အခန်းကြီး ၁၈
သင်္ဘောတည်ဆောက်ခြင်းပြီးဆုံး၏—ယာကုပ်နှင့် ယောသပ်တို့၏ မွေးဖွားခြင်းကို ဖော်ပြ၏—ထိုလူစုသည် ကတိတော်မြေဆီသို့ သွားခြင်းငှာ သင်္ဘောပေါ်တက်၏—ဣရှမေလ၏သားများနှင့် သူတို့၏ဇနီးများသည် ပျော်ရွှင်မြူးတူးခြင်းနှင့် ပုန်ကန်ခြင်းတွင် ပူးပေါင်းကြ၏—နီဖိုင်းသည် ချည်နှောင်ခံရလျက်၊ သင်္ဘောသည် ကြောက်မက်ဖွယ်ကောင်းသော မိုးသက်မုန်တိုင်းအားဖြင့် နောက်ကို ပြန်၍ လွင့်ပါသွား၏—နီဖိုင်းလွတ်မြောက်၍ သူ၏ဆုတောင်းခြင်းအားဖြင့် မုန်တိုင်းစဲ၏—လူတို့သည် ကတိတော်မြေသို့ ရောက်ရှိကြ၏။ ဘီစီ ၅၉၁–၅၈၉ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ကိုယ်တော်ရှင်အား ကိုးကွယ်၍၊ ငါနှင့်အတူ ထွက်သွားကြ၏။ ငါတို့သည် သစ်သားများကို အနုစိတ်လက်ရာဖြင့် ပြုလုပ်ကြ၏။ သစ်သားများနှင့် သင်္ဘောကို အဘယ်သို့ပြုလုပ်ရမည်ကိုလည်း ကိုယ်တော်ရှင်သည် ငါ့ကို အချိန်နှင့်အမျှ ပြတော်မူ၏။
၂ ယခုမူကား၊ ငါနီဖိုင်းသည် လူတို့လေ့လာထားသောနည်းဖြင့် သစ်သားများကိုမလုပ်၊ သင်္ဘောကိုလည်း လူတို့၏နည်းဖြင့် မတည်ဆောက်ဘဲ၊ ငါ့ကို ကိုယ်တော်ရှင်ပြတော်မူလေသည့် နည်းအတိုင်း တည်ဆောက်၏။ သို့ဖြစ်၍၊ လူတို့၏နည်းအတိုင်း မဟုတ်။
၃ ငါနီဖိုင်းသည် တောင်ပေါ်သို့လည်း အကြိမ်ကြိမ်သွား၍ ကိုယ်တော်ရှင်ထံသို့ အကြိမ်ကြိမ်ဆုတောင်း၏။ သို့ဖြစ်၍၊ ကိုယ်တော်ရှင်သည် ကြီးစွာသောအရာများကို ငါ့အား ပြတော်မူ၏။
၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ကိုယ်တော်ရှင်၏စကားအတိုင်း သင်္ဘောတည်ဆောက်ပြီးမှ၊ ကောင်းမွန်၍၊ အလွန်လက်ရာမြောက်သည်ကို ငါ၏အစ်ကိုတို့ မြင်တွေ့ကြ၏။ သို့ဖြစ်၍၊ သူတို့သည် ကိုယ်တော်ရှင်၏ရှေ့၌ သူတို့ကိုယ်သူတို့ တစ်ဖန်နှိမ့်ချကြ၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်၏အသံသည် ငါ၏အဘထံသို့ရောက်လာသည်မှာ ငါတို့ထ၍ သင်္ဘောအတွင်းသို့ ဆင်းသွားရမည့်အကြောင်းပေတည်း။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နက်ဖြန်နေ့တွင်၊ ငါတို့သည် ကိုယ်တော်ရှင်မိန့်တော်မူထားလေသည့်အတိုင်း၊ တောရိုင်းထဲမှ များစွာသော အသီးများနှင့် အသားများ၊ မြောက်မြားစွာသောပျားရည်များ၊ ရိက္ခာများ၊ ခပ်သိမ်းသောအရာများကို ပြင်ဆင်ကြလေပြီးနောက်၊ ငါတို့၏ခပ်သိမ်းသောပစ္စည်းများ၊ ငါတို့၏မျိုးစေ့များ၊ အယောက်တိုင်း မိမိအသက်အရွယ်အလိုက်၊ ငါတို့ယူဆောင်လာခဲ့သမျှသော အရာများနှင့်အတူ သင်္ဘောအတွင်းသို့ ဆင်းသွားကြ၏။ သို့ဖြစ်၍၊ ငါတို့အားလုံးသည် ငါတို့၏ဇနီးများ၊ ငါတို့၏သားသမီးများနှင့်အတူ သင်္ဘောအတွင်းသို့ ဆင်းသွားကြ၏။
၇ ယခုမူကား၊ ငါ၏အဘသည် တောရိုင်းထဲ၌ သားနှစ်ယောက်ကို ဖွားမြင်စေ၏။ အကြီးကို ယာကုပ်၊ အငယ်ကို ယောသပ်ဟု ခေါ်၏။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့အားလုံးသည် သင်္ဘောအတွင်းသို့ ဆင်းသွားကြ၏။ မိန့်မှာထားတော်မူခဲ့လေသည့်အတိုင်း ငါတို့၏ရိက္ခာများနှင့် ပစ္စည်းများကို ငါတို့နှင့် အတူယူဆောင်ခဲ့ကြလေပြီးနောက် ပင်လယ်ကို ကူး၍ လေအားဖြင့် ကတိတော်မြေဆီသို့ တွန်းပို့ခံရကြလေ၏။
၉ ငါတို့သည် လေအားဖြင့် ရက်ပေါင်းများစွာကြာအောင် ရွေ့လျားကြပြီးနောက်၊ ရှုလော့၊ ငါ၏ညီအစ်ကိုများ၊ ဣရှမေလ၏သားများနှင့် သူတို့၏ဇနီးများသည်လည်း ပျော်မွေ့စပြု၍ ကကြ၊ ဆိုကြပြီး၊ ရိုင်းစိုင်းမှုများစွာနှင့် ပြောစပြုခဲ့ကြ၏။ ထိုမှတစ်ပါး၊ သူတို့သည် အဘယ်တန်ခိုးအားဖြင့် ထိုနေရာသို့ ဆောင်ယူခံခဲ့ရလေသည်ကိုပင် မေ့ကြ၏။ ထိုမှတစ်ပါး၊ သူတို့သည် အလွန်ရိုင်းစိုင်းသည်အထိ ဘဝင်မြင့်ကြလေ၏။
၁၀ ငါနီဖိုင်းသည်လည်း ငါတို့၏ဒုစရိုက်များကြောင့် ငါတို့ကို ကိုယ်တော်ရှင်အမျက်ထွက်တော်မူ၍၊ ဒဏ်ခတ်ပြီး၊ ပင်လယ်ရေနက်ထဲ၌ ဝါးမျိုခံရကြမည်ကို လွန်စွာကြောက်ရွံ့စပြု၏။ သို့ဖြစ်၍၊ ငါနီဖိုင်းသည် သူတို့ကို အလွန်တည်ကြည်လေးနက်စွာ ပြောစပြု၏။ သို့ရာတွင်၊ ရှုလော့၊ သူတို့သည် ငါ့ကို အမျက်ထွက်၍၊ ငါတို့၏ညီငယ်ကို ငါတို့အပေါ် အုပ်စိုးသူတစ်ယောက်ဖြစ်စေကြောင်း ငါတို့အလိုမရှိဟုဆိုကြ၏။
၁၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်နှင့် လေမွေလတို့သည် ငါ့ကို ဖမ်းဆီး၍၊ ကြိုးများနှင့် ချည်နှောင်လျက်၊ အလွန်ရက်စက်ကြမ်းကြုတ်မှုဖြင့် ပြုမူခဲ့ကြ၏။ အဘယ်သို့ပင်ဖြစ်စေ၊ ကိုယ်တော်ရှင်က ထိုသို့ အခွင့်ပေးတော်မူခဲ့သည်မှာ၊ ဆိုးညစ်သောသူများနှင့် စပ်လျဉ်း၍၊ မိန့်တော်မူခဲ့လေသော သူ၏နှုတ်ကပတ်တော်ကို ပြီးပြည့်စုံစေခြင်းသို့တိုင်အောင် သူ၏တန်ခိုးတော်ကို ပြတော်မူနိုင်ခြင်းငှာပေတည်း။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ငါ့ကို ချည်နှောင်ခဲ့လေသဖြင့်၊ ငါသည် မရွေးလျားနိုင်ခဲ့၊ ကိုယ်တော်ရှင်ပြင်ဆင်ထားတော်မူခဲ့လေသည့် လမ်းညွှန်လုံးသည် လှုပ်ရှားမှုရပ်တန့်၏။
၁၃ သို့ဖြစ်၍၊ သူတို့သည် သင်္ဘောကို အဘယ်အရပ်သို့ ဦးတည်ရမှန်း သိခြင်းမရှိကြတော့ဘဲ ပြင်းထန်သောမုန်တိုင်း၊ အမှန်စင်စစ်၊ ကြီးစွာသော ကြောက်မက်ဖွယ်မိုးသက်မုန်တိုင်း ဖြစ်ပေါ်လာ၍ ငါတို့သည် ရေပေါ်၌ သုံးရက်ကြာအောင် နောက်ကို ပြန်၍ လွင့်ပါသွားကြ၏။ သူတို့သည် ပင်လယ်ထဲ၌ နစ်မြုပ်မည်ကိုလည်း လွန်စွာကြောက်လန့်စပြုကြ၏။ သို့သော်လည်း ငါ့ကို လွှတ်မပေးကြ။
၁၄ ငါတို့ နောက်ကို ပြန်၍ လွင့်ပါသည့် လေးရက်မြောက်သောနေ့၌ မိုးသက်မုန်တိုင်းသည် အလွန်ပြင်းထန်စပြု၏။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် ပင်လယ်ရေနက်ထဲ၌ ဝါးမျိုခံရကြတော့မည်ကဲ့သို့ ဖြစ်ကြ၏။ ငါတို့သည် ရေပေါ်၌ လေးရက်ကြာအောင် နောက်ကို ပြန်၍ လွင့်ပါသွားကြလေပြီးနောက်၊ ငါ၏ညီအစ်ကိုတို့သည် ဘုရားသခင်၏တရားစီရင်တော်မူခြင်းများ သူတို့အပေါ်ကျရောက်လေသည်ကိုလည်းကောင်း၊ သူတို့၏ဒုစရိုက်များမှ နောင်တမရကြလျှင်၊ ပျက်စီးရကြမည်ကိုလည်းကောင်း သိမြင်စပြုကြ၏။ သို့ဖြစ်၍၊ ငါ့ထံသို့လာပြီး ငါ၏လက်ကောက်ဝတ်မှ ကြိုးများကို ဖြေလွှတ်ပေးကြ၏။ ရှုဦးလော့၊ ထိုနေရာတို့၌ လွန်စွာရောင်ရမ်း၏။ ငါ၏ခြေချင်းဝတ်များသည်လည်း များစွာ ရောင်ရမ်းလျက်၊ အလွန်နာကျင်လှသည်မှာ ထိုနေရာများမှပင်တည်း။
၁၆ အဘယ်သို့ပင်ဖြစ်စေ၊ ငါသည် ငါ၏ဘုရားသခင်ကို မှီခိုအားကိုးလျက်၊ သူ့ကို တစ်နေ့လုံး ချီးမွမ်း၏။ ငါ၏ဆင်းရဲဒုက္ခများကြောင့် ကိုယ်တော်ရှင်ကို ဆန့်ကျင်ပြီး ညည်းညူအပြစ်တင်ခြင်းမပြု။
၁၇ ယခုမူကား ငါ၏အဘလေဟိသည် သူတို့နှင့် ဣရှမေလ၏သားတို့အား များစွာသောအရာတို့ကို ပြောခဲ့လေ၏။ သို့ရာတွင်၊ ရှုလော့၊ သူတို့သည် ငါ့အတွက်ပြောမည့်သူမှန်သမျှကို ဆန့်ကျင်၍၊ များစွာသောခြိမ်းခြောက်ခြင်းတို့ဖြင့် ပြင်းစွာပြောဆိုခဲ့ကြ၏။ ငါ၏မိဘတို့သည်လည်း အသက်အရွယ်ကြီးရင့်၍၊ သားသမီးများကြောင့် ဝမ်နည်းပူဆွေးခြင်းများစွာ ခံစားရလျက် လူမမာအိပ်ရာထက်၌ပင် လဲကျကြ၏။
၁၈ သူတို့၏ဝမ်းနည်းပူဆွေးခြင်း၊ ဝမ်းနည်းခြင်းများစွာနှင့် ငါ့ညီအစ်ကိုတို့၏ဒုစရိုက်တို့ကြောင့် သူတို့သည် ဤအချိန်၌ သူတို့၏ဘုရားသခင်နှင့်တွေ့စေရန် ခေါ်သွားခံရခါနီးကဲ့သို့ပင် ဖြစ်ကြလေ၏။ ထိုမှတစ်ပါး၊ သူတို့၏ အဖြူအနက်ရောသောဆံပင်များ မြေမှုန့်သို့ ကျရစေတော့မည်ကဲ့သို့ ဖြစ်လေ၏။ ထိုမှတစ်ပါး၊ သူတို့သည် ရေများရာသင်္ချိုင်းထဲသို့ ဝမ်းနည်းစွာ အပစ်ခံရခါနီးကဲ့သို့ပင် ဖြစ်လေ၏။
၁၉ ယာကုပ်နှင့် ယောသပ်တို့သည်လည်း ငယ်ရွယ်၍ ပြုစုစောင့်ရှောက်မှုများစွာလိုအပ်လျက်၊ သူတို့အမိ၏ဆင်းရဲဒုက္ခများကြောင့် ဝမ်းနည်းပူဆွေးကြ၏။ မျက်ရည်များနှင့်အတူ၊ ဆုတောင်းခြင်းများနှင့်ရှိလေသော ငါ၏ဇနီးနှင့် ငါ၏သားသမီးတို့သည်လည်း ငါ့အစ်ကိုများ ငါ့ကို ဖြေလွှတ်ပေးစေကြောင်း သူတို့၏စိတ်နှလုံးကို မပျော့ပျောင်းစေနိုင်ခဲ့ကြ။
၂၀ သူတို့ကို ဖျက်ဆီးခြင်းဖြင့် ခြိမ်းခြောက်သည့် ဘုရားသခင်၏တန်ခိုးတော်မှတစ်ပါး သူတို့စိတ်နှလုံးကို ပျော့ပျောင်းစေနိုင်သည့်အရာ၊ အဘယ်အရာမျှမရှိ။ သို့ဖြစ်၍၊ သူတို့သည် ပင်လယ်ရေနက်ထဲ၌ ဝါးမျိုခံရတော့မည်ကဲ့သို့ဖြစ်သည်ကို သတိပြုမိကြသောအခါ၊ ပြုခဲ့လေသောအမှုများမှ နောင်တရ၍ ငါ့ကို ဖြေလွှတ်ပေးကြ၏။
၂၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ့ကို သူတို့ဖြေလွှတ်ပေးကြပြီးနောက်၊ ရှုလော့၊ ငါသည်လည်း လမ်းညွှန်လုံးကိုယူလျှင်၊ ၎င်းသည် ငါအလိုရှိသည့်အတိုင်း လှုပ်ရှား၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ကိုယ်တော်ရှင်ထံသို့ ဆုတောင်း၏။ ငါ ဆုတောင်းလေပြီးနောက် လေနှင့်မုန်တိုင်းလည်းစဲ၍ ကြီးစွာသောငြိမ်သက်ခြင်းရှိလေ၏။
၂၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါနီဖိုင်းသည် သင်္ဘောကို ပဲ့ကိုင်ပြီး၊ ကတိတော်မြေဆီသို့ ငါတို့တစ်ဖန်ရွက်လွှင့်ခဲ့ကြ၏။
၂၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် ရက်ပေါင်းများစွာကြာအောင်၊ ရွက်လွှင့်ခဲ့ကြပြီးနောက်၊ ကတိတော်မြေသို့ ရောက်ကြ၏။ ငါတို့သည် ထိုမြေပေါ်သို့သွား၍၊ ငါတို့၏တဲများကို ဆောက်ကြ၏။ ငါတို့သည် ထိုမြေကို ကတိတော်မြေဟု ခေါ်ကြ၏။
၂၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် မြေကြီးကို ထွန်ယက်စပြုပြီး၊ မျိုးစေ့များကို စ၍စိုက်ပျိုးကြ၏။ အထူးသဖြင့်၊ ယေရုရှလင်နယ်မြေမှ ငါတို့ယူဆောင်လာသည့် မျိုးစေ့အားလုံးကို မြေကြီးထဲသို့ မြှုပ်ကြ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မျိုးစေ့တို့အပင်ပေါက်ပြီး၊ လွန်စွာဖွံ့ဖြိုးကြ၏။ သို့ဖြစ်၍၊ ငါတို့သည် ကောင်းချီးမြောက်မြားစွာ ခံစားရကြ၏။
၂၅ ဤသို့အားဖြင့် အချိန်တန်လာသောအခါ ငါတို့သည် ကတိတော်မြေပေါ်၌ တောရိုင်းထဲသို့ခရီးသွားစဉ်တွင် လူတို့အတွက် အသုံးပြုစရာဖြစ်သည့် တောထဲရှိသားရဲအမျိုးမျိုး၊ နွားမနှင့်နွားထီး၊ မြည်းနှင့်မြင်း၊ ဆိတ်နှင့်တောဆိတ်၊ အမျိုးမျိုးသော တောတိရစ္ဆာန်တို့ကို ရှာဖွေတွေ့ရှိကြ၏။ အမျိုးမျိုးသောသတ္တုရိုင်း၊ ရွှေ၊ ငွေနှင့်ကြေးနီတို့ကိုလည်း ရှာဖွေတွေ့ရှိကြ၏။