အခန်းကြီး ၄
မော်ရော်နိုင်းသည် ယာရက်အစ်ကို၏ စာများကို တံဆိပ်ခတ်ရန် မိန့်မှာခံရ၏—ထိုအရာတို့ကို လူသားတို့ ယာရက်၏အစ်ကိုကဲ့သို့ ယုံကြည်ခြင်းရှိကြသည့်အချိန်အထိ၊ ဖော်ပြလိမ့်မည်မဟုတ်—ခရစ်တော်သည် လူသားတို့ကို သူ၏စကားများနှင့် သူ့တပည့်တော်တို့၏စကားများကို ယုံကြည်ရန် မိန့်မှာ၏—လူသားတို့သည် နောင်တရရန်၊ ဧဝံဂေလိတရားတော်ကို ယုံကြည်ရန်၊ ထို့အတူ ကယ်တင်ခြင်းသို့ ရောက်ရန် မိန့်မှာခံရ၏။
၁ ကိုယ်တော်ရှင်ကလည်း ယာရက်၏အစ်ကိုအား ကိုယ်တော်ရှင်၏မျက်မှောက်တော် တောင်ပေါ်မှ ဆင်းသွားရန်၊ သူမြင်ခဲ့ရလေသည့်အရာတို့ကိုလည်း ရေးရန် မိန့်တော်မူ၏။ သူလက်ဝါးကပ်တိုင်ပေါ်၌ မြှောက်ထားမခံရမီအထိ ထိုအရာတို့ကို လူသားတို့ထံရောက်လာခြင်းမှ တားမြစ်ထားတော်မူ၏။ ဤအကြောင်းရင်းကြောင့်ပင် မောဇိယမင်းကြီးသည် ခရစ်တော် သူ၏လူမျိုးတို့ထံ ကိုယ်ထင်ပြတော်မမူမီအထိ ထိုအရာတို့ကို လောကသို့ရောက်မလာရစေခြင်းငှာ သိမ်းဆည်းထား၏။
၂ ခရစ်တော်မိမိလူမျိုးတို့ကို အမှန်ကိုယ်ထင်ပြတော်မူလေပြီးမှ၊ ထိုအရာတို့ကို ထင်ရှားစွာပြရမည့်အကြောင်း သူမိန့်တော်မူ၏။
၃ ယခုမူကား၊ ထိုကာလနောက်၌ သူတို့အားလုံးသည် ယုံကြည်မှုလျော့ပါးဆုတ်ယုတ်လာလေပြီ။ လာမန်အမျိုးသားတို့မှတစ်ပါး အဘယ်သူမျှမရှိ။ သူတို့သည် ခရစ်တော်၏ဧဝံဂေလိတရားတော်ကို ငြင်းပယ်ကြ၏။ ထိုကြောင့်၊ ငါသည် ထိုအရာတို့ကို မြေကြီးထဲ၌ တစ်ဖန်ဝှက်ထားရမည့်အကြောင်း မိန့်တော်မူခံရ၏။
၄ ရှုလော့၊ ငါသည် ယာရက်၏အစ်ကိုမြင်သည့် အရာတို့ကို ဤပုရပိုက်ပြားများပေါ်၌ ရေးလေ၏။ ယာရက်၏အစ်ကိုထံသို့ ထင်ရှားစွာပြတော်မူသည့်အရာများထက် သာ၍ကြီးစွာသော ထင်ရှားစွာပြဖူးသည့်အရာများလည်းမရှိ။
၅ သို့ဖြစ်၍၊ ကိုယ်တော်ရှင်သည် ငါ့ကို ထိုအရာတို့ကို ရေးရန်မိန့်တော်မူလေ၏။ ငါလည်းရေးလေ၏။ သူသည် ငါ့ကို ထိုအရာတို့ကို တံဆိပ်ခတ်ရမည့်အကြောင်းကိုလည်း မိန့်တော်မူ၏။ ထိုအရာတို့၏အနက်ဖွင့်ပြခြင်းကို ငါတံဆိပ်ခတ်၍ထားရမည့်အကြောင်းကိုလည်း မိန့်တော်မူ၏။ သို့ဖြစ်၍၊ ငါသည် အနက်ဖွင့်ပြသောအရာများကို တံဆိပ်ခတ်၏၊ ကိုယ်တော်ရှင်၏မိန့်မှာချက်အတိုင်းပင်တည်း။
၆ အကြောင်းမူကား၊ ငါ့ကို ကိုယ်တော်ရှင်မိန့်တော်မူလေသည်မှာ၊ တပါးအမျိုးသားတို့ သူတို့၏ဒုစရိုက်မှ နောင်တရ၍၊ ကိုယ်တော်ရှင်ရှေ့၌ သန့်ရှင်းလာမည့်ကာလမတိုင်မီအထိ သူတို့ထံသို့ ထိုအရာများ ထွက်မသွားရ။
၇ ကိုယ်တော်ရှင်မိန့်တော်မူလေသည်မှာ၊ သူတို့သည် ယာရက်၏အစ်ကို ပြုသကဲ့သို့ပင် ငါ့ကို ယုံကြည်မှုပြုကြမည့်ကာလ၌ ငါအားဖြင့် သန့်ရှင်းစင်ကြယ်လာနိုင်ကြစေ၍၊ ထို့နောက်တွင်၊ ငါသည် ငါ၏ဗျာဒိတ်တော်ခပ်သိမ်းကို သူတို့အား ဖွင့်ပြခြင်းသို့တိုင်အောင်ပင်၊ ယာရက်၏အစ်ကို မြင်သောအရာတို့ကို သူတို့အား ထင်ရှားစွာပြတော်မူမည်ဟု ယေရှုခရစ်တော်၊ ဘုရားသခင်၏သားတော်၊ ကောင်းကင်နှင့် မြေကြီး ထို့အတူ ၎င်းတို့အထဲ၌ရှိသမျှသောအရာတို့၏ ခမည်းတော်က မိန့်တော်မူ၏။
၈ ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်ကို ခုခံတွန်းလှန်မည့်သူသည် ကျိန်ခြင်းကို ခံစေ။ ဤအရာတို့ကို ငြင်းဆိုမည့်သူသည်လည်း ကျိန်ခြင်းကို ခံစေ။ အကြောင်းမူကား၊ ထိုသူတို့ကို ငါသည် သာ၍ကြီးစွာသောအရာတို့ကို ပြမည်မဟုတ်ဟု ယေရှုခရစ်တော် မိန့်တော်မူ၏။ အကြောင်းမူကား၊ ငါသည် ဟောပြောသောသူဖြစ်၏။
၉ ငါ့အမိန့်အားဖြင့် ကောင်းကင်တို့သည် ပွင့်ကြ၊ ပိတ်ကြ၏။ ငါ့စကားအားဖြင့်လည်း မြေကြီးလှုပ်လိမ့်မည်။ ငါ့အမိန့်အားဖြင့်လည်း ၎င်းတို့၌ နေထိုင်ကြသောသူတို့သည် မီးဘေးဖြင့်ပင် ကွယ်လွန်သွားကြလိမ့်မည်။
၁၀ ငါ၏နှုတ်ကပတ်တော်တို့ကို မယုံကြည်သောသူသည် ငါ၏တပည့်တော်တို့ကို မယုံကြည်ကြ။ ငါဟောပြောကြောင်း ဟုတ်မဟုတ်ကို သင်တို့မစီရင်ကြနှင့်။ အကြောင်းမူကား၊ သင်တို့သည် ဟောပြောသောသူမှာ ငါဖြစ်ကြောင်းကို နောက်ဆုံးသောနေ့၌ သိကြလိမ့်မည်။
၁၁ သို့ရာတွင်၊ ငါဟောပြောသည့် ဤအရာတို့ကို ယုံကြည်သောသူထံသို့ ငါ့ဝိညာဉ်တော်၏ ထင်ရှားစွာပြတော်မူခြင်းဖြင့် ငါအကြည့်အရှုကြွတော်မူလျှင်၊ ထိုသူသည် သိ၍ သက်သေခံလိမ့်မည်။ ငါ၏ဝိညာဉ်တော်ကြောင့်၊ သူသည် ဤအရာတို့မှန်ကန်ကြောင်းကို သိလိမ့်မည်။ အကြောင်းမူကား၊ ထိုအရာသည် လူသားတို့ကို ကောင်းမြတ်သည်ကိုပြုကြစေခြင်းငှာ ဖျောင်းဖျ၏။
၁၂ ထို့အတူ၊ ကောင်းမြတ်သည်ကို ပြုကြစေခြင်းငှာ၊ လူသားတို့ကို ဖျောင်းဖျသောအရာမှန်သမျှသည် ငါ့ထံမှဖြစ်၏။ အကြောင်းမူကား၊ ကောင်းမြတ်သောအရာသည် ငါ့ထံမှတစ်ပါး၊ အဘယ်သူ့ထံမှ မလာ။ ငါသည်ကား၊ လူသားတို့ ကောင်းမြတ်သောအရာအားလုံးကို ပြုကြစေခြင်းငှာ၊ လမ်းညွှန်သောသူပေတည်း။ ငါ၏နှုတ်ကပတ်တော်တို့ကို မယုံကြည်မည့်သူသည် ငါ့ကို မယုံကြည်—ငါရှိကြောင်းကိုလည်း မယုံကြည်။ ငါ့ကို မယုံကြည်သောသူသည် ငါ့ကိုစေလွှတ်တော်မူသည့် ခမည်းတော်ကိုလည်း ယုံကြည်လိမ့်မည်မဟုတ်။ အကြောင်းမူကား၊ ရှုလော့၊ ငါသည် ခမည်းတော်ဖြစ်၏။ ငါသည် အလင်း၊ ထို့အတူ အသက်၊ ထို့အတူ လောက၏အမှန်တရား ဖြစ်တော်မူ၏။
၁၃ အို အသင်တပါးအမျိုးသားတို့၊ ငါ့ထံသို့ လာကြလော့၊ ငါသည် သင်တို့အား သာ၍ကြီးစွာသောအရာတို့ကိုပြတော်မူမည်၊မယုံကြည်ခြင်းကြောင့် ဝှက်ထားသည့် အသိပညာပေတည်း။
၁၄ အို ဣသရေလအမျိုးသားတို့ ငါ့ထံသို့ လာကြလော့။ သင်တို့အတွက် ကြီးစွာသောအမှုများကို ကမ္ဘာတည်ကတည်းက ခမည်းတော်အဘယ်မျှအထိ ပြင်ဆင်ထားတော်မူလေကြောင်းကို သင်တို့အား ထင်ရှားစွာ ပြလိမ့်မည်။ မယုံကြည်မှုကြောင့်၊ ထိုအရာသည် သင်တို့ထံသို့ မလာ။
၁၅ ရှုလော့၊ သင်တို့၏ဆိုးညစ်ခြင်း၊ ထို့အတူ၊ စိတ်နှလုံးမာကျောခြင်း၊ ထို့အတူ အသိစိတ်ကွယ်ခြင်းတို့၏အလွန်ဆိုးရွားသောအခြေအနေ၌ သင်တို့ကိုဆက်၍ရှိနေစေသည့် မယုံကြည်ခြင်းကန့်လန့်ကာကို သင်တို့ခွဲကြမည့်အချိန်၏နောက်၌၊ ကမ္ဘာတည်ကတည်းက သင်တို့ထံမှ လျှို့ဝှက်ထားသော ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသောအရာများ—ထိုမှတစ်ပါး၊ သင်တို့သည် ကျိုးပဲ့သောနှလုံးသားနှင့် ကြေကွဲသောစိတ်ဖြင့် ခမည်းတော်ထံသို့ ငါ၏နာမတော်အားဖြင့် ပဌနာပြုကြပြီးမှ၊ ခမည်းတော်သည် သင်တို့ဘိုးဘေးများထံ ပြုတော်မူသည့် ပဋိညာဉ်ကို အောက်မေ့တော်မူလိမ့်မည်ဖြစ်ကြောင်း သိကြလိမ့်မည်။ အို ဣသရေလအမျိုးသားတို့။
၁၆ ထို့နောက်တွင်၊ ငါ့ကျွန်ယောဟန်အားဖြင့် ရေးသည့် ငါ၏ဗျာဒိတ်တော်များကို လူခပ်သိမ်းတို့၏မျက်စိရှေ့၌ ဖွင့်ပြတော်မူမည်။ ဤအရာတို့ကို သင်တို့မြင်ရသောအခါ၊ ထိုဗျာဒိတ်တော်များကို ဧကန်အမှန်ထင်ရှားစွာပြမည့်အချိန်သည် နီးကပ်လာပြီဖြစ်ကြောင်း သင်တို့ သိရမည်ကို သတိရကြလော့။
၁၇ ထို့ကြောင့်၊ သင်တို့သည် ဤမှတ်တမ်းကို လက်ခံရရှိသောအခါ၊ ထိုပြည်၏မျက်နှာပြင်တစ်ခုလုံးပေါ်၌ ခမည်းတော်၏အမှုတော်စတင်လေပြီဖြစ်ကြောင်း သိနိုင်ကြမည်။
၁၈ ထို့ကြောင့်၊ နောင်တရကြလော့ ခပ်သိမ်းသော အသင်မြေကြီးစွန်းသားတို့။ ငါ့ထံသို့လာကြလော့၊ ငါ၏ဧဝံဂေလိတရားတော်ကိုလည်း ယုံကြည်ကြလော့၊ ငါ၏နာမတော်၌ ဗတ္တိဇံခံကြလော့။ အကြောင်းမူကား၊ ယုံကြည်၍ ဗတ္တိဇံခံသောသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ ယုံကြည်ခြင်းမရှိသောသူသည်ကား၊ အပြစ်စီရင်ခံရလိမ့်မည်။ ငါ၏နာမတော်ကို ယုံကြည်သောသူတို့၌ နိမိတ်လက္ခဏာများ ဖြစ်လိမ့်မည်။
၁၉ နောက်ဆုံးသောနေ့၌ ငါ၏နာမတော်အဖို့ သစ္စာရှိလျက်တွေ့ရသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူသည် သူ့အတွက်ကမ္ဘာတည်ကတည်းက ပြင်ဆင်ထားသည့် နိုင်ငံတော်၌ နေထိုင်ရန် ချီးမြှောက်ခံရလိမ့်မည်။ ရှုဦးလော့၊ ထိုအမှုကို ဟောသူမှာ ငါဖြစ်၏။ အာမင်။