အခန်းကြီး ၂၂
ဣသရေလအမျိုးတို့သည် မြေကြီးမျက်နှာပြင်တစ်ခုလုံးပေါ်၌ ကွဲပြားပြန့်ကျဲကြလိမ့်မည်—တပါးအမျိုးသားတို့က ဣသရေလအမျိုးတို့ကို နောက်ဆုံးသောကာလ၌ ဧဝံဂေလိတရားတော်ဖြင့် ကျွေးမွေး၍၊ ခွန်အားဖြည့်ကြလိမ့်မည်—ဣသရေလအမျိုးတို့သည် စုဝေး၍၊ ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်၊ ဆိုးညစ်သောသူတို့သည် ရိုးပြတ်ကဲ့သို့ လောင်မြိုက်ကြလိမ့်မည်—နတ်ဆိုး၏နိုင်ငံသည် ဖျက်ဆီးခံရလိမ့်မည်၊ စာတန်သည်လည်း ချည်နှောင်ခံရလိမ့်မည်။ ဘီစီ ၅၈၈–၅၇၀ ခန့်။
၁ ယခုတွင်၊ အချိန်တန်လာသောအခါ၊ ငါနီဖိုင်းသည် ကြေးပုရပိုက်ပြားများပေါ်၌ ရေးထွင်းထားသည့် ဤအရာတို့ကို ဖတ်ပြီးနောက်၊ ငါ၏ညီအစ်ကိုတို့သည် ငါ့ထံလာ၍၊ ဆိုကြသည်မှာ၊ သင်ဖတ်လေသည့်အရာများကား အဘယ်သို့ဆိုလိုသနည်း။ ရှုလော့၊ လူဇာတိအတိုင်းမဟုတ်၊ ဝိညာဉ်အတိုင်း ဖြစ်လာလိမ့်မည့် ဝိညာဉ်ပကတိအရာများအတိုင်း ထိုအရာတို့ကို နားလည်နိုင်လိမ့်မည်လောဟု မေးကြ၏။
၂ ငါနီဖိုင်းကလည်း သူတို့ကို ပြောလေသည်ကား၊ ရှုလော့၊ ဝိညာဉ်တော်၏အသံအားဖြင့် ပရောဖက်အား ထိုအရာတို့ကို ထင်ရှားစွာပြလေပြီ။ အကြောင်းမူကား၊ လူသားတို့အပေါ် လူဇာတိအတိုင်းကျရောက်လာမည့်အရာခပ်သိမ်းတို့ကို ဝိညာဉ်တော်အားဖြင့် ပရောဖက်တို့အား ဖော်ပြထား၏။
၃ သို့ဖြစ်၍၊ ငါဖတ်လေသည့်အရာတို့မှာ ဇာတိပကတိ၊ ဝိညာဉ်ပကတိနှစ်ခုစလုံးတို့နှင့် စပ်ဆိုင်သည့်အရာများ ဖြစ်ကြ၏။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် အဘယ်ကာလဟုမသိရသောအချိန်တွင် မြေကြီးမျက်နှာပြင်တစ်ခုလုံးပေါ်နှင့် ခပ်သိမ်းသောလူမျိုးတို့၌လည်း ကွဲပြားပြန့်ကျဲကြမည့် လက္ခဏာရှိကြ၏။
၄ ရှုဦးလော့၊ ယေရုရှလင်မြို့ ၌ ရှိကြသောသူတို့၏ အသိပညာမှ ကွယ်ပျောက်နှင့်ကြလေပြီးသော သူများစွာရှိ၏။ ထိုမှတစ်ပါး၊ ခပ်သိမ်းသောမျိုးနွယ်စုတို့မှ အများစုသည် ခေါ်ဆောင်သွား ခံရလေ၍၊ ပင်လယ်တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၌ အရပ်ရပ်သို့ ကွဲပြားပြန့်ကျဲကြ၏။ သူတို့ခေါ်ဆောင်သွားခံရသည်ကို ငါတို့သိရသည်မှတစ်ပါး၊ အဘယ်အရပ်သို့ဟူသည်ကိုကား၊ အဘယ်သူမျှမသိ။
၅ သူတို့ခေါ်ဆောင်သွား ခံရသောကြောင့်၊ သူတို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရားကြောင့် နောင်ကာလ၌၊ ကွဲပြားပြန့်ကျဲလျက်၊ ရောထွေးကြလတ္တံ့သော သူခပ်သိမ်းတို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ ဤအရာတို့ကို ပရောဖက်ပြု၍ဟောထားလေ၏။ အကြောင်းမူကား၊ သူ့ကိုဆန့်ကျင်၍၊ သူတို့၏စိတ်နှလုံးကို မာကျောစေကြလိမ့်မည်။ သို့ဖြစ်၍၊ သူတို့သည် လူမျိုးခပ်သိမ်းတို့၌ ကွဲပြားပြန့်ကျဲ၍၊ ခပ်သိမ်းသောလူတို့၏မုန်းခြင်းကို ခံရကြလိမ့်မည်။
၆ အဘယ်သို့ပင်ဖြစ်စေ၊ သူတို့ကို တပါးအမျိုးသားတို့က မွေးစားကြပြီးနောက်၊ ကိုယ်တော်ရှင်သည် တပါးအမျိုးသားတို့အား သူ၏လက်ကိုချီ၍ အလံကိုထူပေမည်။ သူတို့၏သားသမီးများကို လက်နှင့်ပွေ့၍၊ သမီးများကို ပခုံးပေါ်မှာထမ်း၍၊ ဆောင်လာကြလိမ့်မည်။ ရှုလော့၊ပြောလေပြီးသောဤအရာတို့သည်ကား၊ ဇတိပကတိအရာတို့ပေတည်း။ အကြောင်းမူကား၊ ထိုအရာတို့သည် ငါတို့ဘိုးဘေးတို့နှင့်ပြုခဲ့လေသော ကိုယ်တော်ရှင်၏ပဋိညာဉ်များဖြစ်ကြ၏။ ထိုအမှုသည် နောင်လာမည့်ကာလ၌၊ ငါတို့နှင့်အတူ ဣသရေလအမျိုးသားများဖြစ်သည့် ခပ်သိမ်းသော ငါတို့၏ ညီအစ်ကိုတို့နှင့်လည်း စပ်ဆိုင်၏။
၇ ဆိုလိုသည်ကား၊ ခပ်သိမ်းသောဣသရေလအမျိုးသားတို့ ကွဲပြားပြန့်ကျဲ၍၊ ရောထွေးကြလေပြီးနောက်၌၊ ကိုယ်တော်ရှင်ဘုရားသခင်က တပါးအမျိုးသားတို့၌ အထူးသဖြင့်၊ ဤပြည်၏မျက်နှာပြင်ပေါ်၌ပင် အားကြီးသည့် လူမျိုးကို ပေါ်ထွန်းစေမည့်အချိန်၌ ထိုကာလကျရောက်လာ၏။ ထိုသူတို့အားဖြင့်လည်း၊ ငါတို့၏အမျိုးအနွယ်တို့ ကွဲပြားပြန့်ကျဲကြလိမ့်မည်။
၈ ငါတို့၏အမျိုးအနွယ်တို့ ကွဲပြားပြန့်ကျဲကြပြီးနောက်၊ ကိုယ်တော်ရှင်ဘုရားသခင်သည် တပါးအမျိုးသားတို့၌ ငါတို့၏အမျိုးအနွယ်များအတွက် ကြီးစွာအဖိုးထိုက်လိမ့်မည့် အံ့ဩဖွယ်ကောင်းသောအမှုကို ဆက်၍ပြုတော်မူလိမ့်ဦးမည်။ သို့ဖြစ်၍၊ သူတို့ကို တပါးအမျိုးသားတို့အားဖြင့်ကျွေးမွေးခံရခြင်းနှင့်လည်းကောင်း၊ လက်နှင့်ပွေ့လျက် ပခုံးပေါ်မှာထမ်း၍၊ ဆောင်လာခံရခြင်းနှင့်လည်းကောင်း ပမာပြုခြင်းဖြစ်၏။
၉ ထိုအမှုသည် တပါးအမျိုးသားတို့အတွက်လည်း အဖိုးထိုက်လိမ့်မည်။ တပါးအမျိုးသားတို့အတွက်သာမဟုတ်ဘဲ ခပ်သိမ်းသောဣသရေလအမျိုးသားတို့ အတွက်လည်းဖြစ်၍၊ သင်၏အမျိုးအနွယ်အားဖြင့်၊ မြေကြီးပေါ်ရှိ အမျိုးစုခပ်သိမ်းတို့ ကောင်းချီးခံစားရကြလိမ့်မည်ဟု အာဗြဟံထံ ပြုတော်မူခဲ့သည့် ကောင်းကင်ဘုံရှင်အဘ၏ ပဋိညာဉ်များကို ဖော်ပြတော်မူသည့်တိုင်အောင်ပင်တည်း။
၁၀ သူ၏လက်တော်ကို ပြည်သားတို့၏ရှေ့၌ ဖွင့်ပြတော်မူခြင်းမရှိလျှင်၊ မြေကြီးပေါ်ရှိ အမျိုးစုခပ်သိမ်းတို့၊ ကောင်းချီးမခံစားရနိုင်ကြောင်း၊ ငါ၏ညီအစ်ကိုများတည်းဟူသော သင်တို့သိစေခြင်းငှာ ငါအလိုရှိ၏။
၁၁ သို့ဖြစ်၍၊ ကိုယ်တော်ရှင်ဘုရားသခင်သည် သူ၏ပဋိညာဉ်များနှင့် သူ၏ဧဝံဂေလိတရားတော်ကို ဣသရေလအမျိုးသားများထံ ရောက်စေရာ၌ လူမျိုးခပ်သိမ်းတို့ရှေ့၌ မိမိလက်တော်ကို ဖွင့်ပြတော်မူလိမ့်ဦးမည်။
၁၂ သို့ဖြစ်၍၊ သူတို့ကို ဖမ်းဆီးချုပ်နှောင်ခြင်းမှ တစ်ဖန်ထုတ်ဆောင်တော်မူလိမ့်မည်။ သူတို့၏အမွေခံရာမြေသို့ သူတို့အတူတကွစုဝေးကြလိမ့်မည်။ မြှေးယှက်ခြင်းနှင့် မှောင်မိုက်ခြင်းမှ ထုတ်ဆောင်ခြင်းကိုလည်း ခံရကြလိမ့်မည်။ ကိုယ်တော်ရှင်သည် သူတို့၏ကယ်တင်ရှင်၊ သူတို့၏ရွေးနှုတ်ရှင်နှင့် ဣသရေလအမျိုး၏ တန်ခိုးကြီးသောဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
၁၃ မြေကြီးတစ်ခုလုံး၏ပြည့်တန်ဆာဖြစ်သော စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် အသင်းတော်ကြီး၏အသွေးသည် သူတို့ဦးခေါင်းပေါ် ပြန်ကျလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ကိုယ့်အချင်းချင်း စစ်တိုက်၍၊ သူတို့လက်မှဓားသည် သူတို့ဦးခေါင်းပေါ်ကျ၍၊ သူတို့ကိုယ်တိုင်၏အသွေးဖြင့် သူတို့ယစ်မူးရကြလိမ့်မည်။
၁၄ အို ဣသရေလအမျိုးသားတို့၊ သင်တို့ကိုဆန့်ကျင်၍၊ စစ်တိုက်သောလူမျိုးမှန်သမျှသည် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်လိမ့်မည်။ ကိုယ်တော်ရှင်၏လူတို့ကို ထောင်ချောက်ဆင်၍ဖမ်းခြင်းငှာ တူးလေသောတွင်းသို့ ကျလိမ့်မည်။ ဇိအုန်မြို့ကို ဆန့်ကျင်၍တိုက်ခိုက်သူခပ်သိမ်းတို့သည် ဖျက်ဆီးခံရလိမ့်မည်။ ကိုယ်တော်ရှင်၏ မှန်သောလမ်းစဉ်များကို မှောက်လှန်သော ထိုပြည့်တန်ဆာကြီး၊ အထူးသဖြင့်၊ ထိုစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် အသင်းတော်ကြီးသည် မြေမှုန့်သို့ ပြိုကျလိမ့်မည်ဖြစ်၍၊ ကြီးမားလှသည်ကား၊ ထိုအသင်း၏ကျဆုံးခြင်းပေတည်း။
၁၅ အကြောင်းမူကား၊ ရှုလော့၊ ပရောဖက်ကဟောလေသည်မှာ၊ လူသားတို့၏စိတ်နှလုံးကို စာတန်အစိုးရခြင်း မရှိတော့မည့် အချိန်သည် အလျင်အမြန် ကျရောက်လာမည်။ အကြောင်းမူကား၊ ခပ်သိမ်းသောမာနကြီးသူတို့နှင့် ဆိုးညစ်စွာပြုသောသူတို့ရိုးပြတ်ကဲ့သို့ဖြစ်လိမ့်မည့်နေ့ မကြာမြင့်မီကျရောက်လာမည်။ သူတို့လောင်မြိုက်ခံရမည့်နေ့သည်လည်း ကျရောက်လာလိမ့်မည်။
၁၆ ခပ်သိမ်းသော လူသားတို့အပေါ် ဘုရားသခင်၏အမျက်တော်အပြည့်အစုံကို သွန်းလောင်းတော်မူမည့်အချိန်သည် မကြာမြင့်မီကျရောက်လာလိမ့်မည်။ အကြောင်းမူကား၊ ဖြောင့်မတ်သောသူတို့အား ဆိုးညစ်သောသူတို့ဖျက်ဆီးမည်ကို သူအခွင့်ပေးတော်မူမည်မဟုတ်။
၁၇ သို့ဖြစ်၍၊ သူ၏အမျက်တော်အပြည့်အစုံကျရောက်လာမည်ဆိုလျှင်ပင်၊ ဖြောင့်မတ်သောသူတို့ကို သူ၏တန်ခိုးတော်အားဖြင့်၊ ကာကွယ်စောင့်မတော်မူလိမ့်မည်။ သူတို့၏ရန်သူများကို မီးလျှံဖြင့်ဖျက်ဆီးသည့်တိုင်၊ ဖြောင့်မတ်သောသူတို့သည် ကာကွယ်စောင့်မ ခံရကြလိမ့်မည်။ သို့ဖြစ်၍၊ မီးလျှံဖြင့်ပင်ဖြစ်သော်လည်း သူတို့သည် ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်ဟု ပရောဖက်ကဟောသောကြောင့်၊ ဖြောင့်မတ်သောသူတို့သည် ကြောက်ရန်မလို။
၁၈ ရှုလော့၊ ငါ၏ညီအစ်ကိုတို့၊ သင်တို့ကို ငါဆိုသည်ကား၊ ဤအရာများ မကြာမြင့်မီဖြစ်လာရမည်။ အထူးသဖြင့်၊ သွေး၊ မီးလျှံနှင့် မီးခိုးထုတို့ပေါ်လာလိမ့်မည်။ ဤမြေကြီးမျက်နှာပြင်ပေါ်၌ ဖြစ်ရလိမ့်မည်။ သူတို့သည် ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရားတစ်ဖက်၌ စိတ်နှလုံးကို မာကျောစေကြလျှင်၊ ထိုအမှုသည် လူသားတို့အပေါ် လူဇာတိအတိုင်း ကျရောက်လာမည်။
၁၉ အကြောင်းမူကား၊ ရှုလော့၊ ဖြောင့်မတ်သောသူတို့သည် ပျက်စီးကြလိမ့်မည်မဟုတ်။ ဇိအုန်ကို ဆန့်ကျင်၍တိုက်ခိုက်သူခပ်သိမ်းတို့ ပယ်ရှင်းခံရကြမည့်အချိန်သည် ဧကန်အမှန်ကျရောက်လာမည်။
၂၀ ငါနှင့်တူသောပရောဖက်တစ်ပါးကို သင်တို့၏ဘုရားသခင်ကိုယ်တော်ရှင်က သင်တို့အဖို့ ပေါ်ထွန်းစေတော်မူလိမ့်မည်။ သင်တို့အား သူဟောသမျှခပ်သိမ်းသောအရာတို့ကို သင်တို့ကြားနာရမည်။ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ ထိုပရောဖက်ကို မကြားနာသောသူခပ်သိမ်းတို့သည် လူမျိုးတို့မှ ပယ်ရှင်းခံရကြလိမ့်မည်ဟုဆိုသော မောရှေ၏စကားများကို ပြီးပြည့်စုံစေခြင်းငှာ၊ ကိုယ်တော်ရှင်သည် သူ၏လူမျိုးတို့အတွက် နည်းလမ်းကို ဧကန်အမှန် ပြင်ဆင်တော်မူလိမ့်မည်။
၂၁ ယခုမူကား၊ မောရှေဆိုလေသော ထိုပရောဖက်သည် ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရားဖြစ်လေ၏။ သို့ဖြစ်၍၊ ဖြောင့်မတ်ခြင်းဖြင့် သူတရားစီရင်လိမ့်မည်ဟု သင်တို့ကို ငါနီဖိုင်းဟောပြော၏။
၂၂ ဖြောင့်မတ်သောသူတို့သည် ကြောက်ရန်မလို၊ အကြောင်းမူကား၊ သူတို့သည် မရှုံးနိမ့်ရသောသူများဖြစ်ကြ၏။ သို့သော်လည်း၊ ဇာတိကိုယ်ခန္ဓာ၌ ရှိကြလေသောသူများတွင် တည်ထောင်လေသည့် နိုင်ငံဖြစ်သော၊ လူသားတို့၌ တည်ဆောက်မည့် နတ်ဆိုး၏နိုင်ငံရှိ၏—
၂၃ အကြောင်းမူကား၊ အကျိုးအမြတ်ရခြင်းငှာ၊ တည်ထောင်သောအသင်းတော်များ၊ လူတို့အပေါ် အစိုးရခြင်းငှာ၊ တည်ထောင်သောသူများ၊ လောကအမြင်၌ ကျော်ကြားလာလျက်၊ ဇာတိပကတိ တပ်မက်ခြင်းနှင့် လောကအရာများကို ရှာ၍၊ အမျိုးမျိုးသောဒုစရိုက်များကို ပြုခြင်းငှာ၊ တည်ထောင်သောသူများ၏အချိန်သည် အလျင်အမြန် ကျရောက်လာလိမ့်မည်။ အမှန်စင်စစ်၊ အချုပ်အားဖြင့် နတ်ဆိုး၏နိုင်ငံနှင့် ဆိုင်သောသူများသည်ကား ကြောက်ရွံ့ကြ၊ တုန်၍ တုန်လှုပ်ရမည့်သူများပေတည်း။ သူတို့သည် မြေမှုန့်သို့ နှိမ့်ချခံရမည့်သူများ ဖြစ်ကြ၏။ သူတို့သည် ရိုးပြတ်ကဲသို့ လောင်မြိုက်ခံရမည့်သူများဖြစ်ကြ၏။ ဤအရာသည်ကား၊ ပရောဖက်၏စကားများအတိုင်းပေတည်း။
၂၄ ဖြောင့်မတ်သောသူတို့သည် တင်းကုပ်မှ နွားသငယ်များကဲ့သို့၊ ဆောင်တော်မူခံရမည့်အချိန်အလျင်အမြန်ကျရောက်လာပြီး၊ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရားသည် အစိုးရခြင်း၊ အာနုဘော်၊ တန်ခိုးတော်အရှိန်နှင့် ကြီးစွာသောဘုန်းတော်တို့ဖြင့် အုပ်စိုးတော်မူမည်။
၂၅ သူသည် မိမိ၏သားသမီးများကို မြေကြီးလေးမျက်နှာမှ စုဝေး၍ သူ၏သိုးများကို ရေတွက်တော်မူ၏။ ထိုသူတို့သည် သူ့ကိုသိကြ၏။ သိုးခြံတစ်ခုနှင့် သိုးထိန်းတစ်ပါးတည်း ရှိလိမ့်မည်။ သူ၏သိုးများကို သူကျွေးမွေးလိမ့်မည်ဖြစ်၍၊ သူ့ ၌ ကျက်စားရာကို သူတို့တွေ့ရကြလိမ့်မည်။
၂၆ သူ့လူမျိုးတို့၏ ဖြောင့်မတ်ခြင်းကြောင့် စာတန်၌ တန်ခိုးမရှိ။ သို့ဖြစ်၍၊ သူသည် နှစ်ပေါင်းများစွာကြာအောင် လွတ်နိုင်လိမ့်မည်မဟုတ်။ အကြောင်းမူကား၊ ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရားအုပ်စိုး၍၊ သူတို့သည် ဖြောင့်မတ်ခြင်း၌ နေကြသောကြောင့် သူသည် လူတို့၏စိတ်နှလုံးအပေါ်အစိုးရခြင်းမရှိ။
၂၇ ယခုမူကား၊ ရှုလော့၊ ဤအရာခပ်သိမ်းတို့သည် လူဇာတိအတိုင်း ဖြစ်လာရမည်ဟု သင်တို့ကို ငါနီဖိုင်းဆို၏။
၂၈ သို့ရာတွင်၊ ရှုလော့ ခပ်သိမ်းသောပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကိုပြောသူနှင့် လူမျိုးတို့သည် နောင်တရမည်ဆိုလျှင်၊ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရားအားဖြင့် လုံခြုံစွာနေထိုင်ရလိမ့်မည်။
၂၉ ယခုမူကား၊ ငါနီဖိုင်းသည် လက်စသတ်၏။ အကြောင်းမူကား၊ ထိုအရာတို့နှင့်စပ်လျဉ်း၍ ငါနောက်ထပ်မပြောဝံ့။
၃၀ သို့ဖြစ်၍၊ ငါ၏ညီအစ်ကိုတို့၊ ကြေးပုရပိုက်ပြားများပေါ်၌ ရေးထားသောအရာများ အမှန်ဖြစ်သည်ကို သင်တို့ဆင်ခြင်ကြစေရန် ငါအလို၏။ ဘုရားသခင်၏ပညတ်တော်များကို လူသားနာခံရမည့်အကြောင်း ထိုအရာတို့က သက်သေခံ၏။
၃၁ သို့ဖြစ်၍၊ ငါနှင့် ငါ၏အဘတို့သည်သာလျှင် ထိုအရာတို့ကို သက်သေခံ၍၊ သွန်သင်ပေးလေသောသူများ ဖြစ်ကြသည်ဟု သင်တို့မထင်မှတ်ကြနှင့်။ သို့ဖြစ်၍၊ သင်တို့သည် ပညတ်တော်များကို နာခံပြီး၊ အဆုံးတိုင်အောင် တည်ကြည်ကြမည်ဆိုလျှင်၊ နောက်ဆုံးသောနေ့၌ ကယ်တင်ခြင်းသို့ ရောက်ကြပေလိမ့်မည်။ ဤမျှအထိပေတည်း။ အာမင်။