အခန်းကြီး ၁၇
နီဖိုင်းသည် သင်္ဘောတည်ဆောက်စေရန် မိန့်တော်မူခြင်းကို ခံရ၏—သူ၏အစ်ကိုတို့က သူ့ကို ဆန့်ကျင်ကြ၏—ဣသရေလအမျိုးတို့နှင့်ပြုတော်မူသည့် ဘုရားသင်ခင့်အမှုတော်များ၏သမိုင်းကြောင်းကို ပြန်လည်ပြောပြခြင်းအားဖြင့် သူတို့ကို သူတိုက်တွန်း၏—နီဖိုင်းသည် ဘုရားသခင်၏တန်ခိုးတော်နှင့် ပြည့်စုံ၏—သူ၏အစ်ကိုတို့သည် ကျူပင်ခြောက်ကဲ့သို့ ညှိုးနွမ်းပျက်စီးခြင်းသို့ မရောက်စေခြင်းငှာ၊ သူ့ကို မထိစေရန် တားမြစ်ခံရကြ၏။ ဘီစီ ၅၉၂–၅၉၁ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည်လည်း တောရိုင်းထဲ၌ တစ်ဖန် ခရီးသွားကြ၏။ ထိုအချိန်မှစ၍ အရှေ့အရပ်နီးပါးသို့ဦးတည်လျက် ခရီးသွားကြ၏။ တောရိုင်းထဲ၌ များစွာသောဆင်းရဲဒုက္ခကိုလည်း ဖြတ်ကျော်၍ ခရီးသွားကြ၏။ ငါတို့၏မိန်းမများသည်လည်း တောရိုင်းထဲ၌ ကလေးများမွေးဖွားကြ၏။
၂ ကိုယ်တော်ရှင်၏ထိုမျှလောက်ကြီးစွာသောကောင်းချီးမင်္ဂလာများသည် ငါတို့အပေါ်မှာ ရှိလေသဖြင့်၊ ငါတို့သည် တောရိုင်းထဲ၌ အသားစိမ်းများကိုစား၍ အသက်ရှင်စဉ်တွင် ငါတို့၏မိန်းမများမှာ မိမိတို့၏ကလေးများကို နို့ရည်များစွာတိုက်ကျွေးလျက်၊ အမျိုးသားများကဲ့သို့ပင် အားကြီးကြ၏။ သူတို့သည် ခရီးသွားခြင်းကိုလည်း ညည်းညူအပြစ်တင်ခြင်းများမရှိဘဲ သည်းခံစပြုကြ၏။
၃ ထိုကဲ့သို့အားဖြင့်၊ ငါတို့သိမြင်ကြသည်မှာ ဘုရားသခင်၏ပညတ်တော်များ ပြီးပြည့်စုံစေရမည့်အကြောင်းပေတည်း။ လူသားတို့သည်လည်း ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းကြလျှင်၊ သူတို့ကို ကျွေးမွေးပြီး၊ ခွန်အားဖြည့်ပေး၍၊ မိန့်တော်မူလေသည့်အရာကို သူတို့ပြီးမြောက်နိုင်စေမည့်နည်းလမ်းများကိုလည်း ပေးသနားတော်မူ၏။ သို့ဖြစ်၍၊ တောရိုင်းထဲ၌ ငါတို့တည်းခိုနေစဉ်တွင်၊ ငါတို့အတွက်နည်းလမ်းများကို သူပေးသနားတော်မူ၏။
၄ ငါတို့သည်လည်း နှစ်ပေါင်းများစွာ၊ အထူးသဖြင့် ရှစ်နှစ်မျှပင်ကြာအောင် တောရိုင်းထဲ၌ တည်းခိုကြ၏။
၅ များစွာသောအသီးများနှင့် တောပျားရည်များကြောင့်လည်း အလျှံပယ်ဟု ငါတို့ခေါ်လေသည့်အရပ်သို့ ရောက်လာကြ၏။ ငါတို့မပျက်စီးနိုင်ကြစေခြင်းငှာ၊ ဤအရာခပ်သိမ်းတို့ကို ကိုယ်တော်ရှင်ပြင်ဆင်ထားတော်မူလေပြီ။ များစွာသောရေတို့ဟု အနက်ရသည့် ဣရေရန်တုံဟု ငါတို့ခေါ်လေသည့် ပင်လယ်ကိုလည်း ငါတို့မြင်၏။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် ပင်လယ်ကမ်းနား၌ ငါတို့၏တဲများကို ဆောက်ကြ၏။ ငါတို့သည် များစွာသော၊ အထူးသဖြင့်၊ အလွန်များလှ၍ ၎င်းတို့အားလုံးကို ရေးပင်မရေးနိုင်သည့် များစွာသောဆင်းရဲဒုက္ခများနှင့် များစွာသောအခက်အခဲများကို ခံစားရသော်ငြားလည်း ပင်လယ်ကမ်းနားသို့ရောက်သောအခါ လွန်စွာရွှင်လန်းဝမ်းမြောက်ကြ၏။ ငါတို့သည် များစွာသောအသီးများကြောင့် ထိုအရပ်ကို အလျှံပယ်ဟု ခေါ်ကြ၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါနီဖိုင်းသည် အလျှံပယ်ပြည်တွင် ရက်ပေါင်းများစွာကြာအောင် ရှိနေခဲ့လေပြီးနောက် ကိုယ်တော်ရှင်၏အသံသည် ငါ့ထံသို့ ရောက်လာ၍၊ ထလော့၊ တောင်ပေါ်သို့ သင်သွားလော့ဟု မိန့်တော်မူ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည်လည်း ထ၍ တောင်ပေါ်သို့တက်သွားပြီး၊ ကိုယ်တော်ရှင်ထံ တောင်းလျှောက်၏။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်က ငါ့ကို မြွက်ဆို၍ မိန့်တော်မူလေသည်ကား၊ သင်၏လူမျိုးတို့ကို ဤသမုဒ္ဒရာကို ဖြတ်၍ ငါဆောင်တော်မူခြင်းငှာ သင့်ကို ငါဖော်ပြတော်မူမည့်နည်းလမ်းအတိုင်း သင်္ဘောတစ်စီးကို တည်ဆောက်ရမည်။
၉ ငါကလည်း၊ ကိုယ်တော်ရှင်၊ အကျွန်ုပ်သည် ကိုယ်တော်ဖော်ပြတော်မူလေသည့်အတိုင်း သင်္ဘောကို တည်ဆောက်ခြင်းငှာ ကိရိယာများပြုလုပ်နိုင်ရန် ကျိုချက်ရမည့် သတ္တုရိုင်းကို ရှာဖွေတွေ့ရှိနိုင်ခြင်းငှာ အဘယ်အရပ်သို့ သွားရပါမည်နည်းဟု မေးလျှောက်၏။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိရိယာများပြုလုပ်နိုင်ရန် သတ္တုရိုင်းများ ရှာဖွေတွေ့ရှိခြင်းငှာ အဘယ်အရပ်သို့သွားရမည့်အကြောင်း ငါ့ကို ကိုယ်တော်ရှင်မိန့်တော်မူ၏။
၁၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါနီဖိုင်းသည် မီးမှုတ်ရန် ဖိုကို သားရဲ၏သားရေများဖြင့် ပြုလုပ်၏။ ငါသည် မီးမှုတ်နိုင်မည့်ဖိုကို ပြုလုပ်ပြီးနောက်၊ မီးမွှေးရန် ကျောက်ခဲနှစ်လုံးကို အချင်းချင်းပြင်းစွာရိုက်ခတ်၏။
၁၂ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် တောရိုင်းထဲ၌ ငါတို့ခရီးသွားစဉ်တွင် မီးများစွာပြုရန် ယခုတိုင်အောင် အခွင့်မပေးပေ။ ငါသည် သင်တို့၏စားစရာကို အရသာရှိလာစေမည်ဖြစ်၍၊ သင်တို့မချက်ရဟု မိန့်တော်မူ၏။
၁၃ ငါသည် တောရိုင်းထဲ၌ သင်တို့၏ အလင်းလည်း ဖြစ်တော်မူမည်။ သင်တို့သည် ငါ၏ပညတ်တော်များကို စောင့်ထိန်းကြလျှင်၊ သင်တို့ရှေ့၌လမ်းကို လည်းပြင်ဆင်တော်မူမည်။ သို့ဖြစ်၍၊ သင်တို့သည် ငါ၏ပညတ်တော်များကို စောင့်ထိန်းကြသမျှ ကတိတော်မြေဆီသို့ ခေါ်ဆောင်ခံရမည်။ ငါအားဖြင့် ခေါ်ဆောင်ခံရသည်ကိုလည်း သင်တို့သိကြလိမ့်မည်ဟု မိန့်တော်မူ၏။
၁၄ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင် မိန့်တော်မူသည်ကား၊ သင်တို့သည် ကတိတော်မြေသို့ ရောက်ရှိကြလေပြီးနောက်၊ ငါကိုယ်တော်ရှင်သည် ဘုရားသခင်ဖြစ်တော်မူသည်ကိုလည်းကောင်း၊ ငါကိုယ်တော်ရှင်သည် သင်တို့ကို ပျက်စီးခြင်းမှ ကယ်လွှတ်တော်မူခဲ့သည်ကိုလည်းကောင်း၊ အထူးသဖြင့်၊ သင်တို့ကို ယေရုရှလင်နယ်မြေမှ ငါခေါ်ဆောင်တော်မူခဲ့သည်ကိုလည်းကောင်း သင်တို့သိကြလိမ့်မည်။
၁၅ သို့ဖြစ်၍၊ ငါနီဖိုင်းသည် ကိုယ်တော်ရှင်၏ပညတ်တော်များကို စောင့်ထိန်းရန် အလွန်ကြိုးစား၏။ ငါ၏အစ်ကိုတို့ကိုလည်း သစ္စာရှိကြ၊ လုံ့လဝီရိယရှိကြစေရန် တိုက်တွန်း၏။
၁၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ကျောက်မှကျိုချက်၍ရရှိသော သတ္တုရိုင်းဖြင့် ကိရိယာများပြုလုပ်၏။
၁၇ ငါသင်္ဘောတည်ဆောက်တော့မည်ပြုသည်ကို ငါ၏အစ်ကိုတို့မြင်လျှင်၊ ငါ့ကိုဆန့်ကျင်၍ ညည်းညူအပြစ်တင်စပြုကြသည်ကား၊ ငါတို့ညီသည် လူမိုက်ဖြစ်၏။ အကြောင်းမူကား၊ သူသည် သင်္ဘောတည်ဆောက်နိုင်မည်ဟု ထင်မှတ်၏။ ထိုမှတစ်ပါး၊ သူသည် ဤကြီးစွာသောရေတို့ကို ဖြတ်ကူးနိုင်မည်ဟုလည်း ထင်မှတ်၏ဟု ဆိုကြ၏။
၁၈ ထိုကဲ့သို့အားဖြင့် ငါ၏အစ်ကိုတို့သည် ငါ့ကို ဆန့်ကျင်အပြစ်တင်လျက်၊ ငါသင်္ဘောတည်ဆောက်နိုင်ကြောင်းကိုလည်း မယုံကြည်၍ အလုပ်မလုပ်လိုကြ။ ငါ့ကို ကိုယ်တော်ရှင်သွန်သင်တော်မူလေကြောင်းကိုလည်း မယုံကြည်ကြ။
၁၉ ယခုမူကား၊ အချိန်တန်လာသောအခါ၊ ငါနီဖိုင်းသည် သူတို့စိတ်နှလုံး၏မာကျောခြင်းကြောင့်၊ အလွန်ဝမ်းနည်း၏။ ယခုမူကား၊ သူတို့သည် ငါဝမ်းနည်းစပြုသည်ကို မြင်ကြလျှင်၊ သူတို့စိတ်နှလုံး၌ ဝမ်းသာလျက်၊ ငါ၏ဝမ်းနည်းခြင်းကြောင့် သူတို့ရွှင်လန်းဝမ်းမြောက်၍ ဆိုကြလေသည်ကား၊ သင်သင်္ဘောမတည်ဆောက်နိုင်ကြောင်း ငါတို့သိ၏။ အကြောင်းမူကား၊ သင်သည် ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိကြောင်း ငါတို့သိကြ၏။ သို့ဖြစ်၍၊ သင်သည် ဤမျှလောက်ကြီးစွာသောအမှုကို မပြီးမြောက်နိုင်။
၂၀ ထို့အတူ၊ သင်သည် စိတ်နှလုံး၏မိုက်မဲသောစိတ်ကူးအကြံအစည်များအားဖြင့် လှည့်ဖြားခေါ်ဆောင်သွားခံရသော ငါတို့၏အဘကဲ့သို့ပင်ဖြစ်၏။ ထိုမှတစ်ပါး၊ သူသည် ငါတို့ကို ယေရုရှလင်နယ်မြေမှ ဆောင်လေ၍၊ ငါတို့သည် ဤနှစ်ပေါင်းများစွာကြာအောင်၊ တောရိုင်းထဲ၌ အရပ်ရပ်သို့လည်ရလေပြီ။ ငါတို့၏မိန်းမများသည်လည်း ပင်ပန်းကြီးစွာ အလုပ်လုပ်၍ ပဋိသန္ဓေတည်ရကြ၏။ သူတို့သည် တောရိုင်းထဲ၌ ကလေးများ မွေးဖွားကြပြီး၊ သေခြင်းမှတစ်ပါး အလုံးစုံသောအရာတို့ကို ခံစားရကြ၏။ သူတို့ယေရုရှလင်မြို့မှမထွက်ခင် သေခဲ့ရလေလျှင်၊ ဤဆင်းရဲဒုက္ခများကို ခံစားရခြင်းထက် သာ၍ကောင်းပေလိမ့်မည်။
၂၁ ရှုလော့၊ ဤနှစ်ပေါင်းများစွာ တောရိုင်းထဲ၌ ငါတို့ဒုက္ခခံစားရချိန်တွင်၊ ငါတို့သည် ငါတို့၏ဥစ္စာပစ္စည်းများနှင့် ငါတို့၏အမွေခံရာမြေ၌ပျော်မွေ့နိုင်ခဲ့ကြပေမည်။ ထိုမှတစ်ပါး၊ ငါတို့သည် ပျော်ရွှင်လျက်ရှိနိုင်ခဲ့ကြပေမည်။
၂၂ ယေရုရှလင်နယ်မြေ၌ရှိသောလူများသည် ဖြောင့်မတ်သောလူမျိုးများဖြစ်ကြောင်းကိုလည်း ငါတို့ သိကြ၏။ အကြောင်းမူကား၊ သူတို့သည် ကိုယ်တော်ရှင်၏ထုံးဥပဒေသများ၊ စီရင်တော်မူချက်များနှင့် သူ၏ခပ်သိမ်းသောပညတ်တော်များကို မောရှေ၏ပညတ်တရားအတိုင်း စောင့်ထိန်းကြ၏။ သို့ဖြစ်၍၊ သူတို့သည် ဖြောင့်မတ်သောလူမျိုးများဖြစ်ကြောင်း ငါတို့သိကြ၏။ ငါတို့၏အဘသည် သူတို့ကို ပြစ်တင်ရှုတ်ချ၏။ ငါတို့သည် သူ့စကားများကို စေ့စေ့နားထောင်လိုကြသောကြောင့်လည်း သူသည် ငါတို့ကို ဝေးရာသို့ ခေါ်ဆောင်၏။ ထိုမှတစ်ပါး၊ ငါတို့၏ညီသည်လည်း သူကဲ့သို့ပင်ဖြစ်၏။ ဤကဲ့သို့သောစကားဖြင့်၊ ငါ၏အစ်ကိုတို့သည် ငါတို့ကို ဆန့်ကျင်၍၊ ညည်းညူအပြစ်တင်ကြ၏။
၂၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါနီဖိုင်းကသူတို့ကို ဆို၍ပြောလေသည်ကား၊ ဣသရေလအမျိုးသားများဖြစ်သည့် ငါတို့၏ဘိုးဘေးတို့သည် ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်များကို စေ့စေ့နားမထောင်ကြဘဲနှင့် အဲဂုတ္တုလူတို့၏လက်မှ ခေါ်ဆောင်သွားခံခဲ့ရသည်ဟု သင်တို့ယုံကြည်ကြသလော။
၂၄ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်က မောရှေအား သူတို့ကို ကျွန်ခံရာမှ ခေါ်ထုတ်ရမည့်အကြောင်း မိန့်တော်မမူခဲ့လေဘဲနှင့် သူတို့သည်ကျွန်ခံရာမှ ခေါ်ထုတ်ခံခဲ့ရသည်ဟု သင်တို့ထင်မှတ်ကြသလော။
၂၅ ယခုမူကား၊ ဣသရေလအမျိုးသားတို့သည် ကျွန်ခံရာ၌ ရှိခဲ့ကြလေကြောင်း သင်တို့သိကြ၏။ သူတို့သည် ထမ်းဖို့လေးလံသည့် အလုပ်များ ထမ်းရွက်ရသည်ကိုလည်း သင်တို့သိကြပြီ။ သို့ဖြစ်၍၊ ကျွန်ခံရာမှ ခေါ်ဆောင်ခံရမည်မှာ သူတို့အတွက် ကောင်းမြတ်သောအရာဖြစ်ရမည်ကို သင်တို့သိကြ၏။
၂၆ ယခုမူကား၊ မောရှေသည် ထိုကြီးစွာသောအမှုကို ဆောင်ရွက်စေရန် ကိုယ်တော်ရှင်၏မိန့်တော်မူခြင်းခံရကြောင်း သင်တို့သိကြ၏။ သူ၏စကားအားဖြင့် ဧဒုံပင်လယ်ရေများသည် တစ်ဖက်တစ်ချက်ကွဲ၍ ခြောက်သွေ့သောမြေပေါ်၌ သူတို့လျှောက်သွားကြလေကြောင်းကိုလည်း သင်တို့သိကြ၏။
၂၇ သို့ရာတွင်၊ ဖာရောဘုရင်၏တပ်များဖြစ်သည့် အဲဂုတ္တုလူများသည် ဧဒုံပင်လယ်၌ နစ်မြုပ်လေကြောင်း သင်တို့သိကြ၏။
၂၈ တောရိုင်းထဲ၌ သူတို့ကို မန္နဖြင့် ကျွေးမွေးသည်ကိုလည်း သင်တို့သိကြ၏။
၂၉ ထိုမှတစ်ပါး၊ မောရှေသည် သူ့၌ရှိသည့် ဘုရားသခင်၏တန်ခိုးတော်အတိုင်း စကားဆို၍၊ ဣသရေလအမျိုးသားများ ရေငတ်ပြေစေခြင်းငှာ၊ ကျောက်ကို ရိုက်သဖြင့်၊ ရေထွက်လာသည်ကိုလည်း သင်တို့သိကြ၏။
၃၀ သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်၊ သူတို့၏ရွေးနှုတ်ရှင်သည် သူတို့ရှေ့မှကြွတော်မူ၍ နေ့အချိန်၌ လမ်းပြခြင်း၊ ညဉ့်အချိန်၌ အလင်းပေးခြင်းနှင့် လူသားများ လက်ခံရရှိရန် သင့်လျော်သည့် ခပ်သိမ်းသောအရာတို့ကို ပြုတော်မူခြင်းတို့ဖြင့် ခေါ်ဆောင်သော်ငြားလည်း သူတို့သည် ကိုယ့်စိတ်နှလုံးကိုမာကျောစေပြီး၊ အသိစိတ်ကို ကွယ်စေလျက်၊ မောရှေကို ဆန့်ကျင်၍၊ မှန်ကန်သည့် အသက်ရှင်တော်မူသောဘုရားသခင်ကိုလည်း ဆန့်ကျင်၍ကဲ့ရဲ့ပြောဆိုကြ၏။
၃၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူ၏ကတိတော်အတိုင်း၊ ထိုသူတို့ကို ဖျက်ဆီး၏။ သူ၏ကတိတော်အတိုင်း၊ ထိုသူတို့ကို ခေါ်ဆောင်၏။ သူ၏ကတိတော်အတိုင်း၊ ခပ်သိမ်းသော အရာတို့ကို ထိုသူတို့အတွက် ပြုတော်မူ၏။ သူ၏ကတိတော်အားဖြင့်မှတစ်ပါး၊ ပြုထားတော်မူသောအရာ တစ်စုံတစ်ခုမျှမရှိ။
၃၂ ယော်ဒန်မြစ်ကို သူတို့ဖြတ်ကူးကြလေပြီးနောက်၊ ထိုပြည်သားများကို မောင်းထုတ်နိုင်ကြစေသည့်တိုင်အောင်၊ အမှန်စင်စစ်၊ ကွဲပြားပြန့်ကျဲ၍ ပျက်စီးကြစေသည့်တိုင်အောင်လည်း သူတို့ကို အားကြီးစေတော်မူ၏။
၃၃ ယခုမူကား၊ ငါတို့၏ဘိုးဘေးတို့အားဖြင့် နှင်ထုတ်ခံရလေသူ၊ ကတိတော်မြေ၌ရှိလေသူ ဤပြည်သားတို့သည် ဖြောင့်မတ်ကြသည်ဟု သင်တို့ထင်မှတ်ကြသလော။ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။
၃၄ အကယ်၍၊ ထိုသူတို့ဖြောင့်မတ်ကြလေလျှင်၊ ငါတို့၏ဘိုးဘေးတို့သည် သူတို့ထက်သာ၍ မြတ်ကြလိမ့်မည်ဟု သင်တို့ထင်မှတ်ကြသလော။ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။
၃၅ ရှုလော့၊ ကိုယ်တော်ရှင်သည် ခပ်သိမ်းသော လူတို့ကို အညီအမျှ မှတ်တော်မူ၏။ ဖြောင့်မတ်သောသူသည် ဘုရားသခင်၏ နှစ်သက်တော်မူခြင်းကို ခံရ၏။ သို့ရာတွင်၊ ရှုလော့၊ ဤလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းကို ငြင်းပယ်ခဲ့ကြလေပြီး၊ ဒုစရိုက်၌ရင့်မှည့်ကြလေ၏။ ဘုရားသခင်၏အမျက်တော်အပြည့်အစုံသည်လည်း သူတို့အပေါ်၌ ကျရောက်လေ၏။ ကိုယ်တော်ရှင်သည် သူတို့တစ်ဖက်၌ မြေကို ကျိန်၍၊ ငါတို့ဘိုးဘေးတို့အဖို့ ကောင်းချီးပေးတော်မူ၏။ အထူးသဖြင့်၊ သူတို့ပျက်စီးစေခြင်းငှာ တစ်ဖက်၌ မြေကို ကျိန်တော်မူပြီး၊ ငါတို့ဘိုးဘေးတို့ရယူနိုင်စွမ်းရှိစေခြင်းငှာ မြေကို ကောင်းချီးပေးတော်မူ၏။
၃၆ ရှုလော့၊ နေထိုင်ကြစေခြင်းငှာ မြေကြီးကို ကိုယ်တော်ရှင်ဖန်ဆင်းတော်မူလေ၏။ ထိုမြေကြီးကို အမွေခံစေခြင်းငှာ သူ၏သားသမီးများကိုလည်း ဖန်ဆင်းတော်မူလေ၏။
၃၇ ဖြောင့်မတ်သောလူမျိုးတို့ကိုလည်း ပေါ်ထွန်းလာစေပြီး၊ ဆိုးညစ်သောလူမျိုးတို့ကို ဖျက်ဆီးတော်မူ၏။
၃၈ ထို့နောက်၊ သူသည် ဖြောင့်မတ်သောသူများကို အဖိုးထိုက်သည့်ပြည်များသို့ ခေါ်ဆောင်တော်မူပြီး၊ ဆိုးညစ်သောသူများကို ဖျက်ဆီးလျက်၊ သူတို့အတွက် ထိုပြည်ကို ကျိန်တော်မူ၏။
၃၉ သူသည် ကောင်းကင်အမြင့်၌ အုပ်စိုးတော်မူ၏။ အကြောင်းမူကား၊ ထိုကောင်းကင်သည် သူ၏ပလ္လင်တော်ဖြစ်၏။ ဤမြေကြီးသည်ကား၊ သူ၏ခြေတင်ရာခုံဖြစ်သတည်း။
၄၀ သူတို့၏ကိုးကွယ်ရာဘုရားသခင်အရာ၌ သူ့ကို ထားရှိကြမည့်သူများကို ချစ်တော်မူ၏။ ရှုလော့၊ ငါတို့၏ဘိုးဘေးတို့ကို ချစ်တော်မူပြီး၊ သူတို့နှင့် အထူးသဖြင့် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ပင် ပဋိညာဉ်ပြုတော်မူခဲ့၏။ သူသည် ပြုခဲ့လေသည့် ပဋိညာဉ်များကိုလည်း အောက်မေ့တော်မူ၏။ သို့ဖြစ်၍၊ သူတို့ကို အဲဂုတ္တုပြည်မှ ဝေးရာသို့ခေါ်ဆောင်တော်မူလေသတည်း။
၄၁ တောရိုင်းထဲ၌လည်း သူတို့ကို အပြစ်ဒဏ်ဖြင့် ဆုံးမပဲ့ပြင်၏။ အကြောင်းမူကား၊ သူတို့သည် သင်တို့ကဲသို့ပင် စိတ်နှလုံးကို မာကျောစေကြ၏။ သူတို့၏ဒုစရိုက်ကြောင့် သူတို့ကို ကိုယ်တော်ရှင်က ဆုံးမပဲ့ပြင်၏။ ပျံတတ်သောမီးမြွေများကို သူတို့၌ လွှတ်တော်မူ၏။ အကိုက်ခံရပြီးနောက် သူတို့အနာပျောက်ကြစေခြင်းငှာ နည်းလမ်းကို သူပြင်ဆင်ထားတော်မူ၏။ သူတို့ဆောင်ရွက်ရမည့်အလုပ်မှာ မျှော်ကြည့်ရန် ဖြစ်၏။ ထိုနည်းလမ်း၏ရိုးရှင်းခြင်းနှင့် လွယ်ကူခြင်းကြောင့် ပျက်စီးသူများစွာရှိလေ၏။
၄၂ သူတို့သည် စိတ်နှလုံးကို အချိန်နှင့်အမျှ မာကျောစေလျက်၊ မောရှေကိုဆန့်ကျင်ပြီး၊ ဘုရားသခင်ကိုလည်း ဆန့်ကျင်၍ ကဲ့ရဲ့ပြောဆိုကြ၏။ သို့သော်လည်း၊ သူတို့သည် ကတိတော်မြေထဲသို့ အတုမရှိသောတန်ခိုးတော်အားဖြင့် ခေါ်ဆောင်ခံရကြောင်း သင်တို့သိ၏။
၄၃ ယခုမူကား၊ ဤအရာခပ်သိမ်းတို့၏နောက်၌ သူတို့သည် အထူးသဖြင့်၊ ရင့်မှည့်လုနီးပါးအထိ ဆိုးညစ်လာသည့်အချိန် ကျရောက်လာ၏။ ဤကာလ၌၊ သူတို့ဖျက်ဆီးခံရကြတော့မည်ဟုလည်း ငါထင်မိ၏။ အကြောင်းမူကား၊ ဖမ်းဆီးချုပ်နှောင်ခြင်းသို့ ခေါ်ဆောင်သွားခံရမည့်သူ အနည်းငယ်မှတစ်ပါး၊ သူတို့ဖျက်ဆီးခံရမည့်အချိန်သည် ဧကန်အမှန်ကျရောက်လာမည်ဖြစ်ကြောင်း ငါသိ၏။
၄၄ သို့ဖြစ်၍၊ ကိုယ်တော်ရှင်သည် ငါ၏အဘကို တောရိုင်းထဲသို့ ထွက်ခွာသွားရမည့်အကြောင်း မိန့်တော်မူ၏။ ယုဒလူမျိုးတို့ကလည်း သူ့အသက်ကို နှုတ်ယူရန် ကြိုးစားအားထုတ်ကြ၏။ ထိုမှတစ်ပါး၊ သင်တို့သည်လည်း သူ့အသက်ကို နှုတ်ယူရန် ကြိုးစားအားထုတ်ကြလေပြီ။ သို့ဖြစ်၍၊ သင်တို့သည် သူတို့ကဲ့သို့ပင် သင်တို့စိတ်နှလုံး၌ လူ့အသက်ကိုသတ်သောသူများ ဖြစ်ကြ၏။
၄၅ သင်တို့သည် ဒုစရိုက်ကိုပြုရန် လျင်မြန်ကြသော်လည်း သင်တို့၏ဘုရားသခင်ကိုယ်တော်ရှင်ကို အောက်မေ့ရန် နှေးကွေးကြ၏။ သင်တို့သည် ကောင်းကင်တမန်ကို မြင်လေပြီး၊ သူသည် သင်တို့ကို မြွက်ဆို၏။ အမှန်စင်စစ်၊ သူ့အသံကို အချိန်နှင့်အမျှ သင်တို့ကြားနာကြလေပြီ။ သူသည် သင်တို့ကို ဖြည်းညှင်းသောအသံဖြင့်မြွက်ဆိုတော်မူ၏။ သို့ရာတွင်၊ သင်တို့သည် ခံစားတတ်စွမ်းမရှိတော့၍၊ သူ၏စကားများကို မခံစားနိုင်ကြ။ သို့ဖြစ်၍၊ သူသည် သင်တို့အား မြေကြီးကို အစိတ်စိတ်ကွဲသကဲ့သို့တုန်လှုပ်စေသည့် မိုးချုန်းသံကဲ့သို့ မြွက်ဆိုလေ၏။
၄၆ သူ၏အနန္တတန်ခိုးရှိသော နှုတ်ကပတ်တော်၏တန်ခိုးတော်အားဖြင့် သူသည် မြေကြီးကို ကွယ်ပျောက်သွားစေနိုင်ကြောင်းကိုလည်း သင်တို့သိကြ၏။ ထိုမှတစ်ပါး၊ သူသည် သူ့နှုတ်ကပတ်တော်အားဖြင့် ကြမ်းတမ်းသောနေရာများကို ချောမွေ့စေပြီး၊ ချောမွေ့သောနေရာများကို ကွဲပြတ်စေနိုင်တော်မူကြောင်း သင်တို့သိကြ၏။ အို၊ ထိုသို့ဆိုလျှင်၊ သင်တို့သည် စိတ်နှလုံး၌ အဘယ်ကြောင့်၊ အလွန်မာကျောနိုင်ကြလေသနည်း။
၄၇ ရှုလော့၊ သင်တို့ကြောင့် ငါ၏စိတ်ဝိညာဉ်သည် ပြင်းစွာသောဝေဒနာနှင့် ကွဲကြေ၍၊ ငါ၏စိတ်နှလုံးက နာကျင်၏။ သင်တို့ ကာလအစဉ်အဆက်စွန့်ပစ်ခံရကြမည်ကို ငါစိုးရိမ်၏။ ရှုလော့၊ ငါ့ကိုယ်ခန္ဓာ၌ အင်အားမရှိနိုင်အောင်ပင် ငါသည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်လျက်ရှိ၏။
၄၈ ယခုမူကား၊ အချိန်တန်လာသောအခါ၊ ဤစကားများကို ငါပြောလေပြီးနောက်၊ သူတို့သည် ငါ့ကို အမျက်ထွက်၍ ပင်လယ်ရေနက်ထဲသို့ ပစ်ချလိုကြ၏။ သူတို့က ငါ့ကို ဖမ်းဆီးရန် ရှေ့တိုးလာကြစဉ်တွင် သူတို့ကို ငါဆိုသည်ကား၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏နာမတော်အားဖြင့် သင်တို့ကို ငါအမိန့်ပေး၏။ ငါ့ကို မထိကြနှင့်။အကြောင်းမူကား၊ ငါ့ကိုယ်ခန္ဓာကို ဝါးမျိုထားသည်အထိပင် ငါသည် ဘုရားသခင်၏တန်ခိုးတော်နှင့် ပြည့်စုံ၏။ ငါ့ကို ဖမ်းဆီးမည့်သူမှန်သမျှသည်လည်း ကျူပင်ခြောက်ကဲ့သို့ပင် ညှိုးနွမ်းပျက်စီးခြင်းသို့ရောက်လိမ့်မည်။ ထိုသူသည် ဘုရားသခင်၏တန်ခိုးတော်ရှေ့ ၌ ဘာမျှမဟုတ်သကဲ့သို့ ဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် ထိုသူကို ဒဏ်ခတ်တော်မူလိမ့်မည်။
၄၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါနီဖိုင်းက သူတို့ကို ပြောဆိုသည်ကား၊ သူတို့သည် မိမိတို့အဘတစ်ဖက်၌ ညည်းညူအပြစ်တင်ခြင်း မရှိသင့်တော့ကြောင်း၊ ငါ့ကို သူတို့ကူ၍ အလုပ်လုပ်ခြင်းကိုလည်း မငြင်းသင့်ကြကြောင်းပေတည်း။ အကြောင်းမူကား၊ သင်္ဘောတည်ဆောက်ရမည့်အကြောင်း ငါ့ကို ဘုရားသခင်မိန့်ထားတော်မူလေပြီ။
၅၀ သူတို့ကို ငါပြောလေသည်ကား၊ ခပ်သိမ်းသော အရာတို့ကို ဆောင်ရွက်စေရန် ငါ့ကို ဘုရားသခင် မိန့်တော်မူလေလျှင်၊ ထိုအရာတို့ကို ငါဆောင်ရွက်နိုင်၏။ ဤရေကို သင်မြေကြီးဖြစ်လော့ဟု ဆိုရမည့်အကြောင်း ငါ့ကို မိန့်တော်မူလျှင်၊ မြေကြီးဖြစ်လိမ့်မည်။ ထိုသို့ ငါဆိုလျှင်၊ ဖြစ်လာလိမ့်မည်။
၅၁ ယခုမူကား၊ ကိုယ်တော်ရှင်သည် ထိုကဲ့သို့ကြီးစွာသော တန်ခိုးတော်ရှိ၍၊ အလွန်များစွာသော အလွန်တရာအံ့ဩဖွယ်အမှုများကို လူသားတို့ ၌ ပြုပြင်စီရင်ထားတော်မူလေလျှင်၊ ငါသင်္ဘောတည်ဆောက်ရစေမည့်အကြောင်း၊ အဘယ်သို့အားဖြင့် မသွန်သင်နိုင်ဘဲရှိမည်နည်း။
၅၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါနီဖိုင်းသည် ငါ၏အစ်ကိုတို့အား၊ များစွာသောအရာတို့ကို ပြောဆိုသဖြင့်၊ သူတို့သည် အရှက်ရ၍၊ ငါ့ကို ရန်မတွေ့နိုင်ကြ။ ငါ့ကို ဖမ်းလည်းမဖမ်းဆီးဝံ့ကြ၊ ရက်ပေါင်းများစွာကြာအောင်ပင်၊ ငါ့ကို လက်ချောင်းများနှင့်လည်း မထိဝံ့ကြ။ ယခုမူကား၊ သူတို့သည် ငါ့ရှေ့ ၌ ညှိုးနွမ်းပျက်စီးကြမည်ကို ကြောက်ရွံ့သဖြင့်၊ ဤအမှုကို မပြုဝံ့ကြ၊ ဘုရားသခင်၏ ဝိညာဉ်တော်မှာ ဤမျှအထိ၊ တန်ခိုးတော်နှင့်ပြည့်စုံတော်မူ၏။ ထိုကဲ့သို့အားဖြင့်၊ သူတို့အပေါ် အရှိန်ဩဇာသက်ရောက်တော်မူလေ၏။
၅၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ့ကို ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ သင်၏လက်ကို သင့်အစ်ကိုတို့ဆီသို့ တစ်ဖန်ဆန့်လော့။ သူတို့သည် သင်၏ရှေ့၌ မညှိုးနွမ်းမပျက်စီးရ။ သို့ရာတွင်၊ ငါသည် သူတို့ကို တုန်လှုပ်စေမည်ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။ ဤအရာကို ငါပြုတော်မူသည်ကား၊ ငါသည် သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်ဖြစ်တော်မူကြောင်း သူတို့သိနိုင်ကြစေမည့်အကြောင်းပေတည်း။
၅၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ငါ့အစ်ကိုတို့ဆီသို့ လက်ကို ဆန့်၍၊ သူတို့သည် ငါ့ရှေ့၌ မညှိုးနွမ်းမပျက်စီးကြ။ သို့ရာတွင်၊ ကိုယ်တော်ရှင်သည် မိန့်တော်မူခဲ့လေသည့် စကားအတိုင်းပင် သူတို့ကို တုန်လှုပ်စေ၏။
၅၅ ယခုမူကား၊ သူတို့ဆိုလေသည်မှာ ကိုယ်တော်ရှင်သည် သင်နှင့်အတူရှိတော်မူသည်ကို ငါတို့ဧကန်အမှန်သိ၏။ အကြောင်းမူကား၊ ကိုယ်တော်ရှင်၏တန်ခိုးတော်က ငါတို့ကို တုန်လှုပ်စေကြောင်း ငါတို့ သိကြ၏ဟုဆို၍ သူတို့သည် ငါ၏ရှေ့၌ ပျပ်ဝပ်လျက်၊ ငါ့ကို ကိုးကွယ်တော့မည်ပြုကြ၏။ သို့ရာတွင်၊ သူတို့ကို ငါအခွင့်မပေးလို၍ ဆိုသည်ကား၊ ငါသည် သင်တို့၏ညီ၊ အမှန်စင်စစ်၊ သင်တို့၏ညီငယ်ဖြစ်၏။ သို့ဖြစ်၍၊ သင်တို့၏ ဘုရားသခင်ကိုယ်တော်ရှင်အား ကိုးကွယ်၍၊ သင်တို့၏ ကိုယ်တော်ရှင်ပေးတော်မူသောပြည်၌ သင်တို့အသက် တာရှည်မည့်အကြောင်း၊ သင်တို့၏အမိနှင့် အဘကို ရိုသေစွာပြုကြလော့ဟု ဖြစ်လေသတည်း။