ကျမ်းစာများ
၁ နီဖိုင်း ၃


အခန်းကြီး ၃

လေဟိ​၏​သား​များ​သည် ကြေး​ပုရပိုက်​ပြား​များ​ကို ရ​ယူ​ခြင်း​ငှာ၊ ယေရုရှလင်​သို့ ပြန်​လာ​၏—လာဗန်​သည် ပုရပိုက်​ပြား​များ​ကို ပေးရန် ငြင်း​ဆို​၏—နီဖိုင်း​သည် သူ​၏​အစ်​ကို​တို့​ကို တိုက်​တွန်း​၍ အား​ပေး​၏—လာဗန်​သည် သူ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို မ​တရား​သ​ဖြင့်​ယူ​၍၊ သူ​တို့​ကို ကွပ်​မျက်ရန် အား​ထုတ်​၏—လာမန်​နှင့်​လေမွေလ​တို့​သည် နီဖိုင်း​နှင့်​ရှမ်​ကို ပြင်း​စွာ​ရိုက်​၍၊ ကောင်း​ကင်​တမန်​အား​ဖြင့် အပြစ်​တင်​ဆုံးမခံ​ရ​၏။ ဘီစီ ၆၀၀–၅၉၂ ခန့်။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​နီဖိုင်း​သည် ကိုယ်​တော်​ရှင်​နှင့်​စကား​ပြော​နေရာ​မှ ငါ့​အဘ​၏​တဲ​သို့ ပြန်​လာ​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​ဆို​လေ​သည်​ကား၊ ရှု​လော့၊ ငါ​သည် အိပ်​မက်တစ်ခု​မက်​၏။ သင်​နှင့်​သင်​၏​အစ်​ကို​တို့ ယေရုရှလင်​မြို့​သို့ ပြန်​သွား​ရ​မည့်​အကြောင်း၊ ထို​အိပ်​မက်​ထဲ​၌ ငါ့​ကို ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​၏။

အကြောင်း​မူ​ကား၊ ရှု​လော့၊ လာဗန်​၌ ယုဒ​လူ​မျိုး​တို့​၏​မှတ်​တမ်း​နှင့်​ငါ့​ဘိုး​ဘေး​တို့​၏ ဆွေ​စဉ်​မျိုး​ဆက်​မှတ်တမ်း​လည်း​ရှိ​၏။ ၎င်း​တို့​ကို ကြေး​ပုရပိုက်​ပြား​များ​ပေါ်​တွင် ရေး​ထွင်း​ထား​၏။

သို့​ဖြစ်​၍၊ သင်​နှင့်​သင့်​အစ်​ကို​တို့ လာဗန်​၏​အိမ်​သို့​သွား​၍၊ မှတ်​တမ်း​များ​ကို ရ​ယူ​ပြီး၊ ဤ​နေ​ရာ​တော​ရိုင်း​ထဲ​သို့ ဆောင်​ယူ​လာ​ခဲ့​ရ​မည်​ဖြစ်​ကြောင်း ငါ့​ကို ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​လေ​ပြီ။

ယ​ခု​မူ​ကား၊ ရှု​လော့၊ သင်​၏​အစ်​ကို​တို့​က​လည်း သူ​တို့​ထံ​မှ ငါ​တောင်း​ဆို​သည့်​အရာ​မှာ ခက်​ခဲ​သည့်​အရာ​ဖြစ်​သည်​ဟု​ဆို​၍ ညီး​ညူ​အပြစ်​တင်​ကြ​၏။ သို့​ရာ​တွင်၊ ရှု​လော့၊ ငါ​သည် သူ​တို့​ထံ​မှ တောင်း​ဆို​သည်​မ​ဟုတ်​ဘဲ၊ ထို​အရာ​မှာ ကိုယ်​တော်​ရှင်​၏ ပညတ်တော်​တစ်​ခု​ဖြစ်​၏။

ထို့​ကြောင့်၊ သွား​လော့၊ ငါ့​သား။ သင်​သည် ညည်း​ညူ​အပြစ်​တင်​ခြင်း မ​ရှိ​သော​ကြောင့် ကိုယ်​တော်​ရှင်​၏ နှစ်​သက်​တော်​မူ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​နီဖိုင်း​က ငါ​၏​အဘ​ကို ပြော​သည်​မှာ၊ ကိုယ်တော်ရှင် မိန့်​တော်​မူ​လေ​သည့်​အ​ရာ​များ​ကို အကျွန်ုပ်​သွား​၍ ဆောင်​ရွက်​ပါ​မည်။ အကြောင်း​မူကား၊ ကိုယ်​တော်​ရှင်​သည် သူ​မိန့်​တော်​မူ​သည့်​အရာ​ကို လူ​သား​တို့ ပြီး​မြောက်​နိုင်​စေ​ခြင်း​ငှာ၊ သူ​တို့​အတွက်၊ နည်း​လမ်း​တစ်​ခု​ကို ပြင်​ဆင်​ပေး​တော်​မူ​ခြင်း​မှ​တစ်​ပါး၊ ပညတ်​တော်​များ ပေး​သည်​မ​ဟုတ်​ကြောင်း​ကို အကျွန်ုပ်​သိ​ပါ​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​၏​အဘ​သည် ဤ​စကား​များ​ကို ကြား​လျှင် အလွန်​ဝမ်း​သာ​၏။ အကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​တော်​ရှင်​၏​ကောင်း​ချီး​ပေး​ထား​တော်​မူ​ခြင်း​ကို ခံ​ရ​လေ​ကြောင်း သူ​သိ​၏။

ငါ​နီဖိုင်း​နှင့်​ငါ​၏​အစ်​ကို​တို့​သည်​လည်း ယေရုရှလင်​နယ်​မြေ​သို့​တက်​သွား​ခြင်း​ငှာ ငါ​တို့​၏​တဲများကို ယူ​ဆောင်​လျက်၊ တော​ရိုင်း​ထဲ​၌ ခရီး​သွား​ကြ​၏။

၁၀ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​သည် ယေရုရှလင်​နယ်​မြေ​အထိ သွား​ကြ​ပြီး​နောက်၊ ငါ​နှင့်​ငါ​၏​အစ်​ကို​တို့​သည် အချင်း​ချင်း​တိုင်​ပင်​နှီး​နှော​ကြ​၏။

၁၁ လာဗန်​၏​အိမ်​ထဲ​သို့ ငါ​တို့​အထဲ​မှ အဘယ်​သူ​သွား​ရ​မည်​ကို—ငါ​တို့​စာ​ရေး​တံ​မဲ​ချ​ကြ​၏။ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ လာမန်​၌ စာ​ရေး​တံ​မဲ​ကျ​၏။ လာမန်​သည်​လည်း လာဗန်​၏​အိမ်​ထဲ​သို့​ဝင်​၍၊ အိမ်​ထဲ​၌ လာဗန်​ထိုင်​လျက်​ရှိ​စဉ်တွင် သူ​နှင့်​စကား​ပြော​၏။

၁၂ ကြေး​ပုရပိုက်​ပြား​များ​ပေါ်​၌ ရေး​ထွင်း​ထား​သည့်​မှတ်​တမ်း​များ​တည်း​ဟူ​သော ငါ့​အဘ​၏ ဆွေ​စဉ်​မျိုး​ဆက်​မှတ်တမ်း​ပါ​ဝင်​သည့်​မှတ်​တမ်း​များ​ကို​လည်း လာဗန်​ထံ သူ​တောင်း​ဆို​၏။

၁၃ ရှု​ဦး​လော့၊ အချိန်​တန်​လာ​သော​အခါ၊ လာဗန်​သည် အမျက်​ထွက်​၍ သူ့​ကို မျက်​မှောက်​မှ နှင်ထုတ်​၏၊ မှတ်​တမ်း​များ​ကို ရ​ယူ​စေရန်​လည်း အခွင့်​မ​ပေး။ သို့​ဖြစ်​၍၊ ရှု​လော့၊ သင်​သည် ဓားပြ​တစ်​ဦး​ဖြစ်​၍ သင့်​ကို ငါ​ကွပ်​မျက်​မည်​ဟု ဆို​၏။

၁၄ သို့​ရာ​တွင်၊ လာမန်​သည် သူ့​မျက်​မှောက်​မှ ထွက်​ပြေး​ပြီး၊ လာဗန်​ပြု​သော အမှု​များ​ကို ငါ​တို့​အား ပြော​ပြ​၏။ ငါ​တို့​သည်​လည်း အလွန်​ဝမ်း​နည်း​စ​ပြု​လျက်၊ ငါ​၏​အစ်​ကို​တို့​သည် တော​ရိုင်း​ထဲ​ရှိ ငါ့​အဘ​ထံ​သို့ ပြန်​သွား​တော့​မည်​ပြု​ကြ​၏။

၁၅ သို့​ရာ​တွင်၊ ရှု​လော့၊ သူ​တို့​ကို ငါ​ဆို​လေ​သည်​ကား၊ ကိုယ်​တော်​ရှင် အသက်​ရှင်​တော်​မူ​သည့်​အတိုင်း၊ ငါ​တို့​လည်း အသက်​ရှင်​သည့်​အတိုင်း၊ ငါ​တို့​သည် ကိုယ်​တော်​ရှင် မိန့်​တော်​မူ​လေ​သည့်​အမှု​ကို မ​ပြီး​မြောက်​မီ တော​ရိုင်း​ထဲ​ရှိ ငါ​တို့​အဘ​ထံ​သို့ ဆင်း​သွား​မည်​မ​ဟုတ်။

၁၆ သို့​ဖြစ်​၍၊ ငါ​တို့​သည် ကိုယ်​တော်​ရှင်​၏​ပညတ်​တော်​များ​ကို စောင့်​ထိန်း​ရာ​၌ သစ္စာ​ရှိ​ကြ​ကုန်​အံ့။ ထို့​ကြောင့်၊ ငါ​တို့​သည် ငါ​တို့​အဘ​၏​အမွေ​ခံ​ရာ​မြေ​သို့ ဆင်း​သွား​ကြ​ကုန်​အံ့။ အကြောင်း​မူ​ကား၊ ရှု​လော့၊ သူ​သည် ရွှေ၊ ငွေ​နှင့်​ခပ်​သိမ်း​သော​စည်း​စိမ်​ဥစ္စာများ​ကို ချန်​ထား​ရစ်​၏။ ခပ်​သိမ်း​သော​ဤ​အမှုများ​ကို သူ​ပြု​သည်​မှာ​လည်း ကိုယ်​တော်​ရှင်​၏​ပညတ်​တော်​များ​ကြောင့် ဖြစ်​၏။

၁၇ အကြောင်း​မူ​ကား၊ လူ​တို့​၏​ဆိုး​ညစ်​ခြင်း​ကြောင့် ယေရုရှလင်​မြို့ ဖျက်​ဆီး​ခံ​ရ​မည်​ကို သူ​သိ​၏။

၁၈ အကြောင်း​မူ​ကား၊ ရှု​လော့၊ သူ​တို့​သည် ပရောဖက်​တို့​၏​စကား​များ​ကို ငြင်း​ပယ်​ကြ​၏။ သို့​ဖြစ်​၍၊ ငါ​၏​အဘ​သည် ထို​ပြည်​မှ ထွက်​ပြေး​စေ​ဖို့ မိန့်​တော်​မူ​ခြင်း ခံ​ရ​လေ​ပြီး​နောက်၊ ထို​ပြည်​၌ နေ​မည်​ဆို​လျှင်၊ ရှု​လော့၊ သူ​လည်း ပျက်​စီး​ပေ​မည်။ သို့​ဖြစ်​၍၊ ထို​ပြည်​မှ သူ​ထွက်​ပြေး​ဖို့ လို​အပ်​၏။

၁၉ ရှု​ဦး​လော့၊ ငါ​တို့​သည် ဘုရားသခင်​၏ ဉာဏ်​ပညာ​တော်​အတိုင်း၊ ဤ​မှတ်​တမ်း​များ​ကို ရ​ယူ​ရ​မည်​မှာ၊ ငါ​တို့​၏​သား​မြေး​တို့​အတွက် ငါ​တို့​ဘိုး​ဘေး​တို့​၏​ဘာသာစကား​ကို ငါ​တို့​ထိန်း​သိမ်း​စောင့်​ရှောက်​နိုင်​စေ​ကြောင်း၊

၂၀ ထို့​အတူ၊ သန့်​ရှင်း​သော​ပရောဖက်​ခပ်သိမ်း​တို့​၏ နှုတ်​အား​ဖြင့် ဟော​ပြော​ထား​လေ​သည့် နှုတ်​က​ပတ်​တော်​များ​ကို​လည်း သူ​တို့​အတွက် ထိန်း​သိမ်း​စောင့်​ရှောက်​နိုင်​စေ​ကြောင်း​တို့​ပေ​တည်း။ ကမ္ဘာ​ဦး​က​တည်း​က ယခုမျက်မှောက်​ကာ​လ​ထိ​တိုင်​အောင်​ပင် ဘုရားသခင်​၏​ဝိညာဉ်​တော်​နှင့် တန်​ခိုး​တော်​အား​ဖြင့် ထို​နှုတ်​က​ပတ်​တော်​တို့​ကို ပရောဖက်​တို့​ထံ ပေး​အပ်​ထား​တော်​မူ​လေ​၏။

၂၁ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​သည် ငါ​၏​အစ်​ကို​တို့​အား၊ ဘုရားသခင်​၏​ပညတ်​တော်​များ​ကို စောင့်​ထိန်း​ရာ​၌ သစ္စာ​ရှိ​နိုင်​ကြ​မည့်​အကြောင်း၊ ဤ​ကဲ့​သို့​သော​စကား​ဖြင့် ဖျောင်း​ဖျ​၏။

၂၂ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​သည် ငါ​တို့​၏​အမွေ​ခံ​ရာ​မြေ​သို့ ဆင်း​သွား​၍၊ ငါ​တို့​၏​ရွှေ၊ ငါ​တို့​၏​ငွေ​နှင့်​ငါ​တို့​၏​အဖိုး​ထိုက်​သော​အရာ​များ​ကို​အတူ​တ​ကွ စု​ဆောင်း​ကြ​၏။

၂၃ ငါ​တို့​သည် ထို​အရာများ​ကို အတူ​တ​ကွ​စု​ဆောင်း​ကြ​လေ​ပြီး​နောက်၊ လာဗန်​၏​အိမ်​သို့ တစ်​ဖန်​တက်​သွား​ကြ​၏။

၂၄ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​သည် လာဗန်​ထံ​သို့ သွား​၏၊ ကြေး​ပုရပိုက်​ပြား​များ​ပေါ်​၌ ရေး​ထွင်း​ထား​သည့် မှတ်​တမ်း​များ​ကို​လည်း ငါ​တို့​အား ပေး​ပါ​မည့်​အကြောင်း တောင်း​ဆို​၏။ ထို​မှတ်​တမ်းများ​အတွက် ငါ​တို့​၏​ရွှေ၊ ငါ​တို့​၏​ငွေ​နှင့် ငါ​တို့​၏ အဖိုး​ထိုက်​သည့်​အရာ​မှန်​သ​မျှ​ကို သူ့​အား ငါ​တို့​ပေး​ကြ​မည်​ဖြစ်​၏။

၂၅ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ လာဗန်​သည် ငါ​တို့​၏ ဥစ္စာ​ပစ္စည်း​များ​ကို မြင်​လျှင်၊ အလွန်​များ​ပြား​လှ​လေ​ရာ၊ တပ်​မက်​သ​ဖြင့်၊ ငါ​တို့​ကို နှင်​ထုတ်​ပြီး၊ ငါ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို ရ​ယူ​နိုင်​ခြင်း​ငှာ၊ ငါ​တို့​ကို ကွပ်​မျက်​ရန် သူ​၏​ကျွန်​တို့​ကို စေ​လွှတ်​၏။

၂၆ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​သည်​လည်း လာဗန်​၏​ကျွန်​တို့​ရှေ့​မှ ထွက်​ပြေး​၍၊ ငါ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို နောက်​၌ ချန်​ထား​ရစ်​စေရန် အနိုင်​ပြု​ခံ​ရပြီး၊ ထို​အရာ​များ​မှာ လာဗန်​၏​လက်​ထဲ​သို့ ကျ​ရောက်​သွား​၏။

၂၇ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​သည် တော​ရိုင်း​ထဲ​သို့​ထွက်​ပြေး​သွား​၍၊ လာဗန်၏ ကျွန်​တို့​က မ​မီ​တော့။ ငါ​တို့​သည်​လည်း ငါ​တို့​ကိုယ်​ငါ​တို့ ကျောက်​ဂူ​ထဲ၌ ပုန်း​ကွယ်​ကြ​၏။

၂၈ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ လာမန်​သည် ငါ​နှင့်​ငါ​၏​အဘ​ကို​လည်း အမျက်​ထွက်​၏။ ထို့​အတူ၊ လေမွေလ​သည်​လည်း အမျက်​ထွက်​၏။ အကြောင်း​မူ​ကား၊ သူ​သည် လာ​မန်​၏​စ​ကား​များ​ကို စေ့စေ့နား​ထောင်​၏။ သို့​ဖြစ်​၍၊ လာမန်​နှင့် လေမွေလ​တို့​သည် သူ​တို့​၏​ညီ​ငယ်​များ ဖြစ်​ကြ​သည့် ငါ​တို့​အား ကြမ်း​တမ်း​သော​စကား​များ​စွာ​ဆို​၍ တုတ်​နှင့်​ပင် ပြင်း​စွာ​ရိုက်​ကြ​၏။

၂၉ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​တို့​က ငါ​တို့​ကို တုတ်​နှင့်​ပြင်း​စွာ​ရိုက်​ကြ​သ​ဖြင့်၊ ရှု​လော့၊ ကိုယ်​တော်​ရှင်​၏​ကောင်း​ကင်​တ​မန်​သည် သူ​တို့​ရှေ့ ၌ လာ​၍​ရပ်​လျက်၊ မြွက်​ဆို​သည်​ကား၊ သင်​တို့​သည် သင်​တို့​၏​ညီ​ငယ်​ကို အဘယ်​ကြောင့် တုတ်​နှင့်​ပြင်း​စွာ​ရိုက်​ကြ​သနည်း။ သူ့​ကို သင်​တို့​အပေါ် အုပ်​စိုး​သူ​ဖြစ်​စေရန် ကိုယ်​တော်​ရှင် ရွေး​ကောက်​ထား​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ဤ​အမှု​သည် သင်​တို့​၏ ဒုစရိုက်​များ​ကြောင့်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း သိ​ခြင်း​မ​ရှိကြ​သ​လော။ ရှု​လော့၊ ယေရုရှလင်​အထိ တစ်​ဖန်​သွား​ကြ​လော့။ ကိုယ်​တော်​ရှင်​သည် လာဗန်​ကို သင်​တို့​၏​လက်​သို့ အပ်​တော်​မူ​လိမ့်​မည်​ဟု​ဆို​၏။

၃၀ ကောင်း​ကင်​တ​မန်​သည်​လည်း ငါ​တို့​ကို မြွက်​ဆို​ပြီး​နောက်၊ ထွက်​ခွာ​သွား​၏။

၃၁ ကောင်း​ကင်​တ​မန် ထွက်​ခွာ​သွား​လေ​ပြီး​နောက်၊ လာမန်​နှင့်​လေမွေလ​တို့​က​လည်း တစ်​ဖန် ညည်း​ညူ​အပြစ်​တင်​စ​ပြု​သည်​ကား၊ ကိုယ်​တော်​ရှင်​သည် လာဗန်​ကို ငါ​တို့​လက်​သို့ အပ်​တော်​မူ​မည်​ဆို​သည်​မှာ အဘယ်​သို့​အား​ဖြင့် ဖြစ်​နိုင်​မည်​နည်း။ ရှု​လော့၊ သူ​သည် အား​ကြီး​သော​သူ​ဖြစ်​၍ အယောက်​ငါး​ဆယ်​ကို စီ​ရင်​နိုင်​၏။ အမှန်​စင်​စစ်၊ အယောက်​ငါး​ဆယ်​ကို​ပင် ကွပ်​မျက်​နိုင်​၏။ သို့​ဖြစ်​လျှင်၊ အဘယ်​ကြောင့် ငါ​တို့​ကို မ​ကွပ်​မျက်​နိုင်​ဘဲ​နေ​မည်​နည်း​ဟု ဆို​ကြ​လေ​သ​တည်း။