ကျမ်းစာများ
ဧသာ ၁၃


အခန်းကြီး ၁၃

ဧသာသည် အမေရိက၌ ယောသပ်၏​အမျိုး​အနွယ်တို့​အားဖြင့် တည်​ဆောက်မည့် ယေရုရှလင်​မြို့​သစ်​အကြောင်းကို ဟော​ပြော၏—သူသည် ပရောဖက်​ပြု၍​ဟော၏။ နှင်​ထုတ်​ခံရ၏။ ယာရက်​အမျိုးသားတို့၏ သမိုင်း​ကြောင်းကို​ရေးပြီး၊ ယာရက်​အမျိုးသားတို့၏​ပျက်စီးခြင်းကို ကြို​တင်​ဟော​ပြော၏—ထိုပြည်​တစ်ခုလုံး၌ စစ်​တိုက်ခြင်း​ဖြစ်​ပွား၏။

ယခုမူကား၊ ငါ​မော်ရော်နိုင်း​သည် ငါ​ရေးလျက်​ရှိသည့် လူမျိုးတို့၏​ပျက်စီးခြင်းနှင့်​စပ်​လျဉ်းသော ငါ၏​မှတ်​တမ်းကို လက်​စသတ်ခြင်းငှာ ဆက်၍​ရေး၏။

ရှုလော့၊ သူတို့သည် ဧသာ၏​စကား​အားလုံးတို့ကို ငြင်း​ပယ်ကြ၏။ အကြောင်း​မူကား၊ သူတို့အား လူသား၏​အစ​ကတည်းက ခပ်သိမ်းသော​အရာတို့​အကြောင်းနှင့် ရေများ ဤပြည်၏​မျက်နှာ​ပြင်​ပေါ်မှ ပြန်​ကျ​သွား​ပြီးနောက်၊ အခြားသော​ပြည်များ​အားလုံးထက် အမြတ်​ဆုံးပြည်၊ ကိုယ်တော်ရှင်​ရွေးကောက်​ထားသည့်​ပြည် ဖြစ်​လာကြောင်းကို သူ​အမှန်ပင်​ပြော​ပြ၏။ သို့​ဖြစ်၍၊ ကိုယ်တော်ရှင်သည် ထိုပြည်၏​မျက်​နှာ​ပြင်​ပေါ်၌ နေထိုင်​သူ​လူသား​ခပ်သိမ်းတို့​အား သူ့ကို အစေခံ​စေရန် အလို​ရှိ​တော်မူ၏။

ကောင်းကင်ဘုံ​မှ​ကျ​ဆင်းလာမည့် ယေရုရှလင်​မြို့​သစ်တည်း​ဟူသော၊ ကိုယ်တော်ရှင်၏ သန့်ရှင်းသော​ဝတ်​ပြုရာ​နေရာ​အကြောင်း​ကို​လည်း သူတို့​အား ပြော​ပြ၏။

ရှုလော့၊ ဧသာသည် ခရစ်တော်၏​ကာလတို့ကို မြင်၍၊ ဤပြည်​ပေါ်​ရှိ ယေရုရှလင်​မြို့​သစ်​အကြောင်းကို ဟော​ပြော၏။

သူသည် ဣသရေလ​အမျိုး​သားတို့​အကြောင်းနှင့် လေဟိ​လာရာ ယေရုရှလင်​အကြောင်း​ကို​လည်း ဟော​ပြော၏—ထို့မြို့ ဖျက်​ဆီး​ခံ​ရပြီးမှ ကိုယ်တော်ရှင်​အဖို့ သန့်​ရှင်းသော​မြို့​တစ်​မြို့​ကို တစ်ဖန်​တည်​ဆောက်​လိမ့်မည်။ သို့​ဖြစ်၍၊ ယေရုရှလင်​မြို့​သစ် မ​ဖြစ်နိုင်။ အကြောင်း​မူကား၊ ထို​မြို့သည် ရှေး​လွန်​လေ​ပြီး​သော​ကာလ၌ ရှိနှင့်​ပြီး​လေ​ပြီ။ သို့ရာတွင်၊ တစ်ဖန်​ပြန်၍ တည်​ဆောက်​ရမည်​ဖြစ်ပြီး၊ ကိုယ်တော်ရှင်​အဖို့ သန့်ရှင်းသော​မြို့​တစ်မြို့ ဖြစ်​လာ၏။ ထိုမြို့ကို​လည်း ဣသရေလ​အမျိုးသားတို့​အဖို့ တည်​ဆောက်​ရလိမ့်မည်—

ထို့အတူ သင်္ကေတ​အဖြစ်​ရှိလေ​သည့်​အရာတို့နှင့်​စပ်​လျဉ်း​၍၊ ယောသပ်၏​အမျိုး​အနွယ်၏ ကျန်​ကြွင်းသော​သူတို့​အဖို့ ဤပြည်​ပေါ်၌ ယေရုရှလင်​မြို့​သစ်ကို တည်​ဆောက်​ရမည်။

အကြောင်း​မူကား၊ ယောသပ်သည် သူ၏​အဘကို အဲဂုတ္တု​ပြည်သို့ ခေါ်​ဆောင်​ခဲ့ရာ၊ ထိုအရပ်၌ပင် သေ၏။ သို့​ဖြစ်၍၊ ကိုယ်တော်ရှင်သည် ယောသပ်၏​အဘကို ကရုဏာကြီး​တော်မူ၍ မပျက်​စီး​ရ​သကဲ့သို့ပင်၊ ယောသပ်​အမျိုး​အနွယ်တို့​ကို​လည်း မပျက်​စီး​ရစေရန် ကရုဏာ​ကြီးတော်မူ​နိုင်ခြင်းငှာ၊ ယောသပ်​အမျိုး​အနွယ်၏ ကျန်​ကြွင်းသော​သူတို့ကို ယေရုရှလင်​နယ်မြေမှ ဆောင်​ယူတော်မူ၏။

သို့ဖြစ်၍၊ ယောသပ်​အမျိုး​သား​တို့၏ ကျန်​ကြွင်းသော​သူတို့ကို ဤပြည်​ပေါ်၌ တည်​ထောင်ကြ​လိမ့်မည်။ ထိုပြည်​သည်​လည်း သူတို့၏​အမွေ​ခံရာ​ပြည် ဖြစ်လိမ့်မည်။ သူတို့​သည်​လည်း ကိုယ်တော်ရှင်​အဖို့ ရှေး​ယေရုရှလင်နှင့်​တူသည့် သန့်ရှင်းသော​မြို့​တစ်မြို့ကို တည်​ဆောက်ကြ​လိမ့်မည်။ သူတို့သည် မြေကြီး​ကွယ်​ပျောက်၍၊ အဆုံးသို့​ရောက်​သည်​တိုင်​အောင်၊ ရော​ထွေးမခံရ တော့လတ္တံ့။

ကောင်းကင်​အသစ်နှင့် မြေကြီး​အသစ်လည်း ရှိလိမ့်မည်။ ဟောင်းသော​အရာတို့ ကွယ်​ပျောက်​သွားလေသည်​မှတစ်ပါး၊ ထိုအရာတို့သည် ဟောင်းသော​အရာတို့နှင့် တူ​လိမ့်မည်။ ခပ်သိမ်းသော​အရာတို့​သည်​လည်း အသစ်​ဖြစ်​လာကြလေပြီ။

၁၀ ထို့​နောက်တွင် ယေရုရှလင်​မြို့သစ်ကို တည်​ဆောက်ကြ​လိမ့်မည်။ ထိုမြို့၌ နေထိုင်ကြ​သော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။ အကြောင်း​မူကား၊ သူတို့သည် သိုး​သငယ်၏​အသွေး​အားဖြင့် အဝတ်တန်ဆာများကို ဖြူ​စင်​စေကြ​သူများ​ဖြစ်၏။ သူတို့သည် ဣသရေလ​အမျိုးသားများ​ဖြစ်​လေ​သူ ယောသပ်​အမျိုး​အနွယ်၏​ကျန်​ကြွင်းသော​သူများ၌ ရေတွက်​ခံရကြ၏။

၁၁ ထို့နောက်တွင်၊ ရှေး​ယေရုရှလင်မြို့ကို တည်​ဆောက်​လိမ့်မည်။ ထို​မြို့မှာ​နေထိုင်သော​သူတို့သည် မင်္ဂလာ​ရှိကြ၏။ အကြောင်း​မူကား၊ သူတို့ကို သိုး​သငယ်၏​အသွေး​ဖြင့် ဆေး​ကြောလေ​ပြီ။ သူတို့သည် ကွဲ​ပြား​ပြန့်​ကျဲလျက်၊ မြေကြီး​လေး​မျက်​နှာနှင့် မြောက်​ပိုင်း​တိုင်းပြည်တို့​မှ​စု​ဝေး၍၊ သူတို့​အဘ အာဗြဟံနှင့် ဘုရားသခင်​ပြုတော်မူသည့် ပဋိညာဉ်၏ ပြီးပြည့်စုံ​စေခြင်းကို ခံယူသော​သူများ​ဖြစ်ကြ၏။

၁၂ ဤအရာများ​ပြီးပြည့်စုံသော​အခါ၊ ပထမ​ဦးဆုံးသော​သူတို့သည် နောက်ဆုံးသော​သူများ​ဖြစ်လိမ့်မည်၊ နောက်ဆုံးသော​သူတို့သည် ပထမ​ဦးဆုံးသော​သူများ ဖြစ်လိမ့်မည်ဟု​ဆိုသော ကျမ်း​စာ​ပြည့်​စုံ၏။

၁၃ ငါသည် နောက်​ထပ်၍​ရေးတော့မည်​ပြုသော်လည်း တား​မြစ်​ခံ​ရ၏။ သို့ရာတွင်၊ ဧသာ၏​ပရောဖက်​ပြု​ဟောချက်တို့​သည် ကြီး​မြတ်၍ အံ့ဩဖွယ်​ကောင်း​သော်​လည်း သူ့ကို ဘာမျှ​မဟုတ်ဟု သူတို့​ထင်​မှတ်​၍ နှင်​ထုတ်ကြ၏။ သူ​သည်​လည်း နေ့​အချိန်၌ သူ့​ကိုယ်သူ ကျောက်ဂူ​ထဲမှာ ပုန်း​ကွယ်၍၊ ညဉ့်​အချိန်၌ ထွက်​သွား​ပြီးလျှင် လူတို့​အပေါ် ကျရောက်​လာမည့်​အရာတို့ကို ကြည့်​နေ၏။

၁၄ သူသည် ကျောက်​ဂူ​ထဲ၌ နေထိုင်​စဉ် ဤမှတ်​တမ်း၏​ကျန်​ကြွင်းသော​အပိုင်းကို ပြု​စုပြီး၊ လူတို့​အပေါ်​ကျ​ရောက်​လာသည့် ဖျက်​ဆီးခြင်းကို ညဉ့်​အချိန်တွင် ကြည့်​နေ၏။

၁၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ လူတို့​ထံမှ သူ့ကို နှင်​ထုတ်​ခံရသည့် ထို​တစ်နှစ်​တည်း​တွင်၊ လူတို့၌ ကြီးစွာသော​စစ်တိုက်ခြင်း ဖြစ်​စ​ပြု၏။ အကြောင်း​မူကား၊ အားကြီးသော​လူများ​တည်းဟူသော ရှေ့​သို့​ထွက်​လာသည့်​လူများစွာ​တို့​သည် ပြော​ထားသည့် သူတို့​ဆိုးညစ်ခြင်း၏​လျှို့​ဝှက်သော​အကြံ​အစည်များ​အတိုင်း ကော်ရန္တူမာကို ဖျက်​ဆီးခြင်းငှာ ကြိုး​စားအားထုတ်ကြ၏။

၁၆ ယခုမူကား၊ ကော်ရန္တူမာသည် စစ်​ပရိယာယ်​မှန်သမျှနှင့် လောက၏​စဉ်းလဲခြင်း​မှန်သမျှတို့ကို သူကိုယ်တိုင် သင်​ယူ၏။ သို့​ဖြစ်၍၊ သူ့ကို​ဖျက်ဆီးဖို့ ကြိုးစားအားထုတ်သော​သူတို့ကို သူ​စစ်​တိုက်၏။

၁၇ သို့ရာတွင်၊ သူသည် နောင်တ​ရခြင်း​မရှိ။ သူ၏ ချောမောသော​သားသမီးများ​သည်​လည်း နောင်တ​မရကြ။ ကောဟော၏​ချောမောသော​သားသမီးများ​သည်​လည်း နောင်တ​မရကြ။ ကောရိဟော၏​ချောမောသော​သားသမီးများ​သည်​လည်း နောင်တ​မရကြ။ အချုပ်​အားဖြင့်၊ မြေကြီး​တစ်ခုလုံး၏​မျက်နှာ​ပြင်​ပေါ်၌ သူတို့၏​အပြစ်များမှ နောင်တ​ရသူ၊ ချောမောသည့်​သားသမီး တစ်ယောက်မျှ​မရှိ။

၁၈ သို့​ဖြစ်​၍၊ အချိန်​တန်​လာသော​အခါ၊ ကျောက်​ဂူ​ထဲ၌ ဧသာ​နေ​ထိုင်သည့်​ပထမ​နှစ်တွင် နိုင်ငံကို ရ​ရှိခြင်းငှာ၊ ကော်ရန္တူမာကို ဆန့်ကျင်​တိုက်​ခိုက်၍၊ လျှို့​ဝှက်ဂိုဏ်းတို့၏ ဓားများဖြင့် ကွပ်မျက်​ခံရသော​လူ များစွာ​ရှိ၏။

၁၉ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကော်ရန္တူမာ၏​သားတို့သည် များစွာ​တိုက်​ခိုက်၍၊ သွေးများစွာ ထွက်ကြ၏။

၂၀ ဒုတိယ​နှစ်တွင်၊ ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော် ဧသာထံသို့ ရောက်​လာသည်မှာ သူသည် ကော်ရန္တူမာ​ထံသို့​သွား၍၊ သူနှင့် သူ၏​အိမ်​သူ​အိမ်သား​အားလုံး နောင်တ​ရကြမည်​ဆိုလျှင် ကိုယ်တော်ရှင်သည် မိမိနိုင်ငံတော်ကို သူ့အား ပေး၍၊ လူတို့အား ချမ်း​သာ​ပေးမည်ကို ပရောဖက်​ပြု၍​ဟော​ရမည့်​အကြောင်း​ပေတည်း—

၂၁ သို့မဟုတ်လျှင်၊ သူ​ကိုယ်တိုင်​မှတစ်ပါး၊ သူတို့နှင့် သူ၏​အိမ်သူ​အိမ်သား​အားလုံးသည် ဖျက်​ဆီး​ခံကြ​ရလိမ့်မည်။ သူ​သည်​လည်း တခြားသော​လူမျိုးတို့ ထိုပြည်ကို သူတို့၏​အမွေ​ခံရာ​အဖြစ် ရ​ရှိခြင်း​အကြောင်း ဟော​ထားသည့် ပရောဖက်​ပြု​ဟောချက်များ ပြီးပြည့်စုံ​စေခြင်းကို မြင်​ရဖို့​သာလျှင် အသက်​ရှင်​ရလိမ့်မည်။ ကော်ရန္တူမာ​သည်​လည်း သူတို့၏​သင်္ဂြိုဟ်ခြင်းကို ခံရ​လိမ့်မည်။ ကော်ရန္တူမာ​မှတစ်ပါး၊ လူ​တိုင်း ဖျက်​ဆီး​ခံ​ရလိမ့်မည်။

၂၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကော်ရန္တူမာသည် နောင်တ​ရခြင်း​မရှိ။ သူ၏​အိမ်သူ​အိမ်သားတို့​သည်​လည်း နောင်တ​မရကြ။ လူတို့​သည်​လည်း နောင်တ​မရကြ။ စစ်တိုက်ခြင်း​များ​သည်​လည်း ရပ်တန့်ခြင်း​မရှိ။ သူတို့​သည်​လည်း ဧသာကို သတ်ဖို့၊ ကြိုး​စားအားထုတ်ကြ၏။ သို့ရာတွင်၊ ထို​သူတို့​ရှေ့မှ​ထွက်​ပြေးပြီး၊ ကျောက်​ဂူ​ထဲ၌ တစ်​ဖန်​ပုန်း​ကွယ်​ပြန်၏။

၂၃ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ရှာရက်​ပေါ်​ထွက်​လာ၍၊ ကော်ရန္တူမာကို​လည်း စစ်​တိုက်​ပြီး၊ နှိမ်​နှင်း​အောင်​မြင်၍၊ တတိယ​မြောက်​နှစ်တွင် သူ့ကို ဖမ်း​ဆီး​ချုပ်​နှောင်ခြင်း​ထဲသို့ ဆောင်​ယူ​သွား၏။

၂၄ ကော်ရန္တူမာ၏​သားတို့​သည်​လည်း စတုတ္တ​မြောက်​နှစ်တွင် ရှာရက်ကို အနိုင်​ရပြီး၊ သူတို့၏​အဘ​အဖို့ နိုင်ငံကို တစ်ဖန်​ပြန်၍ ရ​ရှိကြ၏။

၂၅ ယခုတွင်၊ ထိုပြည်၏​မျက်​နှာ​ပြင်​တစ်ခု​လုံးပေါ်​တွင် စစ်တိုက်ခြင်း​ရှိ​စ​ပြု​ပြီး၊ လူ​တိုင်းသည် ကိုယ့်​တပ်ဖွဲ့နှင့် ကိုယ်​အလို​ရှိသည်ကို တိုက်​ခိုက်​နေကြ၏။

၂၆ ဓားပြများလည်း ရှိကြ၏။ အချုပ်​အားဖြင့် ထို​ပြည်၏​မျက်​နှာ​ပြင်​တစ်ခုလုံး​ပေါ်တွင် အမျိုး​မျိုးသော​ဆိုး​ညစ်ခြင်း​ရှိ၏။

၂၇ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကော်ရန္တူမာသည် ရှာရက်ကို လွန်စွာ​အမျက်​ထွက်ပြီး၊ သူ့​တပ်များနှင့်​အတူ​သွား၍ စစ်​တိုက်၏။ ကြီးစွာသော​အမျက်ဖြင့် တိုက်​ခိုက်​ပြီး၊ ဂိလဂါလ​ချိုင့်​ဝှမ်း၌ တိုက်​ခိုက်၏။ တိုက်​ပွဲ​သည်​လည်း အလွန်​ပြင်း​ထန်​လာ၏။

၂၈ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ရှာရက်သည် သူ့ကို သုံးရက်​ကြာအောင် တိုက်​ခိုက်၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကော်ရန္တူမာက သူ့ကို နှိမ်နှင်းအောင်မြင်၍၊ ဟေရှလုန်​လွင်​ပြင်သို့ ရောက်သည့်​တိုင်​အောင် သူ့​ကို လိုက်၏။

၂၉ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ရှာရက်သည် လွင်​ပြင်​ပေါ်​တွင် တစ်ဖန်​စစ်​တိုက်၏။ ရှုဦးလော့၊ သူသည် ကော်ရန္တူမာကို အနိုင်​ရပြီး ဂိလဂါလ​ချိုင့်​ဝှမ်းသို့ တစ်ဖန်​ပြန်၍ မောင်း​ထုတ်၏။

၃၀ ကော်ရန္တူမာ​သည်​လည်း ဂိလဂါလ​ချိုင့်​ဝှမ်း​ထဲ၌ ရှာရက်ကို တစ်ဖန်​စစ်တိုက်၍၊ ထို​တိုက်ပွဲ​တွင်၊ ရှာရက်ကို အနိုင်​ရပြီး၊ ကွပ်​မျက်၏။

၃၁ ရှာရက်က ကော်ရန္တူမာကို ပေါင်မှာ ဒဏ်ရာ​ရစေခဲ့​သဖြင့်၊ သူသည် နှစ်​နှစ်​ကြာ​အောင် တိုက်ပွဲသို့ တစ်ဖန်​မသွား။ ထို​ကာလ​အတွင်း၌ ပြည်၏​မျက်​နှာ​ပြင်​ပေါ်တွင် လူ​ခပ်သိမ်းတို့​သည် အသွေး​သွန်း​လောင်း​နေကြပြီး၊ သူတို့ကို ဟန့်​တားမည့်သူ တစ်ယောက်​မျှ​မရှိ။

ပုံနှိပ်သည်