အခန်းကြီး ၉
မျိုးရိုး၊ လျှို့ဝှက်ကြံစည်မှုနှင့် လူ့အသက်သတ်ခြင်းတို့အားဖြင့် နိုင်ငံသည် တစ်ဦးမှတစ်ဦးသို့ ကူးပြောင်း၏—ဧမာသည် ဖြောင့်မတ်ခြင်း၏သားတော်ကို မြင်၏—များစွာသောပရောဖက်တို့သည် နောင်တရခြင်းကို ဟစ်ကြော်ကြ၏—ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် အဆိပ်ရှိသောမြွေတို့သည် လူတို့အား ကပ်ရောဂါဘေးကို ဖြစ်စေ၏။
၁ ယခုမူကား၊ ငါမော်ရော်နိုင်းသည် ငါ၏မှတ်တမ်းကို ဆက်၍ရေး၏။ ထို့ကြောင့်၊ ရှုလော့၊ အချိန်တန်လာသောအခါ၊ အာကိရှနှင့် သူ့အဆွေခင်ပွန်းတို့၏ လျှို့ဝှက်ဂိုဏ်းများသည် ဩမဲ၏နိုင်ငံကို အင်အားဖြင့်သိမ်းယူကြ၏။
၂ သို့သော်လည်း၊ ကိုယ်တော်ရှင်သည် ဩမဲကိုလည်းကောင်း၊ သူ့ကို ဖျက်ဆီးဖို့ မကြိုးစားသည့် သူ၏သားများနှင့် သမီးများတို့ကိုလည်းကောင်း ကရုဏာကြီးတော်မူ၏။
၃ ကိုယ်တော်ရှင်သည် ဩမဲကို ထိုပြည်မှ ထွက်ခွာရမည့်အကြောင်းကိုလည်း အိပ်မက်အားဖြင့်သတိပေးတော်မူ၏။ ထို့ကြောင့်၊ ဩမဲသည် သူ၏မိသားစုနှင့်အတူ ထိုပြည်မှ ထွက်ခွာပြီး၊ နေ့ပေါင်းများစွာ ခရီးသွားလျက်၊ ရှိမတောင်ကုန်းသို့လာ၍ ဖြတ်ကျော်သွားလျက် နီဖိုင်းအမျိုးသားများဖျက်ဆီးခံရသည့် အရပ်သို့ ရောက်လာကြ၏။ ထိုအရပ်မှတစ်ဆင့်၊ အရှေ့ဘက်လားရာသို့ သွားလျက်၊ ပင်လယ်ကမ်းနားအနီး အဗလုမ်ဟုခေါ်သည့်အရပ်သို့ ရောက်လာကြ၏။ ထိုအရပ်၌၊ သူ၏တဲကိုဆောက်၍၊ ယာရက်နှင့် မိသားစုတို့မှတစ်ပါး၊ သူ၏သားများ၊ ထို့အတူ၊ သူ၏သမီးများ၊ ထို့အတူ သူ၏အိမ်သူအိမ်သားအားလုံးသည်လည်း သူတို့၏တဲများကို ဆောက်ကြ၏။
၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယာရက်သည် ဆိုးညစ်သောသူတို့လက်အားဖြင့် လူတို့အပေါ် ဆီလိမ်း၍ခန့်အပ်ထားသည့် ရှင်ဘုရင်တစ်ပါးဖြစ်၏။ အာကိရှကိုလည်း သူ့သမီးနှင့် ပေးစား၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အာကိရှသည် သူ့ယောက္ခမ၏အသက်ကို သတ်ဖို့ကြိုးစားအားထုတ်၏။ ရှေးကာလကျိန်ဆိုခြင်းဖြင့် ကျိန်ဆိုသည့်သူတို့ကို သူတောင်းဆိုလျှင်၊ ထိုသူတို့သည် သူ့ယောက္ခမ ပလ္လင်ပေါ်မှာထိုင်၍ သူ့လူတို့နှင့် ညီလာခံကျင်းပလျက်ရှိစဉ်တွင် ဦးခေါင်းကို ရယူ၏။
၆ ဆိုးညစ်ပြီးလျှို့ဝှက်သည့် ဤအဖွဲ့၏ပျံ့နှံ့ခြင်းမှာ အလွန်ကြီးမားသဖြင့် ထိုအဖွဲ့သည် လူခပ်သိမ်းတို့၏စိတ်နှလုံးကို ဖောက်ပြန်စေ၏။ ထို့ကြောင့်၊ ယာရက်သည် သူ့ပလ္လင်ပေါ်မှာ အသတ်ခံရ၏၊ သူ၏နေရာ၌ အာကိရှနန်းစံ၏။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အာကိရှသည် မိမိသားကို မနာလိုစပြုလာ၏။ ထို့ကြောင့်၊ ထောင်ထဲ၌ ပိတ်ထားလျက်၊ သေခြင်းကို ခံစားရသည်တိုင်အောင် စားစရာကို အနည်းငယ်၊ သို့မဟုတ် တစ်ခုမျှ မပေးဘဲထား၏။
၈ ယခုမူကား၊ သေခြင်း ခံစားရသူ၏ညီသည် (သူ၏အမည်မှာ နိမရ ဖြစ်၏) သူ့အစ်ကိုအား အဘပြုသောအမှုကြောင့် အဘကို အမျက်ထွက်၏။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နိမရသည် အနည်းငယ်သောလူတို့ကို အတူတကွစုဝေး၍၊ ထိုပြည်မှ ထွက်ပြေး၍လာပြီး၊ ဩမဲနှင့် နေထိုင်၏။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အာကိရှသည် အခြားသောသားများကို ဖွားမြင်စေပြီး၊ လူတို့သည် အမျိုးမျိုးသော ဒုစရိုက်များကို သူအလိုရှိသည့်အတိုင်း ပြုဖို့ ကျိန်ဆိုသော်ငြားလည်း သူတို့စိတ်နှလုံးကို ထိုသားများရရှိကြ၏။
၁၁ ယခုတွင်၊ အာကိရှက အခွင့်အာဏာကို အလိုရှိသကဲ့သို့ပင် အာကိရှ၏လူမျိုးတို့သည် အကျိုးအမြတ်ရရှိရန် အလိုရှိကြ၏။ သို့ဖြစ်၍၊ အာကိရှ၏သားတို့က သူတို့ကို ငွေပေး၍၊ ထိုနည်းအားဖြင့် လူမျိုးတို့၏အများစုကို သူတို့၏နောက်သို့ သွေးဆောင်ပြီး ခေါ်ဆောင်သွား၏။
၁၂ အာကိရှနှင့် အာကိရှ၏သားများကြား၌ နှစ်ပေါင်းများစွာကြာသည့် စစ်တိုက်ခြင်းဖြစ်ဖို့ အစပြုလျက်၊ အမှန်စင်စစ်၊ ထိုနိုင်ငံရှိလူမျိုးအားလုံးနီးပါးတို့၏၊ အထူးသဖြင့် အယောက်သုံးဆယ်၊ ထို့အတူ ဩမဲ၏အိမ်သူအိမ်သားတို့နှင့်အတူ ထွက်ပြေးသူတို့မှတစ်ပါး၊ အားလုံး၏ ပျက်စီးခြင်းသို့ တိုင်အောင်ပင်တည်း။
၁၃ သို့ဖြစ်၍၊ ဩမဲကို သူ၏အမွေခံရာမြေသို့ တစ်ဖန်ပြန်ပေး၏။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဩမဲသည် အိုမင်းစပြုလာပြီး၊ အသက်ကြီးသောအချိန်တွင်၊ ဧမာကို ဖွားမြင်စေ၏။ ဧမာကိုလည်း သူ၏နေရာ၌ နန်းစံစေဖို့ ရှင်ဘုရင်အဖြစ် ဆီလိမ်း၍ ခန့်အပ်၏။
၁၅ ဧမာကို ရှင်ဘုရင်အဖြစ် ဆီလိမ်း၍ သူခန့်အပ်ပြီးနောက် ထိုပြည်၌ ငြိမ်းချမ်းခြင်းကို နှစ်နှစ်ကြာအောင် တွေ့ရ၏။ ထို့နောက်တွင်၊ ဝမ်းနည်းမှုနှင့်ပြည့်သည့် အလွန်များစွာသောနေ့များကို တွေ့ရပြီး သူသေ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဧမာသည် သူ၏နေရာ၌နန်းစံ၍၊ အဘ၏ခြေလှမ်းများသို့ လိုက်၏။
၁၆ ကိုယ်တော်ရှင်ကလည်း ကျိန်ခြင်းကို ထိုပြည်မှ တစ်ဖန်ဖယ်ရှားစပြု၍၊ ဧမာ၏အိမ်သူအိမ်သားတို့သည် ဧမာ၏နန်းစံခြင်းအောက်၌ လွန်စွာအောင်မြင်ကြ၏။ နှစ်ပေါင်း ခြောက်ဆယ့်နှစ်နှစ်အတွင်းတွင်လည်း၊ သူတို့သည် အလွန်အားကြီးလာ၍၊ အလွန်ကြွယ်ဝလာကြ၏—
၁၇ သူတို့၌ အမျိုးမျိုးသော သစ်သီး၊ ထို့အတူ စပါး၊ ထို့အတူ ဖဲ၊ ထို့အတူ ပိတ်ချော၊ ထို့အတူ ရွှေ၊ ထို့အတူငွေ၊ ထို့အတူ အဖိုးထိုက်သောအရာများ ရှိကြ၏။
၁၈ ထို့အတူ အမျိုးမျိုးသော တိရစ္ဆာန်များ၊ နွားများ၊ ထို့အတူ နွားမများ၊ ထို့အတူ သိုးများ၊ ထို့အတူ ဝက်များ၊ ထို့အတူ ဆိတ်များ၊ ထို့အတူ လူသား၏စားစရာအတွက် အသုံးရသည့် အခြားအမျိုးမျိုးသော တိရစ္ဆာန်များလည်း ရှိကြ၏။
၁၉ ထို့အတူ သူတို့၌ မြင်းများ၊ ထို့အတူ မြည်းများလည်း ရှိကြပြီး၊ ဆင်များ၊ ထို့အတူ ကရူးလုမ်များနှင့် ကူးမုမ်တို့လည်း ရှိ၏။ ထိုအကောင်မှန်သမျှ၊ အထူးသဖြင့် ဆင်များ၊ ထို့အတူ ကရူးလုမ်များနှင့် ကူးမုမ်တို့သည် လူသားအဖို့ အသုံးရ၏။
၂၀ ထိုကဲ့သို့အားဖြင့်၊ ကိုယ်တော်ရှင်သည် အခြားသောပြည်များအားလုံးထက် အမြတ်ဆုံးဖြစ်သည့် ဤပြည်အပေါ်သို့ သူ၏ကောင်းချီးမင်္ဂလာများကို သွန်းလောင်းတော်မူ၏။ ထိုပြည်ကို ပိုင်ဆိုင်မည့်သူမှန်သမျှသည်လည်း ကိုယ်တော်ရှင်အဖို့ ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ သို့မဟုတ်လျှင်၊ သူတို့သည် ဒုစရိုက်၌ရင့်မှည့်လာကြသောအခါ ဖျက်ဆီးခံရလိမ့်မည်ဖြစ်ကြောင်း သူမိန့်တော်မူ၏။ အကြောင်းမူကား၊ ထိုကဲ့သို့သောသူများအပေါ်သို့၊ ကိုယ်တော်ရှင်မိန့်တော်မူလေသည်မှာ၊ ငါ၏အမျက်တော်အပြည့်အစုံကို ငါသွန်းလောင်းတော်မူမည်ဟု ဖြစ်လေသတည်း။
၂၁ ဧမာသည်လည်း သူ၏လက်ထက်တစ်လျှောက်လုံးတွင် ဖြောင့်မတ်ခြင်းဖြင့် တရားစီရင်လျက်၊ များစွာသော သားသမီးတို့ကို ဖွားမြင်စေ၏။ ကော်ရန်တမ်ကိုလည်း ဖွားမြင်စေပြီး၊ ကော်ရန်တမ်ကို မိမိနေရာ၌ နန်းစံစေခြင်းငှာ ဆီလိမ်း၍ ခန့်အပ်၏။
၂၂ သူသည် ကော်ရန်တမ်ကို မိမိနေရာ၌ နန်းစံစေဖို့ ဆီလိမ်း၍ ခန့်အပ်ပြီးနောက်၊ လေးနှစ်ကြာအောင် နေပြီး၊ ထိုပြည်၌ ငြိမ်းချမ်းခြင်းကို တွေ့ရ၏။ ထိုမှတစ်ပါး၊ ဖြောင့်မတ်ခြင်း၏သားတော်ကိုပင် မြင်၏၊ သူ၏အသက်တာ၌ ရွှင်လန်းဝမ်းမြောက်၍ ဂုဏ်ယူ၏။ သူသည် ငြိမ်းချမ်းစွာသေ၏။
၂၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကော်ရန်တမ်သည် သူ့အဘ၏ခြေလှမ်းများသို့ လိုက်ပြီး၊ မြို့ကြီးများစွာကို တည်ဆောက်လျက်၊ သူ၏လက်ထက်တစ်လျှောက်လုံးတွင် သူ့လူမျိုးတို့အဖို့ ကောင်းမြတ်သည့်အရာကို ကူညီထောက်မ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် အလွန်အသက်ကြီးလေသည့်တိုင်အောင်ပင် သားသမီးမရ။
၂၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူ၏ဇနီးသည် အသက် တစ်ရာ့နှစ်နှစ်မှာ သေ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကော်ရန်တမ်သည် အသက်ကြီးချိန်တွင်၊ အသက်ငယ်သော မိန်းမကို အိမ်ထောင်ဖက်ပြု၍၊ သားသမီးများကို ဖွားမြင်စေ၏။ သို့ဖြစ်၍၊ အသက် တစ်ရာ့လေးဆယ့်နှစ်နှစ်ရှိသည့်တိုင်အောင် နေ၏။
၂၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကုမ်ကို ဖွားမြင်စေပြီး၊ ကုမ်သည် သူ၏နေရာ၌ နန်းစံ၏။ လေးဆယ့်ကိုးနှစ် နန်းစံပြီး ဟေသကို ဖွားမြင်စေ၏။ သူသည်လည်း အခြားသောသားသမီးများကို ဖွားမြင်စေ၏။
၂၆ လူတို့သည်လည်း ထိုပြည်၏မျက်နှာပြင်တစ်ခုလုံးပေါ် တစ်ဖန်ပျံ့နှံ့ကြပြီး၊ ထိုပြည်၏မျက်နှာပြင်ပေါ်တွင် အလွန်ကြီးစွာသောဆိုးညစ်ခြင်းတစ်ဖန်ရှိစပြု၏။ ဟေသသည် သူ့အဘကို ဖျက်ဆီးခြင်းငှာ၊ လျှို့ဝှက်သောရှေးအကြံအစည်တို့ကို လှိုက်လှိုက်လှဲလှဲလက်ခံစပြု၏။
၂၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူ့အဘကို နန်းချ၏။ အကြောင်းမူကား၊ သူကိုယ်တိုင်၏ဓားဖြင့် ကွပ်မျက်ပြီး၊ အဘနေရာ၌ နန်းစံ၏။
၂၈ ထိုပြည်၌ ပရောဖက်များ တစ်ဖန်ရောက်လာ၍ နောင်တရခြင်းကို သူတို့အား ဟစ်ကြော်လျက်ရှိသည်မှာ—သူတို့သည် ကိုယ်တော်ရှင်၏လမ်းကို ပြင်ဆင်ရကြမည်။ သို့မဟုတ်လျှင်၊ ထိုပြည်၏မျက်နှာပြင်ပေါ်မှာ ကျိန်ခြင်း ကျရောက်လာမည်။ အထူးသဖြင့်၊ သူတို့နောင်တမရလျှင် ဖျက်ဆီးခံရာ ကြီးစွာသော ငတ်မွတ်ခေါင်းပါးခြင်းဘေးသည်ပင် ရှိလာမည့် အကြောင်းပေတည်း။
၂၉ သို့သော်လည်း လူတို့သည် ပရောဖက်တို့၏စကားများကို ယုံကြည်ခြင်းမရှိဘဲ၊ သူတို့ကို နှင်ထုတ်ကြ၏။ သူတို့အထဲမှ အချို့သောသူတို့ကို တွင်းများထဲသို့ ပစ်ချပြီး၊ ပျက်စီးစေခြင်းငှာ ထားရစ်ကြ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ဤအရာခပ်သိမ်းတို့ကို ဟေသမင်းကြီး၏အမိန့်အတိုင်း ပြုကြ၏။
၃၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထိုပြည်၌ ကြီးစွာသော ခေါင်းပါးခြင်း ရှိစပြု၏။ နေထိုင်သူတို့သည်လည်း ခေါင်းပါးခြင်းကြောင့်၊ အလွန်လျင်မြန်စွာပျက်စီးစပြု၏။ အကြောင်းမူကား၊ မြေကြီးမျက်နှာပြင်ပေါ်၌ မိုးမရွာ။
၃၁ အဆိပ်ရှိသောမြွေတို့သည်လည်း ထိုပြည်၏မျက်နှာပြင်ပေါ်မှာ ပေါ်လာလျက်၊ လူများစွာတို့ကို အဆိပ်သင့်စေ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဇရဟင်မလဟု နီဖိုင်းအမျိုးသားတို့ခေါ်သည့် တောင်ဘက်လားရာပြည်သို့ သူတို့၏သိုးစုများသည် အဆိပ်ရှိသောမြွေများရှေ့မှ ထွက်ပြေးစပြုကြ၏။
၃၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့အထဲမှ များစွာသောသူတို့သည် လမ်းခုလတ်တွင် ပျက်စီး၏။ သို့သော်လည်း တောင်ဘက်လားရာပြည်ထဲသို့ ထွက်ပြေးသူအချို့ ရှိ၏။
၃၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်သည် မြွေများကို ထိုသူတို့အား မလိုက်စေတော့၊ လူတို့ဖြတ်မသွားနိုင်ကြစေခြင်းငှာလည်းကောင်း၊ ဖြတ်သွားရန် ကြိုးစားသူမှန်သမျှကို အဆိပ်ရှိသောမြွေတို့အားဖြင့် ကျရှုံးစေခြင်းငှာလည်းကောင်း လမ်းကိုသာ ဆီးကာစေ၏။
၃၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လူတို့သည် သားရဲတို့၏လမ်းအတိုင်း လိုက်ကြလျက်၊ လမ်းတစ်လျှောက်၌ လဲကျသည့် ထိုသားရဲတို့၏အသေကောင်တို့ကို ကိုက်စားကြသည်မှာ၊ ထိုအကောင်အားလုံးကို ကိုက်စားသည့်တိုင်အောင်ပေတည်း။ ယခုတွင်၊ လူတို့သည် ပျက်စီးရတော့မည်ကို သိကြသောအခါ၊ သူတို့၏ဒုစရိုက်များမှ နောင်တရစပြုလျက်၊ ကိုယ်တော်ရှင်ထံသို့ တောင်းလျှောက်ကြ၏။
၃၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့ကိုယ်သူတို့ ကိုယ်တော်ရှင်ရှေ့မှာ လုံလုံလောက်လောက်နှိမ့်ချကြလျှင်၊ သူသည် မြေကြီးမျက်နှာပြင်ပေါ်၌ မိုးကိုရွာစေတော်မူ၏။ လူတို့သည်လည်း တစ်ဖန်ပြန်လည်၍ အားပြည့်လျက်၊ မြောက်ပိုင်းတိုင်းပြည်များ၌၊ ထို့အတူ ပတ်ဝန်းကျင်ရှိ တိုင်းပြည်ခပ်သိမ်းတို့၌ သစ်သီးရှိစပြု၏။ ကိုယ်တော်ရှင်သည် သူတို့ကို ငတ်မွတ်ခေါင်းပါးခြင်းဘေးမှ ကာကွယ်စောင့်မတော်မူရာ၌ သူ၏တန်ခိုးတော်ကို ပြတော်မူ၏။