အရာရာ၌ ဆန့်ကျင်ဘက်ရှိခြင်း
ကျွန်တော်တို့ရဲ့ ရွေးချယ်ပြုမူနိုင်ခွင့်ကို ကျင့်သုံးနိုင်ဖို့၊ ကျွန်တော်တို့မှာ ဆန့်ကျင်ဘက် ရွေးချယ်စရာများရှိဖို့ လိုအပ်ပါတယ်။
မကြာသေးခင်က၊ ကျွန်တော်တို့မသိတဲ့မြို့မှာ ကားမောင်းနေရင်း၊ မထင်မှတ်ဘဲ မှားကွေ့မိရာက၊ ပြန်လှည့်လို့မရတော့ပဲ၊ ဇနီးသည်နဲ့ကျွန်တော် အဝေးပြေးလမ်းမကြီးပေါ်မှာ မိုင်ပေါင်းများစွာ အချိန်ကုန်ခဲ့ကြပါတယ်။ မိတ်ဆွေတစ်ယောက်ရဲ့အိမ်ကို ကြင်နာတဲ့ဖိတ်ခေါ်ချက်တစ်ခုရခဲ့ပြီး၊ ကျွန်တော်တို့ မျှော်လင့်ထားတာထက် အများကြီးနောက်ကျမှာကို စိုးရိမ်ခဲ့ကြပါတယ်။
ဒီအဝေးပြေးလမ်းမကြီးကနေ ပြန်ထွက်ဖို့လမ်းကို အသည်းအသန်ရှာနေတဲ့အချိန်မှာ၊ လမ်းပြစနစ်ကို အာရုံမစိုက်မိခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ် အပြစ်တင်ခဲ့ပါတယ်။ ကျွန်တော်တို့ဘဝမှာ တစ်ခါတစ်ရံ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချမိပြီး ကျွန်တော်တို့ရဲ့လမ်းကြောင်းကို နောက်တစ်ကြိမ်ပြောင်းလို့မရသေးခင် စိတ်ရှည်စွာနဲ့နှိမ့်ချစွာ ဘယ်လိုနေရမလဲဆိုတာ ဒီအတွေ့အကြုံက တွေးစေပါတယ်။
ဘဝဆိုတာ ရွေးချယ်မှုတွေ ပြုလုပ်ခြင်းပါပဲ။ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘက မြင့်မြတ်တဲ့ ရွေးချယ်ပြုမူနိုင်ခွင့်လက်ဆောင်ကို အတိအကျ ပေးထားပါတယ်၊ အဲဒါမှ ကျွန်တော်တို့ရဲ့ ရွေးချယ်မှု အမှန်တွေသာမက အမှားတွေကနေပါ သင်ယူနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ နောင်တရတဲ့အခါ မှားယွင်းတဲ့ရွေးချယ်မှုတွေကို တည့်မတ်နိုင်ပါတယ်။ အဲဒီမှာ တိုးတက်ခြင်း ဖြစ်ပေါ်လာပါတယ်။ ကျွန်တော်တို့အားလုံးအတွက် ကောင်းကင်ဘုံရှင်အဘရဲ့ အစီအစဉ်ကတော့ သင်ယူခြင်း၊တိုးတက်ခြင်းနဲ့ ထာဝရအသက်ဆီသို့ လျှောက်လှမ်းခြင်းပဲ ဖြစ်ပါတယ်။
ကျွန်တော့်ဇနီးသည်နဲ့ ကျွန်တော့်ကို သာသနာပြုတွေကသင်ကြားပြီး အသင်းတော်ကိုဝင်ရောက်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက၊ မော်မုန်ကျမ်းထဲမှာ လေဟိက သူ့သားယာကုပ်ကို ပေးခဲ့တဲ့ လေးနက်တဲ့သွန်သင်ချက်တွေက ကျွန်တော့်ကို အမြဲစွဲမှတ်စေခဲ့ပါတယ်။ “ကိုယ်တော်ရှင်ဘုရားသခင်သည် လူသားအား ကိုယ်တိုင်ပြုမူနိုင်စေကြောင်း အခွင့်ပေးတော်မူခဲ့၏” ၊ “အရာရာ၌ ဆန့်ကျင်ဘက်ရှိရပေမည်” လို့ သူက သူ့သားကို သင်ကြားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ရွေးချယ်ပြုမူနိုင်ခွင့်ကို ကျင့်သုံးနိုင်ဖို့၊ ကျွန်တော်တို့မှာ ဆန့်ကျင်ဘက် ရွေးချယ်စရာများရှိဖို့ လိုအပ်ပါတယ်။ အဲလိုလုပ်တဲ့အခါ၊ ကျွန်တော်တို့ကို “လုံလုံလောက်လောက် သွန်သင်ထား” ကြောင်း နဲ့ “ခရစ်တော်ရဲ့ဝိညာဉ်တော်” အား ကျွန်တော်တို့အယောက်တိုင်းကို “အကောင်း၊အဆိုး ခွဲခြားသိဖို့” ပေးထားတယ်ဆိုတာ မော်မုန်ကျမ်းက ကျွန်တော်တို့ကို သတိပေးပါတယ်။
ကျွန်တော်တို့အသက်တာမှာ၊ များပြားလှတဲ့ အရေးတကြီးရွေးချယ်မှုတွေနဲ့ အဆက်မပြတ် ရင်ဆိုင်ရပါတယ်။ ဥပမာအားဖြင့်၊
-
ဘုရားသခင်ရဲ့ပညတ်တော်တွေနောက် လိုက်ဖို့ သို့မဟုတ် မလိုက်ဖို့ ရွေးချယ်ခြင်း။
-
ယုံကြည်ခြင်းရှိဖို့ရွေးချယ်ပြီး အံ့ဖွယ်တွေဖြစ်လာတဲ့အခါ အသိအမှတ်ပြုခြင်း သို့မဟုတ် ယုံကြည်ဖို့မရွေးချယ်ဘဲ သံသယစိတ်နဲ့ တစ်ခုခုဖြစ်လာဖို့ စောင့်ဆိုင်းခြင်း။
-
ဘုရားသခင်ဆီ ယုံကြည်ကိုးစားဖို့ သို့မဟုတ် တခြားစိန်ခေါ်မှုတစ်ခုကို နောက်တစ်နေ့မှာ ကြောက်ရွံ့စွာ မျှော်လင့်ဖို့ ရွေးချယ်ခြင်း။
အဝေးပြေးလမ်းမပေါ် ကို မှားကွေ့မိလိုက်ပြီး၊ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်အမှားတွေကြောင့် ဒုက္ခရောက်တဲ့အခါ များသောအားဖြင့် အရမ်းနာကျင်ရတတ်ပါတယ်၊ ဘာလို့လဲဆိုတော့ ကိုယ့်ကိုကိုယ်အပြစ်တင်ဖို့ပဲရှိလို့ပါ။ ဘယ်လိုပဲဖြစ်ပါစေ၊ မြင့်မြတ်တဲ့ နောင်တရခြင်းဖြစ်စဉ်ကနေ ကျွန်တော်တို့က နှစ်သိမ့်မှုရရှိဖို့ ရွေးချယ်နိုင်ပါတယ်၊ အမှားတွေကို အမှန် ပြန်ပြင်နိုင်ပါတယ်၊ အဲဒီကနေ ဘဝပြောင်းလဲစေတဲ့သင်ခန်းစာအချို့ကို သင်ယူနိုင်ပါတယ်။
တစ်ခါတစ်ရံ ကျွန်တော်တို့ မထိန်းချူပ်နိုင်တဲ့ အရာတွေဆီက အတိုက်အခံနဲ့ စမ်းသပ်မှုတွေကိုလည်း ကြုံတွေ့နိုင်ပါတယ်၊ ဥပမာ၊
-
ကျန်းမာရေးအခိုက်အတန့်များနဲ့ ဖျားနာချိန်များ။
-
ငြိမ်းချမ်းရေးနဲ့စစ်ပွဲကာလများ။
-
နေ့နဲ့ညအချိန်နာရီများ၊ နွေနဲ့ဆောင်းရာသီများ။
-
အလုပ်ချိန်နဲ့အနားယူချိန်များ။
အဲဒီအခြေအနေတွေက သူ့အလိုလိုဖြစ်နေတဲ့အတွက် ကျွန်တော်တို့ရွေးချယ်လို့မရပေမယ့်၊ သူတို့ကို ဘယ်လို တုံ့ပြန်မလဲဆိုတာတော့ ရွေးချယ်လို့ရပါသေးတယ်။ ကျွန်တော်တို့က အဲဒါကို အကောင်းမြင်စိတ် သို့မဟုတ် အဆိုးမြင်စိတ်နဲ့ ပြုလုပ်နိုင်ပါတယ်။ ကျွန်တော်တို့က အတွေ့အကြုံတွေကနေ သင်ယူပြီး ကိုယ်တော်ရှင်ရဲ့ အကူအညီနဲ့အထောက်အပံ့ကို တောင်းခံနိုင်ပါတယ်၊ ဒါမှမဟုတ် ဒီစမ်းသပ်မှုမှာ ကိုယ့်အားကိုယ်ကိုးရမယ်လို့ တွေးပြီး တစ်ကိုယ်တည်း ဒုက္ခခံစားနိုင်ပါတယ်။ အမှန်တရားအသစ်ဆီသို့ “ကျွန်တော်တို့ရဲ့ ဦးတည်ရာလမ်းကြောင်းတွေကို ချိန်ညှိနိုင်ပါတယ်” ၊ ဒါမှမဟုတ် ဘာမှမပြောင်းလဲဖို့ ဆုံးဖြတ်နိုင်ပါတယ်။ ညအမှောင်ထုထဲမှာ၊ ကျွန်တော်တို့က မီးဖွင့်နိုင်ပါတယ်။ အေးခဲတဲ့ဆောင်းရာသီမှာ၊ ကျွန်တော်တို့က အနွေးထည်တွေ ရွေးချယ်ဝတ်ဆင်ကြတယ်။ ဖျားနာတဲ့ရာသီတွေမှာ၊ ကျွန်တော်တို့က ဆေးဝါးနဲ့စိတ်ပိုင်းဆိုင်ရာ အကူအညီတွေကို ရှာဖွေနိုင်ပါတယ်။ အဲဒီအခြေအနေတွေကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ ရွေးချယ်နိုင်ပါတယ်။
ချိန်ညှိခြင်း၊ သင်ယူခြင်း၊ ရှာဖွေခြင်း၊ နဲ့ ရွေးချယ်ခြင်း တွေက လုပ်ဆောင်ချက်ကြိယာတွေဖြစ်ပါတယ်။ ကျွန်တော်တို့က ရွေးချယ်သူတွေဖြစ်ပြီး အရွေးခံအရာတွေမဟုတ်တာကို သတိရပါ။ ကျွန်တော် သူ့ဆီကိုသွားတဲ့အခါ၊ ယေရှုက “သူမစရမည့်၊ သူ့လူမျိုးတို့၏နာကျင်မှုများနှင့်ဖျားနာခြင်းတို့ကို သူ့အပေါ်၌ခံယူလိမ့်မည်” လို့ ကတိပေးခဲ့တာကို မမေ့ကြပါနဲ့။ ယေရှုခရစ်တော်ရဲ့ကျောက်ပေါ်မှာ ကျွန်တော်တို့ရဲ့အုတ်မြစ်ကို တည်ဆောက်ဖို့ ရွေးချယ်နိုင်ပါတယ်၊ အဲဒါမှသာ လေပွေလာရင်၊ “[ကျွန်တော်တို့ကို] ဆွဲ၍ချရန် တန်ခိုးရှိလိမ့်မည်မဟုတ်” ပါ။ သူက “[သူ့ထံသို့]လာမည့်သူမှန်သမျှကို [သူ]လက်ခံတော်မူမည်၊ [သူ့]ထံသို့လာသောသူတို့သည်လည်း မင်္ဂလာရှိကြ၏” လို့ ကတိပေးတော်မူပါတယ်။
အခုဆိုရင်၊ အရမ်းအရေးကြီးတဲ့ သဘောတရားတစ်ခု ထပ်ရှိပါသေးတယ်။ လေဟိက “ အရာရာ၌ ဆန့်ကျင်ဘက်ရှိရပေမည်” လို့ပြောခဲ့ပါတယ်။ ဆိုလိုတာကတော့ ဆန့်ကျင်ဘက်တွေက တစ်ခုနဲ့တစ်ခု ဝေးကွာမနေပါဘူး။ သူတို့က အချင်းချင်းတောင် ဖြည့်စွက်ပေးနိုင်ပါတယ်။ ကျွန်တော်တို့က တစ်ချိန်မှာ ဝမ်းနည်းမှုကို မကြုံတွေ့ခဲ့ဘူးဆိုရင် ပျော်ရွှင်မှုကိုလည်း သိရှိနိုင်မှာမဟုတ်ပါဘူး။ တစ်ခါတစ်လေ ဗိုက်ဆာတာက ကျွန်တော်တို့မှာ ထပ်စားဖို့ အလုံအလောက်ရှိတာကို အထူးကျေးဇူးတင်တတ်အောင် ကူညီပေးပါတယ်။ ကျွန်တော်တို့က ဟိုဟိုဒီဒီမှာ မုသားတွေကို မမြင်ခဲ့ဘူးဆိုရင်၊ အမှန်တရားကိုလည်းဖော်ထုတ်နိုင်မှာ မဟုတ်ပါဘူး။
အဲဒီဆန့်ကျင်ဘက်တွေက တူညီတဲ့ဒင်္ဂါးပြားရဲ့ နှစ်ဖက်စလုံးနဲ့တူပါတယ်။ နှစ်ဖက်စလုံး အမြဲရှိနေပါတယ်။ ချားစ်ဒစ်ကန်က “ဒါက အကောင်းဆုံးအချိန်၊ ဒါက အဆိုးဆုံးအချိန်” ကိုရေးပြီး၊ ဒီအယူအဆကို ဥပမာပေးခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘဝထဲက ဥပမာတစ်ခုပေးပါရစေ။ အိမ်ထောင်ပြုခြင်း၊ မိသားစုဖွဲ့ခြင်း၊ ကလေးယူခြင်းတွေက ကျွန်တော်တို့ ကြုံဖူးသမျှထဲမှာ အပျော်ရွှင်ဆုံးအခိုက်အတန့်တွေကို သယ်ဆောင်လာပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ထဲက ဘယ်သူမဆို တစ်ခုခုဖြစ်တဲ့အခါ၊ အနာကျင်ရဆုံး၊အကြေကွဲရဆုံး၊အပူဆွေးရဆုံး အခိုက်အတန့်တွေဖြစ်သွားပါတယ်။ ကျွန်တော်တို့ ကလေးတွေအတွက် အဆုံးမရှိတဲ့ပျော်ရွှင်မှုနဲ့ကောင်းချီးတွေနောက်မှာ ထပ်တလဲလဲဖြစ်တဲ့ဖျားနာခြင်း၊ ဆေးရုံတက်ရခြင်း နဲ့ သောကဖိစီးတဲ့အိပ်ရေးပျက်ညတွေ ကပ်ပါလာသလို၊ ဆုတောင်းခြင်းနဲ့ ယဇ်ပရောဟိတ်ကောင်းချီးတွေထဲက စိတ်သက်သာရာရခြင်းတွေလည်း ပါလာတတ်ပါတယ်။ ဒီလိုဆန့်ကျင်ဘက်အတွေ့အကြုံတွေက ကျွန်တော်တို့ဒုက္ခရောက်ချိန်မှာ ဘယ်တော့မှတစ်ယောက်တည်းမဟုတ်ကြောင်း ကျွန်တော်တို့ကို သွန်သင်ပါတယ်၊ ကိုယ်တော်ရှင်ရဲ့ မစမှုနဲ့အကူအညီအားဖြင့် ကျွန်တော်တို့ဘယ်လောက်ထိ ဆက်သွားနိုင်လဲဆိုတာကိုလည်း ပြသပေးပါတယ်။ အဲဒီအတွေ့အကြုံတွေက ကျွန်တော်တို့ကို အံ့ဩဖွယ်နည်းလမ်းတွေနဲ့ ပုံသွင်းပေးခဲ့ပြီး လုံးဝအကျိုးရှိခဲ့ပါတယ်။ ကျွန်တော်တို့ ဒီကိုလာခဲ့တာ အဲဒီအတွက်ပဲ မဟုတ်ပါလား။
ကျမ်းစာတွေထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဥပမာအချို့ကိုလည်း ရှာတွေ့ခဲ့ပါတယ်။
-
လေဟိက သူ့သားယာကုပ်ကို တောရိုင်းထဲမှာ သူခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေက ဘုရားသခင်ရဲ့ကြီးမြတ်ခြင်းကို သိရှိဖို့ ကူညီပေးမယ့်အကြောင်းနဲ့ “[ဘုရားသခင်]သည် [သူ]၏ဆင်းရဲဒုက္ခများကို [သူ]၏အကျိုးအတွက် သန့်ရှင်းမွန်မြတ်စေတော်မူလိမ့်မည်” လို့ သွန်သင်ခဲ့ပါတယ်။
-
ဂျိုးဇက်စမစ်ကို လစ်ဘာတီအကျဉ်းထောင်မှာ ရက်စက်စွာအကျဉ်းချထားတုန်းက၊ “ဤအရာအလုံးစုံသည် [သူ့]အား အတွေ့အကြုံကို ပေး၍၊ [သူ]ကောင်းဖို့အတွက် ဖြစ်လိမ့်မည်” လို့ ကိုယ်တော်ရှင်က သူ့ကိုမိန့်ခဲ့ပါတယ်။
-
နောက်ဆုံးမှာတော့၊ ယေရှုခရစ်တော်ရဲ့အဆုံးမရှိတဲ့ပေးဆပ်ခြင်းက အမှန်တကယ် မြင်ဖူးသမျှထဲမှာ နာကျင်မှုနဲ့ဝေဒနာ အကြီးမားဆုံး ဥပမာဖြစ်ပါတယ်၊ဒါပေမယ့် အဲဒါက ဘုရားသားသမီးခပ်သိမ်းအတွက် သူ့ရဲ့ အပြစ်ဖြေခြင်း အံ့ဖွယ်ကောင်းချီးတွေကို ယူဆောင်လာပေးပါတယ်။
နေရောင်ခြည်ရှိတဲ့နေရာမှာ၊ အရိပ်လည်း ရှိရပါမယ်။ ရေကြီးခြင်းက ပျက်စီးမှုကိုဖြစ်စေပေမယ့်၊ အသက်တွေကိုလည်း အမြဲတမ်း ယူဆောင်လာပါတယ်။ ပူဆွေးတဲ့မျက်ရည်တွေကနေ စိတ်သက်သာပြီး ပျော်ရွှင်တဲ့မျက်ရည်တွေအဖြစ် မကြာခဏ ပြောင်းလဲသွားတတ်ပါတယ်။ ချစ်ရသူတွေ ခွဲခွာသွားတဲ့ ဝမ်းနည်းမှုကို နောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့ရတဲ့ ပျော်ရွှင်မှုနဲ့ အစားထိုးပေးပါလိမ့်မယ်။ စစ်ပွဲနဲ့ပျက်သုန်းခြင်းကာလတွေမှာ၊ “မြင်နိုင်သောမျက်စိ၊ကြားနိုင်သောနား” ရှိသူများအတွက် သေးငယ်တဲ့ ကြင်နာမှုနဲ့ချစ်ခြင်းမေတ္တာ ပြသတဲ့လုပ်ရပ်တွေလည်း အများကြီးဖြစ်ပျက်ခဲ့ပါတယ်။
ယနေ့ ကျွန်တော်တို့ကမ္ဘာကြီးက မကြာခဏ ကြောက်ရွံပူပန်တဲ့ အသွင်အပြင်ကိုဆောင်ပါတယ်၊ အနာဂတ်မှာ ကျွန်တော်တို့ဘာဖြစ်မလဲဆိုတာ ကြောက်ရွံကြပါတယ်။ ဒါပေမယ့် ယေရှုခရစ်တော်က ယုံကြည်ဖို့ နဲ့ “ခပ်သိမ်းသောအကြံအစည်၌ [ကိုယ်တော့်]ကို ကြည့်ရှုလော့၊ သံသယမဝင်နှင့်၊မကြောက်နှင့်” လို့ ကျွန်တော်တို့ကို သင်ပေးခဲ့ပါတယ်။
ကျွန်တော်တို့ဘဝတွေထဲမှာ ခွဲတမ်းချပေးထားတဲ့ အကြွေစေ့ တိုင်း ရဲ့ နှစ်ဖက်စလုံးကို မြင်နိုင်ဖို့ အလွန်သတိရှိစွာ အဆက်မပြတ် ကြိုးပမ်းကြပါစို့။ နှစ်ဖက်စလုံးကို တစ်ခါတစ်လေ ချက်ချင်းမမြင်နိုင်ပေမယ့်၊ သူတို့အမြဲရှိတယ်ဆိုတာ သိပြီး ယုံကြည်နိုင်ပါတယ်။
ကျွန်တော်တို့ရဲ့အခက်အခဲတွေ၊ ဝမ်းနည်းမှုတွေ၊ ဆင်းရဲဒုက္ခတွေနဲ့ ဝေဒနာတွေက ကျွန်တော်တို့ကို မသတ်မှတ်ဘူးဆိုတာ စိတ်ချယုံကြည်နိုင်ပါတယ်၊ တကယ်တမ်းကတော့ ကျွန်တော်တို့ကို တိုးတက်စေပြီး ဘုရားသခင်နဲ့ပိုပြီးနီးစပ်ဖို့ ကူညီပေးမယ့် အဲဒီအရာတွေကို ကျွန်တော်တို့ ဘယ်လို ကိုင်တွယ်မလဲဆိုတာပါပဲ။ ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုတွေထက် အများကြီးပိုကောင်းအောင် ကျွန်တော်တို့ကိုသတ်မှတ်ပေးတာက ကျွန်တော်တို့ရဲ့သဘောထားနဲ့ရွေးချယ်မှုတွေပဲဖြစ်ပါတယ်။
ကျန်းမာနေချိန်မှာ၊ အချိန်တိုင်း တန်ဖိုးထားပြီး ကျေးဇူးတင်ပါ။ ဖျားနာနေချိန်မှာ၊ အဲဒီကနေ စိတ်ရှည်စွာ သင်ယူဖို့ ကြိုးစားပြီး ဘုရားသခင်ရဲ့အလိုတော်အရ ဒါကတဖန်ပြောင်းလဲနိုင်တယ်ဆိုတာ သိထားပါ။ ဝမ်းနည်းနေချိန်မှာ၊ ပျော်ရွင်မှုက အနီးတဝိုက်မှာပဲရှိတယ်လို့ ယုံကြည်ပါ၊ ကျွန်တော်တို့ မကြာခဏမမြင်နိုင်သေးတာပဲ ရှိတာပါ။ စိန်ခေါ်မှုတွေရဲ့ အပြုသဘောဆောင်တဲ့ ရှုထောင့်တွေဆီ သင့်အာရုံကို သတိရှိရှိပြောင်းပြီး သင့်အတွေးတွေကို မြှင့်တင်ပါ၊ ဘာလို့လဲဆိုတော့ သူတို့လည်း မလွဲမသွေ အဲဒီမှာရှိလို့ပါပဲ။ ဘယ်တော့မှ ကျေးဇူးတင်ဖို့ မမေ့ပါနဲ့။ ယုံကြည်ဖို့ ရွေးချယ်ပါ။ ယေရှုခရစ်တော်မှာ ယုံကြည်ခြင်းရှိဖို့ ရွေးချယ်ပါ။ ဘုရားသခင်ကို အမြဲယုံကြည်ဖို့ ရွေးချယ်ပါ။ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လဆင် မကြာသေးခင်က သွန်သင်ခဲ့သလိုပဲ၊ “ဆီလက်ရှယ်လ်ကို စဉ်းစားပါ”။
ကျွန်တော်တို့အတွက် ကောင်းကင်ဘုံရှင်အဘရဲ့ အံ့ဖွယ်အစီအစဉ်ကို အမြဲသတိရှိကြပါစို့။ သူက ကျွန်တော်တို့ကိုချစ်ပြီး ကျွန်တော်တို့ရဲ့ စမ်းသပ်မှုတွေကို ကူညီဖို့နဲ့ သူ့ဆီပြန်လာမယ့် တံခါးကိုဖွင့်ပေးဖို့ သူ့ရဲ့ချစ်လှစွာသောသားတော်ကို စေလွှတ်ခဲ့ပါတယ်။ ယေရှုခရစ်တော်က အချိန်တိုင်းမှာ အသက်ရှင်ပြီး အဲဒီနေရာမှာ ရပ်နေပါတယ်၊ သူ့ဆီက မစခြင်း၊ ခွန်အား နဲ့ ကယ်တင်ခြင်းကို ပံ့ပိုးပေးဖို့ ကျွန်တော်တို့ တောင်းဆိုမှာကို စောင့်မျှော်နေပါတယ်။ ဤအရာများကို ယေရှုခရစ်တော်၏နာမတော်အောက်၌ သက်သေခံပါ၏၊ အာမင်။