နီဖိုင်းပထမကျမ်း
သူ၏အုပ်စိုးခြင်းနှင့် အမှုတော်ဆောင်ခြင်း
လေဟိ၊ သူ၏ဇနီး စာရိယနှင့် (အကြီးဆုံးမှစ၍) လာမန်၊ လေမွေလ၊ ရှမ်နှင့် နီဖိုင်းဟု ခေါ်သော သူ၏သားလေးယောက်တို့၏မှတ်တမ်း။ လေဟိသည် လူတို့အား သူတို့၏ဒုစရိုက်များအကြောင်းကို ပရောဖက်ပြု၍ဟောသောကြောင့်၊ သူ့အသက်ကို ဖျက်ဆီးရန် ကြိုးစားကြသဖြင့်၊ သူ့ကို ယေရုရှလင်နယ်မြေမှ ထွက်ခွာသွားစေရန် ကိုယ်တော်ရှင်သတိပေးတော်မူ၏။ သူသည် သူ့မိသားစုနှင့် တောရိုင်းထဲသို့ သုံးရက်ကြာ ခရီးသွား၏။ နီဖိုင်းသည် ယုဒလူမျိုးတို့၏မှတ်တမ်းများကို ရယူခြင်းငှာ သူ့အစ်ကိုတို့ ခေါ်၍ ယေရုရှလင်နယ်မြေသို့ ပြန်သွား၏။ သူတို့၏ဒုက္ခဝေဒနာခံစားရခြင်းများအကြောင်း မှတ်တမ်း။ သူတို့သည် ဣရှမေလ၏သမီးများနှင့် အိမ်ထောင်ဖက်ပြုကြ၏။ သူတို့သည် မိမိတို့မိသားစုများကို ခေါ်ဆောင်၍၊ တောရိုင်းထဲသို့ ထွက်ခွာသွားကြ၏။ တောရိုင်းထဲ၌ သူတို့၏ ဒုက္ခဝေဒနာခံစားရခြင်းများနှင့် ဆင်းရဲဒုက္ခများ။ သူတို့၏ ခရီးလမ်းကြောင်းများ။ သူတို့သည် သမုဒ္ဒရာသို့ ရောက်ကြ၏။ နီဖိုင်း၏အစ်ကိုတို့က သူ့ကို ဆန့်ကျင်ပုန်ကန်ကြ၏။ သူသည် ချေပ၍ သင်္ဘောကို တည်ဆောက်၏။ သူတို့သည် ထိုနေရာ၏အမည်ကို အလျှံပယ်ဟု ခေါ်ကြ၏။ သူတို့သည် သမုဒ္ဒရာကိုဖြတ်၍၊ ကတိတော်မြေသို့သွားခြင်းနှင့် စသည့်အကြောင်းများ။ ဤအရာသည်ကား၊ နီဖိုင်း၏ မှတ်တမ်းအတိုင်းဖြစ်၏။ သို့မဟုတ်၊ တစ်နည်းအားဖြင့်၊ ဤမှတ်တမ်းကို ငါနီဖိုင်းရေး၏။
အခန်းကြီး ၁
နီဖိုင်းသည် သူ၏လူမျိုးတို့အကြောင်းမှတ်တမ်းကို စ၍ပြုစု၏—လေဟိသည် ရူပါရုံဖြင့် မီးတန်းတစ်ခုကို မြင်ပြီး၊ ပရောဖက်ပြုဟောချက်ကျမ်းကို ဖတ်၏—သူသည် ဘုရားသခင်အား ချီးမွမ်း၍ မေရှိယကြွလာတော်မူခြင်းကို ကြိုတင်ဟောပြောလျက်၊ ယေရုရှလင်မြို့ပျက်စီးခြင်းကို ပရောဖက်ပြု၍ဟော၏—သူသည် ယုဒလူမျိုးတို့၏ညှဉ်းဆဲခြင်းကို ခံရ၏။ ဘီစီ ၆၀၀ ခန့်။
၁ ငါနီဖိုင်းကို ယဉ်ကျေးသောမိဘတို့မှ မွေးဖွား၍၊ ထို့ကြောင့်၊ ငါသည် ငါ့အဘ၏ခပ်သိမ်းသော အသိပညာ၌ သွန်သင်ခြင်းကို အတော်အသင့်ခံရ၏။ ငါ၏အသက်တာ၌ ဆင်းရဲဒုက္ခများစွာနှင့်လည်း ကြုံတွေ့ရ၏။ သို့သော်လည်း၊ ငါ၏အသက်တာတစ်လျှောက်လုံး၌ ကိုယ်တော်ရှင်၏အလွန်နှစ်သက်တော်မူခြင်းကို ခံရ၏။ အထူးသဖြင့်၊ ဘုရားသခင်၏ကောင်းမြတ်ခြင်းနှင့် နက်နဲသောအရာတို့အကြောင်း ကြီးစွာသောအသိပညာ ရှိ၍၊ ထို့ကြောင့်၊ ငါသည် ငါ၏အသက်တာ၌ လုပ်ဆောင်မှုများအကြောင်း မှတ်တမ်းတစ်ခုကို ပြုစု၏။
၂ အထူးသဖြင့်၊ ယုဒလူမျိုးတို့၏အသိပညာများနှင့် အဲဂုတ္တုလူမျိုးတို့၏ ဘာသာစကားများပါဝင်သော ငါ့အဘ၏ဘာသာစကားဖြင့် မှတ်တမ်းတစ်ခုကို ငါပြုစု၏။
၃ ငါပြုစုသောမှတ်တမ်းမှန်ကန်ကြောင်းကိုလည်း ငါသိ၏။ ထိုမှတ်တမ်းကို ငါ့လက်ဖြင့် ပြုစု၏။ ထိုမှတ်တမ်းကို ငါ့အသိပညာအတိုင်းလည်း ပြုစု၏။
၄ အကြောင်းမူကား၊ အချိန်တန်လာသောအခါ၊ ယုဒရှင်ဘုရင်ဇေဒကိနန်းစံခြင်း ပထမနှစ်အစတွင်၊ (ငါ့အဘ လေဟိသည် သူ့အသက်တာတစ်လျှောက်လုံး ယေရုရှလင်၌ နေထိုင်ခဲ့လေ၏) ထိုတစ်နှစ်တည်းတွင် များစွာသောပရောဖက်တို့သည် လူတို့အား၊ နောင်တရကြရမည်၊ သို့မဟုတ်လျှင်၊ ယေရုရှလင်မြို့ကြီး ဖျက်ဆီးခံရမည့်အကြောင်း၊ ပရောဖက်ပြု၍ဟောလျက် ရောက်လာကြ၏။
၅ သို့ဖြစ်၍၊ အချိန်တန်လာသောအခါ၊ ငါ၏အဘ လေဟိသည် ထွက်သွားပြီး၊ ကိုယ်တော်ရှင်ထံသို့၊ အမှန်စင်စစ်၊ စိတ်နှလုံးအကြွင်းမဲ့ဖြင့်ပင် သူ့လူမျိုးတို့၏ကိုယ်စား ဆုတောင်း၏။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်ထံသို့ သူဆုတောင်းနေစဉ်တွင် မီးတန်းတစ်ခုကျလာပြီး၊ သူ့ရှေ့ရှိကျောက်တုံးပေါ်တွင် တည်၏။ သူသည် များစွာသောအရာတို့ကိုလည်း မြင်ရ၊ ကြားရ၏။ မြင်ရ၊ ကြားရသောအရာများကြောင့်လည်း သူသည် တုန်လှုပ်၍၊ လွန်စွာတုန်၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် ယေရုရှလင်ရှိ သူ့နေအိမ်သို့ ပြန်လာ၏။ သူသည် ဝိညာဉ်တော်နှင့် သူမြင်ခဲ့ရလေသောအရာတို့ဖြင့် မွန်းလျက်ရှိသောကြောင့်၊ သူ့ကိုယ်သူ အိပ်ရာပေါ်သို့ ပစ်လှဲ၏။
၈ ထိုကဲ့သို့ ဝိညာဉ်တော်နှင့် မွန်းလျက်ရှိစဉ်တွင်၊ သူသည် ရူပါရုံအားဖြင့် သယ်ဆောင်သွားခံရလျက်၊ ကောင်းကင်ပွင့်သည်ကိုပင်မြင်၍၊ သူတွေးတောမိသည်ကား၊ ဘုရားသခင်သည် သူ၏ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူလျက် မရေမတွက်နိုင်သော ကောင်းကင်တမန်အစုအဝေးတို့က သူတို့၏ဘုရားသခင်အား ဝန်းရံ၍ ချီးမွမ်း၊ ထောမနာသီချင်းဆိုနေသည်ကို သူမြင်ရ၏။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် ဘုရားတစ်ပါး ကောင်းကင်အလယ်မှ ဆင်းသက်လာသည်ကို မြင်ရ၏၊ ထိုသူ၏တောက်ပခြင်းမှာ၊ မွန်းတည့်နေထက် ပို၍တောက်ပသည်ကိုလည်း သူသတိပြုမိ၏။
၁၀ ထိုသူ၏နောက်မှ လိုက်လာကြသည့် အခြားတစ်ဆယ့်နှစ်ပါးကိုလည်း သူမြင်ရပြီး၊ ထိုသူတို့၏တောက်ပခြင်းမှာ၊ မိုးမျက်နှာကြက်၌ရှိသော ကြယ်များထက် သာလွန်၏။
၁၁ ထိုသူတို့သည်လည်း ဆင်းလာကြ၍၊ မြေကြီးမျက်နှာပြင်ပေါ်၌ သွားလာကြ၏။ ပထမဦးဆုံးသောသူသည် ငါ့အဘ၏ရှေ့သို့ လာ၍ရပ်ပြီး၊ စာအုပ်တစ်အုပ်ကို ပေး၍ ဖတ်ရမည့်အကြောင်း မိန့်တော်မူ၏။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် ဖတ်နေစဉ်တွင်၊ ကိုယ်တော်ရှင်၏ဝိညာဉ်တော်နှင့် ပြည့်စုံ၏။
၁၃ သူသည်လည်း ဖတ်၍ ယေရုရှလင်မြို့သည် အမင်္ဂလာရှိ၏၊ အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ ငါသည် သင်၏စက်ဆုပ်ရွံရှာဖွယ်အမှုများကို မြင်ရလေပြီတကားဟု ဆို၏။ ထိုမှတစ်ပါး၊ များစွာသောအရာတို့ကို ငါ၏အဘသည် ယေရုရှလင်မြို့နှင့်စပ်လျဉ်း၍၊ ဖတ်ရာ၌—ထိုမြို့နှင့် မြို့၌နေထိုင်သောသူတို့ ဖျက်ဆီးခံရကြလိမ့်မည်ဖြစ်ကြောင်း၊ များစွာသောသူတို့ ဓားဘေးဖြင့်၊ ပျက်စီးကြလိမ့်မည်ဖြစ်ကြောင်းနှင့် များစွာသောသူတို့ ဗာဗုလုန်မြို့သို့ ဖမ်းဆီးချုပ်နှောင်ပြီး သယ်ဆောင်သွားခံရကြလိမ့်မည်ဖြစ်ကြောင်းတို့ပါရှိ၏။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ့အဘသည် ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသောအရာများစွာကို ဖတ်ရ၊ မြင်ရလျှင်၊ များစွာသောအရာတို့ကို ကိုယ်တော်ရှင်ထံသို့ ဟစ်ကြွေးသည်ကား၊ ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသည်မှာ ကိုယ်တော်ပြုပြင်စီရင်တော်မူသောအမှုများဖြစ်ပါ၏။ အို ကိုယ်တော်ရှင်ဘုရားသခင်အနန္တတန်ခိုးရှင်၊ ကိုယ်တော်၏ပလ္လင်တော်သည် ကောင်းကင်၌ မြင့်မားလှပါ၏၊ ကိုယ်တော်၏တန်ခိုးတော်၊ ကောင်းမြတ်ခြင်းနှင့် ကရုဏာတော်တို့သည်လည်း မြေကြီးပေါ်၌နေထိုင်သူခပ်သိမ်းတို့အပေါ်သို့ သက်ရောက်တော်မူ၏။ ထို့အတူ၊ ကိုယ်တော်သည် ကရုဏာကြီးတော်မူသောကြောင့်၊ ကိုယ်တော်ထံသို့လာကြသောသူများကို ပျက်စီးရစေခြင်းငှာ အခွင့်ပေးတော်မူမည်မဟုတ်ပါ။
၁၅ ဤကဲ့သို့သောအလေ့အထမှာလည်း ငါ၏အဘက သူ၏ဘုရားသခင်အား ချီးမွမ်းရာ ဘာသာစကားဖြစ်၏။ အကြောင်းမူကား၊ သူမြင်ခဲ့ရလေသောအရာများ၊ အထူးသဖြင့်၊ သူ့ကို ကိုယ်တော်ရှင်ပြတော်မူခဲ့လေသောအရာများကြောင့်၊ သူ၏စိတ်ဝိညာဉ်သည် ရွှင်လန်းဝမ်းမြောက်၍၊ သူ့စိတ်နှလုံးတစ်ခုလုံး ပြည့်စုံ၏။
၁၆ ယခုမူကား၊ ငါနီဖိုင်းသည် ငါ့အဘရေးလေသောအရာများအကြောင်း၊ ပြည့်စုံသောမှတ်တမ်းတစ်ခုကို မပြုစု။ အကြောင်းမူကား၊ ငါ့အဘသည် ရူပါရုံများနှင့် အိပ်မက်များ၌ သူမြင်ရသောအရာများစွာတို့ကို ရေးလေ၏။ သူ၏သားသမီးများသို့ သူပရောဖက်ပြု၍ဟောပြီး ဆိုသည့် အရာများစွာတို့ကိုလည်း ရေးလေ၏။ ထိုအရာတို့အကြောင်းပြည့်စုံသောမှတ်တမ်းကို ငါပြုစုလိမ့်မည်မဟုတ်။
၁၇ သို့ရာတွင်၊ ငါ့အသက်တာ၌ လုပ်ဆောင်မှုများအကြောင်း မှတ်တမ်းကို ငါပြုစုမည်။ ရှုလော့၊ ငါ့အဘ၏မှတ်တမ်းအကျဉ်းချုပ်ကို ငါ့လက်ဖြင့်ပြုလုပ်ထားသော ပုရပိုက်ပြားများပေါ်၌ ငါပြုစု၏။ သို့ဖြစ်၍၊ ငါ့အဘ၏မှတ်တမ်းကို အကျဉ်းချုပ်ပြီးမှ၊ ငါ့အသက်တာအကြောင်း မှတ်တမ်းကို ငါပြုစုမည်။
၁၈ ထိုကြောင့်၊ သင်တို့သိစေခြင်းငှာ ငါအလိုရှိသည်မှာ၊ အံ့ဩဖွယ်ကောင်းသောအရာ အလွန်များစွာကို၊ အထူးသဖြင့် ယေရုရှလင်မြို့ပျက်စီးခြင်းနှင့်စပ်လျဉ်း၍ ငါ့အဘလေဟိကို ကိုယ်တော်ရှင် ပြတော်မူခဲ့လေပြီးနောက်၊ ရှုလော့၊ သူသည်လည်း လူတို့ထံထွက်သွား၍ သူမြင်ရကြားရသော အရာများနှင့်စပ်လျဉ်းပြီး၊ ပရောဖက်ပြု၍ဟောလျက် ဟစ်ကြော်စပြုကြောင်းပေတည်း။
၁၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယုဒလူမျိုးတို့သည် မိမိတို့အကြောင်း သူသက်သေခံသောအရာများကြောင့်၊ သူ့ကို ပြက်ရယ်ပြုကြ၏။ အကြောင်းမူကား၊ သူသည် ထိုသူတို့၏ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကို အမှန်ပင်သက်သေခံ၏။ ထို့အတူ သူသည် မြင်ရ၊ ကြားရသော အရာများနှင့် ထိုစာအုပ်ထဲ၌ဖတ်ရသော အရာများက၊ မေရှိယ ကြွလာတော်မူခြင်းအကြောင်းနှင့် လောကကို ရွေးနှုတ်ခြင်း အကြောင်းတို့ကိုလည်း ရှင်းလင်းထင်ရှားစွာပြကြောင်းကို သက်သေခံ၏။
၂၀ ယုဒလူမျိုးတို့သည်လည်း ဤအရာတို့ကို ကြားရသောအခါ အမှန်စင်စစ်၊ သူတို့နှင်ထုတ်လေခဲ့၊ ကျောက်ခဲနှင့်ပစ်လေခဲ့၊ ကွပ်မျက်လေခဲ့ကြသော ရှေးပရောဖက်များကို ပြုသကဲ့သို့ပင် သူ့ကို အမျက်ထွက်ကြ၏။ သူ့အသက်ကို နှုတ်ယူခြင်းငှာလည်း ကြိုးစားအားထုတ်ကြ၏။ သို့ရာတွင်၊ ရှုလော့၊ ကိုယ်တော်ရှင်၏ နူးညံ့သော ကရုဏာတော်တို့သည် သူရွေးကောက်ထားသော သူခပ်သိမ်းတို့အပေါ်၌ ရှိတော်မူ၍၊ သူတို့၏ယုံကြည်ခြင်းကြောင့် လွတ်မြောက်နိုင်သောစွမ်းအား ရရှိသည့်တိုင်အောင်ပင် သူတို့ကို အားကြီးစေတော်မူကြောင်း သင်တို့ကို ငါနီဖိုင်းပြမည်။