အခန်းကြီး ၇
လေဟိ၏သားများသည် ယေရုရှလင်သို့ ပြန်လာ၍ ဣရှမေလနှင့် သူ၏အိမ်သူအိမ်သားတို့အား မိမိတို့၏လမ်းခရီး၌ ပူးပေါင်းရန် ဖိတ်ခေါ်ကြ၏—လာမန်နှင့် အခြားသူများက ပုန်ကန်ကြ၏—နီဖိုင်းသည် သူ၏အစ်ကိုတို့အား ကိုယ်တော်ရှင်ကို ယုံကြည်ခြင်းရှိကြရန် တိုက်တွန်း၏—သူတို့သည် သူ့ကို ကြိုးများနှင့် ချည်နှောင်၍၊ ဖျက်ဆီးခြင်းငှာ ကြံစည်ကြ၏—သူသည် ယုံကြည်ခြင်းတန်ခိုးအားဖြင့် လွတ်မြောက်၏—သူ၏အစ်ကိုတို့သည် ခွင့်လွှတ်ခြင်းကို တောင်းခံကြ၏—လေဟိနှင့် သူ၏အပေါင်းအဖော်တို့သည် ယဇ်နှင့် မီးရှို့ရာပူဇော်သက္ကာများ ပူဇော်ကြ၏။ ဘီစီ ၆၀၀–၅၉၂ ခန့်။
၁ ယခုမူကား၊ သင်တို့သိနိုင်စေကြောင်း ငါအလိုရှိသည်မှာ၊ ငါ၏အဘလေဟိသည် သူ့အမျိုးအနွယ်များအကြောင်း ပရောဖက်ပြု၍ဟောခြင်းကို လက်စသတ်ပြီးနောက်၊ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်က သူ့ကို တစ်ဖန်မြွက်ဆို၍ မိန့်တော်မူလေသည်ကား၊ လေဟိအဖို့ သူ့မိသားစုတစ်စုတည်း တောရိုင်းထဲသို့ ခေါ်ဆောင်သွားရမည်မှာ မသင့်လျော်။ သို့ရာတွင်၊ သူ၏သားများသည်လည်း ကိုယ်တော်ရှင်အဖို့ ကတိတော်မြေ၌ အမျိုးမပြတ်ဆက်နွယ်နိုင်စေခြင်းငှာ သမီးကညာတို့ကို အိမ်ထောင်ဖက်ပြုရမည့်အကြောင်းပေတည်း။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်က သူ့ကို မိန့်တော်မူသည်မှာ ငါနီဖိုင်းနှင့် ငါ၏အစ်ကိုတို့၊ ယေရုရှလင်နယ်မြေသို့ တစ်ဖန်ပြန်သွား၍၊ ဣရှမေလနှင့်သူ၏မိသားစုကို တောရိုင်းထဲသို့ ဆောင်ယူလာရမည့်အကြောင်းပေတည်း။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါနီဖိုင်းသည်လည်း ငါ၏အစ်ကိုတို့နှင့် ယေရုရှလင်အထိသွားခြင်းငှာ တောရိုင်းထဲသို့ တစ်ဖန်ထွက်သွား၏။
၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် ဣရှမေလ၏အိမ်သို့တက်သွား၍၊ ဣရှမေလ၏စိတ်၌ မျက်နှာရကြသည်မှာ သူ့အား ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်များကို ပြောပြသည့်တိုင်အောင်ပင်တည်း။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်သည် ဣရှမေလနှင့် သူ၏အိမ်သူအိမ်သားတို့၏ စိတ်နှလုံးကို ပျော့ပျောင်းစေတော်မူသဖြင့်၊ သူတို့သည် ငါတို့အဘ၏တဲဆီသို့ ငါတို့နှင့်အတူ တောရိုင်းထဲသို့ ခရီးသွားကြ၏။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တောရိုင်းထဲ၌ ငါတို့ခရီးသွားစဉ်တွင်၊ ရှုလော့ လာမန်၊ လေမွေလ၊ ဣရှမေလ၏သမီးနှစ်ယောက်၊ ဣရှမေလ၏သားနှစ်ယောက်နှင့် သူတို့၏မိသားစုတို့သည် ငါတို့ကို ဆန့်ကျင်ပုန်ကန်ကြ၏။ အထူးသဖြင့်၊ ငါနီဖိုင်း၊ ရှမ်၊ သူတို့၏အဘ ဣရှမေလ၊ ထို့အတူ၊ သူ့ဇနီးနှင့်သူ၏အခြားသောသမီးသုံးယောက်ကို ဆန့်ကျင်ကြ၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထိုသို့ပုန်ကန်ရာ၌ သူတို့သည် ယေရုရှလင်နယ်မြေသို့ ပြန်သွားလိုကြလေ၏။
၈ ယခုမူကား၊ ငါနီဖိုင်းသည် သူတို့စိတ်နှလုံး၏မာကျောခြင်းကြောင့် ဝမ်းနည်းပူဆွေးလျက်၊ ထို့ကြောင့်၊ သူတို့ကို အထူးသဖြင့်၊ လာမန်နှင့်လေမွေလတို့ကိုပင် ဆိုလေသည်ကား၊ ရှုလော့၊ သင်တို့သည် ငါ၏အစ်ကိုကြီးများဖြစ်လျက်၊ သင်တို့၏ညီငယ်ငါက သင်တို့ကို ပြောပြရ၊ ထိုမှတစ်ပါး၊ သင်တို့အတွက် ပုံသက်သေပြရဖို့လိုအပ်ကြလျက်၊ သင်တို့စိတ်နှလုံးက အဘယ်သို့အားဖြင့်၊ အလွန်မာကျောလေကြ၊ သင်တို့၏စိတ်၌ အလွန်အသိစိတ်ကွယ်လေကြသနည်း။
၉ သင်တို့သည် ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်ကို စေ့စေ့နားမထောင်မဘဲနေကြလေသည်ကား၊ အဘယ်သို့နည်း။
၁၀ သင်တို့သည် ကိုယ်တော်ရှင်၏ကောင်းကင်တမန်အား မြင်ခဲ့ရသည်ကို မေ့ကြလေသည်ကား၊ အဘယ်သို့နည်း။
၁၁ ထိုမှတစ်ပါး၊ ငါတို့ကို လာဗန်၏လက်မှ ကယ်လွှတ်တော်မူ၍၊ မှတ်တမ်းများကို ငါတို့ရယူရာ၌လည်း ကြီးစွာသောအမှုများကို ကိုယ်တော်ရှင်ပြုထားတော်မူကြောင်း သင်တို့မေ့ကြလေသည်ကား၊ အဘယ်သို့နည်း။
၁၂ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်သည် လူသားတို့သူ့ကို ယုံကြည်မှုပြုကြလျှင်၊ သူတို့အတွက် ခပ်သိမ်းသော အရာတို့ကို သူ၏အလိုတော်အတိုင်းပြုရန် တတ်နိုင်တော်မူသည့်အကြောင်း သင်တို့မေ့ကြလေသည်ကား၊ အဘယ်သို့နည်း။ သို့ဖြစ်၍၊ ငါတို့သည် သူ့ကို သစ္စာရှိကြကုန်အံ့။
၁၃ ငါတို့သည် သူ့ကိုသစ္စာရှိကြလျှင်၊ ကတိတော်မြေကို ရရှိကြလိမ့်မည်။ ယေရုရှလင်မြို့ပျက်စီးခြင်းနှင့်စပ်လျဉ်းသည့် ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်သည် တစ်စုံတစ်ခုသော အနာဂတ်ကာလတွင် ပြီးပြည့်စုံစေလိမ့်မည်ဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်ရှင်မိန့်တော်မူသည့် ယေရုရှလင်မြို့ပျက်စီးခြင်းနှင့်စပ်လျဉ်းသည့် ခပ်သိမ်းသောအရာတို့ကို ပြီးပြည့်စုံစေရပေမည်။
၁၄ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်၏ဝိညာဉ်တော်သည် သူတို့အားပဲ့ပြင်ဆုံးမသည်ကို မကြာမြင့်မီ ရပ်တန့်တော်မူတော့မည်။ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် ပရောဖက်များကို ငြင်းပယ်ကြပြီး၊ ယေရမိကို ထောင်ထဲ၌ လှောင်ထားကြ၏။ သူတို့သည် ငါ့အဘ၏ အသက်ကို နှုတ်ယူရန် ကြိုးစားအားထုတ်ကြသည်မှာ၊ သူ့ကို ထိုပြည်မှ နှင်ထုတ်ကြသည်အထိပင်တည်း။
၁၅ ယခုတွင်၊ ရှုလော့ သင်တို့ကို ငါဆိုသည်မှာ သင်တို့သည် ယေရုရှလင်မြို့သို့ပြန်သွားကြလျှင်၊ သူတို့နှင့်အတူ ပျက်စီးရကြလိမ့်မည်။ ယခုမူကား၊ သင်တို့၌ ရွေးချယ်ခွင့်ရှိလျှင်၊ ထိုမြေသို့တက်သွားလော့။ သင်တို့သွားလျှင်၊ ပျက်စီးလိမ့်မည့်အကြောင်း သင်တို့ကို ငါပြောသည့် စကားများကိုလည်း အောက်မေ့ကြလော့။ အကြောင်းမူကား၊ ဤသို့ပြောစေကြောင်း၊ ကိုယ်တော်ရှင်၏ဝိညာဉ်တော်က ငါ့ကို အတင်းစေခိုင်းတော်မူ၏။
၁၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါနီဖိုင်းသည် ဤစကားများကို ငါ၏အစ်ကိုတို့အား ပြီးလေသောအခါ၊ သူတို့သည် ငါ့ကို အမျက်ထွက်ကြ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ငါ့ကို ဖမ်းဆီးကြ၏။ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် လွန်စွာအမျက်ထွက်၍၊ ငါ့ကို ကြိုးများနှင့် ချည်နှောင်ကြ၏။ အကြောင်းမူကား၊ သူတို့သည် ငါ့ကို တောရိုင်းထဲ၌ တောသားရဲများကိုက်စားခံရစေရန် ချန်ထားခဲ့ပြီး၊ ငါ့အသက်ကို နှုတ်ယူရန် ကြိုးစားအားထုတ်ကြ၏။
၁၇ သို့ရာတွင်၊ အချိန်တန်လာသောအခါ၊ ငါသည်လည်း ကိုယ်တော်ရှင်ထံသို့ အို ကိုယ်တော်ရှင်၊ ကိုယ်တော်အပေါ်၌ရှိသော အကျွန်ုပ်၏ယုံကြည်ခြင်းအတိုင်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အကျွန်ုပ်အစ်ကိုတို့၏လက်မှ ကယ်လွှတ်တော်မူပါ။ အထူးသဖြင့်၊ အကျွန်ုပ်ကို ချည်နှောင်ထားသည့် ဤကြိုးများကို ဖြတ်နိုင်စေခြင်းငှာ ခွန်အားကိုပင် ပေးသနားတော်မူပါဟု လျှောက်လျက် ဆုတောင်း၏။
၁၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ဤစကားများကို ပြောပြီးလေသောအခါ၊ ရှုလော့၊ ငါ့လက်နှင့် ခြေတို့မှ ကြိုးများပြေ၍ ငါသည် ငါ့အစ်ကိုတို့၏ရှေ့၌ရပ်ပြီး၊ တစ်ဖန်ပြောပြန်၏။
၁၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ငါ့ကို တစ်ဖန်အမျက်ထွက်၍၊ ဖမ်းဆီးခြင်းငှာ ကြိုးစားအားထုတ်ကြ၏။ သို့ရာတွင်၊ ရှုလော့၊ ဣရှမေလ၏သမီးများထဲမှတစ်ယောက်က၊ ထိုမှတစ်ပါး သူမ၏အမိနှင့် ဣရှမေလ၏သားများထဲမှတစ်ယောက်က ငါ၏အစ်ကိုတို့ကို တောင်းပန်ကြသဖြင့်၊ သူတို့၏စိတ်နှလုံး ပျော့ပျောင်းလာ၏။ ငါ့အသက်ကို နှုတ်ယူရန် ကြိုးစားအားထုတ်ခြင်းမှလည်း ရပ်တန့်ကြ၏။
၂၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် သူတို့၏ဆိုးညစ်ခြင်းကြောင့် ဝမ်းနည်းကြပြီး၊ ငါ့ကို ဆန့်ကျင်၍ပြုလေသော အမှုအတွက် သူတို့ကို ငါခွင့်လွှတ်ပါမည့်အကြောင်း ငါ့ရှေ့၌ ဦးညွှတ်၍တောင်းပန်ကြ၏။
၂၁ ဤသို့အားဖြင့်အချိန်တန်လာသာအခါ၊ ငါသည် သူတို့ပြုလေသည့် ခပ်သိမ်းသောအရာတို့ကို ချွင်းချက်မရှိ ခွင့်လွှတ်၏။ သူတို့သည်လည်း ခွင့်လွှတ်ခြင်းအတွက် သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်ထံသို့ ဆုတောင်းရကြမည့်အကြောင်း၊ ငါတိုက်တွန်း၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့ဆုတောင်းကြ၏။ ကိုယ်တော်ရှင်ထံသို့ ဆုတောင်းခြင်းအမှုကို သူတို့ပြုကြလေပြီးနောက်၊ ငါတို့သည် ငါတို့အဘ၏တဲဆီသို့တစ်ဖန် ခရီးဆက်ကြ၏။
၂၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် ငါတို့အဘ၏တဲသို့ ဆင်းလာကြ၏။ ငါ၊ ငါ့အစ်ကိုများနှင့် ဣရှမေလ၏အိမ်သူအိမ်သားအားလုံးတို့သည် ငါ့အဘ၏တဲသို့ ဆင်းလာကြပြီးနောက်၊ သူတို့သည် သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်အား ကျေးဇူးတော်ချီးမွမ်းကြ၏။ ယဇ်နှင့် မီးရှို့ရာပူဇော်သက္ကာများကိုလည်း သူ့အား ပူဇော်ကြ၏။