အခန်းကြီး ၂၀
ကိုယ်တော်ရှင်သည် သူ၏အကြံအစည်တော်များကို ဣသရေလအမျိုးတို့အား ဖော်ပြတော်မူ၏—ဣသရေလအမျိုးတို့သည် ဆင်းရဲဒုက္ခမီးပြင်းဖို၌ ရွေးကောက်ခံရပြီး၊ ဗာဗုလုန်မြို့မှ ထွက်လာကြ၏—ဟေရှာယအခန်းကြီး ၄၈ နှင့် နှိုင်းယှဉ်ပါ။ ဘီစီ ၅၈၈–၅၇၀ ခန့်။
၁ အို ယာကုပ်အမျိုးသားတို့၊ ဣသရေလအမျိုးဟု အခေါ်ခံရသောသူတို့၊ ယုဒရေမှ သို့မဟုတ် ဗတ္တိဇံခံရာရေမှထွက်လာသောသူတို့၊ ကိုယ်တော်ရှင်၏နာမတော်ကို တိုင်တည်၍ ကျိန်ဆိုသောသူတို့၊ ဣသရေလအမျိုး၏ဘုရားသခင်ကို ချီးမွမ်းသောသူတို့၊ သို့သော်လည်း သစ္စာနှင့်မဟုတ်၊ ဖြောင့်မတ်ခြင်းနှင့်လည်းမဟုတ်ဘဲ ကျိန်ဆိုသောသူတို့၊ ဤအမှုကို စေ့စေ့နားထောင်၍ ကြားနာကြလော့။
၂ အဘယ်သို့ပင်ဖြစ်စေ၊ သူတို့သည် မိမိတို့ကိုယ်ကို သန့်ရှင်းသောမြို့ ၌ နေကြသူများဟု ခေါ်ကြသော်လည်း ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်ဖြစ်သည့် ဣသရေလအမျိုး၏ဘုရားသခင်ကို မမှီခိုကြ။ ကောင်းကင်ဗိုလ်ခြေကိုယ်တော်ရှင်ဟူသည်ကား သူ၏နာမတော်ဖြစ်၏။
၃ ရှုလော့၊ ဖြစ်ဖူးသောအရာတို့ကို ရှေးဦးစွာကတည်းက သင်တို့ကို ငါဟောကြားလေပြီ။ ထိုအရာတို့သည် ငါ့နှုတ်မှထွက်ပြီး၊ ငါဖော်ပြ၏။ ငါသည် ထိုအရာတို့ကို ချက်ချင်းဖော်ပြ၏။
၄ သင်သည် ခေါင်းမာလျက်၊ သင်၏လည်ပင်းသည် သံချောင်းဖြစ်၍၊ သင်၏နဖူးကား၊ ကြေးဝါ ဖြစ်သည်ကို ငါသိသောကြောင့်၊ ထိုအရာကို ငါပြုတော်မူ၏။
၅ ထို့အတူ၊ ရှေးဦးစွာကတည်းကပင်၊ သင့်ကို ငါဟောလေပြီ။ ထိုအမှုမဖြစ်မီ သင့်ကို ငါဖော်ပြပြီ။ ငါ၏ရုပ်တုသည် ဤအမှုကိုပြုပြီ၊ ငါထုသောရုပ်တု၊ ငါသွန်းသောရုပ်တုသည် ဤအမှုကိုစီရင်ပြီဟု—သင်ပြောမည်ကို စိုးရိမ်ကြောင့်ကြသောကြောင့် ထိုအမှုများကို ငါဖော်ပြပြီ။
၆ သင်သည် ဤအမှုအလုံးစုံတို့ကို မြင်ရ၊ ကြားရလေပြီ။ ထိုအရာများကို သင်မပြောကြားဘဲနေမည်လော။ ထို့အတူ၊ ယခုမှစ၍ အမှန်စင်စစ်၊ အသစ်သောအရာ၊ ဝှက်ထားသောအရာများကို ငါဖော်ပြလေပြီ။ ထိုအရာများကို သင်မသိ။
၇ ထိုအရာများကို ယခုပင်ဖန်ဆင်း၏၊ ရှေးဦးစွာကတည်းက ဖန်ဆင်းသည်မဟုတ်၊ ထိုအရာများကို သင်မကြားဖူးခင်ကာလ၌ပင် သင့်အား ဟောကြားထားလေသည်မှာ—ရှုလော့၊ ထိုအရာများကို ငါသိလေ၏ဟု သင်မပြောနိုင်စေခြင်းငှာပေတည်း။
၈ ထိုမှတစ်ပါး၊ သင်သည် မကြားစဖူး၊ သင်သည် မသိစဖူး။ ထိုမှတစ်ပါး၊ သင်၏နားသည် ယခင်ကမပွင့်။ အကြောင်းမူကား၊ သင်သည် အလွန်သစ္စာပျက်လိမ့်မည်။ အမိဝမ်းထဲမှစ၍ လွန်ကျူးသောသူဟူ၍ အခေါ်ခံရလေသည်ကိုလည်း ငါသိ၏။
၉ သို့သော်လည်း၊ သင့်ကိုမပယ်မဖြတ်ခြင်းငှာ၊ ငါသည် ကိုယ့်နာမအတွက် ကိုယ့်အမျက်ကို ချုပ်တည်းမည်။ ကိုယ်ဂုဏ်အသရေအတွက် သင့်ကို ငါသည်းခံမည်။
၁၀ အကြောင်းမူကား၊ ရှုလော့၊ ငါသည်သင့်ကို စစ်ခဲ့ပြီ။ ငါသည် ဆင်းရဲဒုက္ခမီးပြင်းဖို၌ သင့်ကို ရွေးကောက်ခဲ့ပြီ။
၁၁ ကိုယ့်အတွက်၊ အကယ်စင်စစ် ကိုယ့်အတွက် ဤအရာကို ငါပြုဦးမည်။ အကြောင်းမူကား၊ ငါ၏နာမတော်အား ညစ်ညူးစေခြင်းကို ငါအခွင့်ပေးတော်မူမည်မဟုတ်။ ငါ၏ဘုန်းတော်ကို တခြားသူအား ငါပေးမည်မဟုတ်။
၁၂ အို ယာကုပ်၊ ငါခေါ်သောဣသရေလ၊ ငါ့ကိုစေ့စေ့နားထောင်လော့။ အကြောင်းမူကား၊ ငါသည် ထိုသူဖြစ်၏။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူလည်းဖြစ်၏။
၁၃ ငါ့လက်သည်လည်း မြေကြီးအုတ်မြစ်ကို ချခဲ့လေပြီ။ ငါ့လက်ယာလက်သည် ကောင်းကင်ကို ကြက်လေပြီ။ ငါခေါ်၍ သူတို့အတူတကွပေါ်လာကြ၏။
၁၄ ရှိသမျှသောသင်တို့၊ သင်တို့ကိုယ်သင်တို့စည်းဝေး၍ကြားနာကြလော့၊ ဤအမှုအရာများကို သူတို့တွင် အဘယ်သူသည် ရှေးမဆွကထိုသူတို့အား ဟောကြားနှင့်သနည်း။ ကိုယ်တော်ရှင်သည် ထိုသူကိုချစ်တော်မူ၏။ ထိုမှတစ်ပါး၊ သူသည် ထိုသူတို့အားဖြင့်ဟောကြားလေသည့် သူ၏နှုတ်ကပတ်တော်ကို ပြီးပြည့်စုံစေလိမ့်မည်။ သူသည် ဗာဗုလုန်မြို့ ၌ အလိုတော်ကိုပြည့်စုံစေမည်။ သူ၏လက်သည်လည်း ခါလဒဲလူတို့အပေါ်သို့ ရောက်လိမ့်မည်။
၁၅ ငါကိုယ်တော်ရှင်အမိန့်တော်ရှိပြီ။ အကယ်စင်စစ် ဟောပြောစေခြင်းငှာ သူ့ကိုငါခေါ်ပြီ။ သူ့ကို ငါဆောင်ယူတော်မူခဲ့ပြီ။ သူသွားသောလမ်း၌ အောင်မြင်ရလိမ့်မည်ဟုလည်း ကိုယ်တော်ရှင်မိန့်တော်မူလေ၏။
၁၆ ငါ့ထံသို့ ချဉ်းကပ်ကြလော့။ ရှေးဦးစွာကတည်းက ငါသည် တိတ်ဆိတ်စွာမဟော။ အမှုဖြစ်စကာလကတည်းက ဟောလျက် ငါမိန့်တော်မူခဲ့လေ၏။ ကိုယ်တော်ရှင်ဘုရားသခင်နှင့် သူ၏ဝိညာဉ်တော်သည်လည်း ငါ့ကို စေလွှတ်တော်မူ၏။
၁၇ ထို့အတူ၊ ကိုယ်တော်ရှင်၊ သင်၏ရွေးနှုတ်ရှင်၊ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရား မိန့်တော်မူသည်ကား၊ ငါသည် သူ့ကိုစေလွှတ်တော်မူလေပြီ၊ သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်သူ၊ သင်သွားရမည့်လမ်းဖြင့် ပို့ဆောင်သူ သင်၏ဘုရားသခင်ကိုယ်တော်ရှင်သည် ထိုအမှုကို ပြုတော်မူလေပြီ။
၁၈ အို သင်သည် ငါ၏ပညတ်တော်များကို စေ့စေ့နားထောင်ပါစေသော—သို့ပြုလျှင်၊ သင်၏ငြိမ်းချမ်းခြင်းသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်းသည် ပင်လယ်လှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
၁၉ သင်၏အမျိုးအနွယ်သည် သဲလုံးကဲ့သို့လည်းကောင်း၊ သင်၏သားမြေးတို့သည် ပင်လယ်ကျောက်စရစ်ကဲ့သို့လည်းကောင်း ဖြစ်ရကြလိမ့်မည်။ သင်၏နာမသည် ငါ့ရှေ့မှာမပြတ်၊ မပျက်စီးရ။
၂၀ ဗာဗုလုန်မြို့ထဲကထွက်ကြလော့။ ရွှင်လန်းစွာသီချင်းသံနှင့် ခါလဒဲလူတို့နေရာမှ ပြေးကြလော့။ ဤသတင်းစကားကို မြေကြီးစွန်းတိုင်အောင် ပြန်ပြောမြွက်ဆို၍ အသံကို လွှင့်ကြလော့။ ကိုယ်တော်ရှင်သည် သူ့ကျွန်ယာကုပ်ကို ရွေးနှုတ်တော်မူပြီဟု ပြောဆိုကြလော့။
၂၁ သူတို့သည် ရေမငတ်ကြ။ ထိုသူတို့အား သဲကန္တာရကို ဖြတ်၍၊ သူဆောင်သွားတော်မူ၏။ သူတို့အဖို့ ကျောက်ထဲကရေကို စီးထွက်စေတော်မူ၏။ ကျောက်ကိုလည်း ခွဲတော်မူသဖြင့်၊ ရေသည် ပန်းထွက်လေ၏။
၂၂ ဤအရာအားလုံးနှင့် ပို၍ကြီးမြတ်သည့်အရာကို ပြုလေတော်မူသော်ငြားလည်း ဆိုးညစ်သောသူတို့၌ ငြိမ်းချမ်းခြင်းမရှိဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။