးရပေမယ့်၊ သူက ငါးလုံးပြင်ဆင်သွားခဲ့ပါတယ်။ ငါးလုံးပါ။ အဲဒါက ကျွန်မကိုယ်တိုင် လောကကြီးကို ရင်ဆိုင်ဖို့ ဘယ်လိုပြင်ဆင်နိုင်မလဲဆိုတာ တွေးစေပါတယ်။

ဒါဝိဒ်ရဲ့ ကျောက်တစ်လုံးချင်းစီက ကျွန်မတို့ရဲ့ဘဝတွေမှာ အောင်မြင်ဖို့ လိုအပ်တဲ့ ခွန်အားတစ်ခုစီကို ကိုယ်စားပြုနေတယ်ဆိုရင် ဘာဖြစ်မလဲ။ အဲဒီ ကျောက်ငါးလုံးက ဘာတွေဖြစ်နိုင်လဲ။ ကျွန်မကတော့ ဒီဖြစ်နိုင်ချေတွေကို တွေးခဲ့ပါတယ်။

  1. ဘုရားသခင်အတွက်ကျွန်မရဲ့ချစ်ခြင်းမေတ္တာ ကျောက်။

  2. ကျွန်မတို့ရဲ့ ကယ်တင်ရှင်၊ယေရှုခရစ်တော်ထံမှာ ကျွန်မရဲ့ယုံကြည်ခြင်း ကျောက်

  3. ကျွန်မရဲ့ ကိုယ်ပိုင်လက္ခဏာမှန်ကို သိရှိခြင်း ကျောက်

  4. ကျွန်မရဲ့ နေ့စဉ်နောင်တရခြင်း ကျောက်

  5. ဘုရားသခင်၏တန်ခိုးတော်၌ ခိုလှုံခြင်း ကျောက်

ဒီခွန်အားတွေနဲ့ ကျွန်မတို့ဘယ်လိုကောင်းချီးပေးခံရသလဲဆိုတာ ပြောကြပါစို့။

ပထမဆုံး၊ ဘုရားသခင်အတွက်ကျွန်မရဲ့ချစ်ခြင်းမေတ္တာကျောက်။ ဘုရားသခင်ကို ချစ်ဖို့ဆိုတာ ကြီးမြတ်တဲ့ ပထမဆုံးပညတ်တော်ပါပဲ။ လူငယ်တို့အတွက်ခွန်အား လမ်းညွှန်ချက်က “ဘုရားသခင်က သင့်ကိုချစ်ပါတယ် လို့ သင်ကြားခဲ့ပါတယ်။ ကိုယ်တော်က သင့်ရဲ့အဘဖြစ်ပါတယ်။ သူ့ရဲ့ စုံလင်တဲ့ချစ်ခြင်းက သူ့ကိုချစ်ဖို့ သင့်ကို လှုံ့ဆော်နိုင်ပါတယ်။ ကောင်းကင်ဘုံရှင်အဘပေါ်မှာထားတဲ့ သင့်ရဲ့ချစ်ခြင်းမေတ္တာက သင့်ရဲ့ဘဝထဲမှာ အကြီးမားဆုံးလွှမ်းမိုးမှုဖြစ်တဲ့အခါ၊ ဆုံးဖြတ်ချက်တော်တော်များများက လွယ်ကူလာပါတယ်။”

ဘုရားသခင်အပေါ်ထားတဲ့ ကျွန်မတို့ရဲ့ချစ်ခြင်းမေတ္တာနဲ့ သူနဲ့အနီးကပ်ဆက်ဆံရေးက ကျွန်မတို့နှလုံးသားတွေကို ပြောင်းလဲဖို့ လိုအပ်တဲ့ခွန်အားကိုပေးပြီး စိန်ခေါ်မှုတွေကို ပိုပြီးလွယ်ကူစွာ ကျော်လွှားစေနိုင်ပါတယ်။

ဒုတိယအနေနဲ့၊ ကျွန်မတို့ရဲ့ကယ်တင်ရှင်၊ယေရှုခရစ်တော်၌ ယုံကြည်ခြင်းကျောက်၊ ယေရှုခရစ်တော် ကမ္ဘာမြေကိုလာတဲ့အခါမှာ၊ သူကကျွန်မတို့ရဲ့အပြစ်တွေ ကို ခံယူခဲ့ပြီး ကျွန်မတို့ရဲ့ ဝမ်းနည်းမှုတွေ၊ နာကျင်မှုတွေ၊ အားနည်းချက်တွေ၊ ကျွန်မတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာ နာမကျမ်းမှုတွေကို ကိုယ်စားခံယူပေးခဲ့ပါတယ်။ အဲဒါကြောင့် သူက ကျွန်မတို့ကို ဘယ်လိုကူညီရမလဲဆိုတာ သိပါတယ်။ ယေရှုခရစ်တော်၌ယုံကြည်ခြင်းဆိုတာ ကျွန်မတို့ရဲ့အပြစ်တွေကိုဖြေဖို့အတွက် သူ့ရဲ့ဉာဏ်ပညာ၊သူ့ရဲ့အချိန်၊ သူ့ရဲ့ချစ်ခြင်းမေတ္တာနဲ့ သူ့ရဲ့တန်ခိုးတော်ကို အပြည့်အဝယုံကြည်ခြင်းပဲဖြစ်ပါတယ်။ ယေရှုခရစ်တော်၌ ယုံကြည်ခြင်းကျောက်ဆိုတာ ကျွန်မတို့ရဲ့ဘဝထဲက ဘယ်“လူသန်ကြီး‌”တွေကိုမဆို အောင်နိုင်ပါတယ်။ သူက ဒီလောကကို အဦးဆုံး အောင်နိုင်ခဲ့တဲ့အတွက် ကျွန်မတို့ကလည်း ကျရှုံးနေတဲ့ ဒီလောကကို အောင်နိုင်ပါတယ်။

တတိယအနေနဲ့၊ ကျွန်မရဲ့ ကိုယ်ပိုင်လက္ခဏာမှန်ကို သိရှိခြင်းကျောက်။ ကျွန်မတို့ရဲ့ ချစ်လှစွာသောပရောဖက်၊ ဥက္ကဋ္ဌရပ်ဆဲလ် အမ်၊နယ်လဆင် က၊ ကျွန်မတို့ရဲ့ အရေးကြီးဆုံး ကိုယ်ပိုင်အမှတ်လက္ခဏာမှန်တွေက ဘုရားသားသမီးများဖြစ်ခြင်း၊ ပဋိညာဉ်သားသမီးများဖြစ်ခြင်း နဲ့ ယေရှုခရစ်တော်ရဲ့ တပည့်တော်များဖြစ်ခြင်း တို့ဖြစ်ကြောင်း သင်ကြားခဲ့ပါတယ်။

ကျွန်မတို့က အမှန်တကယ် ဘယ်သူတွေလဲဆိုတာ သိရတဲ့အခါ အရာအားလုံး ပြောင်းလဲသွားပါတယ်။ ကျွန်မရဲ့ စွမ်းရည်တွေကို သံသယဝင်မိတဲ့အခါ၊ “ငါက ဘုရားသခင်ရဲ့ သမီးပဲ၊ ငါက ဘုရားသခင်ရဲ့ သမီးပဲ၊“လို့ ၊ ရှေ့ဆက်သွားဖို့ ယုံကြည်ချက်ရတဲ့အထိ အကြိမ်ရေများနိုင်သလောက်၊ စိတ်ထဲမှာ ဒါမှမဟုတ် အပြင်မှာ အသံထွက်ပြီး မကြာခဏ ရေရွတ်လေ့ရှိပါတယ်။

စတုတ္ထအနေနဲ့၊ ကျွန်မရဲ့နေ့စဉ်နောင်တရခြင်းကျောက်။ လူငယ်တို့အတွက်ခွန်အား လမ်းညွှန်ချက်ထဲမှာ၊ “နောင်တသည် အပြစ်အတွက် ဒဏ်ခတ်ခြင်းမဟုတ်၊ ကယ်တင်ရှင်ကကျွန်မတို့ကိုအပြစ်မှလွတ်မြောက်စေသော နည်းလမ်းဖြစ်သည် လို့ဖတ်ရပါတယ်။ နောင်တရခြင်းဆိုတာ ပြောင်းလဲခြင်းဖြစ်ပါတယ်-အပြစ်ကနေရှောင်လွှဲပြီး ဘုရားသခင်ထံသို့ ပြောင်းလဲခြင်းဖြစ်ပါတယ်။ ဆိုလိုတာက တိုးတက်ပြီး ခွင့်လွှတ်မှုကိုခံယူဖို့ ဖြစ်ပါတယ်။ အဲလိုပြောင်းလဲခြင်းက တစ်ကြိမ်တည်းမဟုတ်ဘဲ၊ ဆက်လက်လုပ်ဆောင်နေရမယ့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။”

ဘုရားသခင်ရဲ့ခွင့်လွှတ်မှုကိုခံယူပြီး ကျွန်မတို့က သန့်ရှင်းကြောင်းနဲ့သူနဲ့ပြန်လည်သင့်မြတ်ကြောင်း သိရှိခြင်းထက် ဘယ်အရာကမှ ပိုပြီးမလွတ်လပ်စေပါဘူး။ ခွင့်လွှတ်ခြင်းက လူတိုင်းအတွက် ဖြစ်နိုင်ပါတယ်။

ငါးလုံးမြောက်ကျောက်ကတော့ ဘုရားသခင်ရဲ့တန်ခိုးတော်၌ ခိုလှုံခြင်းကျောက်ဖြစ်ပါတယ်။ နှစ်ခြင်းခံခြင်း ဘိသိက်မင်္ဂလာမှာပြုလုပ်သလို၊ ဘုရားသခင်နဲ့ပြုလုပ်တဲ့ ပဋိညာဉ်တွေက၊ ကျွန်မတို့ကို ဘုရားရှင်ရဲ့ တန်ခိုးတော်ကိုရရှိစေပါတယ်။ ဘုရားသခင်ရဲ့တန်ခိုးတော်က ကျွန်မတို့ကို စိန်ခေါ်မှုတွေရင်ဆိုင်ဖို့၊ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချဖို့ နဲ့ ခက်ခဲတဲ့ အခြေအနေတွေကို ကြံ့ကြံ့ခံနိုင်တဲ့ စွမ်းရည်တွေကို တိုးပွားလာစေတဲ့ စစ်မှန်တဲ့တန်ခိုးတော်ဖြစ်ပါတယ်။ အဲဒါက ကျွန်မတို့လိုအပ်တဲ့ သီးခြားစွမ်းရည်တွေကို တိုးတက်စေတဲ့ တန်ခိုးတော်ဖြစ်ပါတယ်။

လူငယ်တို့အတွက်ခွန်အား လမ်းညွှန်ချက်က ပဋိညာဉ်တွေက ကောင်းကင်ဘုံရှင်အဘနဲ့ကယ်တင်ရှင်ကို သင်နဲ့ ဆက်သွယ်ပေးတယ် လို့ ရှင်းပြထားပါတယ်။ သူတို့က ဘုရားသခင်ရဲ့တန်ခိုးတော်ကို သင့်ရဲ့ဘဝထဲမှာ တိုးပွားစေပါတယ်။”

ဒီဆက်နွယ်မှုအကြောင်းကို ပြောကြပါစို့။ ခရစ်တော်က ကျောက်တုံးပေါ်မှာဆောက်တဲ့အိမ်နဲ့ သဲပေါ်မှာဆောက်တဲ့အိမ်ရဲ့ ကွာခြားမှုကို သင်ကြားခဲ့တာ မှတ်မိပါသလား။ အယ်လ်ဒါ ဒီရက်တာ အက်ဖ်၊ ဥဒေါဖ့်က၊ “အိမ်တစ်လုံးက ခိုင်ခံ့နေလို့ မုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိတာမဟုတ်ပါဘူးလို့ ရှင်းပြခဲ့ပါတယ်။ အောက်ခံကျောက်က မာနေလို့ ခံနိုင်ရည်ရှိတာလည်း မဟုတ်ပါဘူး။ အိမ်က မုန်တိုင်းဒဏ်ကို ဘာလို့ခံနိုင်ရည်ရှိတာလဲဆိုတော့ သူက ခိုင်မာတဲ့ကျောက်နဲ့သေချာအမြစ်တွယ်ဆက်ထားလို့ပဲဖြစ်ပါတယ်။ အရေးကြီးတာက အောက်ခံကျောက်ကို ဆက်နွယ်ထားတဲ့ အင်အားပဲဖြစ်ပါတယ်။”

ကျောက်ပေါ်တွင်ဆောက်ထားသောအိမ်။

ကျွန်မတို့ရဲ့ယုံကြည်မှုကိုမလေးစားသူတွေ၊ ကျွန်မတို့ကို အနိုင်ကျင့်တဲ့သူတွေကြားမှာ ယေရှုခရစ်တော်နဲ့ ကိုယ်ပိုင်ဆက်နွယ်မှုရှိခြင်းက ကျွန်မတို့ကို‌ ရှေ့ဆက်လျှောက်ဖို့ သတ္တိနဲ့ယုံကြည်မှုကို ပေးပါလိမ့်မယ်။ ခရစ်တော်က ကျွန်မတို့ရဲ့ အတွေးတွေထဲမှာ သူ့ကို အဆက်မပြတ်ထည့်ထားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်၊သူက၊ “အတွေးအကြံ မှန်သမျှ ၌ ငါ့ကိုမှီခိုအားကိုးလော့” လို့ပြောခဲ့ပါတယ်။ ခရစ်တော်အကြောင်းကိုတွေးတာက ကျွန်မတို့ကို ဆုံးဖြတ်ချက်တွေချဖို့၊ မကြောက်ဘဲလုပ်ဆောင်ဖို့၊ ဘုရားသခင်ရဲ့သင်ကြားမှုနဲ့ဆန့်ကျင်တဲ့အရာတွေကို ငြင်းဆန်ဖို့အတွက် စိတ်ကို ရှင်းလင်းစေပါတယ်။ ကျွန်မရဲ့တစ်နေ့တာကပင်ပန်းပြီး ထပ်မလုပ်နိုင်တော့ဘူးလို့ ခံစားရတဲ့အခါ၊ ခရစ်တော်အကြောင်းကိုတွေးလိုက်ရင် ငြိမ်းချမ်းခြင်းနဲ့မျှော်လင့်ခြင်းကို ရရှိလာပါတယ်။

ယေရှုခရစ်တော်ရဲ့ ဒီလိုတန်ခိုးတော်ကို ကျွန်မတို့ ဘယ်လိုခံယူနိုင်ပါသလဲ။ ပဋိညာဉ်တွေကိုလိုက်နာပြီး ယေရှုခရစ်တော်၌ ယုံကြည်ခြင်းကို တိုးပွားစေတာက သော့ချက်တွေပါပဲ။

ဒါဝိဒ်မှာ နောက်ထပ်ကျောက်တစ်လုံးရှိရင်ကောင်းမယ်လို့ ကျွန်မတကယ်တွေးမိပါတယ်၊ အဲဒါက ကျွန်မရဲ့သက်သေခံချက် ဖြစ်ပါလိမ့်မယ်။ ကျွန်မတို့ရဲ့ သက်သေခံချက်ကို ကျွန်မတို့အသက်တာမှာ ဘုရားသခင်ရဲ့လွှမ်းမိုးမှုကို အသိအမှတ်ပြုတဲ့ကိုယ်ပိုင်ဝိညာဉ်ရေးရာအတွေ့အကြုံတွေနဲ့တည်ဆောက်ထားပါတယ်။ ဘယ်သူကမှ အဲဒီအသိကို ကျွန်မတို့ဆီက ယူသွားလို့မရပါဘူး။ ဝိညာဉ်ရေးရာအတွေ့အကြုံတွေအတိုင်းနေထိုင်ရင်းကနေ သိလာခဲ့တဲ့အတွေ့အကြုံတွေက တန်ဖိုးဖြတ်လို့မရပါဘူး။ အဲဒီအသိအပေါ်မှာ စစ်မှန်စွာနေထိုင်ရင် ကျွန်မတို့ကို လွတ်လပ်မှုပေးပါလိမ့်မယ်။ အဲဒါက ကျွန်မတို့ကို ဝမ်းမြောက်မှုပေးပါတယ်။ ကျွန်မတို့က သမ္မာတရားကို ချစ်ရင်၊ ရှာဖွေရပါမယ်၊ တွေ့တဲ့အခါမှာလည်း ၊ကာကွယ်တတ်ရပါမယ်။

ဖိတ်ခေါ်ချက်တစ်ခု

ကျွန်မက ကျောက် နံပါတ်ခြောက်ကိုရွေးချယ်ခဲ့တဲ့အတွက်၊ သင်တို့ကို ဖိတ်ခေါ်ချင်တာကတော့ သင်တို့အတန်း၊ အဖွဲ့ ၊ မိသားစုနဲ့တွေ့ဆုံပြီး ဘုရားသခင်အပေါ်မှာဆက်လက်ယုံကြည်ပြီး လောကကိုအောင်နိုင်ဖို့ တခြားဘယ်လိုခွန်အားတွေလိုအပ်တယ်ဆိုတာ စဉ်းစားဖို့ပါပဲ။

ကတိတစ်ခု

ချစ်မိတ်ဆွေတို့၊ ခရစ်တော်က ကျွန်မတို့ရဲ့အသက်တာခရီးမှာ ကျွန်မတို့ကိုအဖော်ပြုဖို့ စိတ်အားထက်သန်နေပါတယ်။ သင်က သံတန်းကို ကိုင်ထားသရွေ့၊ ယေရှုခရစ်တော်နဲ့ အတူယှဉ်တွဲပြီး လျှောက်လှမ်းရမယ်ဆိုတာ၊ ကျွန်မ ကတိပေးပါတယ်။ သူ က သင့်ကိုလမ်းပြတော်မူပါလိမ့်မယ်၊ သူ က သင့်ကိုသွန်သင်တော်မူပါလိမ့်မယ်။ သူ ရဲ့လက်တော်အားဖြင့်၊ သင့်ရဲ့အသက်တာမှာပေါ်လာတဲ့ ဂေါလျတ်တိုင်းကို အနိုင်ပိုင်းနိုင်ပါလိမ့်မယ်။

သက်သေခံချက်

နေ့စဉ်ဆုတောင်းခြင်း၊ နေ့စဉ်မော်မုန်ကျမ်းဖတ်ခြင်း၊ တနင်္ဂနွေနေ့တိုင်းပွဲတော်မင်္ဂလာသုံးဆောင်ခြင်းနဲ့ ကျမ်းစာသင်ကျောင်းကို မနက်စောစောသွားရတဲ့အတွက် ဝမ်းမြောက်ခြင်း ရှိတယ်ဆိုတာ ကျွန်မသက်သေခံပါတယ်။ ကောင်းမှုပြုလုပ်ခြင်းက ဝမ်းမြောက်ခြင်းရှိပါတယ်။

ဘုရင်များရဲ့ဘုရင်၊ လောကရဲ့ကယ်တင်ရှင်၊ စကြဝဠာရဲ့ဘုရားသခင်ကို ယုံကြည်ရတဲ့အတွက် ဝမ်းမြောက်ခြင်းရှိပါတယ်။ ယေရှုခရစ်တော်ရဲ့ တပည့်တော်ဖြစ်ရတဲ့အတွက် ဝမ်းမြောက်ခြင်းရှိပါတယ်။

ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့အဘ ဖြစ်ပါတယ်။ သင့်နှလုံးသားရဲ့ ဆန္ဒတွေနဲ့ဖြစ်နိုင်ချေတွေကို သူသိပါတယ်၊ သူသင့်ကို ယုံပါတယ်။

ချစ်လူငယ်များ၊ ယေရှုခရစ်တော်က သင်တို့ကို အဆုံးတိုင်အောင်တည်ကြည်ဖို့ ကူညီပါလိမ့်မယ်။ ဤသမ္မာတရားများထဲမှ၊ ကျွန်မရဲ့ သက်သေခံချက်ကို ယေရှုခရစ်တော်ရဲ့ နာမတော်အောက်မှာ ပြောကြားပါတယ်၊ အာမင်။