ကျမ်းစာများ
ဧသာ ၅


အခန်းကြီး ၅

သက်သေ​သုံး​ဦးနှင့် ထို​အမှု​ကိုယ်တိုင်သည် မော်မုန်​ကျမ်း၏ အမှန်​ဖြစ်ခြင်း​အကြောင်း သက်​သေ​ခံချက်​အဖြစ် ရပ်​တည်​လိမ့်မည်။

ယခုမူကား၊ ငါ​၊ မော်ရော်နိုင်းသည် ငါ့ကို မိန့်မှာသည့်​စကားများကို အမှတ်​ရှိသည့်​အတိုင်း ရေး​လေ၏။ ထို့အတူ၊ ငါ​တံဆိပ်ခတ်သည့်​အရာတို့​ကို​လည်း သင့်ကို ပြော​ပြပြီး​လေ​ပြီ။ ထို့ကြောင့်၊ သင်သည် ထို​အရာတို့ကို ဘာသာ​ပြန်ခြင်းငှာ ထိခြင်းမရှိနှင့်။ အကြောင်း​မူကား၊ ဘုရားသခင်၏​ဉာဏ်​ပညာတော်​အချိန်​မျိုးတွင်​မှတစ်ပါး၊ ထိုအမှုမှ သင့်ကို တား​မြစ်​ထား၏။

ရှုဦးလော့၊ သင်သည် ဤအမှု​ဖြစ်​မြောက်စေရန် ကူ​ညီ​မည့်​သူတို့​အား ပုရပိုက်​ပြားများကို ပြနိုင်သည့် အထူး​အခွင့်​အရေး​ရ​နိုင်၏။

သုံး​ယောက်သော​သူတို့​ကို​လည်း ထိုအရာတို့ကို ဘုရားသခင်၏​တန်ခိုးတော်​အားဖြင့် ပြ​လိမ့်မည်။ သို့​ဖြစ်၍၊ သူတို့သည် ဤအရာတို့ မှန်​ကန်​ကြောင်းကို ဧကန်​အမှန် သိကြ​လိမ့်မည်။

သက်သေသုံး​ယောက်၏​နှုတ်​အားဖြင့် ဤအရာတို့ကို တည်ဆောက်လိမ့်မည်။ သုံး​ယောက်​သော​သူတို့၏ သက်​သေ၊ ထို့အတူ ဤအမှု၌ ဘုရားသခင်၏​တန်ခိုးတော်နှင့် သူ၏​နှုတ်​ကပတ်တော်​ကို​လည်းဖော်ပြမည့်အကြောင်းကို ခမည်းတော်၊ ထို့အတူ သားတော်နှင့် သန့်​ရှင်းသော​ဝိညာဉ်​တော်က သက်​သေ​ခံ၏—ခပ်သိမ်း​သော​ဤအရာတို့​သည်​လည်း နောက်​ဆုံး​သော​နေ့၌ လောက​တစ်ဖက်၌ သက်​သေ​အဖြစ် တည်​ရှိ​လိမ့်မည်။

ထိုသူတို့သည် နောင်တ​ရ၍ ယေရှု၏​နာမတော်​အားဖြင့် ခမည်းတော်​ထံသို့ လာကြ​လျှင် ဘုရားသခင်၏​နိုင်ငံတော်​၌ သူတို့ကို လက်​ခံလိမ့်မည်။

ယခု​မူကား၊ ဤအရာတို့​အတွက် ငါ့၌ အခွင့်​အာဏာ​ရှိ​မရှိကို သင်တို့​စဉ်း​စားကြ​လော့။ အကြောင်း​မူကား၊ သင်တို့​သည် ငါ့ကို မြင်​ရသော​အခါ ငါ့၌ အခွင့်​အာဏာ​ရှိကြောင်းကို သိကြ​လိမ့်မည်။ ငါတို့​သည်​လည်း နောက်​ဆုံးသော​နေ့၌ ဘုရားသခင်​ရှေ့၌ ရပ်​ရလိမ့်မည်။ အာမင်။

ပုံနှိပ်သည်