ကိုယ်တော်ရှင်၌ ယုံကြည်စိတ်ချပါ
ဘုရားသခင်နဲ့ ကျွန်တော်တို့ရဲ့ဆက်ဆံရေးဟာ ကိုယ်တော်အား ကျွန်တော်တို့ယုံကြည်လိုသောအတိုင်းအတာအထိသာ ကြီးထွားပါလိမ့်မယ်။
ကျွန်တော်ရဲ့ မိသားစုမှာ၊ “ရူးသွပ်စွာယုံကြည်ခြင်းလေ့ကျင့်ခန်း” လို့ခေါ်တဲ့ကစားနည်းကို တစ်ခါတစ်ရံကစားကြပါတယ်။ သင်လည်းကစားဖူးရင်ကစားဖူးမှာပါ။ လူနှစ်ယောက်ဟာ ပေအနည်းငယ်အကွာမှာ၊ တစ်ယောက်ရဲ့ နောက်မှာတစ်ယောက်ရပ်နေကြပါတယ်။ နောက်ကလူကအချက်ပေးတဲ့အခါ၊ ရှေ့ကလူက စောင့်နေတဲ့သူငယ်ချင်းရဲ့လက်ထဲကို နောက်ပြန်လှဲချလိုက်ပါတယ်။
ယုံကြည်စိတ်ချရခြင်းက ဆက်ဆံရေးတိုင်းရဲ့အဓိက အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဆက်ဆံရေးတိုင်းအတွက်သတ်မှတ်ထားတဲ့မေးခွန်းကတော့ “တခြားသူကိုငါယုံကြည်နိုင်သလား” ပဲဖြစ်ပါတယ်။ လူတွေဟာတစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုရှိရန်လိုလားမှသာ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ပါတယ်။ လူတစ်ယောက် အပြည့်အဝယုံကြည်ကိုးစားနေသော်လည်း နောက်တစ်ယောက်က မယုံကြည်နေဘူးဆိုရင် အဲ့တာကလည်း ဆက်ဆံရေးတစ်ခုမဟုတ်ပါဘူး။
ကျွန်တော်တို့တစ်ယောက်ချင်းစီတိုင်းဟာ ကောင်းကင်ဘုံရှင်အဘဘုရားသခင်ရဲ့ ချစ်လှစွာသော ဝိညာဥ်သားသမီးတွေဖြစ်ပါတယ်။ သို့သော် ဝိညာဥ်မျိုးရိုးဗီဇက အခြေခံအုတ်မြစ်ကိုပေးထားသော်လည်း၊ ဘုရားသခင်နဲ့ အဓိပ္ပာယ်ရှိတဲ့ဆက်ဆံရေးရရှိဖို့ ကိုယ်တိုင်မဖန်တီးပေးပါဘူး။ ကိုယ်တော်ကို ယုံကြည်ကိုးစားရန် ရွေးချယ်တဲ့အခါမှသာ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
ကောင်းကင်ဘုံရှင်အဘက သူ့ရဲ့ ဝိညာဥ်သားသမီးတစ်ယောက်ချင်းစီတိုင်းနဲ့ နက်ရှိုင်းပြီး၊ ပုဂ္ဂိုလ်ရေးဆိုင်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ကြိုးစားနေပါတယ်။ သခင်ယေရှု ဆုတောင်းတဲ့အခါ ဒီအလိုဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်၊ “ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍၊ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌တလုံးတဝတည်းဖြစ်စေဆုတောင်းပါ။” ဝိညာဉ်သားသမီးတစ်ယောက်ချင်းစီတိုင်းနဲ့ ဘုရားသခင်ရှာဖွေတဲ့ဆက်ဆံရေးဟာ အလွန်ရင်းနှီးပြီး ပုဂ္ဂိုလ်ရေးအရ သူ့မှာရှိတဲ့အရာအားလုံးနှင့် သူရှိသမျှကို ဝေမျှနိုင်ဖို့ရန်ဖြစ်ပါတယ်။ နက်ရှိုင်းသော၊ ထာဝရဆက်ဆံရေးမျိုးဟာ ပြည့်စုံပြီး၊ အလုံးစုံယုံကြည်မှုအပေါ်မှာတည်ဆောက်မှသာ တိုးတက်နိုင်တာပါ။
သူ့ရဲ့အပိုင်းမှာ၊ ကောင်းကင်ဘုံရှင်အဘဟာ အစဦးကပင် ကိုယ်တော်၏အလုံးစုံယုံကြည်ခြင်းကို သူ၏သားသမီးတစ်ယောက်ချင်းတိုင်းရဲ့ မြင့်မြတ်သောအလားအလာတွေ အပေါ်ထားရှိပါတယ်။ ယုံကြည်စိတ်ချမှုဟာ ကမ္ဘာမြေသို့မလာခင် ကျွန်တော်တို့ရဲဖွံ့ဖြိုးခြင်းနဲ့တိုးတက်ခြင်းအတွက်သူစီစဥ်ခဲ့တဲ့ အစီအစဥ် ရဲ့အုတ်မြစ်ဖြစ်ပါတယ်။ ကိုယ်တော်က ကျွန်တော်တို့ကို ထာဝရပညတ်တော်တွေကို သင်ကြားပေးမှာဖြစ်ပြီး၊ ကမ္ဘာမြေကိုဖန်တီးကာ သေခြင်းရှိရာခန္ဓာကိုယ်တို့ကိုပေးပါတယ်၊ ကျွန်တော်တို့အတွက် ရွေးချယ်ရန် ဆုကျေးဇူးကိုပေးမှာဖြစ်ပြီး၊ ကိုယ်ပိုင်ရွေးချယ်ခြင်းများပြုလုပ်ပြီး သင်ယူ တိုးတက်နိုင်ရန်ခွင့်ပြုပေးပါတယ်။ ကျွန်တော်တို့ သူရဲ့ပညတ်တော်များကိုလိုက်နာပြီး သူနှင့် သူ့သားနှင့်အတူ ထာဝရရွှင်လန်းခြင်းဘဝ ဆီသို့ပြန်လာရန် သူအလိုရှိပါတယ်။
ကျွန်တော်တို့ ကောင်းတဲ့ရွေးချယ်မှုများအမြဲတမ်းလုပ်နိုင်မှာမဟုတ်ဘူးဆိုတာ သိနေတာကြောင့်၊ မကောင်းတဲ့ရွေးချယ်မှုများရဲ့ အကျိုးဆက်များကနေ ရှောင်ဖယ်နိုင်ရန်အတွက်လည်း နည်းလမ်းစီစဥ်ထားခဲ့ပါတယ်။ သူက ကယ်တင်ရှင်ကို ကျွန်တော်တို့ကိုပေးခဲ့ပါတယ်၊ သူ့၏သား၊ ယေရှုခရစ်တော်၊ ကျွန်တော်တို့ရဲ့ အပြစ်တွေမှနောင်တရခြင်းအားဖြင့် တဖန်ပြန်လည်သန့်ရှင်းလာနိုင်ဖို့ အပြစ်ဖြေပေးရန်ဖြစ်ပါတယ်။ မွန်မြတ်လှတဲ့ နောင်တရခြင်းဆုကျေးဇူးကို ပုံမှန်အသုံးပြုဖို့အတွက်လည်း သူကျွန်တော်တို့ကိုဖိတ်ခေါ်ပါတယ်။
သားသမီးတစ်ယောက် ဆုံးဖြတ်ချက်တွေချတာကို ယုံကြည်စိတ်ချဖို့ဘယ်လောက်ခက်ခဲလဲ ဆိုတာ မိဘတိုင်းသိကြပါတယ်၊ အထူးသဖြင့် သူတို့အမှားတွေပြုလုပ်ပြီး ရလဒ်အနေနဲ့ခံစားရနိုင်ဖွယ်ကိုသိလို့ပါပဲ။ သို့တိုင် ကောင်းကင်ဘုံရှင်အဘဟာ ကျွန်တော်တို့အား ဘုရားသခင့်ဖြစ်နိုင်စွမ်းကိုရောက်ရှိရန် ကူညီပေးမဲ့ရွေးချယ်မှုများပြုလုပ်ရန် ကျွန်တော်တို့အား ခွင့်ပြုထားပါတယ်။ အသင်းလူကြီး ဒေးလ် ဂျီ၊ ရန်လန်သင်ကြားခဲ့သလိုပါပဲ၊ “[သူ]ရဲ့မိဘအနေနဲ့ထိန်းကျောင်းခြင်းက သူရဲ့သားသမီးတွေကို မှန်တာကို လုပ် စေဖို့မဟုတ်ဘဲ၊မှန်တာကို ရွေးချယ် စေဖို့ဖြစ်ပြီး နောက်ဆုံးမှာ သူ့ကဲ့သို့ဖြစ်လာဖို့ပဲဖြစ်ပါတယ်။”
ဘုရားသခင်က ကျွန်တော်တို့အပေါ်ယုံကြည်စိတ်ချမှုရှိသော်လည်း၊ ကျွန်တော်တို့နဲ့ ကိုယ်တော်ရဲ့ ဆက်ဆံရေးမှာ ကိုယ်တော်ကို ယုံကြည်လိုတဲ့အတိုင်းအတာအထိသာ ကြီးထွားပါလိမ့်တယ်။ အခက်အခဲကတော့ ကျွန်တော်တို့က ပြိုလဲနေတဲ့ကမ္ဘာမှာနေထိုင်နေကြပြီး၊ မရိုးသားခြင်း၊ ချယ်လှယ်ခြင်း၊ သစ္စာမဲ့ခြင်း သို့မဟုတ် တခြားအခြေအနေတွေကြောင့် ယုံကြည်မှုဖောက်ဖျက်ခြင်းတွေနဲ့ တွေ့ကြုံခဲ့ကြရပါတယ်။ တစ်ခါသစ္စာဖောက်ခံရရင်၊ ယုံကြည်မှုကိုပြန်ရဖို့ ကျွန်တော်တို့ အားထုတ်ရပါတယ်။ မစုံလင်တဲ့သေခြင်းရှိအသက်တာတွေနဲ့ အဆိုးမြင်တဲ့ယုံကြည်မှုအတွေ့အကြုံတွေဟာ ပြီးပြည့်စုံတဲ့ကောင်းကင်ဘုံရှင်အဘအား ယုံကြည်ရန် ကျွန်တော်တို့ရဲ့အလိုဆန္ဒကိုပင် သက်ရောက်မှုရှိပါလိမ့်မယ်။
လွန်ခဲ့သောနှစ်များစွာက၊ ကျွန်တော့်သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ လီယိုနစ်နဲ့ ဗလင်တီနာတို့ဟာ အသင်းတော်ရဲ့အသင်းသားများဖြစ်လာရန် စိတ်ဝင်စားကြောင်း ပြောပြခဲ့ပါတယ်။ ဧဝံဂေလိတရားတော်ကို သူစသင်ယူတဲ့အခါမှာတုန်းက၊ လီယိုနစ်က ဆုတောင်းဖို့အခက်အခဲရှိခဲ့ပါတယ်။ သူ့ဘဝအစောပိုင်းမှာ၊ လီယိုနစ်ဟာ အထက်အရာရှိတွေရဲ့ အခွင့်အာဏာကို အလွဲသုံးစားလုပ်မှု၊ ခြယ်လှယ်မှုနှင့် ထိန်းချုပ်မှုတို့ကို ကြုံတွေ့ခဲ့ရပါတယ်။ ဒီအတွေ့အကြုံတွေဟာ သူ့နှလုံးသားကိုဖွင့်ဟပြီး ကောင်းကင်ဘုံရှင်အဘထံ ကိုယ်ပိုင်ခံစားချက်တွေကို ဖော်ပြနိုင်စွမ်းကို ထိခိုက်ခဲ့ပါတယ်။ အချိန်ကြာလေ့လာမှုနဲ့အတူ၊ လီယိုနစ်ဟာ ဘုရားသခင်ရဲ့ဝိသေသလက္ခဏာကို ပိုမိုကောင်းမွန်စွာ နားလည်လာပြီး ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို ခံစားလာခဲ့ရပါတယ်။ နောက်ဆုံးမှာတော့၊ ဆုတောင်းခြင်းက ဘုရားသခင်အပေါ်ထားရှိတဲ့သူရဲ့ ချစ်ခြင်းနဲ့ ကျေးဇူးတင်ခြင်းတွေကို ဖော်ပြတဲ့ သဘာဝနည်းလမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ဘုရားသခင်အပေါ် သူရဲ့ယုံကြည်ကိုးစားမှုတိုးလာခြင်းကြောင့် နောက်ဆုံးတွင် သူနဲ့ ဗလင်တီနာတို့ဟာ ဘုရားသခင်နဲ့ သူတို့ရဲ့ဆက်ဆံရေးကို ခိုင်ခံ့စေရန်အတွက် မြင့်မြတ်တဲ့ပဋိညာဉ်တွေထဲသို့ ဝင်ရောက်စေခဲ့ပါတယ်။
ယခင်က ယုံကြည်မှုဆုံးရှုံးခဲ့ရခြင်းက သင့်ကိုဘုရားသခင်ထံ ယုံကြည်စိတ်ချဖို့ တားဆီးနေတာဆိုရင်၊ ကျေးဇူးပြုပြီး လီယိုနစ်ရဲ့ ဥပမာကိုလိုက်လျှောက်ပါ။ ကောင်းကင်ဘုံရှင်အဘ၊ သူရဲ့ဝိသေသ၊ သူရဲ့ဂုဏ်ရည်တော်တွေနဲ့ သူရဲ့ရည်မှန်းချက်တွေအကြောင်း စိတ်ရှည်ရှည်နဲ့ ဆက်လက်လေ့လာပါ။ သင့်ဘဝတွင် ကိုယ်တော်ရဲ့မေတ္တာနှင့် တန်ခိုးကိုခံစားရမဲ့ အတွေ့အကြုံတွေကို ရှာဖွေပြီး မှတ်တမ်းတင်ထားပါ။ ကျွန်တော်တို့ရဲ့ သက်ရှင်ပရောဖက်၊ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လဆင်၊ က ဘုရားသခင်၏အကြောင်းကိုပိုလေ့လာလေ၊ ကိုယ်တော့်ကိုယုံကြည်စိတ်ချဖို့ရန် ပိုလွယ်ကူပါတယ်လို့သွန်သင်ခဲ့ပါတယ်။
တစ်ခါတစ်လေမှာ ဘုရားသခင်ကိုယုံကြည်ဖို့ သင်ယူရန်အကောင်းဆုံး နည်းလမ်းကတော့ ကိုယ်တော့်ကိုရိုးရှင်းစွာယုံကြည်စိတ်ချခြင်းပဲဖြစ်ပါတယ်။ “ရူးသွပ်တဲ့ယုံကြည်စိတ်ချမှုလေ့ကျင့်ခန်း၊” ကဲ့သို့ တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ နောက်ဆုတ်ရန် လိုလိုလားလားရှိဖို့လိုပြီး ကျွန်တော်တို့ကို ဖမ်းစားမိခွင့်ပြုဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့ သေခြင်းရှိအသက်တာ စမ်းသပ်မှုတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်စွမ်းရည်ထက် ကျော်လွန်တဲ့ စိန်ခေါ်မှုတွေဟာ မကြာခဏလာတတ်ပါတယ်။ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အသိပညာနဲ့ နားလည်မှုမလုံလောက်တဲ့အခါ၊ ကျွန်တော်တို့ကိုကူညီရန် အရင်းအမြစ်တွေကို သဘာဝအတိုင်း ကျွန်တော်တို့ ရှာဖွေတတ်ကြပါတယ်။ သတင်းအချက်အလက်ပြည့်နှက်နေတဲ့ကမ္ဘာကြီးတွင်၊ ကျွန်တော်တို့ရဲ့စိန်ခေါ်မှုတွေအတွက် ၎င်းတို့ရဲ့ဖြေရှင်းနည်းတွေကို မြှင့်တင်ပေးတဲ့ရင်းမြစ်တွေရဲ့ ပြတ်တောက်မှုမရှိပါဘူး။ သို့သော်လည်း၊ ရိုးရှင်းပြီး၊ ကုန်လွန်ရက်မရှိတဲ့ သုတ္တံကျမ်းမှ ကျွန်တော်အတွက်အကောင်းဆုံး မှီငြမ်းစရာကိုပေးထားပါတယ်၊ “ထာဝရဘုရားကိုစိတ်နှလုံးအကျွင်းမဲ့ ကိုးစားလော့။” ကျွန်တော်တို့ဟာ စိန်ခေါ်မှုတွေနှင့် ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်ထံ ဦးစွာလှည့်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ယုံကြည်မှုကို ပြသပါတယ်။
ယုတမှာ ဥပဒေကျောင်းပြီးသွားတဲ့အခါ၊ ကျွန်တော်တို့မိသားစုဟာ ဘယ်မှာအလုပ်လုပ်ရမယ်ဆိုပြီး အရေးကြီးတဲ့ဆုံးဖြတ်ချက်အတွက် ရင်ဆိုင်ခဲ့ရပါတယ်။ ကိုယ်တော်ရှင်နဲ့ အချင်းချင်း တိုင်ပင်ဆွေးနွေးပြီးနောက်၊ မိဘတွေ၊ မောင်နှမတွေနဲ့ ဝေးကွာနေတဲ့ ကျွန်တော်တို့ရဲ့မိသားစုကို အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းသို့ ပြောင်းရန် ညွှန်ကြားခဲ့ကြောင်း ခံစားခဲ့ရပါတယ်။ အစပိုင်းမှာတော့၊ အခြေအနေတွေ ကောင်းမွန်လာပြီး၊ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တယ်လို့ ခံစားခဲ့ရတယ်။ သို့သော် အဲ့ဒီနောက် အရာအားလုံးပြောင်းလဲသွားပါတယ်။ ဥပဒေအကျိုးဆောင်လုပ်ငန်းက လူလျှော့လာခဲ့ပြီးတော့၊ ကျွန်တော့်သမီးလေး ဒေါ်ရာမွေးဖွားတဲ့ အချိန်မှာ ပြင်းထန်တဲ့ ဆေးဘက်ဆိုင်ရာစိန်ခေါ်မှုတွေနဲ့ ရေရှည်ဆေးကုသရန်လိုအပ်တဲ့ အချိန်မှာ အလုပ်မရှိဖြစ်လာပြီး ကျန်းမာရေးအာမခံနှစ်ခုစလုံးဆုံးရှုံးခဲ့ရပါတယ်။ ဒီစိန်ခေါ်မှုတွေကိုရင်ဆိုင်ရစဉ်၊ သိသာထင်ရှားတဲ့အချိန်နဲ့ ကတိကဝတ်တွေလိုအပ်တဲ့ အမှုတော်ကိုဆောင်ရန် ကျွန်တော်အား ဖိတ်ခေါ်ခဲ့ပါတယ်။
ကျွန်တော် ဒီလိုမျိုး စိန်ခေါ်မှုမျိုး တစ်ခါမှ မကြုံဖူးဘဲ စိတ်မွန်းကြပ်ခဲ့ရပါတယ်။ ကျွန်တော်တို့ ချခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ သက်ဆိုင်တဲ့ အတည်ပြုချက်ကို ကျွန်တော်စတင်မေးခွန်းထုတ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်တော်ရှင်ကို ယုံကြည်ကိုးစားကြပြီး အရာအားလုံးလည်း ပြေလည်သွားမှာဖြစ်ပါတယ်။ ကျွန်တော် နောက်သို့ ယိုင်လဲသွားပြီး၊ အခုချိန်မှာတော့ ဘယ်သူမှ ကျွန်တော်ကို ဖမ်းစားမိမှာ မဟုတ်ဘူးဆိုတာ ထင်ရှားနေခဲ့ပါတယ်။
တစ်နေ့၊ “ဘာကြောင့်လဲလို့မမေးပါနဲ့၊ သင့်ကိုဘာသင်ယူစေချင်တာလဲလို့သာ မေးပါ” ဆိုတဲ့ စကားလုံးတွေ ကျွန်တော့် စိတ်နဲ့ နှလုံးသားထဲကိုခိုင်မာစွာဝင်ရောက်လာပါတယ်။ အခုဆို ပိုလို့တောင်မှ ရှုပ်သွားပါတယ်။ ကျွန်တော့်ရဲ့ အစောပိုင်းဆုံးဖြတ်ချက်ကို နားလည်ရခက်နေတဲ့အခိုက်အတန့်မှာ၊ ဘုရားသခင်က သူ့ကိုပိုယုံကြည်စိတ်ချဖို့ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ပြန်ကြည့်တဲ့အခါမှာ၊ အဲ့ဒါက ကျွန်တော်ရဲ့အသက်တာမှာ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်—ဘုရားသခင်အား ကိုးစားဖို့ သင်ယူရန် အကောင်းဆုံးနည်းလမ်းမှာ ကိုယ်တော့်အား ယုံကြည်ကိုးစားရုံသာဖြစ်တယ်ဆိုတာကိုကျွန်တော်သဘောပေါက်လာတဲ့အခိုက်အတန့်ဖြစ်ပါတယ်။ နောက်ရက်သတ္တပတ်တွေမှာ၊ ကိုယ်တော်ရှင်ဟာ ကျွန်တော်တို့မိသားစုကို ကောင်းချီးပေးမဲ့ သူရဲ့အစီအစဉ်ကို အံ့ဖွယ်နည်းဖြင့် ဖွင့်ဟခဲ့တာကို ကျွန်တော်အံ့အားသင့်စွာ စောင့်ကြည့်ခဲ့ပါတယ်။
ဉာဏ်နှင့် ခွန်အားတွေကိုအလုပ်လုပ်ခြင်းဖြင့်သာ ဉာဏ်ရည်တိုးတက်မှုနှင့် ကာယကြံ့ခိုင်မှု ဖြစ်ပေါ်လာနိုင်ကြောင်းကို ဆရာကောင်းတွေနဲ့ နည်းပြကောင်းတွေက သိကြပါတယ်။ အဲ့လိုပါပဲ၊ ဘုရားသခင်ကလည်း ဝိညာဥ်ရေးရာ ဖြန့်ကျက်ခြင်းအတွေ့အကြုံတွေဖြစ်တဲ့ သူရဲ့သင်ကြားမှုကိုယုံကြည်ခြင်း တိုးတက်ဖို့အတွက် ကျွန်တော်တို့ကိုဖိတ်ခေါ်ပါတယ်။ ဒါကြောင့်၊ ဘယ်လိုယုံကြည်မှုမျိုးကိုပဲ ယခင်ကဖော်ပြခဲ့ပါစေ၊ နောက်ထပ် ယုံကြည်မှုဖြန့်ကျက်ခြင်းအတွေ့အကြုံတွေက ရှေ့မှာရှိနေသေးမယ်ဆိုတာ သေချာနိုင်ပါတယ်။ ဘုရားသခင်က ကျွန်တော်တို့ဖွံ့ဖြိုးမှုနဲ့ တိုးတက်မှုကို အာရုံစိုက်ပါတယ်။ ကိုယ်တော်ဟာ ဆရာသခင်ဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ ဘုရားသခင်အလားဖြစ်နိုင်စွမ်းတွေကို အနည်းငယ်ပို၍သိနိုင်အောင် အမြဲကြိုးပမ်းကူညီနေတဲ့ ပြီးပြည့်စုံတဲ့နည်းပြဖြစ်ပါတယ်။ ဒါက သူ့ကိုအနည်းငယ်ထပ်ပြီး ယုံကြည်စိတ်ချဖို့ နောင်လာမယ့်ဖိတ်ကြားချက်တွေမှာ အမြဲပါဝင်မှာဖြစ်ပါတယ်။
မော်မုန်ကျမ်းက ကျွန်တော်တို့နဲ့ ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ရန် ဘုရားသခင်အသုံးပြုတဲ့ပုံစံကို သွန်သင်ပေးပါတယ်။ လာ၍ င့ါနောက်လိုက်လော့ မှာ၊ ဘုရားသခင်အပေါ်ထားရှိတဲ့ နီဖိုင်းရဲ့ ယုံကြည်မှုဟာ သူနဲ့ သူ့အကိုတွေ ယေရှုရှလင်မြို့ကိုပြန်သို့ ကြေးပုရပိုက်ပြားတွေပြန်ယူဖို့ မိန့်တော်မူခံရတဲ့ အခါမှာ စမ်းသပ်ခြင်းခံရပါတယ်။ သူတို့ရဲ့ ပထမကြိုးစားမှုတွေကရှုံးနိမ့်ပြီးတဲ့နောက်မှာ၊ သူ့ရဲ့အကိုတွေက ပုရပိုက်ပြားတွေမပါဘဲပြန်လှည့်ဖို့အဆင်သင့်ဖြစ်ခဲ့ကြပါတယ်။ သို့သော်၊ နီဖိုင်းက ယုံကြည်စိတ်ချမှုအလုံးစုံကို ကိုယ်တော်ရှင်ထံမှာထားရှိပြီးတော့ ပုရပိုက်ပြားတွေရယူတဲ့အခါမှာ အောင်မြင်ခဲ့ပါတယ်။ နီဖိုင်းရဲ့လေးကျိုးသွားပြီး မိသားစုတောရိုင်းထဲမှာဆာလောင်မွတ်သိပ်နေတဲ့အခါမှာ ဒီအတွေ့အကြုံက ကိုယ်တော့်အပေါ်ရှိတဲ့ သူ့ရဲစိတ်ချမှုကို အားပေးဖွယ်ရှိပါတယ်။ နောက်တစ်ခါ၊ နီဖိုင်းကဘုရားသခင်ကိုယုံကြည်ဖို့ရွေးချယ်ခဲ့ပြီး သူ့ရဲ့ မိသားစုကယ်တင်ခြင်းရရှိခဲ့ပါတယ်။ ထိုအောင်မြင်သောအတွေ့အကြုံတွေက နီဖိုင်းကို ဘုရားသခင်အပေါ် ကြီးမားပြီး တိုးမြင့်တဲ့ စိတ်ချယုံကြည်မှု၊ မကြာခင် သင်္ဘောဆောက်တဲ့အခါမှာ ပြုလုပ်ရမယ့် ယုံကြည်ချက်-တိုးတက်စေမယ့်လုပ်ငန်းစဥ်ကိုပေးခဲ့ပါတယ်။
ဒီအတွေ့အကြုံတွေအားဖြင့်၊ နီဖိုင်းက ဘုရားသခင်နဲ့ သူရဲ့ဆက်ဆံရေးကို ကိုယ်တော်အပေါ် အဆင်မပြတ်နဲ့ ဆက်လက်ယုံကြည်ခြင်းဖြင့် ခိုင်မာစေခဲ့ပါတယ်။ ဘုရားသခင်က ကျွန်တော်တို့နဲ့ လည်းတူညီတဲ့ပုံစံကိုအသုံးပြုပါတယ်။ ကိုယ်တော့်ထံ၌ ကျွန်တော်တို့ရဲ့ ယုံကြည်စိတ်ချမှုတိုးပွားပြီး နက်ရှိုင်းလာစေဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖိတ်ခေါ်ချက်များကိုပြုလုပ်ပါတယ်။ ဖိတ်ခေါ်ချက်တစ်ခုကိုလက်ခံပြီး ကျင့်သုံးသင့်အခါတိုင်း၊ ကျွန်တော်တို့ရဲ့ ဘုရားသခင်အပေါ်ထားရှိတဲ့ ယုံကြည်ခြင်းတိုးပွားလာပါတယ်။ ဖိတ်ခေါ်ချက်တစ်ခုကို ကျွန်တော်တို့ငြင်းပယ်ခြင်း သို့မဟုတ် လျစ်လျူရှုတိုင်း၊ နောက်ထပ်ဖိတ်ခေါ်ချက်ကို မလုပ်ဆောင်မချင်း ကျွန်တော်တို့ရဲ့ တိုးတက်မှုရပ်တန့်သွားပါတယ်။
သတင်းကောင်းကတော့ ယခင်ကဘုရားသခင်အပေါ် ယုံကြည်ရန်ရွေးချယ်ထားခြင်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ဘုရားသခင်ကိုယနေ့နှင့် ယခုမှစ နေ့တိုင်းယုံကြည်ရန်ရွေးချယ်နိုင်ပါတယ်။ ကျွန်တော်တို့လုပ်ဆောင်တဲ့အချိန်တိုင်း၊ ဘုရားသခင်ဟာ ကျွန်တော်တို့ကိုဖမ်းစားရန် တည်ရှိနေမှာဖြစ်ပြီး၊ ကိုယ်တော်နဲ့ သူရဲ့သားတော်နဲ့ တစ်သားတည်းဖြစ်လာမဲ့နေ့အထိ ကျွန်တော်တို့ရဲ့ယုံကြည်မှုဆက်ဆံရေးဟာ ပိုမိုခိုင်မာအားကောင်းလာမယ်ဆိုတာကို ကတိပြုထားပါတယ်။ ထို့နောက် နီဖိုင်းကဲ့သို့ ကျွန်တော်တို့ကြေညာနိုင်ပါတယ်၊ “အို ကိုယ်တော်ရှင်၊ အကျွန်ုပ်သည် ကိုယ်တော်ကို ကိုးစားလျက်အစဉ်အမြဲ ကိုးစားပါမည်။” ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။