အခန်းကြီး ၂
လေဟိသည် သူ့မိသားစုကို ဧဒုံပင်လယ်နားရှိ တောရိုင်းထဲသို့ ခေါ်ဆောင်၏—သူတို့၏ဥစ္စာပစ္စည်းများကို သူတို့ချန်ထားရစ်ကြ၏—လေဟိသည် ကိုယ်တော်ရှင်အား ယဇ်ကို ပူဇော်၍၊ သူ၏သားများအား ပညတ်တော်များကို စောင့်ထိန်းကြရန် သွန်သင်၏—လာမန်နှင့် လေမွေလတို့သည် သူတို့၏အဘကို ဆန့်ကျင်၍ညည်းညူ အပြစ်တင်ကြ၏—နီဖိုင်းသည် နာခံလျက်၊ ယုံကြည်ခြင်းဖြင့် ဆုတောင်း၏။ ကိုယ်တော်ရှင်သည် သူ့ကိုစကားမြွက်ဆိုတော်မူ၏။ သူသည် သူ၏အစ်ကိုတို့အပေါ် အုပ်စိုးစေရန် ရွေးကောက်ခံရ၏။ ဘီစီ ၆၀၀ ခန့်။
၁ ရှုလော့၊ အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်သည် ငါ၏အဘကို မြွက်ဆိုတော်မူ၍၊ အထူးသဖြင့်၊ အိပ်မက်အားဖြင့်ပင် မိန့်တော်မူလေသည်ကား၊ အသင်လေဟိသည် ပြုလေသော အမှုများကြောင့် မင်္ဂလာရှိ၏။ သင်သည် သစ္စာရှိ၍၊ ငါမိန့်တော်မူသည့်အရာတို့ကို ဤလူမျိုးတို့အား ဟောကြားသောကြောင့်လည်း ရှုလော့၊ သူတို့သည် သင်၏အသက်ကို နှုတ်ယူရန် ကြိုးစားအားထုတ်ကြ၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်သည် ငါ့အဘအား၊ သူ့မိသားစုကို ခေါ်ဆောင်၍၊ တောရိုင်းထဲသို့ ထွက်ခွာသွားရမည့်အကြောင်း အိပ်မက်အားဖြင့်ပင် မိန့်တော်မူ၏။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်ကို နာခံ၏။ သို့ဖြစ်၍၊ သူသည် ကိုယ်တော်ရှင်မိန့်တော်မူသည့်အတိုင်း ဆောင်ရွက်၏။
၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် တောရိုင်းထဲသို့ ထွက်ခွာသွား၏။ သူ၏အိမ်၊ ထို့အတူ သူ၏အမွေခံရာမြေ၊ ထို့အတူ သူ၏ရွှေ၊ ထို့အတူ သူ၏ငွေနှင့် သူ၏ အဖိုးထိုက်သော အရာများကို ချန်ထားလျက်၊ သူ၏မိသားစု၊ ရိက္ခာများနှင့် တဲများမှတစ်ပါး၊ အဘယ်အရာကိုမျှမယူဘဲ၊ တောရိုင်းထဲသို့ ထွက်ခွာသွား၏။
၅ သူသည် ဧဒုံပင်လယ်ကမ်းအနီးနယ်နိမိတ်နားသို့ ဆင်းလာ၏။ ဧဒုံပင်လယ်နှင့် ပို၍နီးသော နယ်နိမိတ်အရပ်တွင် တောရိုင်းထဲ၌ သူခရီးသွား၏။ ငါ၏အမိစာရိယ၊ လာမန်၊ လေမွေလနှင့် ရှမ် တည်းဟူသော ငါ၏အစ်ကိုကြီးများ ပါဝင်သည့် သူ့မိသားစုနှင့် တောရိုင်းထဲ၌ ခရီးသွား၏။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် တောရိုင်းထဲ၌ သုံးရက်ကြာ ခရီးသွားလေပြီးမှ၊ ရေစီးရာမြစ်ဘေးရှိ ချိုင့်ဝှမ်းထဲ၌ သူ၏တဲကို ဆောက်၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် ကျောက်ယဇ်ပလ္လင်ကိုတည်၍၊ ကိုယ်တော်ရှင်အား ပူဇော်သက္ကာပြုလျက်၊ ငါတို့၏ဘုရားသခင်ကိုယ်တော်ရှင်အား ကျေးဇူးတော်ချီးမွမ်း၏။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် မြစ်၏အမည်ကို လာမန်ဟုခေါ်၏။ ၎င်းသည် ဧဒုံပင်လယ် အတွင်းသို့ စီးဆင်း၏။ ချိုင့်ဝှမ်းသည်လည်း မြစ်ဝအနီး နယ်နိမိတ်အရပ်၌ရှိ၏။
၉ ငါ၏အဘသည် မြစ်ရေများ ဧဒုံပင်လယ်ဝသို့ စီးဆင်းသည်ကို မြင်သောအခါ၊ လာမန်အား၊ အို သင်သည် ဤမြစ်ကဲ့သို့ဖြစ်ပါစေ၊ ဖြောင့်မတ်ခြင်းခပ်သိမ်းတို့၏စမ်းရေတွင်းသို့ အစဉ်မပြတ် စီးဝင်နေလော့ဟုဆို၏။
၁၀ လေမွေလကိုလည်း၊ အို သင်သည် ဤချိုင့်ဝှမ်းကဲ့သို့ဖြစ်ပါစေ၊ ကိုယ်တော်ရှင်၏ ပညတ်တော်များကို စောင့်ထိန်းရာ၌၊ ခိုင်မာလျက်၊ မြဲမြံပြီး မတိမ်းယိမ်းဘဲရှိလော့ဟု ဆို၏။
၁၁ ယခုတွင်၊ ဤအမှုကို သူပြောရခြင်းမှာ၊ လာမန်နှင့် လေမွလတို့၏ လည်ပင်းခိုင်မာခြင်းကြောင့်ပင်တည်း။ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် များစွာသောအရာတို့၌၊ သူတို့၏အဘကို ဆန့်ကျင်ညည်းညူ အပြစ်တင်ကြ၏။ သူသည် ရူပါရုံရသူတစ်ယောက်ဖြစ်၍၊ သူတို့၏အမွေခံရာမြေ၊ ထို့အတူ သူတို့၏ရွှေ၊ ထို့အတူ သူတို့၏ငွေနှင့် သူတို့၏အဖိုးထိုက်သောအရာများကို စွန့်ခွာစေရန်၊ တောရိုင်းထဲ၌ ပျက်စီးစေရန် သူတို့ကို ယေရုရှလင်နယ်မြေမှ ဆောင်လေပြီ။ ဤကဲ့သို့ သူပြုခြင်းသည်လည်း သူ့စိတ်နှလုံး၏မိုက်မဲသော စိတ်ကူးအကြံအစည်များကြောင့်ပေတည်းဟု သူတို့ဆိုကြ၏။
၁၂ ထိုကဲ့သို့အားဖြင့်၊ လာမန်နှင့် လေမွလတို့သည် အစ်ကိုအကြီးဆုံးဖြစ်လျက် သူတို့၏အဘကို ဆန့်ကျင်၍ ညည်းညူ အပြစ်တင်ကြ၏။ သူတို့ကို ဖန်ဆင်းတော်မူလေသည့် ဘုရားသခင်၏ အမှုတော်များကို မသိကြသောကြောင့်လည်း ညည်းညူအပြစ်တင်ကြ၏။
၁၃ ပရောဖက်တို့၏စကားများအတိုင်း ယေရုရှလင်မြို့ကြီး ဖျက်ဆီးခံရနိုင်သည်ကိုလည်း သူတို့မယုံကြည်ကြ။ ငါ့အဘ၏အသက်ကို နှုတ်ယူရန် ကြိုးစားအားထုတ်ကြသည့် ယေရုရှလင်၌ ရှိလေသော ယုဒလူမျိုးများကဲ့သို့ပင် ဖြစ်ကြ၏။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၏အဘသည် ဝိညာဉ်တော်နှင့်ပြည့်စုံလျက် လေမွေလချိုင့်ဝှမ်း၌ သူ့ရှေ့မှာ သူတို့တုန်လှုပ်သည့်တိုင်အောင်၊ အာဏာနှင့်ပြော၏။ သူတို့ကို အရှက်ရစေသောကြောင့်လည်း သူ့ကို ဆန့်ကျင်၍မပြောဝံ့ကြ။ သို့ဖြစ်၍၊ သူခိုင်းသည့်အတိုင်း ပြုကြ၏။
၁၅ ငါ့အဘသည်လည်း တဲတစ်လုံးထဲ၌ နေထိုင်၏။
၁၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါနီဖိုင်းသည် အသက်အလွန်ငယ်သော်လည်း အရပ်အမောင်းကောင်းပြီး၊ ဘုရားသခင်၏နက်နဲသောအရာတို့အကြောင်းကို သိခြင်းငှာ ကြီးစွာသောအလိုဆန္ဒလည်းရှိ၏။ သို့ဖြစ်၍၊ ငါသည် ကိုယ်တော်ရှင်ထံသို့ တောင်းလျှောက်၏။ ရှုဦးလော့၊ ကိုယ်တော်ရှင်ကလည်း ငါ့ကို အကြည့်အရှုကြွတော်မူ၍၊ ငါ့စိတ်နှလုံးကို ပျော့ပျောင်းစေတော်မူသဖြင့်၊ ငါ့အဘပြောထားသည့် စကားမှန်သမျှကို ငါယုံကြည်၏။ သို့ဖြစ်၍၊ ငါသည် ငါ၏အစ်ကိုများကဲ့သို့ သူ့ကို ဆန့်ကျင်ပုန်ကန်ခြင်းမရှိ။
၁၇ ကိုယ်တော်ရှင်က သူ၏သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ငါ့ကို ထင်ရှားစွာပြတော်မူသည့်အရာများကိုလည်း ငါသည် ရှမ်ကို ဖော်ပြ၍ပြောဆို၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၏စကားများကို သူယုံကြည်၏။
၁၈ သို့ရာတွင်၊ ရှုလော့၊ လာမန်နှင့် လေမွေလတို့သည် ငါ၏စကားများကို စေ့စေ့နားမထောင်လိုကြ။ သူတို့စိတ်နှလုံး၏မာကျောခြင်းကြောင့်၊ ငါသည် ဝမ်းနည်းပူဆွေးလျက်၊ သူတို့အတွက် ကိုယ်တော်ရှင်ထံသို့ တောင်းလျှောက်၏။
၁၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်မြွက်ဆို၍၊ မိန့်တော်မူလေသည်ကား၊ အသင်နီဖိုင်းသည် ယုံကြည်ခြင်းကြောင့် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်သည် စိတ်နှလုံးနှိမ့်ချခြင်းနှင့် ငါ့ကို လုံ့လဝီရိယထက်သန်စွာရှာလေပြီ။
၂၀ သင်သည် ငါ၏ပညတ်တော်များကို စောင့်ထိန်းသမျှ၊ အောင်မြင်လိမ့်မည်။ ကတိတော်မြေသို့လည်း၊ အထူးသဖြင့်၊ သင့်အတွက် ငါပြင်ဆင်ထားသည့်ပြည်၊ အထူးသဖြင့်၊ အခြားသောပြည်များအားလုံးထက် အမြတ်ဆုံးဖြစ်သည့်ပြည်သို့ပင် ပို့ဆောင်ခံရလိမ့်မည်။
၂၁ သင်၏အစ်ကိုတို့သည်လည်း သင့်ကို ဆန်ကျင်ပုန်ကန်ကြသမျှ၊ ကိုယ်တော်ရှင်၏ မျက်မှောက်မှ ပယ်ရှင်းခံရကြလိမ့်မည်။
၂၂ သင်သည်လည်း ငါ၏ပညတ်တော်များကို စောင့်ထိန်းသမျှ၊ သင်၏အစ်ကိုတို့အပေါ် အုပ်စိုးသူနှင့် ဆရာဖြစ်ရလိမ့်မည်။
၂၃ အကြောင်းမူကား၊ ရှုလော့၊ ငါ့ကို သူတို့ဆန့်ကျင်ပုန်ကန်သောထိုကာလ၌ သူတို့ကို ပြင်းထန်သောကျိန်ခြင်းဖြင့်ပင် ငါကျိန်တော်မူမည်။ သင်၏အမျိုးအနွယ်တို့သည်လည်း ငါ့ကို ဆန့်ကျင်ပုန်ကန်ခြင်းမရှိကြလျှင်၊ ထိုသူတို့ကအစိုးရသောအခွင့်ကို ရကြမည်မဟုတ်။
၂၄ အကယ်၍၊ ငါ့ကို ဆန်ကျင်ပုန်ကန်ကြလျှင်လည်း၊ ထိုသူတို့သည် သင်၏အမျိုးအနွယ်များအဖို့ ငါ့ကို သတိရကြစေခြင်းငှာ၊ နှိုးဆော်ရာ ကျာပွတ်ဖြစ်လိမ့်မည်။