အခန်းကြီး ၁၂
ပရောဖက်ဧသာသည် လူတို့အား ဘုရားသခင်ကို ယုံကြည်ကြဖို့ တိုက်တွန်း၏—ယုံကြည်ခြင်းအားဖြင့် ပြုသည့် အံ့မခန်းချီးမွမ်းဖွယ်အမှုများနှင့် အံ့ဩဖွယ်အမှုတို့ကို မော်ရော်နိုင်းက ပြန်လည်ပြောပြ၏—ယုံကြည်ခြင်းသည် ယာရက်၏အစ်ကိုအား ခရစ်တော်ကို မြင်ဖို့ စွမ်းဆောင်နိုင်၏—ကိုယ်တော်ရှင်သည် လူသားတို့အား သူတို့နှိမ့်ချနိုင်စေဖို့ အားနည်းချက်ကို ပေး၏—ယာရက်၏အစ်ကိုသည် ယုံကြည်ခြင်းအားဖြင့် ဇေရင်တောင်ကို ရွေ့စေ၏—ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာတို့သည် ကယ်တင်ခြင်းအတွက် မရှိမဖြစ်လိုအပ်သောအရာများ ဖြစ်၏—မော်ရော်နိုင်းသည် ယေရှုကို မျက်နှာချင်းဆိုင် မြင်ရ၏။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဧသာ၏နေ့ရက်တို့သည် ကော်ရန္တူမာ၏လက်ထက်၌ ဖြစ်၏။ ကော်ရန္တူမာသည် ထိုပြည်တစ်ခုလုံးပေါ်၌ ရှင်ဘုရင်ဖြစ်၏။
၂ ဧသာသည် ကိုယ်တော်ရှင်၏ပရောဖက်တစ်ပါးဖြစ်၏။ သို့ဖြစ်၍၊ ဧသာသည် ကောရန္တူမာ၏လက်ထက်၌ ထွက်လာပြီး၊ လူတို့အား ပရောဖက်ပြု၍ဟောစပြု၏။ အကြောင်းမူကား၊ သူ့အထဲ၌ရှိသည့် ကိုယ်တော်ရှင်၏ဝိညာဉ်တော်ကြောင့်၊ သူ့ကို ချုပ်တည်း၍ မရနိုင်။
၃ သူသည် နံနက်မှစ၍၊ နေဝင်သွားချိန်အထိပင် ဟစ်ကြော်လျက်၊ လူတို့ကို ဖျက်ဆီးမခံရစေခြင်းငှာ၊ ဘုရားသခင်ကို ယုံကြည်ပြီး၊ နောင်တရခြင်းသို့တိုင်အောင် တိုက်တွန်းလျက်၊ ယုံကြည်ခြင်းအားဖြင့် ခပ်သိမ်းသောအရာတို့ကို ပြီးပြည့်စုံစေသည့်အကြောင်း ဟောပြောလျက်ရှိ၏—
၄ သို့ဖြစ်၍၊ ဘုရားသခင်၌ ယုံကြည်သူမှန်သမျှသည် သာ၍ကောင်းမြတ်သောလောကကို၊ အမှန်စင်စစ်၊ ဘုရားသခင်၏လက်ယာတော်ဘက်နေရာကိုပင် ဧကန်အမှန်မျှော်လင့်နိုင်ကြ၏။ ထိုမျှော်လင့်ခြင်းသည် ယုံကြည်ခြင်းမှလာ၍၊ လူတို့ကို ခိုင်ခန့်ပြီး မြဲမြံခြင်းကို ဖြစ်စေ၍၊ ကောင်းမြတ်သောအမှုများနှင့် အစဉ်အမြဲကြွယ်ဝလျက်၊ ဘုရားသခင်ကို ချီးမွမ်းစေခြင်းငှာ လမ်းညွှန်မည့် လူသားတို့စိတ်ဝိညာဉ်များ၏ကျောက်ဆူးကို ဖြစ်စေ၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဧသာသည် လူတို့အား ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသောအရာတို့ကို ပရောဖက်ပြု၍ ဟော၏။ သူတို့သည် ထိုအရာတို့ကို မြင်ရခြင်းမရှိသောကြောင့် မယုံကြည်ကြ။
၆ ယခုမူကား၊ ငါမော်ရော်နိုင်းသည် ဤအရာများအကြောင်းကို အတော်အသင့်ပြောလို၏။ ယုံကြည်ခြင်းသည် မမြင်ရသော်လည်း မျှော်လင့်သောအရာများ ဖြစ်ကြောင်း လောကသို့ ငါပြလို၏။ သို့ဖြစ်၍၊ သင်တို့သည် မမြင်ရသောကြောင့် ငြင်းခုံခြင်းမပြုနှင့်။ အကြောင်းမူကား၊ သင်တို့၏ယုံကြည်ခြင်းကို စုံစမ်းခြင်းမတိုင်မီ သက်သေကို သင်တို့လက်ခံရရှိမည်မဟုတ်။
၇ အကြောင်းမူကား၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူလေပြီးနောက်၊ ယုံကြည်ခြင်းအားဖြင့်၊ ငါတို့၏ဘိုးဘေးတို့ထံ ကိုယ်ထင်ပြတော်မူ၏။ သူ့ကို ယုံကြည်ခြင်းမရှိမီ သူတို့ထံ ကိုယ်ထင် ပြတော်မူခြင်းမရှိ။ သို့ဖြစ်၍၊ အချို့သောသူများ သူ့ကိုယုံကြည်ခြင်းရှိရန် လိုအပ်၏။ အကြောင်းမူကား၊ သူသည် လောကသို့ ကိုယ်ထင်ပြတော်မူခြင်းမရှိ။
၈ သို့ရာတွင်၊ လူသားတို့၏ယုံကြည်ခြင်းကြောင့်၊ လောကသို့ သူကိုယ်တိုင်ပြတော်မူလေပြီး၊ ခမည်းတော်၏နာမတော်ကို ချီးမွမ်းလျက်၊ အခြားသောသူများအား ကောင်းကင်ဘုံရှင်ဆုကျေးဇူးကို ခံယူသောသူများ ဖြစ်နိုင်ကြစေခြင်းငှာလည်းကောင်း၊ သူတို့မမြင်ရလေသောအရာတို့ကို မျှော်လင့်နိုင်ကြစေခြင်းငှာလည်းကောင်း နည်းလမ်းတစ်ခုပြင်ဆင်ပေးတော်မူ၏။
၉ သို့ဖြစ်၍၊ သင်တို့သည်လည်း ယုံကြည်ခြင်းရှိမှသာလျှင်၊ မျှော်လင့်ခြင်းရှိနိုင်ပြီး၊ ဆုကျေးဇူးကို ခံယူရသောသူများ ဖြစ်နိုင်ကြ၏။
၁၀ ရှုလော့၊ ရှေးကလူတို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ သန့်ရှင်းသောအသင်းအတိုင်း ခေါ်တော်မူခြင်းကို ခံရ၏။
၁၁ သို့ဖြစ်၍၊ ယုံကြည်ခြင်းအားဖြင့်၊ မောရှေ၏ပညတ်တရားကို ပေးတော်မူ၏။ သို့ရာတွင်၊ ဘုရားသခင်သည် သူ့သားတော်၏ဆုကျေးဇူအားဖြင့်၊ သာ၍မြတ်သောလမ်းကို ပြင်ဆင်တော်မူ၏။ ယုံကြည်ခြင်းအားဖြင့်လည်း ထိုပညတ်တရားကို ပြီးပြည့်စုံစေလေပြီ။
၁၂ အကြောင်းမူကား၊ လူသားတို့၌ ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်သည် သူတို့၌ အလွန်တရာအံ့ဩဖွယ်အမှုကို ပြုနိုင်တော်မူမည်မဟုတ်။ သို့ဖြစ်၍၊ သူတို့၏ယုံကြည်ခြင်းမရှိမီ သူ့ကိုယ်ကို ပြတော်မမူ။
၁၃ ရှုလော့၊ ထောင်ကို မြေကြီးသို့ ပြိုကျစေသည်မှာ အယ်လမာနှင့် အာမြူးလက်တို့၏ ယုံကြည်ခြင်းဖြစ်၏။
၁၄ ရှုလော့၊ လာမန်အမျိုးသားတို့အပေါ်၌ ပြောင်းလဲခြင်းကို ပြုပြင်စီရင်သည်မှာ နီဖိုင်းနှင့် လေဟိတို့၏ယုံကြည်ခြင်းဖြစ်၍၊ သူတို့သည်လည်း မီးဖြင့်၊ ထို့အတူ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဗတ္တိဇံခံ၏။
၁၅ ရှုလော့၊ လာမန်အမျိုးသားတို့၌ ထိုမျှကြီးစွာသော အလွန်တရာအံ့ဩဖွယ်အမှုကို ပြုပြင်စီရင်သည်မှာ အမ္မုန်နှင့် သူ့ညီအစ်ကိုတို့၏ယုံကြည်ခြင်းဖြစ်၏။
၁၆ ထိုမှတစ်ပါး၊ အလွန်တရာအံ့ဩဖွယ်သောအမှုတို့ကို ပြုပြင်စီရင်သောသူခပ်သိမ်းတို့သည် ခရစ်တော် မတိုင်မီက ရှိကြသူများနှင့် ခရစ်တော်၏နောက်၌ ရှိကြသူများကဲ့သို့ပင် ထိုအရာတို့ကို ယုံကြည်ခြင်းဖြင့် ပြုပြင်စီရင်ကြ၏။
၁၇ တပည့်တော်သုံးပါးတို့သည် သေခြင်းကို မတွေ့ကြုံရဟူသောကတိကို ယုံကြည်ခြင်းအားဖြင့် ရရှိကြ၏။ သူတို့သည်လည်း ယုံကြည်ခြင်းမရှိမီ ကတိတော်ကို မရရှိကြ။
၁၈ အဘယ်တုန်းကမျှလည်း အဘယ်သူမျှ၊ သူတို့ယုံကြည်ခြင်း မရှိမီ အလွန်တရာအံ့ဩဖွယ်သောအမှုကို ပြုပြင်စီရင်သည်မဟုတ်။ သို့ဖြစ်၍၊ သူတို့သည် ဘုရားသခင်၏သားတော်ကို ပထမဦးဆုံး ယုံကြည်ကြ၏။
၁၉ ထို့အတူ၊ ခရစ်တော် ကြွလာတော်မမူမီကပင်၊ ကန့်လန့်ကာအတွင်း၌ ဟန့်တားမထားနိုင်ဘဲ၊ ယုံကြည်ခြင်းမျက်စိဖြင့် ကြည့်သည့်အရာတို့ကို သူတို့မျက်စိဖြင့် အမှန်ပင်မြင်ကြသူ၊ ယုံကြည်ခြင်း အလွန်အားကြီးသူများစွာရှိကြပြီး၊ သူတို့ဝမ်းသာကြ၏။
၂၀ ရှုဦးလော့၊ ထိုသူတို့အထဲမှ တစ်ဦးသောသူမှာ ယာရက်၏အစ်ကိုဖြစ်ကြောင်းကို ဤမှတ်တမ်း၌ ငါတို့သိကြပြီးလေပြီ။ အကြောင်းမူကား၊ ဘုရားသခင်ကို သူ၏ယုံကြည်ခြင်းမှာ အလွန်ကြီးမား၍၊ ဘုရားသခင်သည် သူ၏လက်ချောင်းတော်ကို ဆန့်တော်မူသောအခါ၊ သူမိန့်တော်မူခဲ့လေသည့် နှုတ်ကပတ်တော်ကြောင့် ထိုလက်ချာင်းတော်ကို ယာရက်အစ်ကို၏ မြင်ကွင်းမှ မကွယ်ဝှက်နိုင်။ ယုံကြည်ခြင်းအားဖြင့် ထိုနှုတ်ကပတ်တော်ကို သူရရှိ၏။
၂၁ ယာရက်၏အစ်ကိုသည်လည်း ကိုယ်တော်ရှင်၏လက်ချောင်းတော်ကို မြင်ရပြီးနောက်၊ ယုံကြည်ခြင်းအားဖြင့် ယာရက်၏အစ်ကိုရရှိသော ကတိတော်ကြောင့်၊ ကိုယ်တော်ရှင်သည် သူ၏မြင်ကွင်းမှ အဘယ်အရာကိုမျှ မဆီးတားနိုင်။ သို့ဖြစ်၍၊ သူ့အား အရာခပ်သိမ်းတို့ကို ပြတော်မူ၏။ အကြောင်းမူကား၊ သူသည် ကန့်လန့်ကာအပြင်၌ ဟန့်တားမထားနိုင်တော့။
၂၂ ငါ၏ဘိုးဘေးတို့သည်လည်း တပါးအမျိုးသားတို့အားဖြင့် ဤအရာများ သူတို့၏ညီအစ်ကိုတို့ထံသို့ ရောက်လာလိမ့်မည်ဟူသော ကတိတော်ကို ယုံကြည်ခြင်းအားဖြင့်၊ ရရှိ၏။ ထို့ကြောင့်၊ ကိုယ်တော်ရှင်၊ အမှန်စင်စစ်၊ ယေရှုခရစ်တော်ကပင် ငါ့ကို မိန့်မှာတော်မူ၏။
၂၃ ငါကလည်း သူ့ကို လျှောက်ဆိုသည်မှာ၊ ကိုယ်တော်ရှင်၊ ရေးခြင်းအရာ၌ အကျွန်ုပ်တို့၏အားနည်းချက်ကြောင့်၊ ဤအရာတို့ကို တပါးအမျိုးသားတို့က ပြက်ရယ်ပြုကြပါလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်ရှင်ကိုယ်တော်သည် အကျွန်ုပ်တို့ကို စကားအရာ၌ ယုံကြည်ခြင်းအားဖြင့် အားကြီးစေတော်မူသော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ရေးခြင်းအရာ၌ အားကြီးစေတော်မမူခဲ့ပါ။ ကိုယ်တော်ပေးတော်မူလေသည့် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်၊ ကိုယ်တော်သည် ဤလူမျိုးခပ်သိမ်းကို များစွာပြောဆိုနိုင်သောသူများ ဖြစ်စေတော်မူပါ၏။
၂၄ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ရေးနိုင်စေသော်လည်း အကျွန်ုပ်တို့၏လက် မသေသပ်ခြင်းကြောင့်၊ အနည်းငယ်ကိုသာ ရေးနိုင်စေတော်မူ၏။ ရှုတော်မူပါ၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ယာရက်၏အစ်ကိုကဲ့သို့ ရေးခြင်းအရာ၌ အားကြီးစေခြင်းကို ပြုတော်မမူပါ။ အကြောင်းမူကား၊ သူရေးသည့်အရာတို့ကို ကိုယ်တော်ကဲ့သို့ပင် အားကြီးစေ၍ လူသားအား ထိုအရာတို့ကို ဖတ်စေခြင်းငှာ၊ လွှမ်းမိုးခြင်းကို ဖြစ်စေသည့်တိုင်အောင် သူ့ကို ကိုယ်တော် ပြုတော်မူပါပြီ။
၂၅ ကိုယ်တော်သည် အကျွန်ုပ်တို့မရေးနိုင်အောင်ပင် အကျွန်ုပ်တို့၏စကားများကိုလည်း အားကြီးစေတော်မူလေပြီ။ ထို့ကြောင့်၊ အကျွန်ုပ်တို့ရေးသည့်အခါတိုင်း၊ အကျွန်ုပ်တို့၏အားနည်းချက်ကို သိမြင်၍၊ အကျွန်ုပ်တို့၏ရေးဟန်ကြောင့် ထိမိ၍လဲကြပါ၏။ အကျွန်ုပ်တို့၏စကားများကို တပါးအမျိုးသားတို့ပြက်ရယ်ပြုမည်ကိုလည်း အကျွန်ုပ်စိုးရိမ်ပါ၏။
၂၆ ငါက ဤသို့ လျှောက်ဆိုပြီးလျှင်၊ ကိုယ်တော်ရှင်က ငါ့ကို မိန့်တော်မူသည်ကား၊ လူမိုက်တို့သည် ပြက်ရယ်ပြုကြသော်လည်း ငိုကြွေးမြည်တမ်းရလိမ့်မည်။ သိမ်မွေ့အောက်ကျို့သောသူတို့အဖို့ ငါ၏ကျေးဇူးတော်သည် လုံလောက်သဖြင့် သူတို့သည် သင်တို့၏အားနည်းချက်ကို အခွင့်ကောင်းယူကြရမည်မဟုတ်။
၂၇ လူသားတို့ ငါ့ထံသို့လာကြလျှင်၊ ငါသည် သူတို့အား သူတို့၏အားနည်းချက်ကို ပြတော်မူမည်။ လူသားတို့နှိမ့်ချနိုင်စေခြင်းငှာ၊ အားနည်းချက်ကို သူတို့အား ငါပေး၏။ ငါ့ရှေ့မှာ မိမိကိုယ်ကို နှိမ့်ချသောလူသားခပ်သိမ်းတို့အတွက် ငါ၏ကျေးဇူးတော်သည် လုံလောက်၏။ အကြောင်းမူကား၊ သူတို့သည် ငါ့ရှေ့ ၌ သူတို့ကိုယ်သူတို့ နှိမ့်ချလျက်၊ ငါ့ကို ယုံကြည်ခြင်းရှိကြလျှင်၊ ငါသည် အားနည်းသောအရာတို့ကို သူတို့အဖို့ အားကြီးလာစေတော်မူမည်။
၂၈ ရှုလော့၊ ငါသည် တပါးအမျိုးသားတို့အား သူတို့၏အားနည်းချက်ကို ပြတော်မူမည်၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာသည် သူတို့ကို—ဖြောင့်မတ်ခြင်းခပ်သိမ်းတို့၏စမ်းရေတွင်းတည်းဟူသော ငါ့ထံသို့ ဆောင်ယူကြောင်းကိုလည်း ငါပြတော်မူမည်။
၂၉ ငါမော်ရော်နိုင်းသည်လည်း ဤစကားများကိုကြားရပြီးနောက် စိတ်သက်သာခြင်းသို့ရောက်၍၊ လျှောက်ဆိုသည်မှာ၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်၏ ဖြောင့်မတ်သောအလိုတော်သည် ပြည့်စုံတော်မူပါစေသော။ အကြောင်းမူကား၊ ကိုယ်တော်သည် လူသားတို့အဖို့ သူတို့၏ယုံကြည်ခြင်းအတိုင်း ပြုတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။
၃၀ အကြောင်းမူကား၊ ယာရက်၏အစ်ကိုက ဇေရင်တောင်ကို ရွေ့လော့ဟုဆို၍—ထိုတောင်ရွေ့၏။ သူ့မှာ ယုံကြည်ခြင်းမရှိလျှင်၊ ထိုတောင်သည် ရွေ့လိမ့််မည်မဟုတ်။ သို့ဖြစ်၍၊ ကိုယ်တော်သည် လူသားတို့ယုံကြည်ခြင်းရှိပြီးမှ အမှုတော်ကို ပြုတော်မူ၏။
၃၁ အကြောင်းမူကား၊ ထိုကဲ့သို့အားဖြင့် ကိုယ်တော်သည် ကိုယ်တော်၏တပည့်တော်တို့ထံ ကိုယ်တော်ကိုယ်တိုင် ထင်ရှားစွာပြတော်မူ၏။ သူတို့၌ ယုံကြည်ခြင်းရှိ၍၊ ကိုယ်တော်၏နာမတော်အားဖြင့် ဟောပြောကြပြီးမှ၊ ကိုယ်တော်သည် သူတို့အား ကိုယ်တော်ကိုယ်တိုင် ကြီးစွာသောတန်ခိုးတော်နှင့် ပြတော်မူ၏။
၃၂ ကိုယ်တော်သည် လူသားအတွက် အိမ်တစ်အိမ်ကို၊ အမှန်စင်စစ်၊ ကိုယ်တော့်ခမည်းတော်၏ နေစရာအခန်းများ၌ပင် ပြင်ဆင်ထားတော်မူလျက်၊ ထိုအိမ်၌ လူသားသည် သာ၍မြတ်သော မျှော်လင့်ခြင်းရှိနိုင်ကြောင်း မိန့်တော်မူသည်ကိုလည်း အကျွန်ုပ်သတိရပါ၏။ သို့ဖြစ်၍၊ လူသားသည် မျှော်လင့်ခြင်းရှိရမည်။ သို့မဟုတ်လျှင်၊ သူသည် ကိုယ်တော်ပြင်ဆင်သည့် အရပ်၌ အမွေခံရာကို ရလိမ့်မည်မဟုတ်ပါ။
၃၃ ထိုမှတစ်ဖန်၊ ကိုယ်တော်သည် လူသားတို့အတွက် နေစရာအရပ်ကိုပြင်ဆင်ဖို့ တစ်ဖန်ပြန်ယူနိုင်ခြင်းငှာ၊ လောကအတွက်၊ ကိုယ်တော်၏အသက်ကို စွန့်တော်မူသည့်တိုင်အောင်ပင် လောကကို ချစ်တော်မူလေကြောင်း ကိုယ်တော်မိန့်တော်မူသည်ကိုလည်း အကျွန်ုပ်သတိရပါ၏။
၃၄ ယခုမူကား၊ လူသားတို့အတွက် ကိုယ်တော်၌ ရှိတော်မူသည့် ချစ်ခြင်းသည် မေတ္တာတော်ဖြစ်ကြောင်းကို အကျွန်ုပ်သိပါ၏။ သို့ဖြစ်၍၊ လူသားတို့၌ မေတ္တာရှိမည်မဟုတ်လျှင်၊ သူတို့သည် ကိုယ်တော့်ခမည်းတော်၏နေစရာအခန်းများ၌ ကိုယ်တော်ပြင်ဆင်ထားတော်မူသည့် နေစရာအရပ်ကို အမွေမခံနိုင်ကြပါ။
၃၅ သို့ဖြစ်၍၊ အကျွန်ုပ်တို့၏အားနည်းချက်ကြောင့်၊ တပါးအမျိုးသားတို့ ၌ မေတ္တာမရှိလျှင်၊ ကိုယ်တော်သည် သူတို့ကို စမ်းသပ်၍၊ သူတို့၏ဥစ္စာ၊ ထိုမှတစ်ပါး၊ သူတို့လက်ခံရရှိလေသည့်အရာကိုပင် နှုတ်ယူပြီး၊ သာ၍မြောက်မြားစွာရှိမည့်သူတို့အား ပေးတော်မူမည့်အကြောင်း ကိုယ်တော်မိန့်တော်မူသည့် ဤအရာတို့အားဖြင့် အကျွန်ုပ်သိပါ၏။
၃၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ကိုယ်တော်ရှင်ထံသို့ ဆုတောင်းသည်မှာ တပါးအမျိုးသားတို့အား ကျေးဇူးတော်ကို သူပေး၍၊ သူတို့၌ မေတ္တာရှိနိုင်ကြစေခြင်းငှာပေတည်း။
၃၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်က ငါ့ကို မိန့်တော်မူလေသည်ကား၊ သူတို့၌ မေတ္တာမရှိလျှင် သင့်အဖို့ အရေးမကြီး၊ သင်သည် သစ္စာရှိလေပြီ။ သို့ဖြစ်၍၊ သင်၏အဝတ်တန်ဆာများကို သန့်ရှင်းစေလိမ့်မည်။ သင်သည် သင်၏အားနည်းချက်ကို မြင်သောကြောင့်၊ ငါ့ခမည်းတော်၏နေစရာအခန်းများရှိ၊ ငါပြင်ဆင်သည့် နေစရာအရပ်၌ ထိုင်ရသည့်တိုင်အောင်ပင်၊ သင့်ကို အားကြီးစေမည်။
၃၈ ယခုမူကား၊ ငါမော်ရော်နိုင်းသည် တပါးအမျိုးသားတို့ကို၊ ထိုမှတစ်ပါး၊ ငါချစ်ရသည့် ငါ၏ညီအစ်ကိုတို့ကိုလည်း ငါ၏အဝတ်တန်ဆာများ သင်တို့၏အသွေးနှင့် မစွန်းကြောင်း လူသားခပ်သိမ်းတို့ သိရမည့်နေရာဖြစ်သည့် ခရစ်တော်၏တရားပလ္လင်ရှေ့မှာ တွေ့ဆုံရသည်တိုင်အောင် မင်္ဂလာရှိပါစေဟု နှုတ်ဆက်ပါ၏။
၃၉ ထို့နောက်တွင်၊ ယေရှုကို ငါတွေ့မြင်ကြောင်း၊ ထို့အတူ သူသည် ငါနှင့် မျက်နှာချင်းဆိုင်၍ စကားပြောကြောင်း၊ ထို့အတူ ဤအရာတို့အကြောင်းကို လူတစ်ဦးက တခြားတစ်ဦးကို ငါ၏ဘာသာစကားဖြင့် ပြောသကဲ့သို့ပင် သူသည် ရှင်းလင်းသောနှိမ့်ချခြင်းဖြင့် ငါ့ကို ပြောပြတော်မူကြောင်း သင်တို့သိကြလိမ့်မည်။
၄၀ ရေးခြင်းအရာ၌ ငါ၏အားနည်းချက်ကြောင့်လည်း ငါသည် အနည်းငယ်ကိုသာ ရေး၏။
၄၁ ယခုမူကား၊ ပရောဖက်များနှင့် တမန်တော်များ ရေးလေသည့် ဤယေရှုကို ရှာကြရန် သင်တို့ကို ငါတိုက်တွန်း၍၊ ခမည်းတော်ဘုရားသခင်၊ ထို့အတူ ကိုယ်တော်ရှင်ယေရှုခရစ်တော်၊ ထို့အတူ သူတို့အကြောင်းကို သက်သေခံသည့် သန့်ရှင်းသောဝိညာဉ်တော်တို့၏ ကျေးဇူးတော်သည် သင်တို့၌ ကာလအစဉ်အဆက် ဖြစ်၍ တည်ရှိပါစေ။ အာမင်။