ဆုတောင်းပါ၊ ကိုယ်တော်ရှိပါတယ်
သင်တို့ကို ကျွန်မက ကောင်းကင်ဘုံရှင်အဘရှိကြောင်းသိရှိနိုင်ဖို့၊ သူ့လိုဖြစ်လာရန် တိုးတက်ဖို့၊ သူ့ရဲ့ချစ်ခြင်းကို တခြားသူတွေဆီပြသဖို့ ဆုတောင်းရန် ဖိတ်ခေါ်ပါတယ်။
ညီအစ်ကိုမောင်နှမများရှင့်၊ ကျွန်မ ဒီနေ့မှာ ကလေးတွေကို စကားပြောခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။
မိန်းကလေးတွေကိုရော၊ ယောင်္ကျားလေးတွေကိုရော ၊ သင်တို့ ကမ္ဘာပေါ်က ဘယ်နေရာမှာပဲရှိရှိ၊ ကျွန်မ ဝေမျှချင်တာတစ်ခုရှိပါတယ်။
ကျွန်မတို့ရဲ့ ကောင်းကင်ဘုံရှင်အဘက သင်တို့ကိုချစ်ပါတယ်။ သင်တို့က သူ့သားသမီးတွေပါ။ သူက သင်တို့ကိုသိပါတယ်။ သူက သင်တို့ကို ကောင်းချီးပေးချင်ပါတယ်။ သူ့ရဲ့ချစ်ခြင်းကို သင်တို့ခံစားနိုင်ဖို့ ကျွန်မ အစွမ်းကုန်ဆုတောင်းပါတယ်။
သင်တို့က လက်ဆောင်တွေ လက်ခံရတာ ကြိုက်ပါသလား။ သင်တို့ကို ကူညီဖို့ ကောင်းကင်ဘုံရှင်အဘပေးထားတဲ့ အရမ်းထူးခြားတဲ့လက်ဆောင်တစ်ခု အကြောင်းကို ပြောပြချင်ပါတယ်။ အဲဒါကတော့ ဆုတောင်းခြင်းလက်ဆောင်ပါပဲ။ ဆုတောင်းခြင်းဆိုတာ ကြီးမြတ်လှတဲ့ကောင်းချီးပါပဲ။ ကျွန်မတို့က ကောင်းကင်ဘုံရှင်အဘကို ဘယ်အချိန်၊ ဘယ်နေရာမဆို စကားပြောနိုင်တယ်လေ။
သခင်ယေရှုမြေကြီးပေါ်မှာရှိစဉ်က၊ ကျွန်မတို့ကို ဆုတောင်းဖို့ သင်ပေးခဲ့ပါတယ်။ သူက၊ “တောင်းကြလော့၊ ထိုသို့တောင်းလျှင်ရကြလိမ့်မည်”လို့ပြောခဲ့ပါတယ်။
သင်က ဘယ်လိုလက်ဆောင်တွေအတွက် ဆုတောင်းနိုင်ပါသလဲ။ အများကြီးရှိပါတယ်၊ ဒါပေမယ့် ဒီနေ့မှာတော့ ကျွန်မ သုံးခုပဲ ဝေမျှပေးချင်ပါတယ်။
-
သိရှိဖို့ ဆုတောင်းပါ။
-
တိုးတက်ဖို့ ဆုတောင်းပါ။
-
ပြသဖို့ ဆုတောင်းပါ။
တစ်ခုချင်းစီအကြောင်းကို ပြောကြပါစို့။
ပထမဆုံး၊ သိရှိဖို့ ဆုတောင်းပါ
သင်က ဘာကို သိရှိဖို့လိုတာလဲ။
တစ်ကမ္ဘာလုံးကမူလတန်းကလေးတွေဆိုနေတဲ့ ဆုတောင်းခြင်းအကြောင်း သီချင်းတစ်ပုဒ်ရှိပါတယ်။ အဲဒါကမေးခွန်းတစ်ခုနဲ့စပါတယ်။ ဘာသီချင်းလဲ သိကြပါသလား။ ကျွန်မသာ တကယ်သတ္တိရှိတယ်ဆိုရင်၊ ဒီသီချင်းကို သင်တို့ကို ဆိုပြမိမှာပါ။
“ကောင်းကင်ဘုံရှင်အဘ၊ သင် တကယ်ရှိပါသလား။ ကလေးတိုင်းရဲ့ ဆုတောင်းသံကို ကြားပြီး ဖြေကြားပေးပါသလား။”
သင် သူ့ကိုမမြင်ရတာတောင်မှ၊ ကောင်းကင်ဘုံရှင်အဘ တကယ်ရှိနေမှန်း သင်ဘယ်လိုသိနိုင်ပါမလဲ။
ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လဆင်က သင့်ကို ဒီလို ဖိတ်ခေါ်ထားပါတယ် “သင့်ရဲ့နှလုံးသားကို ကောင်းကင်ဘုံရှင်အဘထံ သွန်းလောင်းပါ။ … ပြီးတော့ နားထောင်ပါ။” သင့်နှလုံးသားထဲက ခံစားမှုနဲ့ သင့်စိတ်ထဲဝင်လာတဲ့ အတွေးတွေကို နားထောင်ပါ။
ကောင်းကင်ဘုံရှင်အဘမှာ ဘုန်းအသရေရှိသော အရိုးနဲ့အသား၏ဇာတိခန္ဓာရှိပြီး သင့်စိတ်ဝိညာဉ်ရဲ့ အဘဖြစ်ပါတယ်။ ကောင်းကင်ဘုံရှင်အဘက အလုံးစုံသောတန်ခိုးရှိပြီး အရာအားလုံးကိုသိတော်မူတဲ့အတွက်၊ သူ့ရဲ့သားသမီးတွေအားလုံးကို မြင်နိုင်ပါတယ် ၊ ဆုတောင်းသံတိုင်းကိုလည်း ကြားနိုင်ပြီး အဖြေပေးနိုင်ပါတယ်။ ကိုယ်တော် တကယ်ရှိနေကြောင်း နဲ့ သူ သင့်ကို ချစ်ကြောင်း သင်ကိုယ်တိုင် သိ လာပါလိမ့်မယ်။
ကောင်းကင်ဘုံရှင်အဘက စစ်မှန်ကြောင်းနဲ့ သင့်ကို တကယ်ချစ်ကြောင်း သိရှိတဲ့အခါ၊ သင်က သတ္တိနဲ့မျှော်လင့်ခြင်းအားဖြင့် နေထိုင်နိုင်ပါတယ်။ “ဆုတောင်းပါ၊သူရှိပါတယ်၊ စကားပြောပါ၊သူနားထောင်နေပါတယ်။”
သင်တစ်ကိုယ်တည်းဖြစ်နေတယ်လို့ ခံစားဖူးပါသလား။ တစ်နေ့ ကျွန်မမြေးမလေး အက်ရှလေ အသက်၆နှစ်အရွယ်မှာ၊ ကျောင်းကစားကွင်းမှာ သူငယ်ချင်းမရှိဘဲ ကစားနေခဲ့သူက သူတစ်ယောက်တည်းပဲရှိခဲ့ပါတယ်။ သူမက အဲဒီနေရာမှာရပ်ပြီး အရေးမပါဘဲပျောက်ကွယ်နေတယ်လို့ ခံစားနေရတဲ့အချိန်၊ ထူးခြားတဲ့အတွေးတစ်ခု သူမစိတ်ထဲမှာပေါ်လာပါတယ်၊ “နေပါဦး။ ငါတစ်ယောက်တည်းမဟုတ်ဘူးပဲ။ ငါ့မှာ ခရစ်တော်ရှိတယ်လေ။” အက်ရှလေက ကစားကွင်းအလယ်မှာ ဒူးထောက်ချလိုက်ပြီး သူမရဲ့လက်နှစ်ဖက်ကိုယှက်ပြီး ကောင်းကင်ဘုံရှင်အဘကို ဆုတောင်းလိုက်ပါတယ်။ သူမမျက်လုံးတွေကို ဖွင့်လိုက်ချိန်မှာ၊ သူမအရွယ်လောက်ရှိတဲ့ ကလေးမလေးက ရပ်နေပြီး သူမကို ကစားချင်လားဆိုပြီး မေးလိုက်ပါတယ်။ “ကျွန်မတို့က ကိုယ်တော်ရှင်အတွက် အရေးပါပြီး၊ ဘယ်တုန်းကမှ တစ်ကိုယ်တည်းမဟုတ်ဘူးဆိုတာ သင်ယူခဲ့ရတယ်” လို့ အက်ရှလေက သဘောပေါက်ခဲ့ပါတယ်။
တစ်ခါတစ်လေ သင့်ဘဝမှာ ခက်ခဲတာဖြစ်ဖြစ်၊ သင်ဆုတောင်းတဲ့ကောင်းချီးမရတာပဲဖြစ်ဖြစ်၊ ဘာကြောင့်လဲဆိုတာ သင် သိ ချင်ပါလိမ့်မယ်။ များသောအားဖြင့် ကောင်းကင်ဘုံရှင်အဘကို မေးလို့အကောင်းဆုံးမေးခွန်းကတော့ ဘာကြောင့်လဲ မဟုတ်ဘဲ ဘယ်အရာလဲဆိုတာပါပဲ။
တောရိုင်းထဲမှာ သွားလာနေတုန်း နီဖိုင်းနဲ့သူ့မိသားစုက ဆာလောင်ခဲ့တာ မှတ်မိပါသလား။ နီဖိုင်းနဲ့သူ့အစ်ကိုတွေ စားစရာအတွက် အမဲလိုက်တော့ နီဖိုင်းရဲ့ လေးကကျိုးသွားခဲ့ပါတယ်။ ဒါပေမယ့် သူက ဘာကြောင့်လဲလို့ မမေးခဲ့ပါဘူး။
နီဖိုင်းက လေးအသစ်လုပ်ပြီး သူ့အဖေ၊လေဟိကို၊ ဘယ်နေရာမှာ စားစရာရနိုင်မလဲလို့ မေးခဲ့ပါတယ်။ လေဟိက ဆုတောင်းတဲ့အခါ၊ ကိုယ်တော်ရှင်က နီဖိုင်းသွားရမယ့် နေရာကို ပြခဲ့ပါတယ်။ သင် ကောင်းကင်ဘုံရှင်အဘကိုမေးတဲ့အခါ သင် ဘာ လုပ်ရမယ်၊ ဘာ ကိုသင်ယူရမယ်ဆိုတာကို လမ်းညွှန်ပါလိမ့်မယ်။
ဒုတိယအနေနဲ့၊ တိုးတက်ဖို့ ဆုတောင်းပါ
ကောင်းကင်ဘုံရှင်အဘက သင့်ကို တိုးတက်ဖို့ကူညီပေးချင်ပါတယ်။ သူက ကျွန်မတို့ကို သိပ်ချစ်တဲ့အတွက် ရှင်သန်ရမယ့်လမ်းကို ပြဖို့ သူ့ရဲ့သားတော် ယေရှုခရစ်တော်ကို စေလွှတ်ခဲ့ပါတယ်။ ယေရှုခရစ်တော်ဟာ ဝေဒနာခံစားရခဲ့ပြီး ရှင်ပြန်ထမြောက်ခဲ့ပါတယ် အဲဒါကြောင့် ကျွန်မတို့ရဲ့အပြစ်တွေက ခွင့်လွှတ်ခံရပြီး သူနဲ့ပိုပြီးတူလာဖို့ တိုးတက် နိုင်မှာဖြစ်ပါတယ်။
သင်က စိတ်ရှည်ခြင်း ဒါမှမဟုတ် ရိုးသားခြင်းမှာ တိုးတက် ချင်ပါသလား။ သင်က စွမ်းရည်တစ်ခုမှာ တိုးတက် ချင်ပါသလား။ သင်က ရှက်တတ်ပြီး သတ္တိရှိအောင် တိုးတက် ချင်တာလဲဖြစ်နိုင်ပါတယ်။ “ဆုတောင်းပါ၊ ကိုယ်တော်ရှိပါတယ်၊” သူ့ရဲ့ဝိညာဉ်တော်အားဖြင့်၊ သင့်ရဲ့နှလုံးသားကပြောင်းလဲပြီး ခွန်အားရနိုင်ပါတယ်။
ကျွန်မရဲ့ မိတ်ဆွေသစ် ဂျိုနာက ဒီလို ရေးခဲ့ပါတယ်၊ “ကျွန်တော်က မနက်ခင်း ကျောင်းသွားဖို့ လမ်းမှာ မကြာခဏ စိတ်လှုပ်ရှားလေ့ရှိပါတယ်။ ကျွန်တော်က နောက်ကျမှာ၊ တစ်ခုခုမေ့မှာ၊ စာမေးပွဲဖြေရမှာတွေအတွက် ပူပန်တတ်ပါတယ်။ ကျွန်တော် အသက်၁၀နှစ်မှာ၊ အမေနဲ့အတူ ကျောင်းသွားတဲ့လမ်းမှာ စပြီးဆုတောင်းခဲ့ပါတယ်။ ကျွန်တော် လိုတဲ့အကူအညီကိုတောင်းပြီး မိသားစုအတွက်လည်း ဆုတောင်းခဲ့ပါတယ်။ ကျွန်တော် ကျေးဇူးတင်တဲ့အရာတွေကိုလည်း တွေးပါတယ်။ [ကောင်းကင်ဘုံရှင်အဘကို ဆုတောင်းခြင်းက] ကျွန်တော့်ကို ကူညီခဲ့ပါတယ်။ တစ်ခါတစ်လေမှာ ကားထဲကထွက်ထွက်ချင်း စိတ်သက်သာရာမရပေမယ့်၊ အတန်းထဲရောက်သွားရင်တော့ ငြိမ်းချမ်းမှုကို ခံစားရပါတယ်။”
ဂျိုနာရဲ့ယုံကြည်မှုက သူနေ့တိုင်းဆုတောင်းပြီး ရှေ့ဆက်သွားနေတာနဲ့အမျှ ကြီးထွား လာခဲ့ပါတယ်။
တတိယအနေနဲ့၊ ပြသဖို့ ဆုတောင်းပါ
ကောင်းကင်ဘုံရှင်အဘရဲ့ချစ်ခြင်းကို တခြားသူတွေဆီကို ပြသ ဖို့ သင်ကဆုတောင်းပြီး အကူအညီတောင်းခံနိုင်ပါတယ်။ သူ့ရဲ့ဝိညာဉ်တော်အားဖြင့်၊ ကောင်းကင်ဘုံရှင်အဘက သင့်ကို ဝမ်းနည်းနေသူတွေကို သတိထားမိစေပြီး နှစ်သိမ့်နိုင်အောင် ကူညီပေးပါလိမ့်မယ်။ တစ်စုံတစ်ယောက်ကို ခွင့်လွှတ်ခြင်းအားဖြင့် သူ့ရဲ့ချစ်ခြင်းကို ပြသ ဖို့သင့်ကိုကူညီပေးနိုင်ပါတယ်။ တစ်စုံတစ်ယောက်ကို အစေခံပြီး သူတို့က ဘုရားသားသမီးဖြစ်ကြောင်း ပြောဖို့ ကိုယ်တော်က သင့်ကို သတ္တိပေးပါလိမ့်မယ်။ သင့်လိုပဲ ယေရှုနဲ့ကောင်းကင်ဘုံရှင်အဘကို သိရှိပြီး ချစ်လာဖို့ တစ်ခြားသူတွေကို ကူညီပေးနိုင်ပါတယ်။
ကျွန်မဘဝတစ်လျှောက်လုံး ကျွန်မအဖေကို ယေရှုခရစ်တော်ရဲ့နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းဝင်တစ်ဦးဖြစ်လာဖို့ ဆုတောင်းခဲ့ပါတယ်။ ကလေးမလေးတစ်ဦးအနေနဲ့တောင်၊ သူ ဘယ်လောက်ထိကောင်းချီးတွေရနိုင်သလဲဆိုတာ ကျွန်မ သိခဲ့ပါတယ်။ ကျွန်မတို့ မိသားစု က ထာဝရအတွက်ပေါင်းစည်းခြင်း ကောင်းချီးတွေကို ရရှိနိုင်ပါတယ်။ ကျွန်မမိသားစု၊ သူငယ်ချင်းတွေနဲ့ ကျွန်မက သူ့အတွက် မကြာခဏ ဆုတောင်းပေးခဲ့ပါတယ်၊ ဒါပေမယ့် သူက အသင်းတော်ကို မဝင်ခဲ့ပါဘူး။ ကောင်းကင်ဘုံရှင်အဘက ဘယ်သူ့ကိုမှ ရွေးချယ်မှုလုပ်ဖို့ ဖိအားမပေးပါဘူး။ သူက တခြားနည်းတွေနဲ့ ကျွန်မတို့ရဲ့ ဆုတောင်းခြင်းတွေကို အဖြေပေးပါတယ်။
ကျွန်မ အရွယ်ရောက်လာတော့၊ မျိုးနွယ်စုအဘကောင်းချီးမင်္ဂလာကို လက်ခံရရှိခဲ့ပါတယ်။ ကောင်းချီးထဲမှာ၊ မျိုးနွယ်စုအဘက ကျွန်မကိုပြောခဲ့ပါတယ်၊ ကောင်းကင်ဘုံမှာ ကျွန်မမိသားစု ဆုံစည်းနိုင်ဖို့ ကျွန်မလုပ်နိုင်တဲ့ အကောင်းဆုံးအရာက ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိ ပုံဥပမာတစ်ခုဖြစ်ဖို့ပါပဲ။ ကျွန်မလုပ်နိုင်တာက အဲဒါပါပဲ။
ကျွန်အဖေက အသက် ၈၆ နှစ်အထိ နေသွားခဲ့ပါတယ်။ သူသေပြီး ငါးရက်အကြာမှာ၊ ကျွန်မက မြင့်မြတ်တဲ့ဝမ်းမြောက်ခြင်း ကိုရရှိခဲ့ပါတယ်။ ကောင်းကင်ဘုံရှင်အဘက သူ့ရဲဝိညာဉ်တော်အားဖြင့် ကျွန်မကို သိစေတာကတော့၊ ကျွန်မရဲ့ အဖေက ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိကောင်းချီးတွေကို လက်ခံလိုတဲ့အကြောင်းပါပဲ။ ကျွန်မရဲ့မိဘတွေနဲ့ပေါင်းစည်းဖို့ ဗိမာန်တော်က ယဇ်ပလ္လင်ပတ်လည်မှာ ကျွန်မရဲ့ မောင်နှမတွေနဲ့ ဒူးထောက်ထိုင်ခဲ့ရတဲ့နေ့ကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ကျွန်မမူလတန်းအရွယ်မှာ ဒီကောင်းချီးအတွက် စတင်ဆုတောင်းခဲ့ပြီး၊ အဘွားအရွယ်ရောက်မှ အဲဒါကို လက်ခံရရှိခဲ့တာပါ။
သင်က သင့်မိသားစုနဲ့သင်ချစ်တဲ့တခြားသူတွေအတွက် ဆုတောင်းနေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လက်မလျှော့လိုက်ပါနဲ့။ ကောင်းကင်ဘုံရှင်အဘက သင်ဘာလုပ်နိုင်လဲဆိုတာ ပြသ ပါလိမ့်မယ်။
သင့်နှလုံးသားထဲမှာ ဘာတွေရှိလဲဆိုတာ ကောင်းကင်ဘုံရှင်အဘကို ဝေမျှပါ။ သူ့ရဲ့ အကူအညီကို စစ်မှန်စွာတောင်းခံခဲ့ရင်၊ သင့်ကို လမ်းပြဖို့ သူ့ရဲ့ ဝိညာဉ်တော်ကို လက်ခံရရှိပါလိမ့်မယ်။ နေ့စဉ်ဆုတောင်းခြင်းက ကောင်းကင်ဘုံရှင်အဘနဲ့ယေရှုခရစ်တော်အတွက် သင့်ရဲ့ချစ်ခြင်းကို ပြည့်စေပါလိမ့်မယ်။ အဲဒါက သင့်ဘဝတစ်ခုလုံး သူတို့နောက်လိုက်ဖို့ ကူညီပေးပါလိမ့်မယ်။
အာဖရိက၊ တောင်အမေရိက၊ အာရှ၊ ဥရောပ၊ မြောက်အမေရိကနဲ့ ဩစတေးလျက ကလေးတွေအားလုံး နေ့တိုင်းဆုတောင်းကြမယ်ဆိုရင် ဘာဖြစ်မလဲ စိတ်ကူးယဉ်ကြည့်ပါ။ တစ်ကမ္ဘာလုံးက ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ပိုပြီးကောင်းချီးပေးခံရပါလိမ့်မယ်။
ကောင်းကင်ဘုံရှင်အဘရှိကြောင်း သိရှိနိုင်ဖို့ ၊ သူ့လို ဖြစ်လာဖို့ ၊ သူ့ရဲ့ချစ်ခြင်းကို တခြားသူတွေဆီ ပြသနိုင်ဖို့ သင်တို့ကို ကျွန်မ ဆုတောင်းဖို့ ဖိတ်ခေါ်ပါတယ်။ သူက အသက်ရှင်ပြီး သင်တို့ကို ချစ်တယ်ဆိုတာ ကျွန်မသိပါတယ်။ “ဆုတောင်းပါ၊ ကိုယ်တော်ရှိပါတယ်။” ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့်၊ အာမင်။