အခန်းကြီး ၁၆
ဆိုးညစ်သူတို့သည် သမ္မာတရားကို ခက်ထန်သည်ဟု မှတ်ယူကြ၏—လေဟိ၏သားများသည် ဣရှမေလ၏သမီးများနှင့် အိမ်ထောင်ဖက်ပြုကြ၏—လိယဟော်နာသည် တောရိုင်းထဲ၌ သူတို့ကို လမ်းပြ၏။ ကိုယ်တော်ရှင်၏တရားစကားများကို လိယဟော်နာပေါ်၌ အချိန်နှင့်အမျှရေးထား၏—ဣရှမေလသေ၏။ သူ၏မိသားစုသည် ဆင်းရဲဒုက္ခများကြောင့် ညည်းညူအပြစ်တင်ကြ၏။ ဘီစီ ၆၀၀–၅၉၂ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ ငါနီဖိုင်းသည် ငါ့အစ်ကိုတို့အား ပြောဆိုခြင်းကို လက်စသတ်ခဲ့လေပြီးနောက်၊ ရှုလော့၊ သူတို့သည် ငါ့အား သင်သည် ငါတို့ခံနိုင်သည်ထက်ပို၍၊ ခက်ခဲသောအရာများကို ဟောကြားသည်ဟု ဆိုကြ၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့ကို ငါဆိုသည်ကား၊ ဆိုးညစ်သောသူတို့ကို ဆန့်ကျင်၍၊ ခက်ခဲသောအရာများကို သမ္မတရားအတိုင်း ငါပြောကြောင်း ငါသိ၏။ ငါသည် ဖြောင့်မတ်သောသူတို့ကို အပြစ်ကင်းစေလျက်၊ နောက်ဆုံးသောနေ့၌ ချီးမြှောက်တော်မူခြင်းခံရကြမည့်အကြောင်းကို သက်သေခံ၏။ သို့ဖြစ်၍၊ အပြစ်ရောက်သောသူတို့သည် သမ္မာတရားကို ခက်ထန်သည်ဟု မှတ်ယူကြ၏။ အကြောင်းမူကား၊ ထိုတရားသည် သူတို့အား အလယ်ဗဟိုကို ထိ၏ဟု ငါဆို၏။
၃ ယခုမူကား၊ ငါ၏အစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်စွာကျင့်နိုင်ခြင်းငှာ၊ ဖြောင့်မတ်၍၊ သမ္မာတရားကို စေ့စေ့နားထောင်ရန် လိုလိုလားလားရှိကြ၊ ထို့အတူ ပမာဏပြုကြလျှင်၊ သမ္မာတရားကြောင့် ညည်းညူအပြစ်တင်လိုကြမည်မဟုတ်၊ သင်သည် ငါတို့နှင့်ဆန့်ကျင်၍၊ ခက်ခဲသောအရာများကို ပြောသည်ဟု ဆိုကြလိမ့်မည်လည်းမဟုတ်။
၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါနီဖိုင်းသည် ငါ၏အစ်ကိုတို့အား ကိုယ်တော်ရှင်၏ပညတ်တော်များကို စောင့်ထိန်းရန် လုံ့လဝီရိယရှိသမျှနှင့်တိုက်တွန်း၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ကိုယ်တော်ရှင်ရှေ့၌ သူတို့ကိုယ်သူတို့ နှိမ့်ချကြသဖြင့်၊ သူတို့အတွက် ငါ့၌ ဝမ်းမြောက်ခြင်းနှင့် ကြီးစွာသော မျှော်လင့်ခြင်းရှိသည်မှာ၊ ဖြောင့်မတ်ခြင်းလမ်းကြောင်းများသို့ သူတို့လိုက်လိုကြမည့်အကြောင်းပေတည်း။
၆ ယခုမူကား၊ ဤအရာခပ်သိမ်းတို့ကို ပြောခဲ့၊ ဖြစ်ခဲ့လေသည်မှာ ငါ့အဘသည် လေမွေလဟု သူခေါ်လေသည့်ချိုင့်ဝှမ်းရှိတဲ၌ နေထိုင်စဉ်ကဖြစ်၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါနီဖိုင်းသည် ဣရှမေလ၏သမီးများထဲမှ တစ်ယောက်နှင့် အိမ်ထောင်ဖက်ပြု၏။ ငါ၏အစ်ကိုတို့သည်လည်း ဣရှမေလ၏သမီးတို့နှင့် အိမ်ထောင်ဖက်ပြုကြ၏။ ဇော်ရမ်သည်လည်း ဣရှမေလ၏သမီးအကြီးဆုံးနှင့် အိမ်ထောင်ဖက်ပြု၏။
၈ ထိုကဲ့သို့အားဖြင့်၊ ငါ့အဘသည် သူ့အား ပေးထားလေသည့်၊ ကိုယ်တော်ရှင်၏ပညတ်တော်မှန်သမျှကို ပြီးပြည့်စုံစေ၏။ ငါနီဖိုင်းသည်လည်း ကိုယ်တော်ရှင်၏ ကောင်းချီးပေးထားတော်မူခြင်းကို လွန်စွာခံစားရ၏။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ညဉ့်အခါ၌ ကိုယ်တော်ရှင်၏အသံသည် ငါ့အဘကို မြွက်ဆို၍ နက်ဖြန်နေ့၌ တောရိုင်းထဲသို့ ခရီးသွားရလိမ့်မည်ဖြစ်ကြောင်း မိန့်တော်မူ၏။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ့အဘသည် နံနက်ခင်း၌ ထ၍ တဲတံခါးဆီသို့သွားလျှင်၊ အနုစိတ်လက်ရာဖြင့်ပြုလုပ်ထားသော လုံးဝန်းသည့် အလုံးကို မြေကြီးပေါ်၌ မြင်ရ၍ ကြီးစွာအံ့ဩ၏။ ထိုအရာကို သန့်စင်သောကြေးနှင့် ပြုလုပ်ထား၏။ ထိုအလုံးအတွင်း၌ ဝင်ရိုးနှစ်ချောင်းရှိ၏။ တောရိုင်းထဲသို့ ငါတို့သွားရမည့်အရပ်ကို ဝင်ရိုးတစ်ချောင်းက ညွှန်ပြ၏။
၁၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် တောရိုင်းထဲသို့ သယ်ဆောင်သွားရမည့် ပစ္စည်းမှန်သမျှနှင့် ငါတို့ကို ကိုယ်တော်ရှင်ပေးတော်မူခဲ့လေသည့်ရိက္ခာများမှ အကြွင်းအကျန်အားလုံးကို အတူတကွစုဆောင်းကြ၏။ ငါတို့သည် မျိုးစေ့အမျိုးမျိုးကိုလည်း တောရိုင်းထဲသို့ သယ်ဆောင်သွားခြင်းငှာ ယူခဲ့ကြ၏။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် ငါတို့၏တဲများကိုယူ၍၊ လာမန်မြစ်ကိုဖြတ်၍ တောရိုင်းထဲသို့ ထွက်ခွာသွားကြ၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် အရှေ့တောင်အရပ်နှင့် တောင်အရပ်ကြားနီးပါးသို့ လေးရက်ကြာအောင်ခရီးသွား၍၊ ငါတို့၏တဲများကို တစ်ဖန်ဆောက်ကြ၏။ ထိုနေရာ၏အမည်ကိုလည်း ရှဇာဟု ငါတို့ခေါ်ကြ၏။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် ငါတို့၏လေးများနှင့်မြားများကိုယူပြီး၊ ငါတို့မိသားစုများအတွက် စားစရာအကောင်ကို သတ်ခြင်းငှာ တောရိုင်းထဲသို့ ထွက်သွားကြ၏။ ငါတို့မိသားစုများအတွက် စားစရာအကောင်ကို သတ်ခဲ့လေပြီးမှ၊ ငါတို့မိသားစုများရှိရာ၊ တောရိုင်းထဲရှိ ရှဇာအရပ်သို့ တစ်ဖန်ပြန်လာကြ၏။ ငါတို့သည် ဧဒုံပင်လယ်အနီးနယ်နိမိတ်အရပ်ရှိ တောရိုင်း၏အစာရေစာအပေါများဆုံးအရပ်များ၌နေပြီး၊ ယခင်ဦးတည်ရာအတိုင်းလိုက်၍ တောရိုင်းထဲသို့ တစ်ဖန်ထွက်သွားကြ၏။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် လမ်းတစ်လျှောက်၌ ငါတို့၏လေးများ၊ ငါတို့၏မြားများ၊ ငါတို့၏ကျောက်ခဲများ၊ ငါတို့၏လောက်လွှဲများဖြင့် စားစရာအကောင်ကို သတ်၍ ရက်ပေါင်းများစွာကြာအောင် ခရီးသွားကြ၏။
၁၆ တောရိုင်းထဲရှိ အစာရေစာပို၍ပေါများရာအရပ်အတွင်းသို့ ငါတို့ကို ပို့ဆောင်သည့်အလုံး၌ပြသော လမ်းညွှန်ရာသို့လည်း လိုက်ကြ၏။
၁၇ ရက်ပေါင်းများစွာကြာအောင်ခရီးသွားလေပြီးနောက် တစ်ဖန် အနားယူနိုင်ခြင်းငှာနှင့် ငါတို့မိသားစုများအတွက် စားစရာရရှိနိုင်ခြင်းငှာ ငါတို့၏တဲများကို ရက်ပေါင်းများစွာကြာအောင် ဆောက်ကြ၏။
၁၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါနီဖိုင်းသည် စားစရာအကောင်ကို သတ်ခြင်းငှာ ထွက်သွားရာ၊ ရှုလော့၊ သန့်စင်သောသံမဏိဖြင့်ပြုလုပ်ထားသည့် ငါ၏လေးကျိုး၏။ ငါ၏လေးကျိုးပြီးနောက်၊ ရှုလော့၊ ငါ၏လေးဆုံးရှုံခြင်းကြောင့် ငါ၏အစ်ကိုတို့သည် ငါ့ကို အမျက်ထွက်ကြ၏။ အကြောင်းမူကား၊ ငါတို့သည် စားစရာကို မရရှိကြ။
၁၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် စားစရာမရရှိဘဲ မိသားစုဆီသို့ ပြန်လာကြ၏။ သူတို့သည်လည်း ခရီးသွားခြင်းကြောင့် အလွန်ပင်ပန်းပြီး၊ စားစရာမရှိသဖြင့်၊ ဝေဒနာများစွာခံရကြ၏။
၂၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်၊ လေမွေလနှင့် ဣရှမေလ၏သားတို့သည် တောရိုင်းထဲ၌ သူတို့၏ဒုက္ခဝေဒနာခံစားရခြင်းများနှင့် ဆင်းရဲဒုက္ခများကြောင့် လွန်စွာညည်းညူအပြစ်တင်စပြုကြ၏။ ထို့အတူ၊ ငါ့အဘသည်လည်း သူ၏ဘုရားသခင် ကိုယ်တော်ရှင်ကို ဆန့်ကျင်၍ ညည်းညူအပြစ်တင်စပြု၏။ ထိုမှတစ်ပါး၊ သူတို့သည် ကိုယ်တော်ရှင်ကို ဆန့်ကျင်၍ ညည်းညူအပြစ်တင်ကြသည်အထိပင် အလွန်ဝမ်းနည်းကြ၏။
၂၁ ယခုတွင်၊ အချိန်တန်လာသောအခါ၊ ငါနီဖိုင်းသည် ငါ၏လေးဆုံးရှုံးခြင်းနှင့် သူတို့၏လေးများ ရုန်းကန်အားမရှိသောကြောင့်၊ ငါ့အစ်ကိုတို့နှင့်အတူ ဒုက္ခတွေ့၍၊ အလွန်ခက်ခဲစပြုရာ၊ အထူးသဖြင့်၊ ငါတို့သည် စားစရာကို မရရှိနိုင်ကြ။
၂၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၏အစ်ကိုတို့ကို ငါနီဖိုင်းများစွာပြောဆိုသည်မှာ၊ သူတို့၏ ဘုရားသခင်ကိုယ်တော်ရှင်အား ဆန့်ကျင်အပြစ်တင်ကြသည်အထိပင်၊ သူတို့စိတ်နှလုံးကို တစ်ဖန်မာကျောစေကြသောကြောင့်ပေတည်း။
၂၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါနီဖိုင်းသည် သစ်သားဖြင့် လေးကိုလည်းကောင်း၊ ဖြောင့်သောသစ်သားချောင်းဖြင့် မြားကိုလည်းကောင်း ပြုလုပ်၏။ သို့ဖြစ်၍၊ ငါသည် လေး၊ မြား၊ လောက်လွှဲနှင့် ကျောက်ခဲများကို ငါ့ကိုယ်၌စွဲကိုင်၏။ ထို့အတူ၊ စားစရာရရှိခြင်းငှာ အဘယ်အရပ်သို့ ကျွန်ုပ်သွားရမည်နည်းဟု ငါ့အဘကို မေး၏။
၂၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် ကိုယ်တော်ရှင်ထံ မေးလျှောက်၏။ အကြောင်းမူကား၊ သူတို့သည် ငါ၏စကားများကြောင့်၊ သူတို့ကိုယ်သူတို့ နှိမ့်ချလေ၏။ များစွာသောအရာတို့ကို ငါ့စိတ်ဝိညာဉ်၏စွမ်းအားနှင့် သူတို့ကို ငါပြော၏။
၂၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်၏အသံသည် ငါ့အဘထံသို့ ရောက်လာ၏။ သူ၏ကိုယ်တော်ရှင်ကို ဆန့်ကျင်ညည်းညူအပြစ်တင်ခြင်းကြောင့်၊ ဆုံးမခြင်းကို သူအမှန်ပင်ခံရလေသည်မှာ၊ နက်လှစွာသောဝမ်းနည်းခြင်းထဲသို့ ဆွဲချခံရသည့်တိုင်အောင်ပင်တည်း။
၂၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်၏အသံက သူ့အား အလုံးပေါ်ကို ကြည့်လော့၊ ရေးထားသောအရာများကိုလည်း ကြည့်ရှုလော့ဟု မြွက်ဆို၏။
၂၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၏အဘသည် အလုံးပေါ်၌ရေးထားသော အရာများကို မြင်လျှင်၊ ကြောက်ရွံ့၍လွန်စွာတုန်၏၊ ငါ၏အစ်ကိုများ၊ ဣရှမေလ၏သားများနှင့် ငါတို့၏ဇနီးတို့သည်လည်း ထိုနည်းတူဖြစ်ကြ၏။
၂၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါနီဖိုင်းမြင်ရသည်ကား၊ အလုံးအတွင်းရှိ လမ်းညွှန်လက်တံများမှာ ၎င်းတို့အပေါ်ထားသည့် ငါတို့၏ယုံကြည်ခြင်း၊ လုံ့လဝီရိယနှင့် ပမာဏပြုခြင်းတို့အတိုင်း လှုပ်ရှားကြကြောင်းဖြစ်၏။
၂၉ ကိုယ်တော်ရှင်၏လမ်းစဉ်များနှင့်စပ်လျဉ်း၍၊ နားလည်ခြင်းကို ငါတို့အား ပေးသည့် ဖတ်ရှုရန်ရှင်းလင်းသော အသစ်ဖြစ်သည့် စာကိုလည်း ၎င်းတို့အပေါ်မှာ ရေးထား၏။ ရေးထားလေ၍၊ ၎င်းအပေါ်ထားသည့် ငါတို့၏ယုံကြည်ခြင်းနှင့် လုံ့လဝီရိယအတိုင်း၊ အချိန်နှင့်အမျှ ပြောင်းလဲ၏။ ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ၊ သေးငယ်သောအရာတို့အားဖြင့် ကိုယ်တော်ရှင်သည် ကြီးစွာသောအမှုတို့ကို ဖြစ်စေနိုင်တော်မူကြောင်းပေတည်း။
၃၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါနီဖိုင်းသည် အလုံးပေါ်၌ဖော်ပြထားသည့် လမ်းညွှန်ချက်များအတိုင်း၊ တောင်ထိပ်သို့ တက်သွား၏။
၃၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် တောသားရဲများကို သတ်၍ ငါတို့မိသားစုများအတွက် စားစရာကို ရရှိ၏။
၃၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် သတ်လေသောသားရဲကို သယ်ဆောင်လျက်၊ ငါတို့၏တဲသို့ ပြန်လာ၏။ ယခုမူကား၊ ငါသည် စားစရာရခဲ့လေသည်ကို သူတို့မြင်သောအခါ၊ သူတို့၏ဝမ်းမြောက်ခြင်းမှာ၊ အလွန်ကြီးပေစွတကား။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်ရှေ့ ၌ သူတို့ကိုယ်သူတို့ နှိမ့်ချပြီး၊ သူ့အား ကျေးဇူးတော်ချီးမွမ်းကြ၏။
၃၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် အစပြုလေသည့် လမ်းကြောင်းနှင့် ထပ်တူနီးပါးအတိုင်း သွား၍ တစ်ဖန်ခရီးသွားကြ၏။ ရက်ပေါင်းများစွာကြာအောင် ခရီးသွားလေပြီးနောက်၊ ကာလအတန်ကြာတည်းခိုနိုင်ခြင်းငှာ ငါတို့၏တဲများကို တစ်ဖန်ဆောက်ကြ၏။
၃၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဣရှမေလသေ၍ နာဟုမ်ဟု ခေါ်လေသောအရပ်၌ သင်္ဂြိုဟ်ခံလေ၏။
၃၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဣရှမေလ၏သမီးတို့သည် သူတို့၏အဘကို ဆုံးရှုံးရခြင်းကြောင့်လည်းကောင်း၊ တောရိုင်းထဲ၌ သူတို့၏ဆင်းရဲဒုက္ခများကြောင့်လည်းကောင်း၊ လွန်စွာငိုကြွေးမြည်တမ်းကြ၏။ သူတို့ကို ယေရုရှလင်နယ်မြေမှ ခေါ်ဆောင်လေသောကြောင့်လည်း ငါ၏အဘကို ဆန့်ကျင်၍ ညည်းညူအပြစ်တင်ကြလေသည်ကား၊ ငါတို့အဘသေပြီ။ ထိုမှတစ်ပါး၊ ငါတို့သည် တောရိုင်းထဲ၌ ကြာရှည်စွာအရပ်ရပ်သို့လည်၍၊ ဆင်းရဲဒုက္ခ၊ အစာငတ်ခြင်း၊ ရေငတ်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို များစွာခံစားရကြလေပြီ။ အလုံးစုံသော ဤဒုက္ခဝေဒနာခံစားရခြင်းတို့ပြီးမှ တောရိုင်းထဲ၌ ငါတို့ငတ်မွတ်၍ ပျက်စီးရကြမည်ဟု ဆိုကြ၏။
၃၆ ထိုကဲ့သို့အားဖြင့် သူတို့သည် ငါ့အဘကိုဆန့်ကျင်၍၊ ထို့အတူ ငါ့ကိုလည်းဆန့်ကျင်၍ ညည်းညူအပြစ်တင်ကြ၏။ ယေရုရှလင်မြို့သို့လည်း တစ်ဖန်ပြန်သွားလိုကြ၏။
၃၇ လာမန်ကလည်း လေမွေလနှင့် ဣရှမေလ၏သားတို့ကို ပြောလေသည်ကား၊ ရှုလော့၊ ငါတို့၏အဘကိုလည်းကောင်း၊ အစ်ကိုကြီးများအပေါ် အုပ်စိုးသူနှင့် ဆရာအဖြစ် မှတ်ယူထားလေသည့် ငါတို့၏ညီနီဖိုင်းကိုလည်းကောင်း ငါတို့ကွပ်မျက်ကြကုန်အံ့။
၃၈ ယခုတွင်၊ ကိုယ်တော်ရှင်သည် သူနှင့် စကားဆို၍၊ ကောင်းကင်တမန်များက သူ့ကို အမှုတော်ဆောင်ကြလေသည်ဟုလည်း သူဆို၏။ သို့ရာတွင် ရှုလော့၊ ငါတို့ကို သူမုသားပြောကြောင်း ငါတို့သိကြ၏။ ငါတို့အား ဤအရာတို့ကို သူပြော၏။ ထို့အတူ၊ သူသည် ငါတို့၏မျက်လုံးများကို လှည့်စားနိုင်ခြင်းငှာ ငါတို့ကို အကျွမ်းမဝင်သည့်တောရိုင်းထဲသို့ လှည့်ဖြားခေါ်ဆောင်ကောင်းခေါ်ဆောင်သွားနိုင်လိမ့်မည်ဟု စဉ်းစားလျက်၊ များစွာသောအရာတို့ကို သူ၏စဉ်းလဲသောပရိယာယ်များဖြင့် ပြု၏။ ငါတို့ကို လှည့်ဖြားခေါ်ဆောင်သွားပြီးမှ သူ့စိတ်အလိုဆန္ဒအတိုင်း ငါတို့ကိုစီရင်နိုင်ခြင်းငှာ သူ့ကိုယ်သူ ရှင်ဘုရင်တစ်ပါးနှင့် ငါတို့အပေါ်အုပ်စိုးသူတစ်ယောက်အဖြစ် ပြုမည့်အကြောင်း စဉ်းစား၏။ ဤကဲ့သို့အားဖြင့် ငါ၏အစ်ကိုလာမန်သည် သူတို့၏စိတ်နှလုံးကို အမျက်ထွက်စေခြင်းငှာ နှိုးဆော်၏။
၃၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်သည် ငါတို့နှင့်အတူရှိတော်မူလျက်၊ အထူးသဖြင့်၊ ကိုယ်တော်ရှင်၏အသံရောက်လာပြီး၊ သူတို့အား များစွာသောစကားတို့ကို မြွက်ဆိုတော်မူလျက်၊ လွန်စွာဆုံးမတော်မူ၏။ သူတို့သည်လည်း ကိုယ်တော်ရှင်၏အသံအားဖြင့် ဆုံးမခံရကြလေပြီးနောက်၊ သူတို့အမျက်စိတ်ကို လွှဲ၍၊ သူတို့၏အပြစ်များမှ နောင်တရသဖြင့်၊ ကိုယ်တော်ရှင်က ငါတို့အား စားစရာဖြင့် ကောင်းချီးပေးတော်မူ၍၊ ငါတို့မပျက်စီးကြ။