ကျမ်းစာများ
ဧသာ ၁၄


အခန်းကြီး ၁၄

လူတို့၏​ဒုစရိုက်က ထိုပြည်​ပေါ်၌ ကျိန်ခြင်းကို ဖြစ်​စေ၏—ကော်ရန္တူမာသည် ဂိလဒ်၊ ထို့​နောက်တွင် လိဗ၊ ထို့နောက်တွင် ရှိဇတို့ကို ဆန့်​ကျင်၍ စစ်မှုတွင် ပါ​ဝင်​ရ၏—အသွေးနှင့် သိမ်း​ရုံး​သတ်​ဖြတ်ခြင်းတို့ ထိုပြည်ကို ဖုံး​လွှမ်း၏။

ယခု​မူကား၊ လူတို့၏​ဒုစရိုက်ကြောင့်၊ ပြည်​တစ်​ခုလုံးပေါ်၌ ကြီးစွာသော​ကျိန်ခြင်း ရှိ​စ​ပြု​သည်မှာ၊ အကြင်​လူသည် မိမိ​ကိရိယာ သို့မဟုတ် မိမိဓားကို မိမိ​စင်​ပေါ်သို့​မဟုတ် မိမိ​သိမ်း​ဆည်း​လို​သည့်​နေရာ၌​ထား၍၊ နက်​ဖြန်​နေ့တွင်၊ ထို​အရာကို ရှာ၍​မတွေ့နိုင်။ ထိုပြည်​ပေါ်၌ ကျိန်ခြင်းမှာ အလွန်​ကြီး​မား၏။

သို့​ဖြစ်၍၊ လူ​တိုင်းသည် မိမိ​ပိုင်သည့်​အရာကို မိမိ​လက်ဖြင့် မြဲစွာ​ကိုင်​ထားကြပြီး၊ ချေး​ငှား​မယူ​လိုကြ။ မချေး​ငှား​လိုကြ။ လူ​တိုင်းသည် မိမိ​ဥစ္စာ​ပစ္စည်း၊ ထို့အတူ မိမိ​အသက်၊ ထို့အတူ မိမိ​ဇနီးနှင့် သားသမီးတို့၏​အသက်ကို ကာကွယ်ခြင်းငှာ မိမိ​ဓား​ရိုးကို မိမိ​လက်ယာ​လက်၌ စွဲ​ကိုင်ကြ၏။

ယခု​မူကား၊ နှစ်​နှစ်​ကြာ​ပြီးနောက်၊ ထို့အတူ၊ ရှာရက်​သေ​ပြီးနောက်တွင်၊ ရှုလော့၊ ရှာရက်၏​ညီပေါ်​လာ​ပြီး၊ သူသည် ကော်ရန္တူမာကို စစ်​တိုက်၏။ ထို​တိုက်​ပွဲတွင် ကော်ရန္တူမာက နှိမ်နှင်းအောင်မြင်၍၊ အာကိရှ​တော​ရိုင်း​အထိ လိုက်၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ရှာရက်၏​ညီသည် အာကိရှ​တော​ရိုင်း​ထဲ၌ စစ်​တိုက်၏။ တိုက်​ပွဲ​သည်​လည်း အလွန်​ပြင်း​ထန်​လာပြီး၊ ထောင်​ပေါင်း​များစွာသော​သူတို့သည် ဓား​ဘေး​ဖြင့် ကျ​ဆုံးကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကော်ရန္တူမာသည် တောရိုင်းကို ဝိုင်း​ထား၏။ ရှာရက်၏​ညီ​သည်​လည်း ညဉ့်​အချိန်တွင် တောရိုင်း​ထဲ​မှ​ထွက်၍ ချီ​တက်​ပြီး၊ ကော်ရန္တူမာ၏​တပ်​အချို့ကို ယစ်​မူး​နေ​စဉ်တွင် ကွပ်​မျက်ကြ၏။

သူ​သည်​လည်း မော်ရုန်​ပြည်သို့​ထွက်​လာပြီး၊ သူ့​ကိုယ်​သူ ကော်ရန္တူမာ၏​ပလ္လင်ပေါ်မှာ ထိုင်၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကော်ရန္တူမာသည် သူ၏​တပ်နှင့်​အတူ တောရိုင်း​ထဲ၌ နှစ်​နှစ်​ကြာ​အောင် နေ​ထိုင်၏။ ထို​အချိန်​အတွင်း၌ သူ့​တပ်​အတွက် ကြီးစွာသော​အင်​အားကို ရ​ရှိ၏။

ယခုတွင် လျှို့​ဝှက်ဂိုဏ်း​များ​ကြောင့်၊ ဂိလဒ်​အမည်​ရှိ ရှာရက်၏​ညီ​သည်​လည်း သူ့​တပ်​အတွက် ကြီးစွာသော​အင်​အားကို ရ​ရှိ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူ၏​ယဇ်ပုရောဟိတ်​မင်းသည် သူ့ကို ပလ္လင်​ပေါ်မှာ​ထိုင်​စဉ်​တွင် သတ်၏။

၁၀ ဤသို့​အားဖြင့်​အချိန်​တန်​လာ​သော​အခါ၊ လျှို့​ဝှက်ဂိုဏ်းတို့မှ တစ်​ဦး​သော​သူ​က လျှို့​ဝှက်သော​လမ်းတွင် သူ့ကို​သတ်၍ သူ​ကိုယ်တိုင်​အတွက် နိုင်ငံကို ရ​ရှိ၏။ သူ၏​အမည်မှာ လိဗ​ဖြစ်၏။ လိဗသည် လူမျိုး​ခပ်သိမ်း၌၊ အခြားသော​သူ​အား​လုံး​ထက် အရပ်​အမောင်း​ကောင်း​သူ​ဖြစ်၏။

၁၁ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ လိဗ၏​ပထမ​နှစ်တွင်၊ ကော်ရန္တူမာ​သည် မော်ရုန်​ပြည်သို့ ချီ​တက်​လာပြီး၊ လိဗကို စစ်​တိုက်၏။

၁၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူသည် လိဗနှင့်​တိုက်​ခိုက်၍၊ ထို​တိုက်​ပွဲ၌ လိဗက လက်ကို​ခုတ်သဖြင့် ဒဏ်ရာ​ရ၏။ သို့​သော်​လည်း၊ ကော်ရန္တူမာ၏​တပ်က လိဗကို ပြင်း​ထန်စွာ​တိုက်​ခိုက်သဖြင့်၊ ပင်လယ်​ကမ်း​နား​ရှိ နယ်​နိမိတ်သို့ ထွက်​ပြေး၏။

၁၃ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကော်ရန္တူမာက လိုက်၍၊ လိဗသည် ပင်လယ်​ကမ်း​နား၌ သူ့ကို စစ်​တိုက်၏။

၁၄ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ လိဗက ကော်ရန္တူမာ၏​တပ်ကို တိုက်​ခိုက်ရာ၊ သူတို့သည် အာကိရှ​တော​ရိုင်း​ဆီသို့ တစ်ဖန်​ထွက်​ပြေးကြ၏။

၁၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ အာဂေါရှ​လွင်​ပြင်သို့ သူ​ရောက်သည့်​တိုင်​အောင် လိဗက လိုက်၏။ ကော်ရန္တူမာ​သည်​လည်း လိဗ၏​ရှေ့မှ ထွက်​ပြေးစဉ် ထွက်​ပြေးရာ ပြည်၏​ထို​အရပ်၌ လူ​ခပ်သိမ်းတို့ကို သူနှင့်​အတူ ခေါ်​သွား၏။

၁၆ သူ​သည်​လည်း အာဂေါရှ​လွင်​ပြင်သို့ ရောက်လျှင်၊ လိဗကို​စစ်​တိုက်၍ သေ​အောင်​ခုတ်၏။ သို့​သော်​လည်း လိဗ၏​ညီသည် သူ၏​နေရာ၌ ကော်ရန္တူမာကို တိုက်​ခိုက်၍၊ တိုက်​ပွဲသည် အလွန်​ပြင်း​ထန်​လာ၏။ ထိုသို့​ပြင်း​ထန်၍၊ ကော်ရန္တူမာသည် လိဗ​ညီ၏​တပ်​ရှေ့မှ တစ်​ဖန်​ထွက်​ပြေး၏။

၁၇ ယခုတွင် လိဗ​ညီ၏​အမည်မှာ ရှိဇဟု ခေါ်၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ရှိဇသည် ကော်ရန္တူမာကို လိုက်၍၊ မြို့​များစွာကို အနိုင်​ရလျက်၊ မိန်းမများနှင့် ကလေးများကို ကွပ်​မျက်၍ မြို့များကို လောင်​မြိုက်​စေ၏။

၁၈ ထို​ပြည်​တစ်လျှောက်​လုံး၌​လည်း ရှိဇကို​ကြောက်​ရွံ့ခြင်း ပျံ့​နှံ့​သွား၏။ ထို​မှတစ်ပါး၊ ဟစ်​ကြွေးခြင်းသည် ထို​ပြည်​တစ်လျှောက် ပျံ့​နှံ့​သွား၏—အဘယ်​သူ​သည် ရှိဇ၏​တပ်​ရှေ့မှာ ရပ်နိုင်​သနည်း။ ရှုလော့၊ သူသည် သူ့​ရှေ့မှ​မြေကြီးကို သုတ်​သင်​ပယ်​ရှင်း​လေ​ပြီး​တကား။

၁၉ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ လူတို့သည် ထိုပြည်၏​မျက်​နှာ​ပြင်​တစ်​ခုလုံးတွင် တပ်များဖြင့် အတူ​တကွ စု​ဝေးကြ၏။

၂၀ သူတို့​ကို​လည်း ခွဲ​ခြား၍၊ အချို့​သည် ရှိဇ၏​တပ်နှင့် ပူး​ပေါင်း​ပြီး၊ အချို့သည် ကော်ရန္တူမာ၏​တပ်နှင့် ပူး​ပေါင်း၏။

၂၁ စစ်​တိုက်ခြင်း​သည်​လည်း အလွန်​ကြီး​မားပြီး၊ တာ​ရှည်၏။ ထို့အတူ အသွေး​သွန်း​လောင်းခြင်းနှင့် သိမ်း​ရုံး​သတ်​ဖြတ်ခြင်းတို့၏​မြင်​ကွင်းမှာ အလွန်​ရှည်​ကြာ​လှသဖြင့်၊ ထိုပြည်၏​မျက်​နှာ​ပြင်​တစ်ခု​လုံးကို သေ​သူတို့၏ကိုယ်​ခန္ဓာ​တို့​ဖြင့် ဖုံး​လွှမ်း၏။

၂၂ စစ်​တိုက်ခြင်းသည် အလွန်​လျင်​မြန်​ပြီး၊ မြန်​ဆန်​လှသဖြင့် အသေ​ကောင်တို့ကို သင်္ဂြိုဟ်ဖို့ အဘယ်​သူမျှ​မကျန်​ရစ်ဘဲ၊ သူတို့သည် အသွေး​သွန်း​လောင်းခြင်းမှ အသွေး​သွန်း​လောင်းခြင်းသို့ ချီ​တက်၍၊ ယောက်ျား၊ မိန်းမနှင့် ကလေးများ၏​ကိုယ်ခန္ဓာတို့ကို အသား​စားသည့် ပိုး​လောက်တို့၏​အစာ​ဖြစ်​လာစေဖို့ ထို​ပြည်၏​မျက်​နှာ​ပြင်​ပေါ်မှာ ပျံ့​နှံ့ပြီး ကျန်​ရစ်​စေလျက်​ရှိ၏။

၂၃ အသေ​ကောင်တို့၏​အနံ့​သည်​လည်း ထိုပြည်၏​မျက်​နှာ​ပြင်​ပေါ်မှာ၊ အကယ်​စင်​စစ်၊ ထိုပြည်၏​မျက်​နှာ​ပြင်​တစ်ခုလုံး​ပေါ်မှာ ပျံ့​နှံ့၏။ သို့​ဖြစ်၍၊ လူတို့သည် ထို​အသေ​ကောင်တို့၏​အနံ့​ကြောင့် နေ့​ရော​ည​ရော​ဒုက္ခ​တွေ့​လာကြ၏။

၂၄ အဘယ်သို့​ပင်​ဖြစ်စေ၊ ရှိဇသည် ကော်ရန္တူမာအား လိုက်သည်ကို မရပ်​တန့်။ အကြောင်းမူကား၊ ကွပ်မျက်​ခံရသော သူ့​အစ်ကို၏​အသွေး​အတွက် ကော်ရန္တူမာ​အပေါ်၌​လည်း​ကောင်း၊ ကော်ရန္တူမာသည် ဓား​ဘေးဖြင့်​မကျဆုံး​ရဟူသော ဧသာ​ထံသို့​ရောက်​လာသည့် ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်​အပေါ်၌​လည်း​ကောင်း သူကိုယ်တိုင် လက်တုံ့​ပြန်ရန် ကျိန်​ဆို၏။

၂၅ ထိုကဲ့သို့​အားဖြင့်၊ ငါတို့​သိ​မြင်ကြ​သည်မှာ၊ ကိုယ်တော်ရှင်သည် သူ၏​အမျက်တော်​အပြည့်​အစုံဖြင့် သူတို့ကို ဆုံးမ​တော်မူလေ​ကြောင်း​ပေတည်း။ သူတို့၏​ဆိုး​ညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများ​ကလည်း သူတို့၏​ထာဝရ​တည်​မြဲသော​ပျက်စီးခြင်း​အတွက် နည်း​လမ်းကို ပြင်​ဆင်​ပေး၏။

၂၆ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ရှိဇသည် ကော်ရန္တူမာကို၊ အရှေ့​ဘက်​လားရာ​အရပ်၊ ပင်လယ်​ကမ်းနား​ရှိ နယ်နိမိတ်သို့​တိုင်​အောင်ပင် လိုက်၍၊ ထို​အရပ်၌၊ သုံးရက်​ကြာ​အောင် ရှိဇကို စစ်​တိုက်၏။

၂၇ ရှိဇ၏​တပ်များ၌ ပျက်စီးခြင်းမှာ အလွန်​ကြောက်​မက်​ဖွယ်​ကောင်းသဖြင့်၊ လူတို့သည် ကြောက်​လန့်​စ​ပြုလျက်၊ ကော်ရန္တူမာ၏​တပ်များ​ရှေ့မှ ထွက်​ပြေး​စပြုကြ၏။ သူတို့သည် ကောရိဟော​ပြည်သို့ ထွက်​ပြေးကြ​ပြီး၊ သူတို့နှင့် မပူးပေါင်း​လိုသည့် ထိုပြည်​သား​မှန်သမျှတို့ကို သူတို့​ရှေ့မှ သုတ်​သင်​ပယ်​ရှင်းကြ၏။

၂၈ ကောရိဟော​ချိုင့်​ဝှမ်း၌​လည်း သူတို့၏​တဲများကို ဆောက်ကြ၏။ ကော်ရန္တူမာ​သည်​လည်း သူ၏​တဲများကို ရှူရာ​ချိုင့်​ဝှမ်း၌ ဆောက်၏။ ယခုတွင်၊ ရှုရာ​ချိုင့်​ဝှမ်းသည် ကော်မနာ​တောင်​ကုန်း​အနီးတွင် ရှိ​လေ၏။ သို့​ဖြစ်၍၊ ကော်ရန္တူမာသည် သူ၏​တပ်များကို ကော်မနာ​တောင်​ကုန်းပေါ်၌ အတူတကွ စုဝေး၍၊ ရှိဇ၏​တပ်များအား စစ်​တိုက်​ထွက်​လာဖို့ စိန်​ခေါ်ခြင်းငှာ၊ တံပိုးကို မှုတ်၏။

၂၉ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် ထွက်​လာကြ​သော်​လည်း တစ်ဖန်​မောင်း​ထုတ်​ခံရ၏။ ဒုတိယ​အကြိမ်​ထွက်​လာပြီး၊ ဒုတိယ​အကြိမ်​တစ်ဖန် မောင်း​ထုတ်​ခံရ၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် တတိယ​အကြိမ် တစ်ဖန်​ထွက်​လာ​ပြီး၊ တိုက်​ပွဲသည် အလွန်​ပြင်း​ထန်​လာ၏။

၃၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ရှိဇက ကော်ရန္တူမာကို ခုတ်​ချသဖြင့် နက်စွာသော​ဒဏ်ရာ​များစွာ​ရစေ၏။ ကော်ရန္တူမာ​သည်​လည်း သွေး​လွန်၍ မိန်းမောသဖြင့် သေသကဲ့သို့​ဖြစ်လျက် သယ်​ဆောင်​သွား​ခံရ၏။

၃၁ ယခုတွင်၊ နှစ်​ဘက်​စလုံး၌ ယောက်ျားများ၊ မိန်းမများနှင့် ကလေးများ၏​ဆုံး​ရှုံးမှုမှာ အလွန်​ကြီးမား​လှသဖြင့်၊ ရှိဇသည် သူ၏​လူတို့ကို ကော်ရန္တူမာ၏​တပ်များ​ကို မလိုက်​စေရန် အမိန့်​ပေး၏။ သို့​ဖြစ်၍၊ သူတို့သည် မိမိတို့၏​တပ်​စခန်းသို့ ပြန်​လာကြ၏။

ပုံနှိပ်သည်