အခန်းကြီး ၁၅
ယာရက်အမျိုးသား သန်းပေါင်းများစွာတို့သည် တိုက်ပွဲတွင် ကွပ်မျက်ခံကြရ၏—ရှိဇနှင့် ကော်ရန္တူမာတို့သည် လူခပ်သိမ်းတို့ကို သေခြင်းရှိသောစစ်ထိုးခြင်းသို့ စည်းဝေးကြ၏—ကိုယ်တော်ရှင်၏ဝိညာဉ်တော်သည် သူတို့ကို ပဲ့ပြင်ဆုံးမခြင်းမှ ရပ်တန့်တော်မူ၏—ယာရက်ပြည်ကို ရှင်းရှင်းဖျက်ဆီး၏—ကော်ရန္တူမာသာလျှင် ကျန်ရစ်၏။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကော်ရန္တူမာသည် ဒဏ်ရာများပျောက်လေပြီး၊ သူ့အား ဧသာဟောပြောခဲ့သောစကားများကို သတိရစပြု၏။
၂ သူ၏လူမျိုးနှစ်သန်းနီးပါးမျှ ကွပ်မျက်ခံရသည်ကို မြင်ရသဖြင့် သူ့စိတ်နှလုံး၌ ဝမ်းနည်းစပြု၏။ အကြောင်းမူကား၊ အားကြီးသောသူ နှစ်သန်းနှင့် ထို့အတူ၊ သူတို့၏ဇနီးများနှင့် သားသမီးများ ကွပ်မျက်ခံရလေပြီ။
၃ သူသည် ပြုလေသည့် မကောင်းမှုမှ နောင်တရစပြု၏။ ပရောဖက်ခပ်သိမ်းတို့၏နှုတ်အားဖြင့် ဟောပြောထားလေသည့် နှုတ်ကပတ်တော်များကို သတိရစပြု၏၊ ထိုအရာအလုံးစုံတို့ ဤမျှအထိ ပြီးပြည့်စုံ စေသည်ကိုလည်း သိ၏။ သူ၏စိတ်ဝိညာဉ်သည်လည်း ငိုကြွေးမြည်တမ်းလျက်၊ နှစ်သိမ့်ခံရဖို့ကို ငြင်းပယ်၏။
၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် လူတို့အား ချမ်းသာပေးပါမည့်အကြောင်း တောင်းဆိုလျက်၊ မိမိသည်လည်း လူတို့၏အသက်အတွက် နိုင်ငံကို စွန့်လွှတ်မည်ဟုဆိုလျက် ရှိဇထံသို့ အမှာစာတစ်စောင်ကို ရေး၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ရှိဇသည် အမှာစာကို ရရှိလျှင်၊ ကော်ရန္တူမာထံသို့ အမှာစာကိုရေး၍၊ သူကိုယ်တိုင်၏ဓားဖြင့် ကွပ်မျက်နိုင်စေဖို့ ကိုယ်ကိုစွန့်လွှတ်လျှင်၊ မိမိသည် လူတို့၏အသက်ကို ချမ်းသာပေးမည့်အကြောင်း ဖော်ပြ၏။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လူတို့သည် သူတို့၏ဒုစရိုက်မှ နောင်တရခြင်း မရှိကြ။ ကော်ရန္တူမာ၏လူတို့သည် ရှိဇ၏လူတို့တစ်ဖက်၌ အမျက်ထွက်စေကြောင် နှိုးဆော်ခံရ၏၊ ရှိဇ၏လူတို့သည်လည်း ကော်ရန္တူမာ၏လူတို့တစ်ဖက်၌ အမျက်ထွက်စေကြောင်း နှိုးဆော်ခံရ၏။ သို့ဖြစ်၍၊ ရှိဇ၏လူတို့သည် ကော်ရန္တူမာ၏လူတို့ကို စစ်တိုက်ကြ၏။
၇ ကော်ရန္တူမာသည်လည်း ကျရှုံးတော့မည်ကို သိသောအခါ၊ ရှိဇ၏လူတို့ရှေ့မှ တစ်ဖန် ထွက်ပြေး၏။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် ကြီးမားသော သို့မဟုတ် အားလုံးထက် သာလွန်သည်ဟု အနက်ရသည့် ရိပလျန်ကန်ရေများသို့ ရောက်လာ၏။ သို့ဖြစ်၍၊ သူတို့သည် ဤရေများသို့ ရောက်လာသောအခါ သူတို့၏တဲများကို ဆောက်ကြ၏။ ရှိဇသည်လည်း သူ၏တဲများကို ထိုရေများအနီးမှာ ဆောက်၏။ ထို့ကြောင့်၊ နက်ဖြန်နေ့တွင် သူတို့သည် စစ်တိုက်ကြ၏။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် အလွန်ပြင်းထန်သောတိုက်ပွဲကို တိုက်ခိုက်လျက်၊ ထိုတိုက်ပွဲ၌ ကော်ရန္တူမာသည် တစ်ဖန်ဒဏ်ရာရပြီး၊ သွေးလွန်၍ မိန်းမော၏။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကော်ရန္တူမာ၏တပ်များသည် ရှိဇ၏တပ်များကို ပြင်းထန်စွာတိုက်ခိုက်၍၊ နှိမ်နှင်းအောင်မြင်ပြီး၊ မိမိတို့ရှေ့မှ ထွက်ပြေးစေ၏။ ထိုသူတို့သည်လည်း တောင်ဘက်လားရာသို့ ထွက်ပြေးကြပြီး၊ ဩဂတ်ဟုခေါ်သောအရပ်၌ သူတို့၏တဲများကို ဆောက်ကြ၏။
၁၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကော်ရန္တူမာ၏တပ်သည် ရာမတောင်ကုန်းအနီးတွင် သူတို့၏တဲများကို ဆောက်ကြ၏။ ထိုတောင်ကုန်းသည်ကား၊ ငါ၏အဘမော်မုန်က သန့်ရှင်းမွန်မြတ်သည့် မှတ်တမ်းများကို ကိုယ်တော်ရှင်အဖို့ ဝှက်ထားသည့် တောင်ကုန်းပင်တည်း။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ဧသာမှတစ်ပါး၊ ကွပ်မျက်မခံရသည့်သူတည်းဟူသော လူခပ်သိမ်းတို့ကို ထိုပြည်၏မျက်နှာပြင်တစ်ခုလုံးပေါ်မှာ အတူတကွ စုဝေးကြ၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဧသာသည် လူတို့ပြုသမျှကို တွေ့မြင်၏။ ထို့အတူ ကော်ရန္တူမာကို နှစ်သက်သောလူတို့သည် ကော်ရန္တူမာ၏တပ်နှင့် အတူတကွစုဝေးသည်ကိုလည်းကောင်း၊ ရှိဇကိုနှစ်သက်သောလူတို့သည် ရှိဇ၏တပ်နှင့် အတူတကွစုဝေးသည်ကိုလည်းကောင်း သူတွေ့မြင်၏။
၁၄ သို့ဖြစ်၍၊ သူတို့သည် ထိုပြည်၏မျက်နှာပြင်ပေါ်မှာ ရှိသောသူခပ်သိမ်းတို့ကို ရရှိနိုင်ခြင်းငှာ၊ ထို့အတူ သူတို့ရရှိနိုင်ဖို့ ဖြစ်နိုင်သမျှသော တပ်အင်အားကို ရရှိနိုင်ခြင်းငှာ၊ လေးနှစ်ကြာအောင် လူတို့ကို အတူတကွ စုဝေးကြ၏။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့အားလုံးသည် လူတိုင်း မိမိအလိုရှိသည့်တပ်သို့ သူတို့၏ ဇနီးများ၊ သူတို့၏သားသမီးများနှင့် အတူတကွစုဝေးကြပြီးလျှင်—ယောက်ျားများ၊ မိန်းမများနှင့် ကလေးများသည် စစ်တိုက်ရာလက်နက်များကို စွဲကိုင်လျက်၊ ဒိုင်းများ၊ ထို့အတူ ရင်အုပ်တန်ဆာများ၊ ထို့အတူ ဦးခေါင်းတန်ဆာများကို ဆောင်လျက်၊ ထို့အတူ စစ်တိုက်ခြင်းအတွက်ဝတ်ဆင်လျက်—တစ်ဦးနှင့်တစ်ဦးစစ်တိုက်ခြင်းငှာ ချီတက်ကြ၏။ ထိုတစ်နေ့လုံး တိုက်ခိုက်ကြပြီး၊ အနိုင်ရခြင်းမရှိကြ။
၁၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ညဉ့်အချိန်သို့ရောက်လျှင်၊ သူတို့သည် မောပန်း၍၊ သူတို့၏တပ်စခန်းများသို့ ပြန်ပြီးအနားယူကြ၏။ သူတို့တပ်စခန်းများသို့ ပြန်၍အနားယူကြပြီးနောက်တွင်၊ သူတို့သည် မိမိတို့လူများထဲမှ ကွပ်မျက်ခံရသူများ ဆုံးရှုံးခြင်းအတွက် ညည်းတွားမြည်တမ်း၍ မြည်တမ်းစပြုကြ၏။ သူတို့၏ ငိုကြွေးခြင်း၊ သူတို့၏ညည်းတွားမြည်တမ်းခြင်းနှင့် မြည်တမ်းခြင်းတို့မှာ အလွန်ကြီးမားလှသဖြင့်၊ လေကို လွန်စွာခွဲ၏။
၁၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နက်ဖြန်နေ့တွင်၊ သူတို့သည် စစ်တိုက်ခြင်းငှာ တစ်ဖန်သွားကြရာ၊ ကြီးစွာကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုနေ့ပင်တည်း။ သို့သော်လည်း၊ သူတို့သည် အနိုင်ရခြင်းမရှိကြ။ ထို့အတူ ညဉ့်အချိန်တစ်ဖန်ရောက်လာသောအခါ၊ မိမိတို့လူများထဲမှ ကွပ်မျက်ခံရသူများ ဆုံးရှုံးခြင်းအတွက် သူတို့၏ငိုကြွေးခြင်း၊ သူတို့၏ညည်းတွားမြည်တမ်းခြင်းများနှင့် သူတို့၏ငိုကြွေးမြည်တမ်းခြင်းတို့ဖြင့် လေကို ခွဲကြ၏။
၁၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကော်ရန္တူမာသည် ရှိဇထံသို့ အမှာစာတစ်စောင်ကိုရေး၍၊ စစ်တိုက်ဖို့ သူတစ်ဖန်မလာပါမည့်အကြောင်း၊ သို့ရာတွင် နိုင်ငံကို သိမ်းယူပြီး၊ လူတို့၏အသက်ကို ချမ်းသာပေးပါမည့်အကြောင်း တောင်းဆို၏။
၁၉ သို့ရာတွင်၊ ရှုလော့၊ ကိုယ်တော်ရှင်၏ဝိညာဉ်တော်သည် သူတို့ကို ပဲ့ပြင်ဆုံးမခြင်းမှ ရပ်တန့်တော်မူလေပြီး၊ စာတန်သည် လူတို့၏စိတ်နှလုံးကို အလုံးစုံအစိုးရခြင်းရှိ၏။ အကြောင်းမူကား၊ သူတို့သည် ဖျက်ဆီးခံရစေဖို့ သူတို့စိတ်နှလုံး၏မာကျောခြင်းနှင့် သူတို့၏အသိစိတ်ကွယ်ခြင်းသို့ စွန့်လွှတ်ကြလေပြီ။ သို့ဖြစ်၍၊ သူတို့သည် စစ်တိုက်ဖို့၊ တစ်ဖန်သွားကြ၏။
၂၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ထိုတစ်နေ့လုံးတိုက်ခိုက်၍၊ ညဉ့်အချိန်ကျရောက်လာသောအခါ၊ သူတို့၏ဓားများပေါ်မှာ အိပ်ကြ၏။
၂၁ နက်ဖြန်နေ့တွင်လည်း သူတို့သည် ညဉ့်အချိန်ကျရောက်လာသည်အထိပင် တိုက်ခိုက်ကြ၏။
၂၂ ညဉ့်အချိန်ကျရောက်လာသောအခါတွင်လည်း သူတို့သည် စပျစ်ရည်နှင့်ယစ်မူးသောသူ ကဲ့သို့ပင် အမျက်နှင့် ယစ်မူးလျက်၊ သူတို့၏ဓားများပေါ်မှာ တစ်ဖန်အိပ်ကြ၏။
၂၃ ထို့အတူ၊ နက်ဖြန်နေ့တွင် သူတို့သည် တစ်ဖန်တိုက်ခိုက်၍၊ ညဉ့်အချိန်ကျရောက်လာသောအခါ၊ ကော်ရန္တူမာ၏လူ ငါးဆယ့်နှစ်ယောက်နှင့် ရှိဇ၏လူ ခြောက်ဆယ့်ကိုးယောက်တို့မှတစ်ပါး၊ သူတို့အားလုံး ဓားဘေးဖြင့် ကျဆုံးကြ၏။
၂၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ထိုညဉ့်တွင် သူတို့၏ဓားများပေါ်မှာအိပ်၍၊ နက်ဖြန်နေ့၌ တစ်ဖန် တိုက်ခိုက်ကြ၏။ သူတို့သည် သူတို့၏စွမ်းအားရှိသမျှနှင့်၊ သူတို့၏ဓားများဖြင့်၊ ထို့အတူ သူတို့၏ဒိုင်းများဖြင့် ထိုတစ်နေ့လုံး တိုက်ခိုက်ကြ၏။
၂၅ ညဉ့်အချိန်ကျရောက်လာသောအခါ၌ ရှိဇ၏လူ သုံးဆယ့်နှစ်ယောက်နှင့် ကော်ရန္တူမာ၏လူ နှစ်ဆယ့်ခုနစ်ယောက်ရှိ၏။
၂၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် စားလိုက်၊ အိပ်လိုက်ဖြင့် နက်ဖြန်နေ့၌ သေခြင်းအတွက် ပြင်ဆင်ကြ၏။ သူတို့သည် လူသား၏အင်အားအရာ၌ ကြီးမားပြီး၊ အားကြီးကြ၏။
၂၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် သုံးနာရီကြာအောင် တိုက်ခိုက်ကြပြီး၊ သွေးလွန်သောကြောင့် မိန်းမောကြ၏။
၂၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကော်ရန္တူမာ၏လူတို့သည် လုံလောက်သောခွန်အားကို ပြန်လည်ရရှိကြလျှင်၊ လမ်းလျှောက်နိုင်ကြပြီး၊ သူတို့၏အသက်အတွက် ထွက်ပြေးကြတော့မည်ပြု၏။ သို့ရာတွင်၊ ရှုလော့၊ ရှိဇသည် ထလာပြီး၊ သူ၏လူတို့လည်း ထလာလျက်၊ သူသည် ကော်ရန္တူမာကို ကွပ်မျက်လျှင်ကွပ်မျက်၊ သို့မဟုတ် ဓားဘေးဖြင့် သူပျက်စီးမည့်အကြောင်း အမျက်ဖြင့် ကျိန်ဆို၏။
၂၉ သို့ဖြစ်၍၊ သူတို့ကို လိုက်ရာ၊ နက်ဖြန်နေ့၌ မီလေ၏။ သူတို့သည်လည်း ဓားဖြင့်တစ်ဖန် တိုက်ခိုက်ကြ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကော်ရန္တူမာနှင့် ရှိဇမှတစ်ပါး သူတို့အားလုံး ဓားဘေးဖြင့် ကျဆုံးကြပြီးနောက်၊ ရှုလော့၊ ရှိဇသည် သွေးလွန်၍ မိန်းမော၏။
၃၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကော်ရန္တူမာသည် မိမိဓားကိုမှီ၍နေပြီးမှ၊ အနည်းငယ်အနားယူပြီး၊ ရှိဇ၏ခေါင်းကို ခုတ်ချ၏။
၃၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူက ရှိဇခေါင်းကို ခုတ်ချပြီးနောက်တွင်၊ ရှိဇသည် လက်ဖြင့်ထောက်၍ထပြီး လဲကျ၏။ ထိုနောက်၊ အသက်ရှူအလွန်ကြပ်ပြီးသေ၏။
၃၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကော်ရန္တူမာသည် မြေကြီးသို့ လဲကျပြီး၊ အသက်မရှိသကဲ့သို့ ဖြစ်သွား၏။
၃၃ ကိုယ်တော်ရှင်ကလည်း ဧသာကိုမြွက်ဆို၍၊ ထွက်သွားလော့ဟု မိန့်တော်မူလျှင်၊ သူထွက်သွားပြီး၊ ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်တို့ ပြီးပြည့်စုံစေသည်ကို တွေ့မြင်၏။ သူ၏မှတ်တမ်းကိုလည်း လက်စသတ်၍ (ငါသည်လည်း အနည်းငယ်ကိုမျှ မရေး) ပုရပိုက်ပြားများကို လင်မဟိ၏လူများ တွေ့ရှိနိုင်သောနည်းလမ်းဖြင့် ဝှက်ထား၏။
၃၄ ယခုတွင် ဧသာရေးထားသည့် နောက်ဆုံးသော ဤစကားများသည်ကား၊ ကိုယ်တော်ရှင်သည် ငါ့ကို ဘဝပြောင်းစေသည်ဖြစ်စေ၊ သို့မဟုတ် ငါသည် ကိုယ်တော်ရှင်၏အလိုတော်ကို ဇာတိကိုယ်ခန္ဓာ၌ ကြံ့ကြံ့ခံသည်ဖြစ်စေ အရေးမကြီး။ ဆိုလေသည့်အတိုင်းပင် ငါသည် ဘုရားသခင်၏နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ ရောက်၏။ အာမင်။