အခန်းကြီး ၁၉
နီဖိုင်းသည် သတ္တုရိုင်းပြားများကို ပြုလုပ်၍၊ သူ့လူမျိုးတို့၏သမိုင်းကြောင်းကို မှတ်တမ်းပြု၏—ဣသရေလအမျိုး၏ဘုရားသခင်သည် လေဟိ ယေရုရှလင်မြို့ကို စွန့်ခွာခဲ့သည့်အချိန်မှစ၍ နှစ်ပေါင်း ခြောက်ရာကြာလျှင်၊ ကြွလာတော်မူလိမ့်မည်—သူ၏ဒုက္ခဝေဒနာခံစားရခြင်းများနှင့် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ခံရတော်မူခြင်းတို့ကို နီဖိုင်းက ပြောပြ၏—ယုဒလူမျိုးတို့သည် ကိုယ်တော်ရှင်ထံပြန်လာကြမည့် နောက်ပိုင်းကာလများအထိ၊ မထီမဲ့မြင်ပြုခြင်းကို ခံရလျက်၊ ကွဲပြားပြန့်ကျဲကြလိမ့်မည်။ ဘီစီ ၅၈၈–၅၇၀ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်က ငါ့ကို မိန့်တော်မူ၏။ သို့ဖြစ်၍၊ ငါသည် သတ္တုရိုင်းပြားများကို ပြုလုပ်ခဲ့သည်မှာ ၎င်းတို့အပေါ်တွင် ငါ၏လူမျိုးတို့အကြောင်း မှတ်တမ်းကို ရေးထွင်းနိုင်ခြင်းငှာဖြစ်၏။ ငါပြုလုပ်လေပြီးသော ပုရပိုက်ပြားများပေါ်တွင် ငါ့အဘ၏မှတ်တမ်း၊ ထို့အတူ တောရိုင်းထဲ၌ ငါတို့၏ခရီးသွားခြင်းများနှင့်ငါ့အဘ၏ ပရောဖက်ပြုဟောချက်များကို ငါရေးထွင်းခဲ့၏။ ငါကိုယ်တိုင်၏ ပရောဖက်ပြုဟောချက်များစွာတို့ကိုလည်း ၎င်းတို့အပေါ်တွင် ငါရေးထွင်းလေပြီ။
၂ ငါသည် ၎င်းတို့ကို ပြုလုပ်ချိန်၌ ဤပုရပိုက်ပြားများပြုလုပ်ဖို့ ကိုယ်တော်ရှင်၏ မိန့်တော်မူခြင်းခံရမည်ကို သိခြင်းမရှိခဲ့။ သို့ဖြစ်၍၊ ငါ့အဘ၏မှတ်တမ်းများ၊ သူ့ဘိုးဘေးတို့၏ဆွေစဉ်မျိုးဆက်မှတ်တမ်းနှင့် တောရိုင်းထဲ၌ ငါတို့၏လုပ်ဆောင်မှုများအားလုံးမှ အများစုကို ငါပြောလေသည့် ထိုပထမပုရပိုက်ပြားများပေါ်တွင် ရေးထွင်းထား၏။ သို့ဖြစ်၍၊ ဤပုရပိုက်ပြားများကို ငါမပြုလုပ်ခင်က ဖြစ်ပျက်ခဲ့သောအရာများကို ပထမပုရပိုက်ပြားများပေါ်တွင်၊ အမှန်ပင်၊ ပိုပြီးအသေးစိတ် ဖော်ပြထား၏။
၃ ပညတ်တော်အတိုင်း၊ ဤပုရပိုက်ပြားများကို ငါပြုလုပ်ခဲ့လေပြီးနောက်၊ ငါနီဖိုင်းသည် အမှုတော်ဆောင်ခြင်းနှင့် ပရောဖက်ပြုဟောချက်များ၊ ထိုအရာတို့မှ ပို၍ရှင်းလင်းပြီး အဖိုးထိုက်သည့် အစိတ်အပိုင်းများကို ဤပုရပိုက်ပြားများအပါ်၌ ရေးရမည်ဟူသော ပညတ်တော်ကို လက်ခံရရှိ၏။ ရေးထားသောအရာများကိုလည်း ထိုမြေကိုပိုင်ဆိုင်မည့် ငါ့လူမျိုးများသို့ သွန်သင်ခြင်းအတွက်နှင့် ထို့အတူ ကိုယ်တော်ရှင် သိမှတ်တော်မူသည့် ဉာဏ်ပညာရှိသော အခြားကြံရွယ်ချက်များ အတွက်လည်း သိမ်းဆည်းထားရပေမည်။
၄ သို့ဖြစ်၍၊ ငါနီဖိုင်းသည် ငါ့လူမျိုးတို့၏ စစ်တိုက်ခြင်းများ၊ ရန်တွေ့ခြင်းများ၊ ပျက်စီးခြင်းများအကြောင်းပါရှိသည့် သို့မဟုတ် သာ၍အသေးစိတ်သောအကြောင်းပါရှိသည့် မှတ်တမ်းတစ်ခုကို အခြားပုရပိုက်ပြားများပေါ်တွင် ပြုစု၏။ ဤသို့ ပြုစုလျက်၊ ငါသေသွားပြီးနောက်၊ ငါ့လူမျိုးတို့ပြုရမည့်အရာကိုလည်းကောင်း၊ ဤပုရပိုက်ပြားများကို ကိုယ်တော်ရှင်ထံမှ နောက်ထပ်ပညတ်တော်များရရှိသည့်တိုင်အောင် မျိုးဆက်တစ်ခုမှတခြားတစ်ခုသို့ သို့မဟုတ် ပရောဖက်တစ်ပါးမှ တခြားတစ်ပါးသို့ လက်ဆင့်ကမ်း၍ပေးသွားရမည်ကိုလည်းကောင်း ငါမှာကြား၏။
၅ ငါ၏ဤပုရပိုက်ပြားများပြုလုပ်ခြင်းအကြောင်းမှတ်တမ်းကို နောင်ကာလမှ ရေးဦးမည်။ ထို့နောက်တွင်၊ ရှုလော့၊ ငါသည် ပြောလေသည့်အတိုင်း ဆက်၍ရေး၏။ ဤသို့ ပြုသည်မှာ၊ ပို၍သန့်ရှင်းမွန်မြတ်သောအရာများကို ငါ့လူမျိုးတို့၏အသိပညာအတွက် သိမ်းဆည်းထားနိုင်ခြင်းငှာ ဖြစ်၏။
၆ သို့သော်လည်း၊ သန့်ရှင်းမွန်မြတ်သည်ဟု ငါထင်မှတ်သောအရာမှတစ်ပါး၊ အဘယ်အရာကိုမျှ ပုရပိုက်ပြားများပေါ်တွင် ငါမရေး။ ယခုမူကား၊ ငါသည် အမှားအယွင်းပြုမိလျှင်၊ ရှေးယခင်က သူတို့ အမှားအယွင်းပြုခဲ့သည်ပင်ဖြစ်စေ၊ ငါသည် အခြားသောသူများကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းမှ ကင်းလွတ်လိုမည်မဟုတ်။ သို့ရာတွင်၊ လူဇာတိအတိုင်း ငါ့၌ရှိသော အားနည်းချက်ကြောင့်၊ ငါသည် ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းမှ ကင်းလွတ်လို၏။
၇ အကြောင်းမူကား၊ အချို့သောသူတို့က ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်နှစ်ခုစလုံးအတွက် ကြီးစွာအဖိုးထိုက်သည်ဟု ထင်မှတ်သောအရာတို့ကို အခြားသူများက အလေးမထားဘဲလျစ်လျူရှုလျက် သူတို့ခြေဖြင့်နင်းကြ၏။ အမှန်စင်စစ်၊ ဣသရေလအမျိုး၏ မှန်သောဘုရားသခင်ကိုပင် လူတို့က သူတို့ခြေဖြင့်နင်းကြ၏။ သူတို့ခြေဖြင့်နင်းကြသည်ဟု ငါဆို၏။ သို့ရာတွင်၊တစ်နည်းအားဖြင့် ငါပြောလိုသည်ကား—သူ့ကို အလေးမထားဘဲလျစ်လျူရှုပြီး၊ သူ၏သွန်သင်တော်မူသည့် အသံတော်ကို စေ့စေ့နားမထောင်ကြ။
၈ ရှုဦးလော့၊ ငါတို့အဘ ယေရုရှလင်ကို စွန့်ခွာခဲ့သည့်အချိန်မှစ၍ နှစ်ပေါင်းခြောက်ရာကြာပြီးနောက်၊ ကောင်းကင်တမန်၏စကားများအတိုင်း သူကြွလာတော်မူ၏။
၉ လောကသည် မိမိတို့၏ဒုစရိုက်ကြောင့်၊ သူ့ကို တန်ဖိုးမရှိသောအရာအဖြစ် ပြစ်တင်ရှုတ်ချကြလိမ့်မည်။ သို့ဖြစ်၍၊ သူတို့ကရိုက်ပုတ်၍ သူခံစား၏။ သူတို့က တိုက်ခိုက်၍ သူခံစား၏။ ထိုမှတစ်ပါး၊ သူတို့က တံတွေးဖြင့်ထွေးသည်ကိုလည်း လူသားတို့အပေါ် သူ၏ချစ်သောကြင်နာခြင်းနှင့် စိတ်ရှည်တော်မူခြင်းတို့ကြောင့် သူခံစား၏။
၁၀ အဲဂုတ္တုပြည်၌ ကျွန်ခံရာမှ ဆောင်ခြင်းခံခဲ့ရ၊ ထို့အတူ တောရိုင်းထဲတွင်လည်း သူ့အားဖြင့် ကာကွယ်စောင့်မခြင်းခံခဲ့ရသူများတည်းဟူသော ငါတို့ဘိုးဘေးတို့၏ဘုရားသခင်၊ အထူးသဖြင့်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ဘုရားသခင်၊ ယာကုပ်၏ဘုရားသခင်သည် ဇေနော့၏စကားအတိုင်း မြှောက်ထားခံရတော်မူခြင်းငှာလည်းကောင်း၊ နေရုံ၏စကားအတိုင်း လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ခံရတော်မူခြင်းငှာလည်းကောင်း၊ ပင်လယ်တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၌ နေထိုင်ကြမည့်သူတို့အား ပြတော်မူသည့်၊ အထူးသဖြင့်၊ ဣသရေလအမျိုးသားများဖြစ်ကြလေသူတို့အား သူ၏သေခြင်းကိုပြတော်မူသည့် နိမိတ်လက္ခဏာဖြစ်လိမ့်မည့် ဇေနုတ်ပြောလေသည့် မှောင်မိုက်ခြင်း သုံးရက်အကြောင်းဖြစ်လေသည့် သူ၏စကားအတိုင်း သင်္ချိုင်းတွင်းထဲမှာ ထားစေခြင်းငှာလည်းကောင်း ကောင်းကင်တမန်၏စကားများအတိုင်း လူသားတစ်ယောက်အဖြစ် ဆိုးညစ်သောသူများ၏လက်သို့ မိမိကိုယ်ကို စွန့်လွှတ်ပေးအပ်တော်မူ၏။
၁၁ ပုရောဖက်ဟောလေသည်ကား၊ ကိုယ်တော်ရှင်ဘုရားသခင်သည် ထိုကာလ၌ ခပ်သိမ်းသော ဣသရေလအမျိုးသားများသို့၊ အချို့သောသူများကို သူတို့၏ဖြောင့်မတ်ခြင်းကြောင့် သူတို့၏ ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် ကယ်တင်ခြင်းသို့ ရောက်သည့်တိုင်အောင် သူ၏အသံတော်နှင့်လည်းကောင်း၊ အခြားသောသူများသို့ သူ၏တန်ခိုးတော်မှ မိုးချုန်းခြင်း၊ လျှပ်စီးလက်ခြင်းတို့နှင့်အတူ မိုးသက်မုန်တိုင်း၊ မီးလျှံ၊ မီးခိုး၊ အမှောင်ထု၊ မြေကြီးအက်ကွဲခြင်းနှင့် တောင်များအားမြင့်တက်စေခြင်းတို့ဖြင့်လည်းကောင်း ဧကန်အမှန် အကြည့်အရှုကြွတော်မူလိမ့်မည်။
၁၂ ဤအရာခပ်သိမ်းတို့ ဧကန်အမှန်ဖြစ်လာရမည်ဟုလည်း ပရောဖက်ဇေနုတ်က ဟော၏။ မြေကြီးထဲမှကျောက်များ ပေါက်ကွဲရမည်။ မြေကြီးက ညည်းတွားခြင်းကြောင့်၊ ပင်လယ်တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၏ များစွာသောရှင်ဘုရင်တို့သည် လောကဓာတ်၏ဘုရားသခင် ဒုက္ခဝေဒနာခံစားတော်မူလေပြီတကားဟု ဟစ်ကြွေးစေဖို့ ဘုရားသခင်၏ဝိညာဉ်တော် အရှိန်ဩဇာသက်ရောက်တော်မူသည်ကို ခံရကြလိမ့်မည်။
၁၃ ယေရုရှလင်မြို့၌ရှိကြသောသူများနှင့် စပ်လျဉ်း၍ ပရောဖက်ဟောလေသည်ကား၊ သူတို့သည် ဣသရေလအမျိုး၏ဘုရားသခင်အား လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ခြင်း၊ သူတို့စိတ်နှလုံးကို လှည့်၍၊ နိမိတ်လက္ခဏာများ၊ အံ့မခန်းချီးမွမ်းဖွယ်အမှုများ၊ ဣသရေလအမျိုး၏ဘုရားသခင်၏တန်ခိုးတော်နှင့် ဘုန်းတော်တို့ကို ငြင်းပယ်ကြလေသောကြောင့် လူခပ်သိမ်းတို့၏ ဒုက္ခပေးခြင်းကို ခံရကြလိမ့်မည်။
၁၄ ပရောဖက်ကဟောလေသည်ကား၊ သူတို့သည် မိမိတို့စိတ်နှလုံးကို လှည့်၍၊ ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရားကို မထီမဲ့မြင်ပြုကြသောကြောင့်၊ ဇာတိကိုယ်ခန္ဓာဖြင့် အရပ်ရပ်သို့လည်၍ ပျက်စီးကြပြီး ပုံခိုင်းကဲ့ရဲ့ရာဖြစ်လာကြ၍၊ ခပ်သိမ်းသော ပြည်သားတို့၌ မုန်းတီးခံရကြပေမည်။
၁၅ သို့သော်လည်း၊ ထိုကာလကျရောက်လာသောအခါ၊ ပရောဖက်ဟောလေသည်ကား၊ သူတို့သည် ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရားတစ်ဖက်၌ သူတို့စိတ်နှလုံးကို လမ်းမလွှဲကြတော့။ ထိုနောက်တွင်၊ သူတို့ဘိုးဘေးများထံ ပြုထားတော်မူခဲ့လေသော ပဋိညာဉ်များကို သူအောက်မေ့တော်မူလိမ့်မည်။
၁၆ ထို့နောက်တွင်၊ ပင်လယ်တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံအရပ်သားတို့ကို အောက်မေ့တော်မူလိမ့်မည်။ ထိုမှတစ်ပါး၊ ဣသရေလအမျိုးသားများဖြစ်သည့် လူခပ်သိမ်းတို့ကို မြေကြီးလေးမျက်နှာမှ ငါပြန်လည်စုစည်းမည်ဟု ကိုယ်တော်ရှင် မိန့်တော်မူလေသည်ကား ပရောဖက်ဇေနုတ်၏စကားများအတိုင်းပင်တည်း။
၁၇ ထိုမှတစ်ပါး၊ မြေကြီးပေါ်ရှိခပ်သိမ်းသောသူတို့သည် ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကို သိမြင်ကြလိမ့်မည်။ ပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကိုပြောသူနှင့် လူမျိုးမှန်သမျှ ကောင်းချီးခံစားရကြလိမ့်မည်ဟု ပရောဖက်က ဟော၏။
၁၈ ငါနီဖိုင်းသည် ဤအရာများကို ငါ၏လူမျိုးများသို့ ရေးလေသည်မှာ၊ သူတို့၏ရွေးနှုတ်ရှင်၊ ကိုယ်တော်ရှင်အား သူတို့အောက်မေ့ကြစေမည့်အကြောင်း ဖျောင်းဖျကောင်းဖျောင်းဖျနိုင်စေခြင်းငှာပေတည်း။
၁၉ သို့ဖြစ်၍၊ ခပ်သိမ်းသောဣသရေလအမျိုးသားများသို့ ငါဟောပြောသည်ကား၊ ဤအရာတို့ကို သူတို့ရရှိကြစေခြင်းငှာပေတည်း။
၂၀ ရှုလော့၊ ယရုရှလင်မြို့ ၌ရှိသောသူများအတွက် ငါ၏အရိုးဆစ်ခပ်သိမ်းတို့ အားနည်းသည့်တိုင်အောင်ပင် စိတ်အားကြီးစွာအလုပ်လုပ်နေခြင်းက ငါ့ကို မောပန်းစေ၏။ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် သူတို့အကြောင်းကို ရှေးပရောဖက်များကိုကဲ့သို့ပင် ငါ့ကို ဖော်ပြရန် ကရုဏာကြီးတော်မမူခဲ့ လေလျှင်၊ ငါသည်လည်း ပျက်စီးရပေလိမ့်မည်။
၂၁ ထိုသူတို့နှင့် စပ်လျဉ်းသည့်ခပ်သိမ်းသောအရာတို့ကို ရှေးပရောဖက်တို့အား သူဧကန်အမှန် ဖော်ပြတော်မူခဲ့၏။ ပရောဖက်များစွာတို့အား ငါတို့အကြောင်းကိုလည်း သူဖော်ပြတော်မူခဲ့၏။ သို့ဖြစ်၍၊ ထိုအရာတို့ကို ကြေးပုရပိုက်ပြားများပေါ်တွင် ရေးထားသောကြောင့် ငါတို့သည် ထိုသူတို့အကြောင်းကို သိရန်လိုအပ်၏။
၂၂ ယခုတွင်အချိန်တန်လာသောအခါ၊ ငါနီဖိုင်းသည် ဤအရာများကို ငါညီအစ်ကိုတို့အား သွန်သင်ပေး၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အခြားအရပ်များရှိ ရှေးလူတို့ ၌ ကိုယ်တော်ရှင်၏အမှုတော်များအကြောင်းကို သူတို့သိနိုင်ကြစေခြင်းငှာ၊ ကြေးပုရပိုက်ပြားများပေါ်တွင် ရေးထွင်းထားသည့် များစွာသောအရာများကို သူတို့အား ငါတ်ဖတ်ပြ၏။
၂၃ မောရှေကျမ်းများ၌ ရေးထားသောအရာများစွာတို့ကိုလည်း သူတို့ကို ငါဖတ်ပြ၏။ သို့ရာတွင်၊ သူတို့၏ရွေးနှုတ်ရှင် ကိုယ်တော်ရှင်ကို ယုံကြည်ကြစေရန် သူတို့ကို ငါပို၍ပြည့်စုံစွာဖျောင်းဖျနိုင်ခြင်းငှာ၊ ပရောဖက်ဟေရှာယရေးထားသည်ကို ငါဖတ်ပြ၏။ အကြောင်းမူကား၊ ခပ်သိမ်းသောကျမ်းစာများကို ငါတို့အတွက် ငါကျင့်သုံးသည်မှာ၊ ငါတို့၏အကျိုးနှင့် သင်ယူခြင်းအတွက်ဖြစ်စေကြောင်းပင်တည်း။
၂၄ သို့ဖြစ်၍၊ သူတို့ကို ငါဆိုသည်ကား၊ ဣသရေလအမျိုးသားတို့၏ ကျန်ကြွင်းသောသူများဖြစ်ကြသော၊ ကွဲကွာခဲ့လေသည့်သူတစ်စုဖြစ်သော သင်တို့သည် ပရောဖက်၏စကားများကို ကြားနာကြလော့။ ခပ်သိမ်းသောဣသရေလအမျိုးသားများသို့ ရေးထားလေသော ပရောဖက်၏စကားများကို သင်တို့ကြားနာကြလော့။ သင်တို့ ကွဲကွာခဲ့လေရာမှ သင်တို့၏ညီအစ်ကိုများကဲ့သို့ပင် မျှော်လင့်ခြင်းရှိနိုင်ကြစေကြောင်း ထိုစကားများကို သင်တို့ကိုယ်တိုင်အတွက် ကျင့်သုံးကြလော့။ အကြောင်းမူကား၊ ဤကဲ့သို့ပင် ပရောဖက်က ရေးထားလေသတည်း။