အခန်းကြီး ၂၁
မေရှိယသည် တပါးအမျိုးသားများအတွက် အလင်းဖြစ်၍၊ အကျဉ်းသားတို့ကို လွတ်လပ်စေမည်—နောက်ဆုံးသောကာလ၌ ဣသရေလအမျိုးတို့သည် တန်ခိုးတော်အားဖြင့် စုဝေးကြမည်—ရှင်ဘုရင်တို့သည် သူတို့၏ကျွေးဖခင်များ ဖြစ်ကြမည်—ဟေရှာယခန်းကြီး ၄၉ နှင့် နှိုင်းယှဉ်ပါ။ ဘီစီ ၅၈၈–၅၇၀ ခန့်။
၁ ထိုမှတစ်ဖန်၊ စေ့စေ့နားထောင်ကြလော့၊ အို ဣသရေလအမျိုးသားတို့၊ ငါ၏လူမျိုးတို့မှ သင်းအုပ်တို့၏ဆိုးညစ်ခြင်းများကြောင့် ကွဲကွာ၍၊ နှင်ထုတ်ခံရကြသော သင်တို့အားလုံး၊ အထူးသဖြင့်၊ ငါ၏လူမျိုးတို့မှ ကွဲကွာ၍ အရပ်ရပ်သို့ကွဲပြားပြန့်ကျဲသည့် သင်တို့အားလုံး၊ အို ဣသရေလအမျိုးသားတို့။ တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၊ ငါ့စကားကို နားထောင်ကြလော့၊ ဝေးစွာသောလူမျိုးတို့၊ စေ့စေ့နားထောင်ကြလော့၊ ငါဖွားစကပင် ကိုယ်တော်ရှင်သည် ငါ့ကိုခေါ်၏။ အမိဝမ်းထဲမှစ၍၊ ငါ၏နာမကို မှတ်တော်မူ၏။
၂ ငါ့နှုတ်ကို ထက်သောဓားကဲ့သို့ ဖြစ်စေ၍၊ လက်တော်အရိပ်၌ သူသည် ငါ့ကို ဖုံးထားတော်မူ၏။ ငါ့ကို ဦးသစ်သော မြားတံလည်းဖြစ်စေ၍၊ သူ၏မြားတောင့်ထဲမှာ ဝှက်ထားတော်မူ၏။
၃ အိုဣသရေလ၊ သင်သည် ငါ၏ကျွန်ဖြစ်၏။ သင့်အားဖြင့် ငါ့ဘုန်းတော်သည် ထင်ရှားလိမ့်မည်ဟု ငါ့ကို မိန့်တော်မူပြီ။
၄ ငါကလည်း၊ အချည်းနှီး ငါအလုပ်လုပ်ရပြီ။ အကျိုးမရှိ၊ အချည်းနှီးသက်သက် ငါ့ခွန်အားကုန်ရပြီ။ ငါ့ကို တရားစီရင်ခြင်းသည် ကိုယ်တော်ရှင်၌ ဧကန်အမှန်ရှိ၏။ ငါ့အမှုသည်လည်း ငါ၏ဘုရားသခင်၌ရှိသည်ဟု ဆို၏။
၅ ယခုမူကား၊ ကိုယ်တော်ရှင်မိန့်တော်မူသည်မှာ—ငါသည် ယာကုပ်အမျိုးကို အထံတော်သို့ တစ်ဖန်ဆောင်ရသော ကျွန်ဖြစ်စေမည့်အကြောင်း၊ ငါ့ကို အမိဝမ်းထဲမှစ၍ ဖန်ဆင်းတော်မူခဲ့၏—ဣသရေလအမျိုးသည် အထံတော်၌စုဝေးစေခြင်းကို မခံရသေးသော်လည်း၊ ငါသည် ကိုယ်တော်ရှင်ရှေ့တော်၌ အသရေထင်ရှား၍၊ ငါ၏ဘုရားသခင်သည် ငါ၏ခွန်အား ဖြစ်လိမ့်မည်ဟူသော အကြောင်းပေတည်း။
၆ သင်သည် ယာကုပ်၏မျိုးနွယ်စုတို့ကို ချီးမြှောက်ခြင်း၊ ကာကွယ်စောင့်မခြင်းကို ခံထားရသောဣသရေလအမျိုးတို့ကို ပြန်လည်ဆောင်ယူခြင်းအလို့ငှာ ငါ၏ကျွန်ဖြစ်ရခြင်းသည် သာမညအမှုဖြစ်၏။ ထိုအမှုမက၊ သင်သည် မြေကြီးစွန်းတိုင်အောင်၊ ငါ၏ကယ်တင်ခြင်းကို ပြုစိမ့်သောငှာ၊ သင့်ကို တပါးအမျိူးသားတို့အတွက် အလင်းဖြစ်စေရန် ငါခန့်ထားသည်ဟု မိန့်တော်မူ၏။
၇ ကိုယ်တော်ရှင်၊ ဣသရေလအမျိုး၏ ရွေးနှုတ်ရှင်၊ သူ၏သန့်ရှင်းသောဘုရားက လူများမထီမဲ့မြင်ပြုသော၊ ပြည်သားတို့ရွံရှာသော၊ မင်းထံ၌ကျွန်ခံရသောသူအား မိန့်တော်မူသည်ကား၊ သစ္စာရှိတော်မူသောကိုယ်တော်ရှင်ကြောင့် ရှင်ဘုရင်တို့သည် မြင်၍ထကြလိမ့်မည်။ မင်းသားတို့သည်လည်း ကိုးကွယ်ကြလိမ့်မည်။
၈ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ နှစ်သက်ဖွယ်သောအချိန်၌၊ သင့်စကားကို ငါကြားတော်မူပြီ၊ အို ပင်လယ်တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံအရပ်သားတို့၊ ကယ်တင်ရာကာလ၌ သင့်ကို ငါမစပြီ၊ သင့်ကို ငါကာကွယ်စောင့်မ၍လည်း၊ လူတို့အတွက် ပဋိညာဉ်ပြုစရာအဖို့၊ မြေကြီးကို ပြုပြင်ရန်၊ ဆိတ်ညံသောအမွေခံရာအရပ်တို့ကို အမွေရရှိစေရန်၊ ငါ၏ကျွန်ကို သင့်အား ပေး၏။
၉ ထွက်ကြလော့ဟု အကျဉ်းသားတို့အားလည်းကောင်း၊ ပေါ်လာကြလော့ဟု မှောင်မိုက်ထဲမှာ ထိုင်ကြသောသူတို့အားလည်းကောင်း သင်ပြောနိုင်၏။ ထိုသူတို့သည် လမ်းခရီးတို့အနားမှာ စားရ၍၊ သူတို့၏ကျက်စားရာတို့သည် မြင့်သောနေရာ ခပ်သိမ်းတို့၌ ရှိကြလိမ့်မည်။
၁၀ သူတို့သည် အစာမငတ်၊ ရေမငတ်ရ။ အပူကိုလည်းမခံရကြ၊ နေရောင်ခြည်မထိရ၊ အကြောင်းမူကား၊ သူတို့ကို ကရုဏာထားသော သူသည် သူတို့ကို ပို့ဆောင်၍ စမ်းရေတွင်းအနားသို့ လမ်းပြလိမ့်မည်။
၁၁ ငါ၏တောင်ရှိသမျှတို့ကို သွားရာလမ်း ဖြစ်စေမည်။ ငါ၏လမ်းမများကိုလည်း ငါမြှင့်မည်။
၁၂ ထို့နောက်၊ အို ဣသရေလအမျိုးသားတို့၊ ရှုလော့။ ဤသူတို့သည် ဝေးသောအရပ်မှ လာကြလိမ့်မည်။ ကြည့်ဦးလော့၊ ဤသူတို့သည် မြောက်မျက်နှာနှင့် အနောက်မျက်နှာမှလည်းကောင်း၊ ဤသူတို့သည် သိနိမ်ပြည်မှလည်းကောင်း လာကြလိမ့်မည်။
၁၃ အို ကောင်းကင်တို့၊ သီချင်းဆိုကြလော့။ အို မြေကြီး၊ ရွှင်လန်းအားရလော့။ အကြောင်းမူကား၊ အရှေ့မျက်နှာမှာရှိသော သူတို့၏ခြေတို့သည် ရပ်တည်ကြလိမ့်မည်။ အို တောင်များတို့၊ သီချင်းဆိုသံနှင့် ကြွေးကြော်ကြလော့။ အကြောင်းမူကား၊ သူတို့သည် ဒဏ်ခတ်မခံရကြတော့လတ္တံ့။ ကိုယ်တော်ရှင်သည် မိမိလူမျိုးတို့ကို နှစ်သိမ့်စေတော်မူ၏။ ဆင်းရဲခံရသောမိမိလူတို့ကို ကရုဏာလည်းထားတော်မူ၏။
၁၄ သို့ရာတွင်၊ ရှုလော့၊ ဇိအုန်က ကိုယ်တော်ရှင်သည် ငါ့ကို စွန့်ပစ်တော်မူပြီ၊ ကိုယ်တော်ရှင်သည် ငါ့ကို မေ့တော်မူလေပြီ—ဟုဆိုသော်လည်း သူမေ့ခြင်းမရှိလေကြောင်းပြတော်မူလိမ့်မည်။
၁၅ အကြောင်းမူကား၊ မိန်းမသည် မိမိဖွားသောသားကို မသနားသည့်တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့နိုင်သလော၊ အကယ်၍၊ သူတို့မေ့သော်လည်း၊ သင့်ကို ငါမမေ့၊ အို ဣသရေလအမျိုးသားတို့။
၁၆ ရှုလော့၊ ငါသည် ကိုယ့်လက်ဝါး၌ သင့်ကို စာထိုးပြီ။ သင်၏တံတိုင်းသည် ငါ့ရှေ့မှာ အစဉ်မပြတ်ရှိ၏။
၁၇ သင်၏သားသမီးတို့သည် သင့်ကိုဖျက်ဆီးသောသူတို့နှင့်ဆန့်ကျင်၍ အလျင်အမြန်ပြုကြလိမ့်မည်။ သင့်ကို လုယူဖျက်ဆီးသူတို့သည် သင့်ထံမှ ထွက်သွားကြလိမ့်မည်။
၁၈ အရပ်ရပ်သို့ မျှော်ကြည့်လော့။ ဤသူခပ်သိမ်းတို့သည် သူတို့ကိုယ်သူတို့ အတူတကွစုဝေး၍ သင့်ထံသို့ လာကြလိမ့်မည်။ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်ဖြစ်၍၊ သင်သည် တင့်တယ်သောအဝတ်ကို ဝတ်သကဲ့သို့ ဤသူခပ်သိမ်းတို့ကို ဝတ်လိမ့်မည်။ သတို့သမီး ကဲ့သို့ပင် တန်ဆာဆင်လိမ့်မည်။
၁၉ သင်၌ သုတ်သင်ပယ်ရှင်းသော အရပ်များ၊ ထို့အတူ ပျက်စီးသောပြည်သည် နေသူများကြောင့် ယခုမှာပင် အလွန်ကျဉ်းလိမ့်မည်။ သင့်ကို ဝါးမျိုသောသူတို့သည်လည်း ဝေးကြလိမ့်မည်။
၂၀ သင်၏သားဦးများ ဆုံးရှုံးပြီးမှ၊ သင်တစ်ဖန် ရပြန်လိမ့်မည့်သားတို့က၊ ငါ့အတွက် နေရာသည် အလွန်ကျပ်တည်းပါ၏။ နေစရာအရပ်ကို ပေးပါဟု သင့်ကို တစ်ဖန်တောင်းကြလိမ့်ဦးမည်။
၂၁ သင်ကလည်း၊ ဤသူတို့ကို ငါ့အတွက် အဘယ်သူဖွားမြင်စေသနည်း။ ငါသည် သားဆုံးသောသူ၊ ဆိတ်ညံလျက်နေရသောသူ၊ အကျဉ်းသား၊ အရပ်ရပ်သို့လည်ရသောသူဖြစ်၍၊ ဤသူတို့ကို အဘယ်သူ မွေးစားသနည်း။ ရှုလော့၊ ငါသည် တစ်ယောက်တည်းနေရသူဖြစ်၍၊ ဤသူတို့သည် အဘယ်မှာရှိကြလေသနည်းဟု သင့်စိတ်နှလုံးထဲ၌ တွေးလိမ့်မည်။
၂၂ ကိုယ်တော်ရှင်ဘုရားသခင် မိန့်တော်မူလေသည်မှာ၊ ရှုလော့ ငါသည် တပါးအမျိုးသားတို့အား လက်ကိုချီ၍ လူမျိုးတို့အား အလံကိုထူသဖြင့်၊ သူတို့သည် သင်၏သားများကို လက်နှင့်ပွေ့၍၊ သင်၏သမီးများကို ပခုံးပေါ်မှာထမ်း၍ ဆောင်ခဲ့ကြလိမ့်မည်။
၂၃ ရှင်ဘုရင်တို့သည် သင်တို့၏ ကျွေးဖခင်များ၊ မိဖုရားတို့သည် သင်တို့၏ ကျွေးမွေးစောင့်ရှောက်သောမိခင်များ ဖြစ်ကြလိမ့်မည်။ သူတို့သည် သင့်ရှေ့မှာ ဦးညွှတ်ပျပ်ဝပ်၍၊ သင်၏ခြေမှ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ငါသည် ကိုယ်တော်ရှင်ဖြစ်ကြောင်းကို သင်တို့သိလိမ့်မည်။ အကြောင်းမူကား၊ ငါ့ကို စောင့်မျှော်သောသူတို့သည် ရှက်ကြောက်ခြင်း မရှိရကြ။
၂၄ အကြောင်းမူကား၊ လုယူရာဥစ္စာကို အားကြီးသောသူ၏လက်မှ ယူရမည်လော၊ တရားသော အကျဉ်းသားများကို လွှတ်ပေးရမည်လော။
၂၅ သို့ရာတွင်၊ ကိုယ်တော်ရှင် မိန့်တော်မူသည်ကား၊ အကယ်စင်စစ် အားကြီးသောသူသိမ်းသွားသော အကျဉ်းသားတို့ကို နှုတ်ယူရလိမ့်မည်။ ကြောက်မက်ဖွယ်သောသူ လုယူရာဥစ္စာကို လွှတ်ပေးရလိမ့်မည်။ အကြောင်းမူကား၊ သင်နှင့်ရန်တွေ့သောသူကို ငါသည်ရန်တွေ့၍၊ သင်၏သားသမီးများကို ကယ်တင်မည်။
၂၆ သင့်ကို ညှဉ်းပန်းနှိပ်စက်သောသူတို့ကို သူတို့ကိုယ်တိုင်၏အသားနှင့် ငါကျွေးမည်။ ချိုသောစပျစ်ရည်နှင့် ယစ်မူးသကဲ့သို့၊ သူတို့ကိုယ်တိုင်၏အသွေးနှင့် သူတို့ယစ်မူးရကြလိမ့်မည်။ သို့ဖြစ်၍၊ ငါကိုယ်တော်ရှင်သည် သင်၏ကယ်တင်ရှင်၊ သင်၏ရွေးနှုတ်ရှင်၊ ယာကုပ်အမျိုး၏ တန်ခိုးကြီးသောဘုရားဖြစ်ကြောင်းကို ခပ်သိမ်းသောလူတို့သိရကြလိမ့်မည်။