ကျမ်းစာများ
ဧသာ ၆


အခန်းကြီး ၆

ယာရက်​အမျိုးသား​သမ္ဗန်တို့​သည် လေ​အားဖြင့် ကတိတော်​မြေသို့ တွန်းပို့ခံရကြ၏—လူတို့သည် ကိုယ်တော်ရှင်​အား သူ၏​ကောင်း​မြတ်​တော်မူခြင်း​အတွက် ချီးမွမ်းကြ၏—ဩရိဟသည် သူတို့​အပေါ်၌ ခန့်​အပ်​ထားသော​ရှင်​ဘုရင်​ဖြစ်၏—ယာရက်နှင့် သူ၏​အစ်ကို သေ၏။

ယခု​မူကား၊ ငါ၊ မော်ရော်နိုင်းသည် ယာရက်နှင့် သူ့​အစ်ကို၏​မှတ်​တမ်းကို ဆက်၍​ရေး၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ တောင်ပေါ်သို့ ယာရက်၏​အစ်ကို သယ်​ဆောင်သည့် ကျောက်​ခဲများကို ကိုယ်တော်ရှင်​ပြင်​ဆင်​တော်မူ​လေ​ပြီး​နောက်၊ ယာရက်၏​အစ်ကိုသည် တောင်​ပေါ်မှ​ဆင်း​လာပြီးလျှင်၊ ပြင်​ဆင်​ထားသော ကျောက်​ခဲများ​ကို သင်္ဘောများ​အတွင်း အစွန်း​တစ်​နေရာ​စီ​၌ ချ​ထား၏။ ရှု​ဦး​လော့၊ ၎င်းတို့သည် သင်္ဘောများ​အဖို့ အလင်းကို ပေး၏။

ထိုကဲ့သို့​အားဖြင့်၊ ကိုယ်တော်ရှင်​သည် ယောက်ျား၊ မိန်းမနှင့် ကလေး​သူ​ငယ်​တို့​အား ကြီးစွာသောရေတို့ကို မှောင်​မိုက်​ထဲ၌ မဖြတ်​ကူး​ရ​စေခြင်းငှာ၊ အလင်းကို​ပေးရန် ကျောက်​ခဲများကို မှောင်မိုက်ထဲ၌ တောက်ပ​စေ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူတို့သည် သမုဒ္ဒရာ​ပေါ်၌ အသက်​ဆက်​ရှင်​နိုင်ကြခြင်းငှာ၊ အမျိုး​မျိုးသော စားစရာတို့​ကို​လည်း​ကောင်း၊ ထို့အတူ သူတို့နှင့်​အတူ သယ်​ဆောင်မည့် သူတို့၏ သိုးစု၊ နွားစုနှင့် သား​ရဲ​မှန်သမျှ၊ သို့​မဟုတ်၊ တိရစ္ဆာန်သို့​မဟုတ် ငှက်တို့​အတွက် စားစရာတို့​ကို​လည်း​ကောင်း ပြင်​ဆင်ကြ​ပြီးလျှင်—ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဤ​အရာခပ်သိမ်းတို့​ကို ပြုကြ​ပြီးလျှင်၊ သူတို့၏ သင်္ဘောများ သို့​မဟုတ် သမ္ဗန်များ​ပေါ်​တက်၍၊ သူတို့​ကိုယ်​သူတို့ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်​ထံသို့ အပ်​နှံလျက် ပင်လယ်​ထဲသို့ စ၍​လွှင့်ကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် ရေ​မျက်နှာ​ပြင်​ပေါ်၌ ပြင်း​ထန်သော​လေကို ကတိတော်​မြေဆီသို့ တိုက်​စေတော်မူ၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် ပင်လယ်​လှိုင်းတံပိုးတို့​အပေါ်၌ လေ​ရှေ့မှာ​လွင့်ကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် မိမိတို့​အပေါ်​ပြို​ကျသည့် တောင်​တမျှ​မြင့်သော လှိုင်း​တံ​ပိုးတို့​ကြောင့်၊ ထို့အတူ လေ၏​ပြင်း​ထန်ခြင်း​က​ဖြစ်​စေသည့် ကြီးစွာသော​ကြောက်​မက်ဖွယ် မိုး​သက်​မုန်​တိုင်း​တို့​ကြောင့် ပင်လယ်​ရေ​နက်၌ အကြိမ်​များစွာ​နစ်​မြုပ်ကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူတို့​သည် ရေနက်၌ နစ်​မြုပ်ကြ​သော​အချိန်တွင် သူတို့ကို ထိခိုက်နိုင်သည့် ရေမရှိ၊ သူတို့၏​သင်္ဘောများသည် ပန်း​ကန်​ကဲ့သို့ ရေ​လုံကြ၏။ ထို့အတူ နောဧ၏​သင်္ဘော​ကြီး​ကဲ့သို့​လည်း ရေ​လုံကြ၏။ ထို့​ကြောင့်၊ သူတို့​သည် များစွာ​သော​ရေတို့​ဖြင့် ပတ်​လည်​ဝိုင်း​ထား​ခံ​ရ​သော​အခါ၊ ကိုယ်တော်ရှင်​ထံသို့ တောင်း​လျှောက်ကြ၏၊ သူသည်လည်း သူတို့ကို ရေပေါ်သို့ တစ်ဖန်​ဆောင်ယူ​တော်မူ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့ ရေပေါ်မှာ​ရှိစဉ်တွင် လေသည် ကတိတော်​မြေ​ဆီသို့ တိုက်ခြင်းကို တစ်ခါမျှ​မရပ်​တန့်။ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် လေ​အားဖြင့် တွန်းပို့ ခံရကြ၏။

သူတို့သည် ကိုယ်တော်ရှင်​ထံသို့​လည်း ချီး​မွမ်း​သီချင်း​ဆိုကြ၏။ အထူး​သဖြင့်၊ ယာရက်၏​အစ်ကိုသည် ကိုယ်တော်ရှင်​ထံသို့ ချီး​မွမ်း​သီချင်း​ဆို၏၊ ထို့အတူ ကိုယ်တော်ရှင်အား တစ်နေ့​လုံး ကျေးဇူး​တော်​ချီးမွမ်း၍၊ ချီးမွမ်း၏။ ညဉ့်​အချိန်သို့​ရောက်​လာသော​အခါ၌​လည်း၊ သူတို့သည် ကိုယ်တော်ရှင်အား ချီးမွမ်းခြင်းကို မရပ်​တန့်ကြ။

၁၀ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် တွန်းပို့ခံရလေ၏။ အဘယ်​ပင်လယ်​ဘီလူးကမျှ မရိုက်​ခွဲနိုင်ကြ။ ဖျက်​ဆီးနိုင်​သည့် ဝေလ​ငါး​လည်း​မရှိ။ ရေ​ပေါ်၌​ဖြစ်စေ၊ ရေ​အောက်၌​ဖြစ်စေ အလင်းကို အစဉ်​မပြတ်​ရကြ၏။

၁၁ ထိုကဲ့သို့​အားဖြင့်၊ ရေပေါ်၌ သုံးရာ​လေးဆယ်လေး​ရက်​ကြာ​အောင် တွန်းပို့ခံရကြလေ၏။

၁၂ သူတို့သည် ကတိတော်​မြေ၏​ကမ်း​ခြေသို့ ဆိုက်​ရောက်ကြ၏။ ကတိတော်​မြေ၏​ကမ်း​ခြေ​ပေါ်သို့ ခြေကို​ချပြီး​လျှင်၊ သူတို့​ကိုယ်ကို ထိုပြည်၏​မျက်နှာ​ပြင်​ပေါ်၌ ဦး​ညွှတ်​ချလျက်၊ ကိုယ်တော်ရှင်​ရှေ့၌ သူတို့​ကိုယ်​သူ​တို့​နှိမ့်ချ၍၊ သူတို့​အပေါ်​ရှိသည့် သူ၏​နူးညံ့သော ကရုဏာတော် များစွာကြောင့်၊ ကိုယ်တော်ရှင်​ရှေ့၌ ဝမ်း​မြောက်ခြင်း​မျက်​ရည်များ ကျကြ၏။

၁၃ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် ထိုပြည်၏​မျက်​နှာ​ပြင်​ပေါ်၌ ထွက်​သွား၍၊ မြေကြီးကို ထွန်​ယက်​စပြုကြ၏။

၁၄ ယာရက်တွင်၊ သား​လေးယောက် ရှိ၏။ သူတို့ကို ယာကုမ်၊ ဂိလဂ၊ မာဟနှင့် ဩရိဟဟု ခေါ်ကြ၏။

၁၅ ယာရက်၏​အစ်ကို​သည်​လည်း သားသမီး​များ​ကို ဖွား​မြင်စေ၏။

၁၆ ယာရက်နှင့် သူ့​အစ်ကိုတို့၏ အဆွေ​ခင်ပွန်းတို့​သည် အရေ​အတွက်​အားဖြင့် နှစ်ဆယ်​နှစ်ယောက်​ခန့်​ရှိ၏။ သူတို့​သည်​လည်း ကတိတော်​မြေသို့ မရောက်မီ သားသမီးများကို ဖွား​မြင်ကြ၏။ ထို့ကြောင့်၊ သူတို့​သည်လည်း များစွာ​ရှိ​စပြု၏။

၁၇ ကိုယ်တော်ရှင်​ရှေ့၌ နှိမ့်ချစွာ ကျင့်​စေဖို့​ကို​လည်း သွန်​သင်​ခံ​ရ၏။ အထက်မှ သွန်​သင်​သည်​ကိုလည်း ခံ​ရကြ၏။

၁၈ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် ထိုပြည်၏​မျက်နှာ​ပြင်ပေါ်၌ ပျံ့​နှံ့​စ​ပြု၍၊ ပွားများကြ၏၊ မြေကြီးကို ထွန်​ယက်ကြ၏။ ထိုပြည်၌ အား​ကြီး​လာကြ၏။

၁၉ ယာရက်၏​အစ်ကို​သည်​လည်း အိုမင်း​စပြု၍၊ မကြာ​မြင့်မီ သင်္ချိုင်း​တွင်းသို့ ဆင်း​သွား​ရတော့​မည်​ကို သိ၏။ သို့​ဖြစ်၍၊ သူသည် ယာရက်ကို ဆို​သည်​ကား၊ ငါတို့​လူမျိုး​တို့​ကို ငါတို့​ရေတွက်​နိုင်ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​တို့၏​သင်္ချိုင်း​တွင်း​များ​သို့ ငါတို့ ဆင်း​မသွားမီ၊ ငါတို့​ထံမှ အဘယ်​အရာကို သူတို့​အလို​ရှိကြောင်း သိနိုင်​ကြ​ခြင်း​ငှာ​လည်း​ကောင်း သူတို့ကို အတူတကွ စုဝေးကြ​ကုန်အံ့။

၂၀ ထို့ကြောင့်၊ လူတို့သည် အတူတကွ စုဝေးကြ၏။ ယခုတွင်၊ ယာရက်​အစ်ကို၏​သားသမီးတို့​အရေ​အတွက်မှာ နှစ်ဆယ်​နှစ်​ယောက်​ရှိ၏။ ယာရက်၏​သားသမီးတို့​အရေ​အတွက်မှာ တစ်​ဆယ်​နှစ်​ယောက်​ဖြစ်၏၊ သူ့၌ သား​လေး​ယောက်​ရှိ၏။

၂၁ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် သူတို့​လူများကို ရေ​တွက်​ကြ၏။ သူတို့သည် ရေတွက်​ပြီးနောက်၊ သင်္ချိုင်း​တွင်း​များသို့၊ ဆင်း​မ​သွားမီ ပြု​စေရန်​အလို​ရှိသည့်​အရာများကို လူတို့​ထံ တောင်း​ဆိုကြ၏။

၂၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ လူတို့​သည် သူတို့၏​သားများမှ တစ်ဦးကို မိမိတို့​အပေါ်၌ ရှင်ဘုရင်​တစ်ပါး​အဖြစ် ဆီလိမ်း၍ ခန့်​အပ်​ပေးပါမည့်​အကြောင်း တောင်း​ဆိုကြ၏။

၂၃ ယခု​မူကား၊ ရှုလော့၊ ဤအမှုမှာ သူတို့​အဖို့ စိတ်​ပူ​စရာ​ဖြစ်၏။ ယာရက်၏​အစ်ကို​က​လည်း ဤအမှုသည် ဖမ်း​ဆီး​ချုပ်​နှောင်ခြင်းသို့ ဧကန်​အမှန်​ပို့​ဆောင်၏​ဟု သူတို့​ကို​ဆို၏။

၂၄ သို့ရာတွင်၊ ယာရက်သည် သူ့​အစ်ကို​အား၊ သူတို့၌ ရှင်ဘုရင်​ရှိနိုင်​စေမည့်​အကြောင်း အခွင့်​ပေးလော့ဟု ဆို၏။ ထို့ကြောင့်၊ သင်တို့သည် ငါတို့၏​သားများထဲမှ သင်တို့​ရွေးချယ်​လို​သော​သူကို ရွေး​ချယ်လော့ဟု သူ​ဆို၏။

၂၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် ယာရက်​အစ်ကို၏​သားဦး​ကို​ပင် ရွေး​ချယ်ကြ၏။ ထိုသူ၏​အမည်မှာ ပဂ္ဂ​ဖြစ်၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူသည် ငြင်း​ပယ်၍၊ သူတို့၏​ရှင်ဘုရင် မလုပ်​လို။ လူတို့​ကလည်း သူ၏​အဘအား သူ့ကို အတင်း​စေခိုင်း​စေလို​ကြ၏။ သို့ရာတွင်၊ သူ့​အဘသည် အတင်း​မစေခိုင်း​လို။ သူတို့၏​ရှင်ဘုရင်​ဖြစ်စေဖို့ အဘယ်​သူ့ကိုမျှ၊ သူတို့​အတင်း​မစေခိုင်း​ရမည့်​အကြောင်းကို​လည်း မိန့်မှာ၏။

၂၆ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် ပဂ္ဂ၏​ညီ​အား​လုံးကို ရွေး​ချယ်ကြလျှင်၊ ထိုသူတို့​က​လည်း ရှင်ဘုရင်​မလုပ်​လိုကြ။

၂၇ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယာရက်၏​သား​အပါင်းတို့​သည်ပင် တစ်ဦး​သော​သူ​မှတစ်ပါး၊ ရှင်ဘုရင်​မလုပ်​လိုကြ။ ဩရိဟကို လူတို့​အပေါ်၌ ရှင်ဘုရင်​အဖြစ် ဆီလိမ်း၍ ခန့်​အပ်၏။

၂၈ သူသည်လည်း အုပ်စိုး​စပြုပြီး၊ လူတို့​သည်​လည်း အောင်မြင်​စပြုလျက်၊ အလွန်​ကြွယ်​ဝလာ၏။

၂၉ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယာရက်နှင့် သူ၏​အစ်ကို သေ၏။

၃၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဩရိဟသည် ကိုယ်တော်ရှင်​ရှေ့မှာ နှိမ့်​ချစွာ​ကျင့်​လျက်၊ သူ့​ဘိုးဘေးတို့​အတွက် အဘယ်​ကြီးစွာ​သော​အမှုများကို ကိုယ်တော်ရှင်​ပြုတော်မူ​လေကြောင်း​ကို သတိ​ရ၍၊ သူတို့၏​ဘိုးဘေးတို့​အတွက် အဘယ်​ကြီးစွာသော​အမှုများ​ကို ကိုယ်တော်ရှင် ပြု​တော်​မူ​လေ​ကြောင်းကို​လည်း သူ၏​လူမျိုးတို့ကို သွန်​သင်​ပေး​လေ​သ​တည်း။

ပုံနှိပ်သည်