အခန်းကြီး ၈
လေဟိသည် အသက်ပင်အကြောင်း ရူပါရုံကိုမြင်၏—သူသည် ထိုအပင်၏ အသီးကိုသုံးဆောင်၍၊ သူ့မိသားစုကိုလည်း ထိုနည်းတူ၊ သုံးဆောင်စေလို၏—သူသည် သံတန်းတစ်ခု၊ ကျပ်တည်းကျဉ်းမြောင်းသည့်လမ်းတစ်လမ်း၊ လူတို့အား ဖုံးလွှမ်းသည့် အမှောင်ထုတို့ကိုမြင်၏—စာရိယ၊ နီဖိုင်းနှင့် ရှမ်တို့ အသီးကို သုံးဆောင်ကြသော်လည်း လာမန်နှင့် လေမွေလတို့က ငြင်းဆန်ကြ၏။ ဘီစီ ၆၀၀–၅၉၂ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် မျိုးစေ့အမျိုးမျိုး၊ စပါးအမျိုးမျိုးနှင့် သစ်သီးအစေ့အမျိုးမျိုးကို အတူတကွစုဆောင်းကြ၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၏အဘသည် တောရိုင်းထဲ၌၊ တည်းခို၍နေစဉ်တွင် ငါတို့ကို ဆိုလေသည်ကား၊ ရှုလော့၊ ငါသည် အိပ်မက်တစ်ခုမက်၏။ သို့မဟုတ်၊ တစ်နည်းအားဖြင့်၊ ငါသည် ရူပါရုံတစ်ခုကို မြင်ရ၏။
၃ ရှုဦးလော့၊ ငါမြင်ရလေသောအရာများကြောင့်၊ ငါသည် ကိုယ်တော်ရှင်၌ ရွှင်လန်းဝမ်းမြောက်စရာအကြောင်း ရှိသည်မှာ၊ နီဖိုင်းနှင့်ရှမ်တို့ကြောင့်လည်းဖြစ်၏။ အကြောင်းမူကား၊ သူတို့နှင့်သူတို့၏အမျိုးအနွယ်များစွာတို့လည်း ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဖြစ်ကြောင်းကို ထင်မှတ်စရာအကြောင်း ငါ့၌ရှိ၏။
၄ သို့ရာတွင်၊ ရှုလော့၊ လာမန်နှင့်လေမွေလ၊ ငါသည် သင်တို့ကြောင့် လွန်စွာစိုးရိမ်၏။ အကြောင်းမူကား၊ ရှုလော့၊ ငါ၏အိပ်မက်ထဲ၌ မှောင်မိုက်၍ချောက်ချားဖွယ်ကောင်းသော တောရိုင်းတစ်ခုကို ငါမြင်ရသည်ဟု ထင်မိ၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် လူတစ်ယောက်ကို မြင်၏၊ ထိုသူသည် အဖြူရောင်ဝတ်လုံကို ဝတ်ဆင်ထားပြီး၊ ငါ့ရှေ့ ၌လာ၍ရပ်၏။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် ငါ့ကို မြွက်ဆိုပြီး၊ သူ့နောက်သို့လိုက်လာရန် အမိန့်ပေး၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် သူ့နောက်သို့ လိုက်စဉ်တွင် မှောင်မိုက်၍ ချောက်ချားဖွယ် ကောင်းသော လူဆိတ်ညံရာလွင်ပြင်အရပ်၌ ရောက်နေကြောင်း ငါ့ကိုယ်ငါ သတိပြုမိ၏။
၈ ငါသည် အမှောင်ထဲ၌ နာရီပေါင်းများစွာကြာအောင် ခရီးသွားလေပြီးမှ၊ ကိုယ်တော်ရှင်၏နူးညံ့သောကရုဏာတော်များစွာတို့အတိုင်း၊ ငါ့ကို ကရုဏာထားတော်မူပါမည့်အကြောင်း၊ သူ့ထံသို့ ဆုတောင်းစပြုခဲ့၏။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ကိုယ်တော်ရှင်ထံသို့ ဆုတောင်းလေပြီးနောက်၊ ကြီးမားကျယ်ပြန့်သော လယ်ကွင်းပြင်ကို တွေ့မြင်၏။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လူကို ပျော်ရွှင်စေ၍ နှစ်လိုဖွယ်ကောင်းသောအသီးရှိသည့် သစ်ပင်တစ်ပင်ကို ငါမြင်၏။
၁၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ထွက်သွား၍ ထိုအပင်၏အသီးကို သုံးဆောင်၏။ ထိုအသီးမှာ ယခင်က ငါမြည်းစမ်းဖူးသမျှအားလုံးထက် အချိုဆုံးဖြစ်ကြောင်းကိုလည်း ငါသိမြင်၏။ ထိုမှတစ်ပါး၊ အပင်၏အသီးမှာ၊ အဖြူရောင်ဖြစ်၍၊ ငါမြင်ဖူးသမျှသော အဖြူအားလုံးထက် သာလွန်သည်ကိုလည်း ငါသိမြင်၏။
၁၂ ထိုအပင်၏အသီးကို ငါသုံးဆောင်စဉ်တွင်၊ ထိုအသီးသည် ငါ့ဝိညာဉ်ကို အလွန်ကြီးစွာသော ဝမ်းမြောက်ခြင်းနှင့် ပြည့်စေ၏။ သို့ဖြစ်၍၊ ငါ့မိသားစုကိုလည်း ထိုအသီးကို သုံးဆောင်စေလိုသောစိတ် ငါ့၌ ဖြစ်ပေါ်စပြု၏။ အကြောင်းမူကား၊ ထိုအသီးမှာ အခြားအသီးအားလုံးထက် နှစ်လိုဖွယ်ဖြစ်ကြောင်း ငါသိ၏။
၁၃ ငါသည် ငါ့မိသားစုကိုလည်း တွေ့ကောင်းတွေ့စိမ့်ခြင်းငှာ အရပ်ရပ်သို့ မျှော်ကြည့်ရာ ရေစီးရာမြစ်တစ်မြစ်ကို မြင်တွေ့၏။ ထိုမြစ်သည် ငါသုံးဆောင်နေသောအသီးကို သီးသည့် အပင်၏ အနီးတစ်လျှောက်တွင် စီးဆင်း၏။
၁၄ ငါသည်လည်း ထိုမြစ်အဘယ်အရပ်မှ စ၍စီးဆင်းသည်ကို တွေ့ရှိခြင်းငှာ ကြည့်ရှုရာ အနည်းငယ်ဝေးရာ၌ ထိုမြစ်၏မြစ်ဖျားကို တွေ့မြင်၏။ ထိုမြစ်ဖျားတွင် သင်၏အမိ စာရိယ၊ ရှမ်နှင့်နီဖိုင်းတို့ကို ငါမြင်၏။ သူတို့သည် အဘယ်အရပ်သို့သွားရမှန်း သိခြင်းမရှိသကဲ့သို့ ရပ်လျက်ရှိ၏။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် သူတို့ကို လက်ယပ်ပြီးခေါ်၏။ ငါ့ထံသို့ သူတို့လာပြီး၊ အခြားအသီးအားလုံးထက် နှစ်လိုဖွယ်ဖြစ်သော ထိုအသီးကို သုံးဆောင်ရကြမည့်အကြောင်း ကျယ်သောအသံနှင့် ငါဆို၏။
၁၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ငါ့ထံသို့ လာပြီး၊ အသီးကိုလည်း သုံးဆောင်ကြ၏။
၁၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် လာမန်နှင့် လေမွေလတို့ကိုလည်း အသီးကို လာ၍ သုံးဆောင်ကြစေခြင်းငှာ အလိုရှိ၏။ သို့ဖြစ်၍၊ ငါသည် သူတို့ကို တွေ့မြင်ကောင်းတွေ့မြင်နိုင်ခြင်းငှာ မြစ်ဖျားဆီသို့ မျှော်ကြည့်၏။
၁၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် သူတို့ကို တွေ့မြင်၏။ သို့ရာတွင်၊ သူတို့သည် ငါ့ထံသို့မလာလို၊ အသီးကိုလည်း မသုံးဆောင်လိုကြ။
၁၉ ငါသည် သံတန်းတစ်ခုကိုလည်း တွေ့မြင်၏။ ထိုသံတန်းသည် မြစ်ကမ်းတစ်လျှောက်၌ အပြိုင်ရှိပြီး၊ ငါရပ်နေရာ အပင်ဆီသို့ သွယ်တန်း၏။
၂၀ ငါရပ်နေသည့် အပင်အထိ သံတန်းနှင့်အပြိုင်သွယ်တန်းသော ကျပ်တည်းကျဉ်းမြောင်းသည့် လမ်းတစ်လမ်းကိုလည်း ငါမြင်၏။ ထိုလမ်းသည် မြစ်ဖျား၏အနီးမှတစ်ဆင့် ကမ္ဘာမြေကြီးပမာ ကြီးမားကျယ်ပြန့်သော လယ်ကွင်းပြင်ဆီသို့လည်း သွယ်တန်း၏။
၂၁ ငါသည် မရေမတွက်နိုင်သော လူအစုအဝေးတို့ကိုလည်းမြင်၏။ ထိုသူတို့အထဲမှ များစွာသောသူတို့သည် ငါရပ်နေသော အပင်ဆီသို့ သွယ်တန်းသည့် လမ်းသို့ ရောက်ရှိခြင်းငှာ ရှေ့သို့ဆက်၍ကြိုးစား အားထုတ်လျက်ရှိကြ၏။
၂၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ထွက်လာကြပြီး၊ အပင်ဆီသို့ သွယ်တန်းသော လမ်း၌ စ၍လျှောက်ကြ၏။
၂၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အမှောင်ထုဖြစ်ပေါ်လာ၏။ အမှန်စင်စစ်၊ အလွန်ကြီးစွာသော အမှောင်ထုပင်ဖြစ်၍၊ လမ်း၌ စ၍လျှောက်ကြလေပြီးသောသူတို့ လမ်းပျောက်ကြ၊ မျက်စိလည်၍ ပျောက်ဆုံးကြသည့်တိုင်အောင်ပင်တည်း။
၂၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် အခြားသောသူများ ရှေ့သို့ဆက်၍ ကြိုးစားအားထုတ်နေကြသည်ကို မြင်တွေ့၏။ သူတို့သည်လည်း ရှေ့သို့ထွက်လာ၍၊ သံတန်း၏ အဖျားကို ဖမ်းကိုင်၍၊ အပင်၏ အသီးကို သုံးဆောင်ကြရသည်အထိပင် သံတန်းကို တင်းကျပ်စွာဆုပ်ကိုင်လျက်၊ အမှောင်ထုကိုဖြတ်၍၊ ရှေ့သို့ဆက်ပြီးကြိုးစား အားထုတ်ကြ၏။
၂၅ သူတို့သည်လည်း အပင်၏အသီးကို သုံးဆောင်ကြလေပြီးနောက်၊ ရှက်ကြောက်သကဲ့သို့ဖြစ်၍ အရပ်ရပ်သို့ မျှော်ကြည့်ကြ၏။
၂၆ ငါသည်လည်း အရပ်ရပ်သို့ မျှော်ကြည့်ရာ ရေစီးရာမြစ်၏အခြားတစ်ဖက်ကမ်း ပေါ်၌ ကြီးမားကျယ်ဝန်းသော အဆောက်အအုံတစ်ခုကို မြင်၏။ ၎င်းသည် မြေကြီးအထက်မြင့်သောနေရာ၊ လေထဲ၌ တည်နေသကဲ့သို့ရှိ၏။
၂၇ ထိုအရာသည် ယောက်ျား၊ မိန်းမ၊ အသက်ကြီးသူ၊ အသက်ငယ်သူတို့နှင့်ပြည့်လျက်ရှိ၏။ ထိုသူတို့၏ ဝတ်ဆင်ပုံဟန်ပန်မှာ အလွန်လှပ၏။ သူတို့သည် အသီးကို လာ၍ သုံးဆောင်နေကြသောသူတို့ကို လက်ညှိုးထိုး၍ ကဲ့ရဲ့နေကြ၏။
၂၈ သူတို့သည် အသီးကိုမြည်းစမ်းခဲ့ကြလေပြီးနောက်၊ မိမိတို့ကို ပြက်ရယ်ပြုနေကြသော သူများကြောင့် ရှက်ကြောက်၍၊ တားမြစ်ထားသော လမ်းများသို့ ရွေ့လျော့ဖောက်ပြန်၍ ပျောက်ဆုံးကြ၏။
၂၉ ယခုမူကား၊ ငါနီဖိုင်းသည် ငါ့အဘ၏စကား အလုံးစုံတို့ကို မပြော။
၃၀ သို့ရာတွင်၊ ရေးရာ၌ အကျဉ်းချုပ်၍ဆိုရလျှင်၊ ရှုလော့၊ သူသည် အခြားလူအစုအဝေးတို့ ရှေ့သို့ဆက်၍ကြိုးစားအားထုတ်သည်ကို မြင်၏။ သူတို့သည်လည်း ထွက်လာ၍၊ သံတန်း၏အဖျားကို ဖမ်းကိုင်ကြ၏။ သူတို့သည် သံတန်းကို အစဉ်မပြတ် ခိုင်မြဲစွာကိုင်ထားလျက် ထွက်လာ၍ လဲကျပြီး၊ အပင်၏အသီးကို သုံးဆောင်ကြသည်အထိ လုံ့လစိုက်လျက် ရှေ့သို့ဆက်၍ကြိုးစား အားထုတ်ကြ၏။
၃၁ အခြားလူအစုအဝေးတို့ကြီးမားကျယ်ဝန်းသော အဆောက်အအုံဆီသို့ သွားသည့်လမ်းကို စမ်းတဝါးဝါး ရှာနေကြသည်ကိုလည်း သူမြင်၏။
၃၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ များစွာသောသူတို့သည် မြစ်ရေနက်၌ နစ်မြုပ်၍၊ များစွာတို့သည် အကျွမ်းမဝင်သောလမ်းများ၌ မျက်စိလည်လျက် သူ့မြင်ကွင်းမှ ပျောက်ဆုံးကြ၏။
၃၃ မြောက်မြားလှသည်ကား၊ ထူးဆန်းသော အဆောက်အအုံအတွင်းသို့ ဝင်သွားသည့် လူအစုအဝေး ဖြစ်၏။ သူတို့သည် ထိုအဆောက်အအုံအတွင်းသို့ ဝင်သွားကြပြီးနောက်၊ ငါ့ဆီသို့၊ ထို့အတူ အသီးကို သုံးဆောင်နေကြသောသူများဆီသို့လည်း ပြက်ရယ်ပြုသော လက်ညှိုးဖြင့်ထိုးကြ၏။ သို့ရာတွင် ငါတို့သည် ထိုသူတို့ကို ပမာဏပြုခြင်းမရှိကြ။
၃၄ ငါ့အဘ၏ဤစကားများသည်ကား၊ ထိုသူတို့ကို ပမာဏပြုကြသူမှန်သမျှသည် ရွေ့လျော့ဖောက်ပြန်လေ၏ဟု ဖြစ်သတည်း။
၃၅ လာမန်နှင့် လေမွေလတို့သည်လည်း အသီးကိုမသုံးဆောင်ကြဟု ငါ့အဘကဆို၏။
၃၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ့အဘသည် သူ့အိပ်မက် သို့မဟုတ်၊ ရူပါရုံတို့အကြောင်း များစွာသော စကားအလုံးစုံတို့ကို ပြောခဲ့လေပြီးနောက်၊ ရူပါရုံ၌ သူမြင်ရသောအရာများကြောင့် လာမန်နှင့် လေမွေလတို့အတွက် လွန်စွာစိုးရိမ်ကြောင်း၊ ငါတို့ကို ပြောပြ၏။ အထူးသဖြင့်၊ ကိုယ်တော်ရှင်၏မျက်မှောက်မှ သူတို့စွန့်ပစ်ခံရမည်ကို သူစိုးရိမ်၏။
၃၇ သူ၏စကားများကို သူတို့စေ့စေ့နားထောင်ကြမည့်အကြောင်းနှင့်၊ ကိုယ်တော်ရှင်က သူတို့ကို ကရုဏာ ကြီးကောင်းကြီးတော်မူ၍၊ နှင်မထုတ်စေမည့်အကြောင်း၊ ကြင်နာသနားတတ်သော မိဘတစ်ဦး၏စိတ်ခံစားမှုအလုံးစုံဖြင့် သူတို့ကိုတိုက်တွန်း၏။ ထိုမှတစ်ပါး၊ ငါ့အဘသည် သူတို့ကို ဟောပြော၏။
၃၈ သူတို့ကို ဟောပြောလျက်၊ များစွာသောအရာတို့ကိုလည်း ပရောဖက်ပြု၍ သူဟောလေပြီးနောက်၊ ကိုယ်တော်ရှင်၏ပညတ်တော်များကို စောင့်ထိန်းကြရန် သူတို့ကို ပြောဆို၏။ ထို့နောက်တွင်၊ သူတို့အား ဟောပြောခြင်းကို ရပ်တန့်၏။