အထွေထွေညီလာခံ
တည်ကြည်သောအသီး
ဧပြီလ ၂၀၂၄ အထွေထွေညီလာခံ


11:39

တည်ကြည်သောအသီး

ထာဝရအတွက် ကတိပေးထားသောကောင်းချီးတွေရရှိလိုပါက၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်တော်တို့ရဲ့ဘိသိတ်မင်္ဂလာများကို တံဆိပ်ခတ်ထားခြင်းဟာ မရှိမဖြစ်လိုအပ်ပါတယ်။

ကျွန်တော်ငယ်ငယ်က၊ လက်ဆတ်တဲ့၊ မက်မွန်သီးမှည့်ကို ကြိုက်ပါတယ်။ ဒီကနေ့အထိ၊ အရည်ရွှမ်းပြီး ချဉ်ပြုံးပြုံးအရသာရှိတဲ့ မက်မွန်သီးမှည့်ကိုကိုက်စားဖို့ အတွေးက၊ ကျွန်တော့်ကို သားရည်ယိုစေပါတယ်။ အမှည့်လွန်တဲ့မက်မွန်သီးတွေကို ရွေးမိရင်တော့၊ ပုပ်သိုးဖို့ နှစ်ရက်ကနေ လေးရက်အထိပဲကြာတတ်ပါတယ်။ ကျွန်တော်တို့ရဲ့မီးဖိုချောင်မှာ လာမဲ့ဆောင်းရာသီအတွက် အမေနှင့် ညီအစ်ကိုမောင်နှမတွေနှင့်အတူ ခူးထားတဲ့ မက်မွန်သီးတွေကို ပုလင်းတွေနဲ့ အလုံပိတ်ပြီးတာရှည်ခံအောင်လုပ်တဲ့အခါ ပါဝင်ဖူးတဲ့ ကြည်နူးဖွယ်အမှတ်တရတွေ ကျွန်တော့်မှာရှိပါတယ်။ မက်မွန်သီးတွေကို နည်းမှန်ကန်စွာ တာရှည်ခံထားရင်၊ နှစ်ရက်ကနေ လေးရက်လောက်မဟုတ်ပဲ၊ ဒီအရသာရှိတဲ့အသီးတွေဟာ နှစ်ပေါင်းများစွာကြာခံပါလိမ့်မယ်။ သေချာပြင်ဆင်ပြီး အပူပေးထားရင်၊ အသီးတွေက အလုံပိတ်ထားတာ ပျက်စီးသွားတဲ့အထိ တာရှည်ခံပါတယ်။

ခရစ်တော်က ကျွန်တော်တို့ကို “သင်တို့သည် သွား၍၊ … တည်ကြည်သောအသီးကိုသီးရမည်” လို့လမ်းညွှန်ခဲ့ပါတယ်။ ဒါပေမယ့် သူ မက်မွန်သီးအကြောင်းကိုပြောခဲ့တာမဟုတ်ပါဘူး။ သူက သူရဲ့သားသမီးတွေအတွက် ဘုရားသခင်ရဲ့ကောင်းချီးတွေအကြောင်း ဟောပြောနေခဲ့တာပါ။ ကျွန်တော်တို့ဟာ ဘုရားသခင်နှင့် ပဋိညာဉ်တွေပြုပြီး စောင့်ထိန်းမယ်ဆိုပါက၊ ကျွန်တော်တို့ရဲ့ပဋိညာဉ်တွေနှင့် ဆက်စပ်နေတဲ့ ကောင်းချီးမင်္ဂလာတွေဟာ ယခုအသက်တာထက် ကျော်လွန်နိုင်ပြီး ကျွန်တော်တို့အပေါ်၌ တံဆိပ်ခတ်ခြင်း၊ သို့မဟုတ် ထာဝရထိ ကာကွယ်စောင့်ရှောက်ထားနိုင်ပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်ဟာ ကတိတော်သန့်ရှင်းသောဝိညာဉ်တော်အဖြစ် သူရဲ့မြင့်မြတ်တဲ့အခန်းကဏ္ဍတွင်၊ သူတို့ရဲ့ပဋိညာဉ်တွေကို သစ္စာစောင့်သိသူတို့အပေါ်၌ ပညတ်ချက်တစ်ခုစီကို တံဆိပ်ခတ်ထားမှာဖြစ်ပြီး၊ ထိုမှသာ သူတို့ဟာ သေလွန်ပြီးနောက် တရားဝင်ဖြစ်မှာဖြစ်ပါတယ်။ ထာဝရအတွက် ကတိပေးထားသောကောင်းချီးတွေရရှိလိုပါက၊ တည်ကြည်သောအသီးများဖြစ်လာစေရန်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်တော်တို့ရဲ့ဘိသိတ်မင်္ဂလာများကို တံဆိပ်ခတ်ထားခြင်းဟာ မရှိမဖြစ်လိုအပ်ပါတယ်။

ကျွန်တော်တို့ချီးမြှောက်ခံလိုလျှင် ဤအချက်ဟာ အထူးအရေးကြီးပါတယ်။ ဥက္ကဋ္ဌ နယ်လဆင် သွန်သင်ခဲ့တဲ့အတိုင်း၊ ကျွန်တော်တို့ဟာ “အဆုံးသတ်ဖြင့် စိတ်ထဲတွင် အစပြုသင့်ပါတယ် … ကျွန်တော်တို့တစ်ဦးစီအတွက်၊ ရရှိလိုသော ‘အဆုံးသတ်‘ ဟာ ကျွန်တော်တို့ရဲ့ဘုရားသခင်၊ ကောင်းကင်ဘုံရှင်ဖခင်နဲ့ သူရဲ့သားတော်ယေရှုခရစ်တော်တို့ မျက်မှောက်၌ ချီးမြှောက်တဲ့အခြေအနေတွင် ကျွန်တော်တို့ရဲ့သားစုတွေနဲ့အတူ ထာဝစဉ်အသက်ရှင်ဖို့ဆိုတာ သေချာပါတယ်။” ဥက္ကဋ္ဌ နယ်လဆင်ကလည်း “ဆီလယ်ရှယ်လ်အိမ်ထောင်ရေးဟာ ထာဝရအသက်အတွက် ပြင်ဆင်မှုရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ဟာ မှန်ကန်သောသူနဲ့ မှန်ကန်သောနေရာ၌၊ မှန်ကန်သောအခွင့်အာဏာဖြင့် လက်ထပ်ရန်၊ မြင့်မြတ်သောပဋိညာဉ်ကို သစ္စာရှိရှိလိုက်နာရန် လိုအပ်ပါတယ်။ ထို့မှသာ၊ ထိုသူဟာ ဘုရားသခင်ရဲ့ဆီလက်ရှယ်လ်ကောင်းကင်နိုင်ငံတော်တွင် ချီးမြှောက်ခြင်းခံရရန်အတွက် သေချာနိုင်ပါတယ်။”

ချီးမြှောက်ခြင်းရဲ့ကောင်းချီးတွေက ဘာလဲ။ ၎င်းတို့တွင် အကြင်လင်မယားအဖြစ် အတူတကွ ထာဝရဘုရားသခင့်မျက်မှောက်တော်တွင် နေထိုင်ပြီး၊ “ပလ္လင်များ၊ နိုင်ငံများ၊ မင်းသားအုပ်ချုပ်ခံရာများ၊ ထို့အတူ တန်ခိုးများ၊ … အမျိုးအနွယ်တို့၏ အဆက်အဖြစ် ကာလအစဉ်အဆက် အမြဲရှိ” ခြင်းတို့ကို အမွေခံယူကာ ခမည်းတော်ဘုရားသခင်ရှိတော်မူသမျှတို့ကို ခံယူကြခြင်း တို့ပါဝင်ပါတယ်။

ကိုယ်တော်ရှင်ဟာ ဂျိုးဇက်စမစ်အားဖြင့် ထုတ်ဖော်ပြခဲ့ပါတယ်၊

“ဆီလက်ရှယ်လ်ဘုန်းအသရေ၌ ကောင်းကင်ဘုံ သို့မဟုတ် အဆင့် သုံးခုရှိ၏။

“အမြင့်ဆုံးကို ရရှိရန်၊ လူသည် ဤယဇ်ပုရောဟိတ်အခွင့် [အိမ်ထောင်ဖက်ပြုခြင်း၏ ထာဝရတည်မြဲသောပဋိညာဉ်သစ်ဟု ဆိုသော] သို့ ဝင်ရောက်ရမည်။

“ထိုသူသည် မဝင်ရောက်လျှင် ၊ မရရှိနိုင်။

“ထိုသူသည် အခြားတစ်ခုထဲသို့ ဝင်ရောက်နိုင်၏၊ သို့ရာတွင်၊ ထိုအရာသည် သူ့နိုင်ငံတော်၏ အဆုံးဖြစ်၏။ တိုးပွားခြင်းကို မရရှိနိုင်။”

လူတစ်ယောက်ဟာ ဆီလက်ရှယ်လ်ကောင်းကင်နိုင်ငံတော်တွင်ရှိနိုင်တယ်၊ ဒါမှမဟုတ် ဘုရားသခင်မျက်မှောက်၌နေနိုင်ပြီး၊ တစ်ကိုယ်တည်းဖြစ်နိုင်တယ်ကို ဤနေရာမှာ ကျွန်တော်တို့လေ့လာသိရှိရပါတယ်။ သို့သော် ဆီလက်ရှယ်လ်ကောင်းကင်နိုင်ငံတော်ရဲ့ အမြင့်ဆုံးအဆင့်တွင် ချီးမြှောက်ခြင်းခံရရန်၊ ထိုသူဟာသင့်လျော်သောအခွင့်အာဏာဖြင့် လက်ထပ်ခြင်းခံရပြီး ထိုအိမ်ထောင်တွင်ပြုလုပ်ထားသော ပဋိညာဉ်တွေကို သစ္စာရှိရပါမယ်။ ကျွန်တော်တို့ဟာ ထိုပဋိညာဉ်တွေကို သစ္စာစောင့်သိတာနဲ့အမျှ၊ ကတိတော်ရဲ့သန့်ရှင်းသောဝိညာဉ်တော်ဟာ ကျွန်တော်တို့ရဲ့အိမ်ထောင်ရေးပဋိညာဉ်ကို တံဆိပ်ခတ်ပေးနိုင်ပါတယ်။ ထိုသို့သောတံဆိပ်ခတ်ထားသောကောင်းချီးတွေဟာ တည်ကြည်သောအသီး ဖြစ်လာပါတယ်။

အိမ်ထောင်ရေးရဲ့ထာဝရပဋိညာဉ်အသစ်ကို သစ္စာရှိရှိစောင့်ထိန်းရန် ဘာလိုအပ်ပါသလဲ။

ဥက္ကဋ္ဌ ရပ်ဆဲလ် အမ် နယ်လဆင်က ဤထာဝရအိမ်ထောင်ရေးပဋိညာဉ်တွင် ကျွန်တော်တို့ပါဝင်တဲ့အခါ ချည်နှောင်ကြိုးနှစ်မျိုးရှိပါတယ်၊ ခင်ပွန်းနှင့်ဇနီးကြား သံယောဇဉ်နှောင်ကြိုးနဲ့ ဘုရားသခင်နှင့်အတူ သမာဓိနှောင်ကြိုးဟူ၍ နှစ်မျိုးရှိပါတယ်။ ချီးမြှောက်ခြင်းရဲ့ကောင်းချီးများကို ကျွန်တော်တို့အပေါ်၌ တံဆိပ်ခတ်ထားပြီး ဤအသက်တာပြီးနောက် ဆက်ရှိနေရန်၊ ကျွန်တော်တို့ဟာ ပဋိညာဉ်ရဲ့ သံယောဇဉ်နှင့် သမာဓိနှောင်ကြိုးနှစ်ခုစလုံးအပေါ် သစ္စာရှိရပါမယ်။

သင့်အိမ်ထောင်ဖက်နှင့် သံယောဇဉ်နှောင်ကြိုးကို ထိန်းသိမ်းရန်၊ ဘုရားသခင်ဟာ ကျွန်တော်တို့အား “[သင်၏] ဇနီး [သို့မဟုတ် ခင်ပွန်း] ကို [သင်၏]စိတ်နှလုံးအကြွင်းမဲ့ဖြင့် ချစ်ကာ၊ … သူမ၌ [သို့မဟုတ် သူ၌] စွဲမြဲရမည်၊ အခြားအဘယ်သူ၌မျှ မစွဲမြဲရရန် အကြံပေးခဲ့ပါတယ်။” အိမ်ထောင်သည်များအတွက်၊ သူမ၌ သို့မဟုတ် သူ၌စွဲမြဲရမယ်၊ အခြားအဘယ်သူ၌မျှ မစွဲမြဲရဆိုတာဟာ ချစ်ခြင်းမေတ္တာ၌ အတူတကွ တိုင်ပင်ပါ၊ အချင်းချင်း ချစ်၍ ပြုစုစောင့်ရှောက်ပါ၊ တခြားအရာတွေမှာစိတ်ဝင်စားမှုထက် သင့်အိမ်ထောင်ဖက်နှင့် အချိန်ကို ဦးစားပေးပါ၊ သင်တို့ရဲ့အားနည်းချက်တွေကို ကျော်လွှားနိုင်အောင် ကူညီပေးဖို့ ဘုရားသခင်ကို တောင်းခံခြင်းတို့ဖြစ်ပါတယ်။ ပရောပရည်လုပ်ခြင်း သို့မဟုတ် ချိန်းတွေ့ခြင်းအပါအဝင်၊ သင့်အိမ်ထောင်ရေးအပြင်ဘက်တွင် စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုမျိုးမရှိတဲ့အပြင်၊ တပ်မက်မှုကိုဖြစ်စေတဲ့ ညစ်ညမ်းရုပ်ပုံစာပေတွေလည်းမရှိရလို့ ဆိုလိုပါတယ်။

ပဋိညာဉ်၌ သံယောဇဉ်နှောင်ကြိုးကို ထိန်းသိမ်းရန်၊ လက်တွဲဖော်တစ်ဦးစီဟာ အိမ်ထောင်ရေးတွင် ပါဝင်လိုစိတ်ရှိရပါမယ်။ မကြာသေးခင်က ဥက္ကဋ္ဌ ဒယ်လင် အိတ်ချ် အုတ်ခ် က သွန်သင်ခဲ့ပါတယ်၊ “ကိုယ်တော် [ဘုရားသခင်] ဟာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူ သို့ သူမ၏အလိုဆန္ဒကိုဆန့်ကျင်ပြီး တံဆိပ်ခတ်ထားတဲ့ဆက်ဆံရေးသို့ အတင်းအကျပ်ခိုင်းစေမှာမဟုတ်ကြောင်း ကျွန်တော်တို့သိပါတယ်။ တံဆိပ်ခတ်ထားတဲ့ဆက်ဆံရေးရဲ့ကောင်းချီးတွေဟာ ၎င်းတို့ရဲ့ပဋိညာဉ်တွေကိုစောင့်ထိန်းသူတိုင်းအတွက် အာမခံသော်လည်း မထိုက်တန်တဲ့သူ ဒါမှမဟုတ် မလိုလားတဲ့သူတစ်ယောက်ကို တံဆိပ်ခတ်ထားတဲ့ ဆက်ဆံရေး အတွက် အတင်းအကျပ် ခိုင်းစေမှာမဟုတ်ပါဘူး။”

ဥက္ကဋ္ဌ နယ်လဆင် ရည်ညွှန်းထားတဲ့ သမာဓိနှောင်ကြိုးဆိုတာဘာလဲ။ သမာဓိနှောင်ကြိုးဆိုတာ ဘုရားသခင်နှင့်ကျွန်တော်တို့ပြုလုပ်သော ပဋိညာဉ်ဖြစ်ပါတယ်။

ဘုရားသခင်နှင့် သမာဓိနှောင်ကြိုးကို စောင့်ထိန်းရန်၊ နာခံခြင်း၊ ပေးဆပ်ခြင်း၊ ဧဝံဂေလိတရား၊ စင်ကြယ်ခြင်းနှင့် ဆက်ကပ်ခြင်းဆိုင်ရာ နိယာမများနှင့်ပတ်သက်၍ ကျွန်တော်တို့ပြုလုပ်ထားသော ဗိမာန်တော်ပဋိညာဉ်တွေကို သစ္စာစောင့်သိရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ထာဝရအဖော်ကိုလက်ခံရန်နဲ့ ဖြောင့်မတ်သောအိမ်ထောင်ဖက်နှင့် မိဘဖြစ်ရန် ဘုရားသခင်နှင့်လည်း ကျွန်တော်တို့ပဋိညာဉ်ပြုထားပါတယ်။ ကျွန်တော်တို့ဟာ သမာဓိနှောင်ကြိုးကို စောင့်ထိန်းထားတာနဲ့အမျှ၊ နောင်လာနောက်သားများ၊ ဧဝံဂေလိတရားနှင့် ယဇ်ပုရောဟိတ်များရဲ့ကောင်းချီးတွေအပါအဝင်၊ အာဗြဟံပဋိညာဉ်အားဖြင့် ဘုရားသခင်မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခြင်းရဲ့ကောင်းချီးတွေကို အရည်အချင်းပြည့်မီပါတယ်။ ၁၉ထိုကောင်းချီးတွေဟာ တည်ကြည်သောအသီးများဖြစ်ကြပါတယ်။ ထိုကောင်းချီးများဟာ ကျန်ရှိနေသော အသီးအနှံများဖြစ်ကြပါတယ်။

ထာဝရပဋိညာဉ်သစ်၌ဝင်ရောက်သူအားလုံးဟာ သစ္စာရှိကြပြီး ထာဝရကောင်းချီးများ သူတို့အပေါ်၌ တံဆိပ်ခတ်ထားတယ်လို့ ကျွန်တော်တို့မျှော်လင့်နေစဉ်၊ တစ်ခါတစ်ရံတွင် ထိုစံနှုန်းဟာ ကျွန်တော်တို့ လက်လှမ်းမမီနိုင်ပုံရပါတယ်။ ကျွန်တော်ရဲ့ အမှုဆောင်ခြင်းကာလတွေမှာ ပဋိညာဉ်တွေပြုကာ စောင့်ထိန်းနေကြတဲ့အသင်းသားတွေရှိပြီး သူတို့ရဲ့အိမ်ထောင်ဖက်တွေကတော့ စောင့်ထိန်းခြင်းမရှိကြတာကို တွေ့ကြုံခဲ့ရပါတယ်။ သေခြင်းရှိတဲ့ဘဝမှာ အိမ်ထောင်ပြုရမယ့်အခွင့်အရေးမရှိတဲ့ တစ်ကိုယ်တည်းနေတဲ့သူတွေလည်း ရှိပါတယ်။ အိမ်ထောင်ရေး ပဋိညာဉ်၌ သစ္စာမရှိသူများလည်း ရှိပါတယ်။ ဤအခြေအနေတစ်ခုစီမှာ လူတစ်ဦးချင်းစီအတွက် ဘာတွေဖြစ်နိုင်ပါသလဲ။

  1. သင် ဝိညာဉ်ပကတိအပ်နှင်းတဲ့အခါပြုလုပ်ခဲ့တဲ့ ပဋိညာဉ်တွေကို သင် သစ္စာစောင့်သိပါက၊ သင့်အိမ်ထောင်ဖက်ဟာ သူ သို့ သူမရဲ့ ပဋိညာဉ်များကို ချိုးဖောက်ခဲ့ သို့မဟုတ် အိမ်ထောင်ရေးမှ နုတ်ထွက်ခဲ့ရင်တောင်မှ သင့်အား ဝိညာဉ်ပကတိအပ်နှင်းခြင်းတွင် ကတိပြုထားသော ကိုယ်ပိုင်ကောင်းချီးတွေကို သင် ရရှိမှာပဲဖြစ်ပါတယ်။ အကယ်၍ သင်ဟာတံဆိပ်ခတ်ခဲ့ပြီး နောက်ပိုင်းတွင် ကွာရှင်းပြတ်စဲခဲ့ပြီး၊ သင်ရဲ့တံဆိပ်ခတ်ခြင်းကို မပယ်ဖျက်ပါက၊ သင်ဟာ သစ္စာတည်မြဲနေမယ်ဆိုရင် ထိုတံဆိပ်ခတ်ခြင်းရဲ့ ကိုယ်ပိုင်ကောင်းချီးတွေဟာ သင့်အတွက် သက်ရောက်မှုရှိနေမှာပဲဖြစ်ပါတယ်။

    တစ်ခါတရံ၊ သစ္စာဖောက်ခြင်းရဲ့ခံစားချက်နှင့် အမှန်တကယ်စိတ်ထိခိုက်မှုတို့ကြောင့်၊ သစ္စာရှိအိမ်ထောင်ဖက်ဟာ မြေကြီးပေါ်ရော ထာဝရကာလရော၊ တတ်နိုင်သမျှသူတို့နဲ့ ဝေးကွာစေရန်အတွက် ၎င်းတို့ရဲ့သစ္စာမဲ့အိမ်ထောင်ဖက်နဲ့ တံဆိပ်ခတ်ခြင်းကို ပယ်ဖျက်ချင်ပါလိမ့်မယ်။ နောင်တမရသောအိမ်ထောင်ဖက်ဟောင်းနဲ့ တနည်းတဖုံ ချည်နှောင်ခံရမှာကို သင်စိုးရိမ်နေပါက၊ သင်ချည်နှောင်ခံရမှာမဟုတ်ဘူးဆိုတာကို သတိရပါ။ ဘုရားသခင်ဟာ သူ သို့ သူမအလိုဆန္ဒကိုဆန့်ကျင်ပြီး ထာဝရတံဆိပ်ခတ်ထားတဲ့ဆက်ဆံရေးတွင် ဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ ကျန်ရှိနေဖို့ အလိုရှိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ဆန္ဒများနှင့် ရွေးချယ်မှုများခွင့်ပြုထားတဲ့ ကောင်းချီးအားလုံးကို ကောင်းကင်ဘုံရှင်အဘက ကျွန်တော်တို့လက်ခံရရှိကြောင်း သေချာစေမှာပါ။

    သို့သော်၊ တံဆိပ်ခတ်ခြင်းကို ဖျက်သိမ်းရန် ဆန္ဒရှိနေသေးပါက၊ ရွေးချယ်ပြုမူပိုင်ခွင့်ကို လေးစားပါတယ်။ အချို့သော လုပ်ထုံးလုပ်နည်းများကို လိုက်နာနိုင်ပါတယ်။ ဒါပေမယ့် ဒါကို ပေါ့ပေါ့ဆဆတော့ မလုပ်သင့်ပါဘူး။ ပထမဥက္ကဋ္ဌအဖွဲ့ဟာ မြေကြီးနှင့်ကောင်းကင်တွင် ချည်နှောင်ရန်သော့တွေကို ကိုင်ဆောင်ထားပါတယ်။ ပထမဥက္ကဋ္ဌအဖွဲ့မှ တံဆိပ်ခတ်ခြင်းကို ဖျက်သိမ်းခြင်းအား ခွင့်ပြုလိုက်တာနဲ့၊ တံဆိပ်ခတ်ခြင်းဆိုင်ရာ ကောင်းချီးများဟာ အသက်ဝင်တော့မှာမဟုတ်ပါဘူး၊ သူတို့ဟာ သံယောဇဉ်နှင့် သမာဓိနှစ်မျိုးလုံးကို ပယ်ဖျက်လိုက်ပါတယ်။ ချီးမြှောက်ခြင်းရဲ့ကောင်းချီးများရရှိဖို့အတွက် ဤထာဝရပဋိညာဉ်သစ်ကို၊ ဤအသက်တာတွင်ဖြစ်စေ နောင်ဘဝတွင်ဖြစ်စေ ကျွန်တော်တို့ဟာ သစ္စာရှိရှိပြုလုပ်နေထိုင်ရန် ဆန္ဒရှိကြောင်း သက်သေပြရမှာဖြစ်တယ်ဆိုတာ နားလည်ဖို့အရေးကြီးပါတယ်။

  2. အသင်းတော်ရဲ့အိမ်ထောင်မရှိတဲ့အသင်းသားတွေအတွက်၊ “ကိုယ်တော်ရှင်ရဲ့နည်းလမ်းနဲ့ အချိန်အရ၊ သူရဲ့သစ္စာရှိ သန့်ရှင်းသူတွေထံမှ ကောင်းချီးတွေကို ဟန့်တားထားမှာမဟုတ်ကြောင်း ကျေးဇူးပြု၍ သတိရပါ။ ကိုယ်တော်ရှင်ဟာ လူတစ်ဦးစီတိုင်းကို စိတ်ရင်းမှန်ဖြင့် အလိုတော်အတိုင်း တရားစီရင်ပြီး ဆုချတော်မူပါလိမ့်မယ်။”

  3. သင်ဟာ ဗိမာန်တော်ပဋိညာဉ်တွေကို သစ္စာမစောင့်ထိန်းရင်၊ မျှော်လင့်ခြင်းရှိပါသလား။ ဟုတ်ပါတယ်။ ယေရှုခရစ်တော်၏ ဧဝံဂေလိတရားဟာ မျှော်လင့်ခြင်းတရားတော်ဖြစ်ပါတယ်။ ထိုမျှော်လင့်ခြင်းဟာ စိတ်ရင်းမှန်ဖြင့် နောင်တရပြီး ခရစ်တော်၏သွန်သင်ချက်တွေကို နာခံမှုဖြင့် ယေရှုခရစ်အားဖြင့် ရောက်လာပါတယ်။ မြင့်မြတ်တဲ့ ပဋိညာဉ်တွေကို ချိုးဖောက်ပြီး ကြီးလေးတဲ့ အမှားတွေလုပ်နေတဲ့သူတွေကို ကျွန်တော်တွေ့ဖူးပါတယ်။ စိတ်ရင်းမှန်ဖြင့် နောင်တရသူတွေဟာ ခွင့်လွှတ်ခံရပြီး၊ ပဋိညာဉ်လမ်းကြောင်းသို့ ပြန်သွားကြတာကို ကျွန်တော် ပုံမှန်တွေ့မြင်နေရပါတယ်။ အကယ်၍ သင်ဟာ သင်ရဲ့ဗိမာန်တော်ပဋိညာဉ်များကို ချိုးဖောက်ခဲ့ပါက၊ ယေရှုခရစ်တော်ထံသို့ လှည့်ပါ၊ သင်ရဲ့သင်းအုပ်နှင့် တိုင်ပင်ပါ၊ နောင်တရကာ၊ သင့်ရဲ့ စိတ်ဝိညာဥ်က ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းကြောင့် ရရှိနိုင်တဲ့ တန်ခိုးကြီးသော ကုသခြင်းတန်ခိုးကိုဖွင့်ပေးဖို့ ကျွန်တော်တိုက်တွန်းပါတယ်။

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့ရဲ့ချစ်စွာသော ကောင်းကင်ဘုံရှင်အဘဟာ ကျွန်တော်တို့အတွက် သိုမှီးထားသမျှအားလုံးကို ရရှိနိုင်စေရန်အတွက် ပဋိညာဉ်တွေကို ပေးထားပါတယ်။ ဘုရားသခင်ထံမှ ထိုမြင့်မြတ်သောကောင်းချီးတွေဟာ မြေကြီးပေါ်ရှိ ဘယ်အသီးတွေထက်မဆို ပို၍အရသာရှိပါတယ်။ ကျွန်တော်တို့ရဲ့ဗိမာန်တော်ပဋိညာဉ်တွေကို သစ္စာစောင့်သိတာနဲ့၊ ၎င်းတို့ဟာ ကျွန်တော်တို့အတွက် တည်ကြည်သောအသီးတွေဖြစ်လာပြီး၊ ထာဝရစောင့်ရှောက်ပေးထားနိုင်ပါတယ်။

ဘုရားသခင်ဟာ မြေကြီးနှင့် ကောင်းကင်တွင် ချည်နှောင်ထားသောအခွင့်အာဏာကို ပြန်လည်ဆောင်ယူထားကြောင်း ကျွန်တော်သက်သေခံပါတယ်။ အဲ့ဒီအခွင့်အာဏာကို ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်တွင် တွေ့ရှိနိုင်ပါတယ်။ ၎င်းကို ပထမဥက္ကဋ္ဌအဖွဲ့နှင့် တကျိပ်နှစ်ပါးအဖွဲ့က ကိုင်ဆောင်ပြီး ဥက္ကဋ္ဌ ရပ်ဆဲ အမ် နယ်လဆင်ရဲ့ လမ်းညွှန်မှုအောက်တွင် ကျင့်သုံးပါတယ်။ ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းကြောင့်၊ လက်ထပ်ခြင်း၏ ထာဝရပဋိညာဉ်အသစ်သို့ ဝင်ရောက်ပြီး ထိုပဋိညာဉ်ကို စောင့်ထိန်းသူတွေဟာ ပြီးပြည့်စုံလာကာ နောက်ဆုံးတွင် သူတို့ရဲ့ထိန်းချုပ်မှုထက်ကျော်လွန်တဲ့ ဘယ်အခြေအနေမျိုးမှာမဆို၊ ခမည်းတော်ဘုန်းတော်ရဲ့ပြည့်စုံမှုကို လက်ခံရရှိနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ပဋိညာဉ်တွေနဲ့စပ်လျဉ်းတဲ့ ဤကတိပြုထားတဲ့ကောင်းချီးတွေဟာ ကတိတော်ရဲ့သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်တော်တို့အပေါ်၌တံဆိပ်ခတ်နိုင်ပြီး တည်ကြည်သောအသီး ဖြစ်လာပါတယ်။ ယေရှုခရစ်တော်၏ နာမတော်အားဖြင့် ကျွန်တော် သက်သေခံပါတယ်၊ အာမင်။

မှတ်စုများ

  1. ရှင်ယောဟန် ၁၅း၁၆

  2. ရှု ဒေးလ် ဂျီ ရန်လန်၊ “Accessing God’s Power through Covenants,” လီယဟိုနာ,မေ ၂၀၂၃၊၃၅-၃၈၊ သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၁၃၂း၇

  3. ဘိသိတ်မင်္ဂလာတစ်ခုဟာ အခွင့်အာဏာရှိသူမှ လုပ်ဆောင်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ထားသောကြောင့် ကောင်းကင်နှင့်မြေကြီးပေါ်တွင် နှစ်ခုစလုံး အကျုံးဝင်ကာ တံဆိပ်ခတ်ထားခြင်းဖြစ်ပါတယ်။

    “တံဆိပ်ခတ်ခြင်းအခွင့်အာဏာကို အချို့သောဗိမာန်တော်ဆိုင်ရာဘိသိတ်မင်္ဂလာများနှင့်သာ သက်ဆိုင်တယ်လို့ ကျွန်တော်တို့ထင်မြင်တတ်ပါတယ်၊ သို့သော် ထိုအခွင့်အာဏာဟာ သေခြင်းထက်ကျော်လွန်သော ဘိသိတ်မင်္ဂလာတစ်ခုဖြစ်စေရန် လိုအပ်ပါတယ်။ ဥပမာအားဖြင့်၊ တံဆိပ်ခတ်ခြင်းတန်ခိုးဟာ ဤနေရာနှင့် ကောင်းကင်ဘုံတွင် အသိအမှတ်ပြုခံရစေရန်အတွက်၊ သင့်ဗိတ္တိဇံခံခြင်းအပေါ် တရားဝင်မှုတံဆိပ်တစ်ခုပေးပါတယ်။ အခြေခံအားဖြင့်၊ ယဇ်ပုရောဟိတ်ဘိသိတ်အားလုံးဟာ အသင်းတော်ဥက္ကဋ္ဌ၏သော့များအောက်တွင် လုပ်ဆောင်ကြပြီး၊ ဥက္ကဋ္ဌ ဂျိုးဇက် ဖီးဒင်း စမစ် က ‘သူ [အသင်းတော်၏ဥက္ကဌ] က ကျွန်တော်တို့အား အခွင့်အာဏာပေးထားပြီး၊ တံဆိပ်ခတ်ခြင်းတန်ခိုးကို ကျွန်တော်တို့၏ယဇ်ပုရောဟိတ်အခွင့်အာဏာတွင် ထည့်သွင်းထားသောကြောင့်၊ သူဟာ ထိုသော့တွေကို ကိုင်ဆောင်ထားပါတယ်’ (ဒီ တော့ ခရစ္စတိုဖာဆန်၊ “The Sealing Power,” လီယဟိုနာ၊ နို၊ ၂၀၂၃၊ ၂၀)။

    “ကတိတော်၏ သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခတ်ထားသော လုပ်ဆောင်မှုဟာ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အတည်ပြုထားသော လုပ်ဆောင်မှုဖြစ်ပါတယ်၊ အဲ့တာဟာ ကိုယ်တော်ရှင် ထောက်ခံတော်မူသော အရာဖြစ်ပါတယ်။ … မည်သူမျှ သန့်ရှင်းသော ဝိညာဉ်တော်ကို လိမ်လည်၍ မသိနိုင်ပါ။ … ဤမူဝါဒတွေဟာ အသင်းတော်ရှိ အခြားသော ထုံးတမ်းစဉ်လာများနှင့် လုပ်ဆောင်မှုတိုင်းနှင့်လည်း သက်ဆိုင်ပါတယ်။ ထို့ကြောင့် နှစ်ဖက်စလုံးဟာ [လက်ထပ်မှုတစ်ခု၌] ‘တရားမျှတပြီး မှန်ကန်ပါက‘[ဩဝါဒနှင့်ပဋိညာဉ်များ ၇၆း၅၃]၊ ထိုက်တန်ပါက၊ ၎င်းတို့၏ ဗိမာန်တော်လက်ထပ်မှုတွင် အသိအမှတ်ပြု တံဆိပ်တစ်ခု ကပ်ထားပါတယ်၊ မထိုက်တန်ပါက၊ ဝိညာဉ်တော်အားဖြင့် တရားမျှတခြင်း မရှိဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အတည်ပြုခြင်းကို ရရှိမှာမဟုတ်ပါဘူး။ နောက်ဆက်တွဲတန်ဖိုး တံဆိပ်ကို ခိုင်ခံ့စေမှာဖြစ်ပြီး မဖြောင့်မတ်ခြင်းဟာ ဘယ်တံဆိပ်ကိုမဆို ချိုးဖျက်ပါလိမ့်မယ်၊” (ဘရူ့စ် အာရ် မက်ခွန်နီ၊ “Holy Spirit of Promise” တွင် ထာဝရအိမ်ထောင်ရေး ကျောင်းသားလက်စွဲစာအုပ်ကို ပြင်ဆင်ခြင်း [၂၀၀၃]၊ ၁၃၆)။

    ကတိတော်၏သန့်ရှင်းသောဝိညာဉ်တော်ဟာ ဗတ္တိဇံခံခြင်း၊ အတည်ပြုခြင်း၊ ဘိသိတ်ပြုခြင်း၊ လက်ထပ်ခြင်းဆိုတဲ့၊ ဘိသိတ်မင်္ဂလာတိုင်းတွင် ထောက်ခံမှုတံဆိပ်တုံးကို ထုလုပ်ထားတဲ့ သန့်ရှင်းသောဝိညာဉ်တော်ဖြစ်ပါတယ်။ ကတိတော်ဟာ သစ္စာရှိခြင်းအားဖြင့် ကောင်းချီးမင်္ဂလာတွေကို ရရှိပါလိမ့်မယ်။ အကယ်၍ လူတစ်ဦးဟာ ဗတ္တိဇံခံခြင်း၊ ဘိသိတ်ပြုခြင်း၊ လက်ထပ်ခြင်း သို့မဟုတ် အခြားဘယ်အရာဖြစ်စေ ပဋိညာဉ်ကို ချိုးဖောက်ပါက၊ ဝိညာဉ်တော်ဟာ ထောက်ခံမှုတံဆိပ်တုံးကို ရုပ်သိမ်းပြီး ကောင်းချီးများကို ရရှိတော့မှာမဟုတ်ပါဘူး။ ဘိသိတ်မင်္ဂလာတိုင်းဟာ သစ္စာရှိမှုအပေါ်အခြေခံ၍ ဆုလာဘ်ကတိတော်တစ်ခုနဲ့အတူ တံဆိပ်ခတ်ထားပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ဟာ ပဋိညာဉ်များ ကျိုးပေါက်သွားရာ၌ ထောက်ခံမှုတံဆိပ်တုံးကို ရုပ်သိမ်းပါတယ်” (ဂျိုးဇက် ဖီးဒင်း စမစ်၊ ကယ်တင်ခြင်းဆိုင်ရာ ဩဝါဒများ၊ ကွန်ပြူတာ။ ဘရူ့စ် အာရ် မက်ခွန်နီ [၁၉၅၄]၊ ၁း၄၅)။

  4. ရပ်ဆဲယ်လ် အမ်၊ နယ်လဆင်၊ Heart of the Matter: What 100 Years of Living Have Taught Me (၂၀၁၃)၊၁၅။ ပဋိညာဉ်များအားလုံးကို သေခြင်းမှရှင်ပြန်ထမြောက်ပြီးနောက် စွမ်းအားရရှိရန်၊ ကတိတော်၏သန့်ရှင်းသောဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်ရပါမယ် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃၂း၇)။

  5. ရပ်ဆဲ အမ် နယ်လဆင်၊ “ဆီလက်ရှယ်လ်အိမ်ထောင်ရေး၊” လီယဟိုနာ၊ နို၊ ၂၀၀၈။

  6. ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃၂း၁၉

  7. ရှု သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၈၄း၃၈

  8. သြ၀ါဒနှင့်ပဋိညာဥ်များ ၁၃၁း၁-၄

  9. ရှု သြဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၃၂း ၁၉–၂၀။ “အမြင့်ဆုံးပန်းတိုင်ဖြစ်တဲ့—ဆီလက်ရှယ်လ်ကောင်းကင်နိုင်ငံတော်၌ ချီးမြောက်ခြင်းဟာ—ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ရဲ့ အာရုံစိုက်မှုဖြစ်ပါတယ်” (ဒယ်လင် အိတ်ချ် အုတ်ခ်၊ “Kingdoms of Glory,” လီယဟိုနာ၊ နို၊ ၂၀၂၃၊ ၂၆)။

  10. “အိမ်ထောင်နှင့် မိသားစုများဟာ အထူးမေတ္တာကို ဖန်တီးပေးသည့် ထူးခြားသော သံယောဇဉ် နှောင်ကြိုးကို မျှဝေသကဲ့သို့၊ ကျွန်တော်တို့သည် ဘုရားသခင်နှင့် ပဋိညာဉ်ပြုထားသော သမာဓိ ဖြင့် ချည်နှောင်ထားသည့် ထာဝရလက်ထပ်ခြင်းဆိုင်ရာ ပဋိညာဉ်အသစ်သို့ ဝင်ရောက်သောအခါတွင် ဖြစ်ပေါ်လာသော ဆက်ဆံရေးအသစ်ဟာ အတူတူပင်ဖြစ်ပါတယ်” (ရပ်ဆဲ အမ် နယ်လဆင်၊ အကြောင်းအရာ၏ နှလုံးသား၊ 41–42)။

  11. သြဝါဒနှင့်ပဋိညာဉ်များကျမ်း ၄၂း၂၂၊ လည်းရှု အထွေထွေလက်စွဲစာအုပ်၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၌ အစေခံခြင်း၃၈၊၆၊၁၆။ ဤလက်ထပ်ခြင်းအကြောင်း ဆွေးနွေးရာတွင်၊ လက်ထပ်ခြင်းသည် အမျိုးသားနှင့် အမျိုးသမီးကြား တရားဝင်နှင့် ဥပဒေနှင့်အညီ ပေါင်းစည်းခြင်းအဖြစ် သတ်မှတ်သည့်၊ ဘုရားသခင်၏ ပညတ်တော်အရ လက်ထပ်ခြင်းကို ရည်ညွှန်းခြင်းဖြစ်ပါသည် (ရှု “The Family: A Proclamation to the World,” ဧဝံဂေလိတရားတော်စာကြည့်တိုက်)။

  12. ရှု “မိသားစု‌၊လောကသို့ကြေညာချက်၊” ဧဝံဂေလိတရားတော်စာကြည့်တိုက်။

  13. ရှု သြဝါဒနှင့်ပဋိညာဉ်များကျမ်း ၄၂း၂၂-၂၄

  14. ဒယ်လင် အိတ်ချ်၊ အုတ်ခ် “Kingdoms of Glory,” ၂၉၊ အလေးပေးထည့်သွင်းထားသည်။

  15. ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၆း၈-၁၁၁၁၃း၈အာဗြဟံ ၂း၉-၁၁

  16. ရှု အထွေထွေလက်စွဲစာအုပ်၃၈၊ ၄၊ ၁

    အချိန်ပြည့်သာသနာတစ်ခု ဆွစ်ဇာလန်မှာ ကျွန်တော် အမှုတော်ထမ်းနေတုန်း၊ ကျွန်တော့်ရဲ့အဖော်နဲ့ ကျွန်တော်ဟာ အသက် ၆၀ အရွယ် အံ့ဩဖွယ်ဆွစ်ဇာလန်ဇနီးမောင်နှံနဲ့ ဧဝံဂေလိတရားကို ဝေမျှခဲ့ပါတယ်။ ပြန်လည်ဆောင်ယူထားသောယေရှုခရစ်တော်ရဲ့အသင်းတော်အကြောင်း ထိုဇနီးမောင်နှံအား ကျွန်တော်တို့သွန်သင်ပေးတဲ့အခါ၊ ထိုအမျိုးသမီးဟာ ကျွန်တော်တို့ရဲ့သွန်သင်ပေးတာကို အလွန်စိတ်ဝင်စားမှုကို ပြသခဲ့ပါတယ်။ အပါတ်အနည်းငယ်ကြာတော့၊ သူမဟာ ယေရှုခရစ်တော်ရဲ့အသင်းတော်ဟာ၊ ဘုရားသခင်ထံမှ မှန်ကန်သောအခွင့်အာဏာအားဖြင့် ပြန်လည်ဆောင်ယူခဲ့ကြောင်း၊ ယေရှုခရစ်တော်ဟာ အသက်ရှင်သောပရောဖက်များနှင့် တမန်တော်များမှတစ်ဆင့် သူရဲ့အသင်းတော်ကို လမ်းညွှန်ကြောင်း စစ်မှန်သောသက်သေခံချက်ကို ရရှိခဲ့ပါတယ်။ ပြန်လည်ဆောင်ယူခြင်းရဲ့ အမွန်မြတ်ဆုံး ဩဝါဒများထဲမှ တစ်ခုဖြစ်သော ထာဝရအိမ်ထောင်ရေးဆိုင်ရာ အခွင့်အရေးကို ထိုဇနီးမောင်နှံအား သွန်သင်ရန် ကျွန်တော်တို့ မျှော်လင့်နေခဲ့ပါတယ်။ သို့သော်၊ အံ့ဩစရာမှာ၊ ထာဝရလက်ထပ်ခြင်းဆိုင်ရာ ဩဝါဒအကြောင်း ထိုဇနီးမောင်နှံကို ကျွန်တော်တို့ သွန်သင်ပေးတဲ့အခါ ဆွစ်အမျိုးသမီးဟာ ခင်ပွန်းဖြစ်သူနှင့်အတူ ထာဝရအတွက်အတူရှိရန် စိတ်မဝင်စားကြောင်း ပြောပြခဲ့ပါတယ်။ သူမအတွက်တော့၊ ကောင်းကင်ဘုံဟာ သူမနဲ့အိမ်ထောင်သက် ၃၆ နှစ်ရှိပြီဖြစ်တဲ့၊ ခင်ပွန်းဖြစ်သူနှင့်အတူ ရှိနေဖို့ မပါဝင်ခဲ့ပါ။ ထိုညီအစ်မဟာ ဗိတ္တိခံခဲ့သော်လည်း၊ သူမရဲ့ခင်ပွန်းဟာ မလုပ်ခဲ့ပါဘူး။ သူတို့ဟာ ဗိမာန်တော်၌ ဘယ်တော့မှ တံဆိပ်မခတ်ခဲ့ကြပါဘူး။

    သို့သော်လည်း၊ လူအများအတွက်မူ၊ ကောင်းကင်ဘုံဟာ သူတို့လက်ထပ်ထားသူနှင့် အတူမဟုတ်ရင် ကောင်းကင်ဘုံဖြစ်မှာမဟုတ်ပါဘူး။ သင်ချစ်တဲ့အိမ်ထောင်ဖက်နဲ့ ထာဝရအတူရှိရန်မှာ အမှန်ဆိုရရင်တော့ ကောင်းကင်ဘုံနှင့် တူပါတယ်။ အသင်းလူကြီး ဂျက်ဖရီ ဟော်လန်က သူရဲ့ချစ်လှစွာသော၊ ချစ်ဇနီး ပတ်ထ် အကြောင်းကို ဝေမျှခဲ့သလိုပါပဲ၊ ကောင်းကင်ဘုံဟာ သူမ မပါဘဲ ကောင်းကင်ဘုံဖြစ်လာမှာမဟုတ်ပါဘူး (ရှု “စကော့ တေလာ၊ အသင်းလူကြီး ဟော်လန်၊ သူ့ဇနီးနှင့်သားသမီးများမရှိသော ကောင်းကင်ဘုံဟာ ‘ကျွန်တော့်အတွက် ကောင်းကင်ဘုံဖြစ်မှာမဟုတ်၊’” အသင်းတော်သတင်းများ၊ ဇူလိုင်-၂၂၊ ၂၀၂၃, thechurchnews.com)။

  17. ရှု ဒယ်လင် အိပ်ခ်ျ၊ အုတ်၊ “ဘုန်းကျက်သရေထွန်းလင်းရာနိုင်ငံတော်များ၊” ၂၆။

  18. ရပ်ဆဲလ် အမ် နယ်လဆင်၊ “ကောင်းကင်အိမ်ထောင်ရေး၊” ၉၄။

  19. ရှု ယောဟန် ၁၅း၁၆