စကားလုံးများသည် အရေးကြီးလှသည်
စကားလုံးတွေက အသံနေအသံထားဖြစ်စေပါတယ်။ အဲ့ဒါတွေဟာ ကျွန်တော်တို့ရဲ့ အတွေးတွေ၊ ခံစားချက်တွေနဲ့ အတွေ့အကြုံတွေကို ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ်၊ အသံဖြစ်စေပါတယ်။
ကမ္ဘာတစ်ဝှမ်းရှိ ညီအစ်ကို၊ ညီအစ်မတွေနဲ့ မိတ်ဆွေများခင်ဗျား၊ များပြားလှတဲ့ပရိသတ်တွေကို မိန့်ခွန်းပြောကြားရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ ဒီညီလာခံထုတ်လွှင့်မှုကို ကျွန်တော်တို့အသင်းတော်ရဲ့အသင်းသားတွေအများအပြားဟာနားထောင်နေကြပြီး နားထောင်သူမိတ်ဆွေသစ်အများအပြားလည်းရှိပါတယ်။ ကြိုဆိုပါတယ်ခင်ဗျာ။
ဒီတရားဟောစင်မှ မျှဝေထားတဲ့ စကားလုံးတွေကို နှုတ်ကပတ်တွေနဲ့ ဆက်သွယ်ထားပါတယ်။ ၎င်းတို့ကို အင်္ဂလိပ်ဘာသာဖြင့် ပေးအပ်ပြီး မတူညီတဲ့ဘာသာစကား တစ်ရာနီးပါးသို့ ဘာသာပြန်ဆိုထားပါတယ်။ အမြဲတမ်း အခြေခံကတော့ အတူတူပါပဲ။ စကားလုံးတွေပဲဖြစ်ပါတယ်။ ပြီးတော့ စကားလုံးတွေက အရမ်းအရေးကြီးပါတယ်။ ကျွန်တော် ထပ်ပြောပါရစေခင်ဗျာ။ စကားလုံးတွေက အရေးကြီးပါတယ်။
အဲ့ဒါတွေဟာ ကျွန်တော်တို့ ချိတ်ဆက်ပုံရဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်၊ ၎င်းတို့ဟာ ကျွန်တော်တို့ရဲ့ယုံကြည်ချက်၊ ကိုယ်ကျင့်တရားနဲ့ အမြင်တွေကို ကိုယ်စားပြုပါတယ်။ တစ်ခါတလေ ကျွန်တော်တို့ စကားတွေပြောကြတယ်၊ တခြားအချိန်တွေမှာတော့ ကျွန်တော်တို့ နားထောင်ကြပါတယ်။ စကားလုံးတွေက အသံနေအသံထားဖြစ်စေပါတယ်။ အဲ့ဒါတွေဟာ ကျွန်တော်တို့ရဲ့ အတွေးတွေ၊ ခံစားချက်တွေနဲ့ အတွေ့အကြုံတွေကို ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ်၊ အသံဖြစ်စေပါတယ်။
ဝမ်းနည်းစရာက၊ စကားလုံးတွေက စာနာမှုမရှိ၊ အလျင်စလိုနဲ့ နာကျင်စေနိုင်ပါတယ်။ တစ်ကြိမ်ပြောပြီးတာနဲ့၊ ကျွန်တော်တို့ ပြန်ရုတ်သိမ်းလို့ မရတော့ပါဘူး။ ဒါတွေဟာ ထိခိုက်ခြင်း၊ ဒဏ်ပေးခြင်း၊ ယုတ်လျော့ခြင်းနဲ့ ဖျက်ဆီးခြင်းတွေကိုပင် ဖြစ်စေနိုင်ပါတယ်။ အဲ့ဒါတွေဟာ ကျွန်တော်တို့အပေါ် ကြီးကြီးမားမား ဖိအားပေးနိုင်ပါတယ်။
တစ်ဖက်တွင်၊ စကားလုံးတွေက အောင်ပွဲခံနိုင်ပါတယ်၊ မျှော်လင့်ချက်နဲ့ အားရှိစေနိုင်ပါတယ်။ အဲ့တာတွေဟာ ကျွန်တော်တို့အား ပြန်လည်စဉ်းစားရန်၊ ပြန်လည်စတင်ရန်နှင့် ကျွန်တော်တို့ရဲ့လမ်းကြောင်းကို ပြန်လည်လမ်းညွှန်ရန် လှုံ့ဆော်ပေးနိုင်ပါတယ်။ စကားလုံးတွေက ကျွန်တော်တို့ရဲ့စိတ်ကို အမှန်အတိုင်းဖွင့်ပေးနိုင်ပါတယ်။
ဒါကြောင့်၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဟာ အဓိကရေးကြီးဆုံးဖြစ်ပါတယ်။
မော်မုန်ကျမ်းတွင်၊ ရှေးအမေရိကရှိ ပရောဖက် အယ်လမာနဲ့ သူရဲ့လူတွေဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို လျစ်လျူရှုသူတွေ၊ စိတ်နှလုံးမာကျောသူတွေ၊ သူတို့တွေရဲ့ယဉ်ကျေးမှုကို ပျက်ပြားစေသူတွေနဲ့ အဆုံးမဲ့စစ်ပွဲတွေကြုံတွေ့ခဲ့ရပါတယ်။ သစ္စာရှိသူတွေဟာ စစ်တိုက်နိုင်သော်လည်း၊ အယ်လမာက အခုလို အကြံဉာဏ်ပေးခဲ့ပါတယ်၊ “ယခုမူကား၊ နှုတ်က ပတ်တော်ကို ဟောပြောခြင်းမှာ လူတို့အား ဖြောင့်မှန်သောအရာကို ပြုစေခြင်းငှာ၊ ပို့ဆောင်ရန် ကြီးစွာသော ဖြစ်နိုင်ခြေရှိလေ၏—ထိုမှတစ်ပါး၊ ထိုအမှုသည်ကား၊ လူတို့၏စိတ်အပေါ် ၌၊ ဓားသို့မဟုတ်၊ သူတို့ထံသို့ ဖြစ်ပျက်လေသည့် အခြားအရာတစ်စုံတစ်ခုထက် သာ၍အားကြီးသော အကျိုးရလဒ် ရှိလေ၏—ထို့ကြောင့်၊ အယ်လမာသည် ဘုရားသခင့်နှုတ်ကပတ်တော်၏ တန်ခိုးတော်ကို မိမိတို့စုံစမ်းရန် သင့်လျော်ပေ၏ဟု ဆင်ခြင်၏။”
“ဘုရားသခင့်နှုတ်ကပတ်တော်”ဟာ အခြားခံစားမှုတွေအားလုံးထက် ကျော်လွန်ပါတယ်။ ကိုယ်တော်ရှင်မိန့်တော်မူခဲ့တာဟာ ကမ္ဘာမြေကြီးကို ဖန်ဆင်းချိန်ကတည်းက တည်ခဲ့ပါတယ်၊ “ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု၊ အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။”
ကယ်တင်ရှင်ထံမှ ဒီအာမခံချက်တွေဟာ ဓမ္မသစ်ကျမ်းမှ လာပါတယ်၊ “ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည်။”
ဒီအရာမှာ၊ “ငါ့ကိုချစ်သောသူသည် ငါ့စကားကို နားထောင်လိမ့်မည်၊ ငါ့မည်းတော်သည် ထိုသူကို ချစ်တော်မူသည်၊ ငါတို့သည်လည်း၊ သူဆီသို့ကြွ၍ နေရာချမည်။”
အဲ့ဒီနောက် သခင်ယေရှုရဲ့မိခင်၊ မာရိထံမှ ဒီနှိမ့်ချတဲ့သက်သေခံချက် ထွက်လာပါတယ်၊ “အကျွန်ုပ်သည် ထာဝရဘုရား၏ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ်စေပါ။”
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ယုံကြည်ပြီး ပဌနာပြုခြင်းက ကျွန်တော်တို့ကို သူ့ထံ ပိုနီးကပ်စေပါလိမ့်မယ်။ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ် နယ်လဆင် က “ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို လေ့လာမယ်ဆိုရင်၊ သူနဲ့တူအောင် လုပ်နိုင်စွမ်းတွေတိုးလာပါလိမ့်မယ်” လို့ကတိပြုခဲ့ပါတယ်။
“သာ၍ကောင်းကြီးမင်္ဂလာနဲ့ သန့်ရှင်း—သာ၍၊ ကယ်တင်ရှင်၊ သင်ကဲ့သို့”၊ ဓမ္မသီချင်းကပြောသလို၊ ကျွန်တော်တို့အားလုံး မဖြစ်ချင်ကြဘူးလားခင်ဗျာ။
“[ဂျိုးဇက်၊] ဤသူသည် ငါ၏ချစ်လှစွာသောသားတော်ဖြစ်၏ လို့ ကောင်းကင်ဘုံရှိ ခမည်းတော်ရဲ့နှုတ်ကပတ်တော်တွေကို ဒူးထောက်လျက် ကြားခဲ့ရသော လူငယ်ဂျိုးဇက်စမစ်ကို ကျွန်တော် စိတ်ကူးကြည့်မိပါတယ်။ သူ့အား ကြားနာလော့။”
ကျွန်တော်တို့ဟာ ကျမ်းစာနှုတ်ကပတ်တော်၌ “သူ့အား ကြားနာ” သော်လည်း၊ ၎င်းတို့ကို ကျွန်တော်တို့အသက်တာတွေမှာ အသုံးမပြုပဲနေနေပါသလား ဒါမှမဟုတ် ကျွန်တော်တို့အား ကိုယ်တော်ပြောကြားနေတယ်ဆိုတာကိုရော အသိအမှတ်ပြုကြပါသလား။ ကျွန်တော်တို့ ပြောင်းလဲကြပါသလား။
သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဗျာဒိတ်တော်နဲ့ နှိုးဆော်ချက်တွေမှာ၊ ဆုတောင်းချက်အဖြေတွေမှာ၊ ယေရှုခရစ်တော်သာလျှင် သူရဲ့အပြစ်ဖြေခြင်းတန်ခိုးအားဖြင့်၊ ကျွန်တော်တို့ရဲ့ ဝန်တွေကိုပေါ့စေနိုင်ပြီး ခွင့်လွှတ်ခြင်းနဲ့ ငြိမ်သက်ခြင်းကိုပေးကာ “သူ၏ချစ်ခြင်းလက်များဖြင့်”ကျွန်တော်တို့ကို ပွေ့ထားတဲ့အချိန်တွေမှာ၊ ကျွန်တော်တို့ဟာ “သူ့အား ကြားနာ”ကြပါတယ်။
ဒုတိယအနေနဲ့၊ ပရောဖက်ရဲ့စကားလုံးတွေဟာ အရေးကြီးပါတယ်။
ပရောဖက်တွေဟာ ယေရှုခရစ်တော်သည်ဘုရားဖြစ်ခြင်းအကြောင်းကို သက်သေခံကြပါတယ်။ သူတို့ဟာ ကိုယ်တော်ရဲ့ဧဝံဂေလိတရားကို သွန်သင်ပြီး အားလုံးအတွက် သူရဲ့ချစ်ခြင်းမေတ္တာကို ပြသကြပါတယ်။ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ် နယ်လဆင်ဟာ၊ ကိုယ်တော်ရှင်ရဲ့ နှုတ်ကပတ်တော်ကို ကြားနာ၍ ဟောပြောတဲ့၊ကျွန်တော်တို့ရဲ့အသက်ရှင်တဲ့ ပရောဖက်ဖြစ်တယ်ဆိုတဲ့ ကျွန်တော်ရဲ့ သက်သေခံချက်ကို ဝေငှချင်ပါတယ်။
ဥက္ကဋ္ဌ ရပ်ဆဲလ် အမ် နယ်လဆင်မှာ စကားလုံးတွေနဲ့အတူ နည်းလမ်းတစ်ခု ရှိပါတယ်။ သူပြောခဲ့ပါတယ်၊ “ပဋိညာဉ်လမ်းစဉ်အတိုင်း ဆက်လျှောက်ပါ၊” “ဣသရေလအမျိုးကို စုဝေးပါ၊” “ဘုရားသခင်အား အောင်နိုင်စေပါ၊” “နားလည်မှုတံတားများတည်ဆောက်ပါ” “ကျေးဇူးတော်ကိုချီးမွမ်းပါ” “ယေရှုခရစ်တော်၌ ယုံကြည်ခြင်းတိုးပွားစေပါ၊” “သင်၏သက်သေခံချက်ကို စောင့်ရှောက်ပါ၊” နဲ့ “ရန်ငြိမ်းစေသူဖြစ်စေပါ။”
မကြာသေးမီက၊ သူက ကျွန်တော်တို့အား “ဆီလက်ရှယ်လ်ကို စဉ်းစား” ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ “သင်ဟာ အကျပ်ရိုက်ခြင်းတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ၊” သူကပြောပါတယ်၊ “ဆီလက်ရှယ်လ်ကိုစဉ်းစားပါ။ စုံစမ်းနှောင့်ယှက်ခြင်းနဲ့ စုံစမ်းခံရတဲ့အခါ၊ ဆီလက်ရှယ်လ်ကိုစဉ်းစားပါ။ ဘဝ သို့မဟုတ် ချစ်တဲ့သူတွေက သင့်ကို အားလျော့စေတဲ့အခါ၊ ဆီလက်ရှယ်ကိုစဉ်းစားပါ။ တစ်စုံတစ်ယောက် အရွယ်မတိုင်ခင် သေဆုံးတဲ့အခါ၊ ဆီလက်ရှယ်ကိုစဉ်းစားပါ။ …ဘဝဖိအားတွေသင့်အပေါ် စုပုံကျတဲ့အခါ၊ ဆီလက်ရှယ်လ်ကိုစဉ်းစားပါ။ သင်ဆီလက်ရှယ်လ်ကို စဉ်းစားတာနဲ့အမျှ၊ သင့်နှလုံးသားတဖြည်းဖြည်းပြောင်းလဲပါလိမ့်မယ်၊ … သင်ဟာ ဆီလက်ရှယ်လ်ကို စဉ်းစားတာနဲ့အမျှ စုံစမ်းခြင်းတွေနဲ့ ဆန့်ကျင်မှုကို အလင်းသစ်နဲ့ ရှုမြင်ပါလိမ့်မယ်၊ … [ပြီးတော့] သင့်ရဲ့ယုံကြည်ခြင်း တိုးလာပါလိမ့်မယ်။”
သင်ဆီလက်ရှယ်လ်ကို စဉ်းစားတဲ့အခါ၊ “အမှုအရာတို့အမှန်ရှိကြသည့်အတိုင်းနှင့် … အမှုအရာတို့အမှန်ဖြစ်လာမည်”ကိုသိလာပါတယ်။ ရှုပ်ထွေးမှုတွေ၊ ရန်တွေ့မှုတွေနဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့ ဒီကမ္ဘာကြီးမှာ ကျွန်တော်တို့အားလုံး အဲဒီရှုထောင့်ကို လိုအပ်ပါတယ်။
အသင်းလူကြီး ဂျော့ဂ်ျ အဲလ်ဘတ်စမစ်ဟာ၊ အသင်းတော်ရဲ့ဥက္ကဋ္ဌမဖြစ်လာမီ ကြာမြင့်စွာကတည်းက၊ ပရောဖက်ကို ထောက်မခြင်းနဲ့ သူရဲ့စကားတွေကို ပဌနာပြုခြင်းအကြောင်းပြောခဲ့ပါတယ်။ သူက ပြောပါတယ်၊ “ကျွန်တော်တို့လက်တွေကို မြှောက်တဲ့အခါ ကျွန်တော်တို့လုပ်ရမဲ့တာဝန်ဟာ၊ … အမြင့်မြတ်ဆုံးသော တာဝန်ဖြစ်ပါတယ်။ … အဲ့ဒါက … ကျွန်တော်တို့ဟာ သူ့နောက်၌ ရပ်နေကြမယ်၊ ကျွန်တော်တို့ဟာ သူ့အတွက် ဆုတောင်းပေးကြမယ်၊ ပြီးတော့ ကိုယ်တော်ရှင် လမ်းညွှန်တဲ့အတိုင်း ညွှန်ကြားချက်တွေကို ဆောင်ရွက်ရန် ကြိုးပမ်းကြပါမယ်”လို့ဆိုလိုပါတယ်။ တစ်နည်းဆိုရသော်၊ ကျွန်တော်တို့ပရောဖက်ရဲ့စကားတွေကို ဝီရိယရှိရှိလုပ်ဆောင်ကြမှာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ကမ္ဘာတစ်ဝှမ်းရှိ အသင်းတော်မှ မနေ့က ထောက်မပေးခဲ့သော ပရောဖက်တွေ၊ ရှေ့မြင်သူတွေနဲ့ ဗျာဒိတ်ခံယူသူတွေ ၁၅ ဦးအနက်မှ တစ်ဦးအနေနဲ့၊ ပရောဖက်ကို ထောက်မ၍ သူရဲ့စကားတွေကို လက်ခံယုံကြည်တဲ့ ကျွန်တော်ရဲ့အတွေ့အကြုံတွေထဲမှ တစ်ခုကို သင့်အား မျှဝေချင်ပါတယ်။ အဲ့ဒါက ကျွန်တော့်အတွက် “ငါ့ကို မြွက်ဆိုတော်မူလျက်ရှိသည့် ကိုယ်တော်ရှင်၏အသံကိုလည်း ငါကြားရလေပြီ” ဟုထပ်ထပ်ရေတွက်နေသောပရောဖက် ယာကုပ်နဲ့ တော်တော်တူပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလက ကျွန်တော်ရဲ့ဇနီး၊ မယ်လနီနဲ့ ကျွန်တော် အသင်းတော်ရဲ့ ၁၈၅ခုမြောက်ဗိမာန်တော်ကို ဆက်ကပ်အပ်နှံရန် ပြင်ဆင်နေချိန်တွင်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရှိနေခဲ့ပါတယ်။ ကျွန်တော့်အတွက်ကတော့၊ ဒီတာဝန်ဟာ ဆန်းကြယ်ပြီး နှိမ့်ချကျိုးနွံမှု နှစ်မျိုးလုံးကို ဖြစ်စေခဲ့ပါတယ်။ ဒါဟာ အရှေ့တောင် အာရှ ကျွန်းဆွယ်ရှိ ပထမဆုံး ဗိမာန်တော်ဖြစ်ပါတယ်။ အဲ့ဒါကို ကိုယ်တော်ရှင်ရဲ့အိမ်တော်ကို ခြောက်ထပ်၊ အမွန်းချွန်ကိုးထပ်ဖွဲ့စည်းပုံ၊ နဲ့ “စေ့စပ်၍” ကျွမ်းကျင်စွာ ဒီဇိုင်းဆွဲထားခဲ့ပါတယ်။ လအတော်ကြာအောင် ကျွန်တော် ဆက်ကပ်အပ်နှံမှုကို အာရုံစိုက်ခဲ့ပါတယ်။ ကျွန်တော်စိတ်ဝိညာဉ်နဲ့ စိတ်ထဲတွင် နိုင်ငံနဲ့ ဗိမာန်တော်ဟာ ပရောဖက်တွေနဲ့ တမန်တော်တွေရဲ့ ပံ့ပိုးကူညီစောင့်ရှောက်ဖြင့် တည်ရှိနေတယ်လို့ နားလည်ခဲ့ပါတယ်။ ဥက္ကဋ္ဌ ထောမတ်စ် အက်စ် မော်ဆန်၊ က ဗိမာန်တော်အား ကြေငြာခဲ့ ပြီး ဥက္ကဋ္ဌ နယ်လဆင် အပ်နှံခဲ့ပါတယ်။
ကျွန်တော် ဆပ်ကပ်ခြင်းဆိုင်ရာဆုတောင်းကို လအနည်းငယ်စော၍ ပြင်ဆင်ခဲ့ပါတယ်။ ထိုမြင့်မြတ်တဲ့စကားလုံးတွေကို ဘာသာစကား ၁၂ မျိုးသို့ ဘာသာပြန်ဆိုခဲ့ပါတယ်။ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ တကယ်တော့ ကျွန်တော့် အထင်သာဖြစ်နေပါတယ်။
ဆပ်ကပ်ခြင်းမပြုမီတစ်ညတွင်၊ ကျွန်တော် ဆပ်ကပ်ခြင်းဆိုင်ရာဆုတောင်းနဲ့ပတ်သက်ပြီး အရေးတကြီးခံစားချက်နဲ့အတူ အိပ်ရာမှနိုးလာခဲ့ပါတယ်။ ကျွန်တော် ဆုတောင်းချက်ပေးပြီးပြီလို့တွေးပြီး လှုံ့ဆော်ချက်ကို ဘေးချထားဖို့ ကြိုးစားခဲ့ပါတယ်။ သို့သော် ဝိညာဉ်တော်ဟာ ကျွန်တော့်ကိုလုပ်ဖို့ခွင့်မပြုပါဘူး။ တချို့စကားလုံးတွေ ပျောက်နေတယ်ဆိုတာ ကျွန်တော်ခံစားခဲ့ရတယ်၊ ဘုရားသခင့်အကြံအစည်ကြောင့် ထိုအရာတွေကို ကျွန်တော် ဗျာဒိတ်မှ ရရှိခဲ့ပါတယ်၊ အဆုံး၌ ဒီစကားတွေကို ဆုတောင်းချက်ထဲ ထည့်ခဲ့ပါတယ်၊ “ဆီလက်ရှယ်လ်ကိုစဉ်းစား၍၊ ကျွန်တော်တို့ရဲ့အသက်တာ၌ သင်ရဲ့ဝိညာဉ်တော်အား အောင်နိုင်စေ၊ ပြီး ရန်ငြိမ်းစေသူဖြစ်စေရန်အမြဲတမ်းကြိုးစားပါ။” ကျွန်တော်တို့ရဲ့အသက်ရှင်တဲ့ပရောဖက်ရဲ့စကားတွေကို ပဌနာပြုရန် ကိုယ်တော်ရှင်က ကျွန်တော့်အား သတိပေးနေခဲ့ပါတယ်၊ “ဆီလက်ရှယ်လ်ကိုစဉ်းစားပါ၊” “ဝိညာဉ်တော်အား အောင်နိုင်စေပါ၊” “ရန်ငြိမ်းစေသူဖြစ်စေရန်ကြိုးစားပါ။” ပရောဖက်ရဲ့စကားတွေဟာ ကိုယ်တော်ရှင်နဲ့ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။
တတိယအနေနဲ့၊ အလွန်အရေးကြီးတာကတော့ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်စကားတွေပဲဖြစ်ပါတယ်။ ကျွန်တော့်ကို ယုံပါ၊ ကျွန်တော်တို့ အီမိုဂျီတွေပြည့်နေတဲ့ ကမ္ဘာတွင်၊ ကျွန်တော်တို့ရဲ့စကားလုံးတွေဟာ အရေးကြီးပါတယ်။
ကျွန်တော်တို့ရဲ့စကားလုံးတွေဟာ ကူညီနိုင် ဒါမှမဟုတ် စိတ်ဆိုးနိုင်၊ ရွှင်လန်းနိုင် ဒါမှမဟုတ် ရိုင်းပြနိုင်၊ သနားကြင်နာနိုင် ဒါမှမဟုတ် ဘေးဖယ်ထားနိုင်ပါတယ်။ စိတ်သောကရောက်နေတဲ့အချိန်မှာ စကားလုံးတွေဟာ စိတ်ဝိညာဉ်ထဲမှာ နာကျင်နက်ရှိုင်းစွာ နစ်မြုပ်သွားနိုင်ပြီး—အဲဒီမှာပဲ စွဲကျန်နေတတ်ပါတယ်။ အင်တာနက်ပေါ်၊ စာတိုပေးပို့ခြင်း၊ ဆိုရှယ်မီဒီယာ ဒါမှမဟုတ် တွစ်တာတွေပေါ်က ကျွန်တော်တို့ရဲ့စကားလုံးတွေဟာ သူတို့ရဲ့အသက်တာတွင် အကျိုးသက်ရောက်နေပါတယ်။ ဒါကြောင့် သင်ပြောဆိုတဲ့အရာနဲ့ ပြောဆိုပုံကို သတိထားပါခင်ဗျာ။ ကျွန်တော်တို့ရဲ့ မိသားစုတွေမှာ၊ အထူးသဖြင့် ခင်ပွန်း၊ ဇနီး၊ သားသမီးတွေနဲ့အတူ၊ ကျွန်တော်တို့ရဲ့စကားတွေက ကျွန်တော်တို့ကို ပေါင်းစည်းစေနိုင်ပါတယ် ဒါမှမဟုတ် ကျွန်တော်တို့ကြားမှာ ပျက်စီးမှုတစ်ခု လှုံ့ဆော်ပေးနိုင်ပါတယ်။။
အခက်အခဲတွေနဲ့ ကွဲပြားမှုတွေမှ ရုန်းထွက်ရန်၊ မြှင့်တင်ရန်နဲ့ အချင်းချင်း အားပေးအသုံးပြုနိုင်စေရန် ရိုးရှင်းတဲ့ စကားသုံးခွန်းကို ကျွန်တော် အကြံပြုပါရစေ။
အဲ့ဒါတွေကတော့ ၊“ကျေးဇူးတင်ပါတယ်ခင်ဗျာ။”
“တောင်းပန်ပါတယ်။”
ပြီးတော့ “သင်ကို ကျွန်တော်ချစ်ပါတယ်ခင်ဗျာ။” တို့ပဲဖြစ်ပါတယ်။
အထူးဖြစ်ရပ် ဒါမှမဟုတ် ဆိုးရွားခြင်းတစ်ခုအတွက်သာ ဒီနှိမ့်ချတဲ့စကားစုတွေကို မသိမ်းဆည်းထားပါနဲ့။ အဲ့စကားတွေကို မကြာခဏ စိတ်ရင်းမှန်ဖြင့် အသုံးပြုပါ၊ အဲ့ဒါတွေဟာ အခြားသူတွေကို လေးစားကြောင်း ဖော်ပြနေပါတယ်။ စကားတွေဟာ ပေါတောတောဖြစ်လာတယ်၊ ဆိုတဲ့အရာကို မလိုက်နာပါနဲ့။
ဓာတ်လှေကားမှာ၊ ကားပါကင်မှာ၊ ဈေးမှာ၊ ရုံးမှာ၊ တန်းစီနေတဲ့နေရာမှာ၊ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့စပ်ဆိုင်သူတွေ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့အတူ “ကျေးဇူးတင်ပါတယ်” လို့ပြောနိုင်ပါတယ်။ အမှားလုပ်မိတာ၊ အစည်းအဝေးကို လွတ်သွားတာ၊ မွေးနေ့ကို မေ့သွားတာ ဒါမှမဟုတ် နာကျင်နေတဲ့သူတစ်ယောက်ကို တွေ့တဲ့အခါ “တောင်းပန်ပါတယ်” လို့ ပြောလို့ရပါတယ်။ “မင်းကိုကိုယ်ချစ်တယ်နော်၊” လို့ပြောနိုင်ပါတယ်၊ အဲ့စကားတွေဟာ “မင်းအကြောင်းကိုတွေးနေတယ်နော်၊” “မင်းကိုကိုယ်ဂရုစိုက်တယ်နော်၊” “မင်းအတွက်ဒီမှာရှိနေတယ်နော်၊” ဒါမှမဟုတ် “မင်းဟာ ကိုယ့်အတွက်အရာရာပါပဲ၊” ဆိုတဲ့သတင်းစကားတွေကို ပုံဆောင်ပေးပါတယ်။
ကိုယ်ပိုင် ဥပမာတစ်ခုကို မျှဝေပါရစေ။ ခင်ပွန်းသည်တို့ခင်ဗျာ၊ ဂရုစိုက်နားထောင်ပေးပါခင်ဗျာ။ ညီအမတို့ခင်ဗျာ၊ ဒါက သင်တို့ကိုလည်း ကူညီပေးပါလိမ့်မယ်။ အသင်းတော်တွင် ကျွန်တော်အချိန်ပြည့်တာဝန်မထမ်းဆောင်မီ၊ ကျွန်တော်တို့ကုမ္ပဏီအတွက် နေရာတော်တော်များများကို ခရီးထွက်ခဲ့ပါတယ်။ ကျွန်တော်ဟာ ကမ္ဘာရဲ့ ရောက်ဖို့ခက်တဲ့နေရာတွေကိုလည်း ရောက်ဖြစ်ခဲ့ပါတယ်။ နေ့တစ်နေ့ပြီးသွားတဲ့အခါတွေမှာ၊ ဘယ်မှာဘဲရောက်နေနေ၊ ကျွန်တော် အိမ်ကို အမြဲဖုန်းဆက်ခဲ့ပါတယ်။ ကျွန်တော့်ဇနီး၊ မယ်လနီက ဖုန်းကောက်ကိုင်ခဲ့ပြီး ကျွန်တော်အကျိုးအကြောင်းပြောတဲ့အခါ၊ ကျွန်တော်တို့ရဲ့စကားပြောဆိုမှုက “ကိုယ် မင်းကိုချစ်တယ်နော်” လို့ပြောဖို့ အမြဲတမ်း ဦးတည်သွားခဲ့ပါတယ်။ နေ့တိုင်း၊ ဒီစကားတွေက ကျွန်တော့်စိတ်နဲ့ အမူအကျင့်အတွက် ခိုင်မာလာစေပါတယ်၊ အဲ့ဒါတွေဟာ မကောင်းတဲ့ အကြံအစည်တွေမှ ကျွန်တော်တို့ကို အကာအကွယ်ပေးခဲ့ပါတယ်။ “မယ်လနီ၊ ကိုယ် မင်းကိုချစ်တယ်နော်” ဆိုပြီး ကျွန်တော်တို့ကြားက အဖိုးတန်ယုံကြည်မှုကို ပြောပြခဲ့တယ်။
ဥက္ကဋ္ဌ ထောမတ်စ် အက်စ် မွန်ဆန် က “တည်ငြိမ်ရန် ခြေတစ်စုံ၊ ဆုပ်ကိုင်ရန် လက်တစ်စုံ၊ အားပေးရန် သတိစိတ်တွေ၊ လှုံ့ဆော်ပေးမဲ့ နှလုံးသားတွေနဲ့ ကယ်တင်ရန် ဝိညာဉ်တွေရှိပါတယ်”လို့ပြောခဲ့ဖူးပါတယ်။ “ကျေးဇူးတင်ပါတယ်” “တောင်းပန်ပါတယ်” “ကိုယ်မင်းကိုချစ်တယ်” ဆိုပြီးပြောတာတွေက အဲဒါတွေကို ရှိစေပါလိမ့်မယ်။
ညီအကို မောင်နှမများခင်ဗျာ၊ စကားတွေက အလွန်အရေးကြီးပါတယ်။
ကျွန်တော်တို့ဟာ ကယ်တင်ခြင်းသို့ဦးတည်တဲ့ “ခရစ်တော်၏နှုတ်ကပတ်တော်တို့ကို ပွဲခံပျော်မွေ့ကြ” မယ်ဆိုရင်၊ ကျွန်တော်တို့ကို လမ်းပြပြီး အားပေးတဲ့ ပရောဖက်ရဲ့စကားတွေ၊ ကျွန်တော်တို့ဟာ ဘယ်သူဘယ်ဝါဆိုတာကို ဖော်ပြနေတဲ့ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်စကားတွေနဲ့ ကျွန်တော်တို့မြတ်နိုးတဲ့အရာတွေက ကောင်းကင်တန်ခိုးအား ကျွန်တော်တို့အပေါ်သို့ သွန်းလောင်းစေလိမ့်မယ်ဆိုတာကို ကျွန်တော်ကတိပေးပါတယ်။ “ခရစ်တော်၏နှုတ်ကပတ်တော်တို့က သင်တို့ပြုရမည့်အရာမှန်သမျှကို ပြောပြလိမ့်မည်။” ကျွန်တော်တို့ဟာ ကောင်းကင်ဘုံရှင်အဘရဲ့သားသမီးတွေဖြစ်ကြပြီး သူဟာ ကျွန်တော်တို့ရဲ့ဘုရားသခင်ဖြစ်ပါတယ်၊ ကိုယ်တော်ရှင်က ကျွန်တော်တို့ကိုသန့်ရှင်းသောဝိညာဉ်တော်ရဲ့တန်ခိုးတော်အားဖြင့် “ကောင်းကင်တမန်တို့၏နှုတ်သတ္တိ” နဲ့ စကားပြောဆိုရန် မျှော်လင့်ပါတယ်။
ကျွန်တော် သခင်ယေရှုခရစ်တော်ကို ချစ်ပါတယ်ခင်ဗျာ။ ကိုယ်တော်ဟာ ဓမ္မဟောင်း ဟေရှာယရဲ့နှုတ်ကပတ်တော်တွေဖြစ်တဲ့ “အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်”ဖြစ်ပါတယ်။ တမန်တော်ယောဟန် ရှင်းရှင်းလင်းလင်းပြောခဲ့တဲ့အတိုင်း၊ ခရစ်တော်ကိုယ်တော်တိုင်ဟာ “နှုတ်ကပတ်တော်” ဖြစ်ပါတယ်။
ဒီအရာနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့အမှုတော်သို့ အခေါ်ခံရပြီး သူ့ရဲ့ အထူးသက်သေခံတစ်ယောက်အနေနဲ့ ရပ်တည်ဖို့နဲ့—သူရဲ့နှုတ်ကပတ်အားကြေညာဖို့—အခေါ်ခံရထားတဲ့ တမန်တော်တစ်ယောက်အနေနဲ့ ကျွန်တော်သက်သေခံပါတယ်။ ကိုယ်တော်ရှင်ယေရှုခရစ်တော်၏ နာမတော်အားဖြင့်၊ အာမင်။