အခန်းကြီး ၃
ယာရက်၏အစ်ကိုသည် ကျောက်ခဲတစ်ဆယ်ခြောက်လုံးကို ကိုယ်တော်ရှင် တို့တော်မူစဉ်တွင် လက်ချောင်းတော်ကို မြင်၏—ခရစ်တော်သည် သူ၏ဝိညာဉ်ကိုယ်ခန္ဓာကို ယာရက်၏အစ်ကိုအား ပြတော်မူ၏—စုံလင်သောအသိပညာရှိသောသူတို့ကို ကန့်လန့်ကာအတွင်း၌ ဟန့်တားမထားနိုင်—ယာရက်အမျိုးသားမှတ်တမ်းကို အလင်းသို့ဆောင်ရန် အနက်ဖွင့်သောအရာတို့ကို ပေးသနားတော်မူ၏။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယာရက်၏အစ်ကိုသည် (ယခုတွင်၊ ပြင်ဆင်ထားသည့် သင်္ဘောတို့၏အရေအတွက်မှာ ရှစ်စင်း ဖြစ်၏) တောင်၏ ကြီးစွာသောအမြင့်ကြောင့်၊ ရှေလင်ဟု သူတို့ခေါ်သည့် တောင်ဆီသို့ ထွက်သွား၍၊ ကျောက်ကို ကျိုချက်၍ ကျောက်ခဲငယ် တစ်ဆယ်ခြောက်လုံးကို ရရှိ၏။ ထိုကျောက်ခဲတို့သည် အဖြူရောင်ဖြစ်၏၊ ဖောက်ထွင်းမြင်နိုင်သောဖန်ကဲ့သို့ပင် ကြည်လင်၏။ သူသည် တောင်ထိပ်ပေါ်၌ ထိုကျောက်ခဲများကို သူ၏လက်ထဲ၌ သယ်ဆောင်၍၊ ကိုယ်တော်ရှင်ထံသို့ တစ်ဖန် တောင်းလျှောက်သည်ကား၊
၂ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ရေလွှမ်းမိုးခြင်းဖြင့် ပတ်လည်ဝိုင်းခံရမည်ဟု မိန့်တော်မူပါ၏။ ယခုတွင်၊ ရှုတော်မူပါ၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်၏ကျွန်ကို ကိုယ်တော်ရှေ့၌ သူ့အားနည်းချက်ကြောင့် အမျက်ထွက်တော်မမူပါနှင့်။ အကြောင်းမူကား၊ ကိုယ်တော်သည် သန့်ရှင်းတော်မူ၍၊ ကောင်းကင်ဘုံ၌ နေထိုင်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်ရှေ့၌ မထိုက်တန်ကြကြောင်းကိုလည်းကောင်း အကျွန်ုပ်တို့ သိကြပါ၏။ ကျရှုံးခြင်းကြောင့် အကျွန်ုပ်တို့၏ပကတိသဘောသည် အစဉ်မပြတ် ဆိုး၍လာပါပြီ။ သို့သော်လည်း၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏အလိုဆန္ဒများအတိုင်း ကိုယ်တော်ထံမှ ရရှိနိုင်ကြစေခြင်းငှာ၊ ကိုယ်တော်ကို အကျွန်ုပ်တို့ ပဌနာပြုရမည့်အကြောင်း ပညတ်တော်ကို အကျွန်ုပ်တို့အား ပေး တော်မူလေပြီ။
၃ ရှုတော်မူပါ၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို အကျွန်ုပ်တို့၏ဒုစရိုက်ကြောင့်၊ ဒဏ်ခတ်တော်မူ၏၊ အရပ်ရပ်သို့လည်း နှင်ထုတ်တော်မူလေပြီ။ ဤနှစ်ပေါင်းများစွာကြာအောင် အကျွန်ုပ်တို့သည် တောရိုင်းထဲ၌ရှိကြလေပြီ။ သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်တို့ကို ကရုဏာကြီးတော်မူ၏။ အို ကိုယ်တော်ရှင်၊ အကျွန်ုပ်ကို သနားခြင်းဖြင့် ကြည့်ရှုတော်မူပါ။ ကိုယ်တော်၏အမျက်တော်ကိုလည်း ကိုယ်တော်၏ဤလူမျိုးတို့ထံမှ လွှဲတော်မူပါ၊ သူတို့အား ဤလှုပ်ရှားထကြွသည့်ရေနက်ကို မှောင်မိုက်ထဲ၌ ဖြတ်ကူးရသောအခွင့်ကို ပေးတော်မမူပါနှင့်။ ကျောက်ကို အကျွန်ုပ်ကျိုချက်၍ရရှိသည့် ဤအရာတို့ကိုသာ ကြည့်ရှုတော်မူပါ။
၄ အကျွန်ုပ်သိပါ၏၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်၌ အလုံးစုံသောတန်ခိုးရှိတော်မူ၏၊ လူသား၏ အကျိုးအတွက် ကိုယ်တော်အလိုရှိသမျှကို ပြုနိုင်တော်မူ၏။ ထို့ကြောင့်၊ အို ကိုယ်တော်ရှင်၊ ဤကျောက်ခဲတို့ကို မှောင်မိုက်ထဲ၌ တောက်ပစေခြင်းငှာ ကိုယ်တော်၏လက်ချောင်းတို့ဖြင့် တို့တော်မူပါ။ ၎င်းတို့သည် အကျွန်ုပ်တို့ ပြင်ဆင်သည့် သင်္ဘောထဲ၌ အကျွန်ုပ်တို့အတွက် တောက်ပလိမ့်မည်ဖြစ်၍ အကျွန်ုပ်တို့ပင်လယ်ကို ဖြတ်ကူးရာ၌ အလင်းကို ရရှိနိုင်ကြပါမည်။
၅ ရှုတော်မူပါ၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် ဤအမှုကို ပြုနိုင်တော်မူ၏။ ကိုယ်တော်သည် လူသားတို့၏ နားလည်ခြင်း၌ သေးငယ်သည်ဟု ထင်မှတ်ဖွယ်ရှိသည့် ကြီးစွာသောတန်ခိုးကို ပြနိုင်စွမ်းတော်မူကြောင်း အကျွန်ုပ်တို့ သိပါ၏။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ယာရက်၏အစ်ကိုက ဤစကားတို့ကို ဆိုပြီးလျှင်၊ ရှုလော့၊ ကိုယ်တော်ရှင်သည် လက်တော်ကိုဆန့်၍၊ ကျောက်ခဲတို့ကို သူ၏လက်ချောင်းတော်ဖြင့် တစ်လုံးပြီးတစ်လုံး တို့တော်မူ၏။ ယာရက်အစ်ကို၏ မျက်စိတို့ရှေ့မှ ကန့်လန့်ကာကို ဖယ်ရှားသဖြင့်၊ သူသည် ကိုယ်တော်ရှင်၏လက်ချောင်းတော်ကို မြင်၏။ ထိုအရာသည်ကား၊ လူသား၏လက်ချောင်းသဖွယ် အသားနှင့် အသွေးတို့ဖြင့်ကဲ့သို့ပင်တည်း။ ယာရက်၏အစ်ကိုသည်လည်း ရုတ်တရက်ကြောက်လန့်သောကြောင့် ကိုယ်တော်ရှင်ရှေ့ ၌ လဲကျ၏။
၇ ကိုယ်တော်ရှင်ကလည်း ယာရက်၏အစ်ကို မြေကြီးသို့လဲကျသည်ကို မြင်တော်မူ၏။ ထလော့၊ သင်သည် အဘယ့်ကြောင့် လဲကျသနည်းဟု ကိုယ်တော်ရှင်က သူ့ကို မေးတော်မူ၏။
၈ သူကလည်း အကျွန်ုပ်သည် ကိုယ်တော်ရှင်၏လက်ချောင်းတော်ကို မြင်၍၊ အကျွန်ုပ်ကိုပြင်းစွာရိုက်မည်ကို ကြောက်ရွံ့ပါ၏။ အကြောင်းမူကား၊ ကိုယ်တော်ရှင်၌ အသားနှင့် အသွေးရှိတော်မူသည်ကို အကျွန်ုပ်သိခြင်းမရှိပါဟု ကိုယ်တော်ရှင်ကို လျှောက်၏။
၉ ကိုယ်တော်ရှင်ကလည်း သူ့ကို မိန့်တော်မူသည်ကား၊ ငါငါ့အပေါ်၌ အသားနှင့် အသွေးကို ခံယူတော်မူကြောင်း သင်၏ယုံကြည်ခြင်းကြောင့် သင်မြင်ရပြီ။ လူသားသည် သင့်မှာရှိသကဲ့သို့ ထိုမျှကြီးစွာသောယုံကြည်ခြင်းနှင့် ငါထံသို့ အဘယ်သောအခါကမျှ မလာစဖူး။ ထိုသို့မဟုတ်လျှင်၊ သင်သည် ငါ၏လက်ချောင်းတော်ကို မြင်နိုင်မည်မဟုတ်။ သင်သည် ဤမျှမက သာ၍ မြင်ဖူးသလောဟု မေး၏။
၁၀ သူကလည်း မဟုတ်ပါ၊ ကိုယ်တော်ရှင်၊ ကိုယ်တော်ကိုယ်တိုင် အကျွန်ုပ်ကို ပြတော်မူပါဟု ဖြေ၏။
၁၁ ကိုယ်တော်ရှင်ကလည်း သင်သည် ငါဟောမည့်စကားများကို ယုံကြည်သလောဟု မေး၏။
၁၂ သူကလည်း ဟုတ်ကဲ့၊ ကိုယ်တော်ရှင်၊ ကိုယ်တော်သည် သမ္မာတရားကို ဟောတော်မူကြောင်း အကျွန်ုပ်သိပါ၏။ အကြောင်းမူကား၊ ကိုယ်တော်သည် သမ္မာတရား၏ ဘုရားသခင်ဖြစ်တော်မူ၍ မုသားမပြောနိုင်ပါ။
၁၃ သူဤစကားများကို ပြောပြီးလျှင်၊ ရှုလော့၊ ကိုယ်တော်ရှင်သည် သူ့ကို ကိုယ်ထင်ပြတော်မူပြီးလျှင်၊ မိန့်တော်မူသည်ကား၊ သင်သည် ဤအရာတို့ကို သိသောကြောင့် ကျရှုံးခြင်းမှ ရွေးနှုတ် ခံရ၏။ ထို့ကြောင့်၊ သင်သည် ငါ၏မျက်မှောက်သို့ ပြန်၍ဆောင်ယူခံရ၏။ ထို့ကြောင့် ငါကိုယ်တိုင် သင့်ကို ပြတော်မူ၏။
၁၄ ရှုလော့၊ ငါသည်ကား ငါ၏လူမျိုးတို့ကို ရွေးနှုတ်ရန် ကမ္ဘာတည်ကတည်းက ပြင်ဆင်ထားသောသူဖြစ်၏။ ရှုလော့၊ ငါသည် ယေရှုခရစ်တော်ဖြစ်၏။ ငါသည် ခမည်းတော်နှင့် သားတော်ဖြစ်၏။ ငါ၏နာမတော်ကို ယုံကြည်မည့်သူများတည်းဟူသော လူသားခပ်သိမ်းတို့သည် အစဉ်ထာဝရဖြစ်သည့် အသက်တာကို ငါ့ကြောင့် ရရှိကြလိမ့်မည်။ သူတို့သည်လည်း ငါ၏သားများနှင့် သမီးများဖြစ်လာလိမ့်မည်။
၁၅ ထို့အတူ၊ ငါဖန်ဆင်းတော်မူလေသည့် လူသားထံသို့ ငါကိုယ်တိုင်ကို အဘယ်သောအခါကမျှ မပြ။ အကြောင်းမူကား၊ လူသားသည် သင်ယုံကြည်သကဲ့သို့ အဘယ်သောအခါကမျှ ငါ့ကို ယုံကြည်ခြင်းမရှိခဲ့။ သင့်ကို ငါကိုယ်တိုင်၏ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းထားတော်မူကြောင်းကို သင်သိမြင်သလော။ ထိုမှတစ်ပါး၊ ရှေးဦးစွာ၌ လူသားခပ်သိမ်းတို့ကိုပင် ငါကိုယ်တိုင်၏ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းထားတော်မူ၏။
၁၆ ရှုလော့၊ သင်ယခုမြင်ရသည့် ဤကိုယ်ခန္ဓာသည် ငါ့ဝိညာဉ်၏ကိုယ်ခန္ဓာဖြစ်၏။ လူသားကိုလည်း ငါသည် ငါ့ဝိညာဉ်၏ကိုယ်ခန္ဓာအတိုင်း ဖန်ဆင်းတော်မူလေပြီ။ ငါ သင့်ထံသို့ ဝိညာဉ်အဖြစ် ပေါ်လာတော်မူသကဲ့သို့ပင်၊ ငါသည် ငါ၏လူမျိုးတို့ထံသို့ ဇာတိကိုယ်ခန္ဓာအဖြစ် ပေါ်လာတော်မူမည်။
၁၇ ယခုမူကား၊ ငါမော်ရော်နိုင်းသည် ရေးထားသည့် ဤအရာတို့အကြောင်း၊ ပြည့်စုံသောမှတ်တမ်းကို မပြုနိုင်ကြောင်း ပြောသဖြင့်၊ ထို့ကြောင့်၊ ယေရှုသည် နီဖိုင်းအမျိုးသားတို့ကို ကိုယ်ထင်ပြသကဲ့သို့ပင် ထိုတူညီသော ကိုယ်ခန္ဓာအတိုင်း၊ ပုံသဏ္ဌာန်နှင့်အညီ ဝိညာဉ်အားဖြင့် ဤလူကို ကိုယ်ထင်ပြတော်မူကြောင်း ပြောရန် ငါ့အတွက် လုံလောက်ပေပြီ။
၁၈ ထို့အတူ၊ နီဖိုင်းအမျိုးသားတို့ကို အမှုတော်ဆောင်သကဲ့သို့ပင် သူ့ကိုလည်း အမှုတော်ဆောင်၏။ ဤအရာအားလုံးကို သူပြုတော်မူသည်မှာလည်း ဤလူအား ကိုယ်တော်ရှင်ပြတော်မူခဲ့လေသည့် ကြီးစွာသော အမှုများစွာတို့ကြောင့်၊ သူဘုရားသခင်ဖြစ်တော်မူကြောင်းကို သိနိုင်စေခြင်းငှာပေတည်း။
၁၉ ဤလူ၏အသိပညာကြောင့်၊ ကန့်လန့်ကာအတွင်းသို့မြင်ခြင်းမှ မဟန့်တားနိုင်။ သူသည်ယေရှု၏လက်ချောင်းကိုလည်း မြင်၏၊ မြင်ရသောအခါ ကြောက်ရွံ့၍ လဲကျ၏။ အကြောင်းမူကား၊ သူသည် ထိုအရာမှာ ကိုယ်တော်ရှင်၏လက်ချောင်းတော်ဖြစ်ကြောင်းကို သိ၏။ အကြွင်းမဲ့ယုံကြည်ခြင်လည်း ရှိ၏၊ အကြောင်းမူကား၊ သူသိ၏၊ ယုံမှားသံသယဖြစ်ခြင်းမရှိ။
၂၀ သို့ဖြစ်၍၊ ဘုရားသခင်၏အကြောင်းကို စုံလင်သောအသိပညာရှိသဖြင့် သူ့ကို ကန့်လန့်ကာအတွင်း၌ မဟန့်တားနိုင်။ ထို့ကြောင့်၊ သူသည် ယေရှုကို မြင်၏။ ယေရှုကလည်း သူ့ကို အမှုတော်ဆောင်၏။
၂၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်က ယာရက်၏အစ်ကိုအား မိန့်တော်မူလေသည်ကား၊ ရှုလော့၊ သင်သည် မြင်ရ၊ ကြားရလေသည့် ဤအရာတို့ကို ဇာတိကိုယ်ခန္ဓာ၌ ငါ၏နာမတော်ကို ငါချီးမြှောက်မည့် အချိန်မကျရောက်မီ၊ လောကထဲသို့ ပျံ့နှံ့စေရန် အခွင့်မပေးရ။ သို့ဖြစ်၍၊ သင်သည် မြင်ရ၊ ကြားရလေသည့် အရာတို့ကို အမြတ်တနိုးသိမ်းဆည်းထားရမည်၊ အဘယ်သူ့ကိုမျှလည်း မပြရ။
၂၂ ရှုဦးလော့၊ သင်သည် ငါ့ထံသို့ လာသောအခါ၊ ထိုအရာတို့ကိုရေး၍၊ အဘယ်သူမျှ အနက်မဖော်ပြနိုင်စေခြင်းငှာ တံဆိပ်ခတ်ရမည်။ အကြောင်းမူကား၊ ထိုအရာတို့ကို မဖတ်ရှုနိုင်သည့် ဘာသာစကားဖြင့် ရေးရမည်။
၂၃ ရှုဦးလော့၊ ဤကျောက်ခဲနှစ်လုံးကို ငါသည် သင့်အား ပေး၍၊ သင်သည် ၎င်းတို့ကိုလည်း သင်ရေးမည့်အရာတို့နှင့်အတူ တံဆိပ်ခတ်ရမည်။
၂၄ အကြောင်းမူကား၊ ရှုလော့၊ သင်ရေးမည့် ဘာသာစကားကို ငါသည် ရှုပ်ထွေးစေပြီ။ သို့ဖြစ်၍၊ ငါ၏ကာလအချိန်တန်သောအခါ၌ ငါဖြစ်စေတော်မူလိမ့်မည်မှာ၊ ဤကျောက်များသည် သင်ရေးမည့် ဤအရာတို့ကို လူတို့မျက်လုံးအတွက် ကြည်လင်ပြတ်သားစေမည့်အကြောင်းပေတည်း။
၂၅ ကိုယ်တော်ရှင်သည် ဤစကားတို့ကို မိန့်တော်မူလေပြီးသည့်အခါတွင်လည်း၊ ယာရက်၏အစ်ကိုအား ရှိလေပြီးသည့် မြေကြီးပေါ်၌နေထိုင်သူခပ်သိမ်း၊ ထို့အတူ နောက်ရှိလာမည့်သူခပ်သိမ်းတို့ကို ပြ၏။ မြေကြီးစွန်းတိုင်အောင်ပင်ရှိသော ထိုအရာတို့ကို သူ၏မြင်ကွင်းမှ ဆီးတားခြင်းလည်းမပြု။
၂၆ အကြောင်းမူကား၊ ယခင်အချိန်တို့၌ သူ့ကို မိန့်တော်မူလေ၏။ ခပ်သိမ်းသော အရာတို့ကို သူ့အား ပြနိုင်တော်မူကြောင်း သူ့ကို ယုံကြည်မည်ဆိုလျှင်—ပြတော်မူလိမ့်မည့် အကြောင်းပေတည်း။ ထို့ကြောင့်၊ ကိုယ်တော်ရှင်သည် သူ့ထံမှ အဘယ်အရာကိုမျှ ဟန့်တားမထားနိုင်။ အကြောင်းမူကား၊ အရာခပ်သိမ်းတို့ကို သူ့အား ကိုယ်တော်ရှင်ပြနိုင်တော်မူကြောင်း သူသိ၏။
၂၇ ကိုယ်တော်ရှင်ကလည်း သူ့ကို မိန့်တော်မူသည်မှာ၊ ဤအရာတို့ကို ရေး၍ တံဆိပ်ခတ်လော့။ ငါသည် ထိုအရာတို့ကို ငါ၏ကာလအချိန်တန်လာသောအခါ၌ လူသားတို့အား ပြတော်မူမည်။
၂၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင် သူ့ကို မိန့်တော်မူလေသည်ကား၊ သူရရှိသည့် ကျောက်ခဲနှစ်လုံးကို တံဆိပ်ခတ်၍၊ ထိုအမှုတို့ကို လူသားတို့အား ကိုယ်တော်ရှင်မပြမီအချိန်အထိ ပြခြင်းမပြုရမည့်အကြောင်း ဖြစ်လေသတည်း။