ကျမ်းစာများ
ဧသာ ၃


အခန်းကြီး ၃

ယာရက်၏​အစ်​ကိုသည် ကျောက်ခဲ​တစ်ဆယ်​ခြောက်​လုံးကို ကိုယ်တော်ရှင် တို့​တော်မူ​စဉ်တွင် လက်​ချောင်းတော်ကို မြင်၏—ခရစ်တော်သည် သူ၏​ဝိညာဉ်​ကိုယ်ခန္ဓာကို ယာရက်၏​အစ်​ကို​အား ပြ​တော်မူ၏—စုံ​လင်​သော​အသိ​ပညာ​ရှိသော​သူတို့ကို ကန့်​လန့်​ကာ​အတွင်း၌ ဟန့်​တား​မထားနိုင်—ယာရက်​အမျိုး​သား​မှတ်​တမ်းကို အလင်းသို့​ဆောင်ရန် အနက်​ဖွင့်​သော​အရာတို့ကို ပေး​သနား​တော်မူ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယာရက်၏​အစ်ကို​သည် (ယခုတွင်၊ ပြင်​ဆင်​ထားသည့် သင်္ဘောတို့၏​အရေ​အတွက်မှာ ရှစ်​စင်း ဖြစ်၏) တောင်၏ ကြီးစွာသော​အမြင့်​ကြောင့်၊ ရှေလင်ဟု သူတို့​ခေါ်သည့် တောင်ဆီသို့ ထွက်​သွား၍၊ ကျောက်ကို ကျိုချက်၍ ကျောက်​ခဲငယ် တစ်​ဆယ်​ခြောက်​လုံးကို ရ​ရှိ၏။ ထို​ကျောက်ခဲတို့​သည် အဖြူ​ရောင်​ဖြစ်၏၊ ဖောက်​ထွင်း​မြင်နိုင်​သော​ဖန်ကဲ့​သို့ပင် ကြည်​လင်၏။ သူသည် တောင်​ထိပ်ပေါ်၌ ထို​ကျောက်​ခဲများကို သူ၏​လက်ထဲ၌ သယ်​ဆောင်၍၊ ကိုယ်တော်ရှင်​ထံသို့ တစ်ဖန် တောင်း​လျှောက်​သည်​ကား၊

အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ရေ​လွှမ်း​မိုးခြင်းဖြင့် ပတ်​လည်​ဝိုင်း​ခံ​ရမည်ဟု မိန့်တော်​မူ​ပါ၏။ ယခုတွင်၊ ရှု​တော်မူပါ၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်၏​ကျွန်ကို ကိုယ်တော်ရှေ့၌ သူ့​အားနည်း​ချက်​ကြောင့် အမျက်​ထွက်​တော်​မ​မူ​ပါနှင့်။ အကြောင်း​မူကား၊ ကိုယ်တော်သည် သန့်​ရှင်း​တော်မူ၍၊ ကောင်းကင်ဘုံ၌ နေ​ထိုင်​တော်မူ​ကြောင်းကို​လည်း​ကောင်း၊ အကျွန်ုပ်တို့​သည် ကိုယ်တော်​ရှေ့၌ မထိုက်​တန်ကြ​ကြောင်းကို​လည်း​ကောင်း အကျွန်ုပ်တို့ သိကြ​ပါ၏။ ကျ​ရှုံးခြင်း​ကြောင့် အကျွန်ုပ်တို့၏​ပကတိ​သဘော​သည် အစဉ်​မပြတ် ဆိုး၍​လာ​ပါပြီ။ သို့သော်လည်း၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏​အလို​ဆန္ဒများ​အတိုင်း ကိုယ်တော်ထံမှ ရ​ရှိနိုင်ကြ​စေခြင်းငှာ၊ ကိုယ်တော်ကို အကျွန်ုပ်တို့ ပဌနာ​ပြုရမည့်အကြောင်း ပညတ်တော်ကို အကျွန်ုပ်တို့အား ပေး တော်မူ​လေပြီ။

ရှုတော်မူပါ၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို အကျွန်ုပ်တို့၏​ဒုစရိုက်​ကြောင့်၊ ဒဏ်​ခတ်​တော်မူ၏၊ အရပ်​ရပ်သို့လည်း နှင်​ထုတ်​တော်မူ​လေပြီ။ ဤ​နှစ်​ပေါင်း​များစွာ​ကြာ​အောင် အကျွန်ုပ်တို့သည် တောရိုင်း​ထဲ၌ရှိကြလေပြီ။ သို့​သော်​လည်း ကိုယ်တော်သည် အကျွန်ုပ်တို့ကို ကရုဏာကြီးတော်မူ၏။ အို ကိုယ်တော်ရှင်၊ အကျွန်ုပ်ကို သနားခြင်း​ဖြင့် ကြည့်​ရှု​တော်မူပါ။ ကိုယ်တော်၏​အမျက်တော်​ကို​လည်း ကိုယ်တော်၏​ဤ​လူ​မျိုး​တို့​ထံမှ လွှဲတော်​မူပါ၊ သူတို့​အား ဤ​လှုပ်ရှား​ထကြွ​သည့်​ရေနက်ကို မှောင်​မိုက်​ထဲ၌ ဖြတ်​ကူး​ရသော​အခွင့်ကို ပေးတော်​မမူပါနှင့်။ ကျောက်ကို အကျွန်ုပ်​ကျိုချက်​၍​ရရှိသည့် ဤအရာတို့ကိုသာ ကြည့်​ရှု​တော်မူပါ။

အကျွန်ုပ်​သိ​ပါ၏၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်၌ အလုံး​စုံသော​တန်ခိုး​ရှိ​တော်မူ၏၊ လူ​သား၏ အကျိုး​အတွက် ကိုယ်တော်​အလို​ရှိ​သမျှကို ပြု​နိုင်​တော်မူ၏။ ထို့ကြောင့်၊ အို ကိုယ်တော်ရှင်၊ ဤကျောက်​ခဲတို့ကို မှောင်​မိုက်​ထဲ၌ တောက်ပ​စေခြင်းငှာ ကိုယ်တော်၏​လက်​ချောင်းတို့ဖြင့် တို့တော်မူပါ။ ၎င်းတို့သည် အကျွန်ုပ်တို့ ပြင်​ဆင်သည့် သင်္ဘောထဲ၌ အကျွန်ုပ်တို့​အတွက် တောက်ပ​လိမ့်မည်​ဖြစ်၍ အကျွန်ုပ်တို့​ပင်လယ်ကို ဖြတ်​ကူးရာ၌ အလင်းကို ရ​ရှိနိုင်​ကြ​ပါမည်။

ရှုတော်မူပါ၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် ဤအမှုကို ပြု​နိုင်​တော်မူ​၏။ ကိုယ်တော်သည် လူ​သားတို့၏ နားလည်ခြင်း၌ သေးငယ်​သည်ဟု ထင်​မှတ်​ဖွယ်ရှိသည့် ကြီးစွာသော​တန်ခိုးကို ပြ​နိုင်​စွမ်းတော်မူ​ကြောင်း အကျွန်ုပ်တို့ သိ​ပါ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယာရက်၏​အစ်ကိုက ဤစကားတို့ကို ဆို​ပြီးလျှင်၊ ရှုလော့၊ ကိုယ်တော်ရှင်​သည် လက်တော်ကို​ဆန့်၍၊ ကျောက်​ခဲတို့ကို သူ၏​လက်​ချောင်း​တော်ဖြင့် တစ်​လုံး​ပြီး​တစ်လုံး တို့​တော်မူ၏။ ယာရက်​အစ်ကို၏ မျက်စိတို့​ရှေ့မှ ကန့်​လန့်​ကာကို ဖယ်​ရှားသဖြင့်၊ သူသည် ကိုယ်တော်ရှင်၏​လက်​ချောင်းတော်ကို မြင်၏။ ထိုအရာ​သည်ကား၊ လူသား၏​လက်​ချောင်း​သဖွယ် အသားနှင့် အသွေးတို့​ဖြင့်ကဲ့သို့​ပင်တည်း။ ယာရက်၏​အစ်ကို​သည်​လည်း ရုတ်​တရက်​ကြောက်​လန့်သော​ကြောင့် ကိုယ်တော်ရှင်​ရှေ့ ၌ လဲ​ကျ၏။

ကိုယ်တော်ရှင်​က​လည်း ယာရက်၏​အစ်ကို မြေကြီးသို့​လဲကျ​သည်ကို မြင်​တော်မူ၏။ ထလော့၊ သင်သည် အဘယ့်​ကြောင့် လဲကျ​သနည်းဟု ကိုယ်တော်ရှင်​က သူ့ကို မေး​တော်မူ၏။

သူကလည်း အကျွန်ုပ်သည် ကိုယ်တော်ရှင်၏​လက်​ချောင်း​တော်ကို မြင်၍၊ အကျွန်ုပ်​ကို​ပြင်းစွာ​ရိုက်မည်ကို ကြောက်​ရွံ့ပါ၏။ အကြောင်း​မူကား၊ ကိုယ်တော်ရှင်၌ အသားနှင့် အသွေး​ရှိ​တော်မူ​သည်ကို အကျွန်ုပ်​သိခြင်း​မရှိပါဟု ကိုယ်တော်ရှင်ကို လျှောက်၏။

ကိုယ်တော်ရှင်​က​လည်း သူ့ကို မိန့်တော်မူ​သည်​ကား၊ ငါငါ့​အပေါ်၌ အသားနှင့် အသွေးကို ခံ​ယူ​တော်မူ​ကြောင်း သင်၏​ယုံကြည်ခြင်း​ကြောင့် သင်​မြင်​ရပြီ။ လူ​သားသည် သင့်​မှာ​ရှိ​သကဲ့သို့ ထို​မျှ​ကြီးစွာသော​ယုံကြည်ခြင်းနှင့် ငါ​ထံသို့ အဘယ်သော​အခါကမျှ မလာ​စဖူး။ ထိုသို့​မဟုတ်လျှင်၊ သင်သည် ငါ၏​လက်​ချောင်း​တော်ကို မြင်​နိုင်​မည်​မဟုတ်။ သင်သည် ဤမျှ​မက သာ၍ မြင်​ဖူး​သလော​ဟု မေး၏။

၁၀ သူ​ကလည်း မဟုတ်ပါ၊ ကိုယ်တော်ရှင်၊ ကိုယ်တော်​ကိုယ်တိုင် အကျွန်ုပ်ကို ပြ​တော်​မူ​ပါ​ဟု ဖြေ၏။

၁၁ ကိုယ်တော်ရှင်​က​လည်း သင်သည် ငါ​ဟောမည့်​စကားများကို ယုံကြည်​သလောဟု မေး၏။

၁၂ သူကလည်း ဟုတ်ကဲ့၊ ကိုယ်တော်ရှင်၊ ကိုယ်တော်သည် သမ္မာ​တရားကို ဟော​တော်မူ​ကြောင်း အကျွန်ုပ်​သိပါ၏။ အကြောင်း​မူကား၊ ကိုယ်တော်သည် သမ္မာ​တရား၏ ဘုရားသခင်​ဖြစ်​တော်မူ၍ မုသား​မပြော​နိုင်ပါ။

၁၃ သူဤစကားများကို ပြော​ပြီး​လျှင်၊ ရှုလော့၊ ကိုယ်တော်ရှင်သည် သူ့ကို ကိုယ်ထင်​ပြ​တော်မူပြီးလျှင်၊ မိန့်​တော်မူ​သည်​ကား၊ သင်​သည် ဤအရာတို့ကို သိ​သော​ကြောင့် ကျရှုံးခြင်းမှ ရွေး​နှုတ် ခံရ၏။ ထို့ကြောင့်၊ သင်သည် ငါ၏​မျက်​မှောက်သို့ ပြန်၍​ဆောင်​ယူ​ခံရ၏။ ထို့ကြောင့် ငါ​ကိုယ်တိုင် သင့်ကို ပြ​တော်မူ၏။

၁၄ ရှုလော့၊ ငါ​သည်​ကား ငါ၏​လူမျိုးတို့ကို ရွေး​နှုတ်ရန် ကမ္ဘာတည်​ကတည်းက ပြင်​ဆင်​ထားသော​သူ​ဖြစ်၏။ ရှုလော့၊ ငါသည် ယေရှု​ခရစ်တော်​ဖြစ်၏။ ငါသည် ခမည်းတော်နှင့် သားတော်​ဖြစ်၏။ ငါ၏​နာမတော်ကို ယုံကြည်မည့်​သူများ​တည်း​ဟူသော လူ​သား​ခပ်သိမ်းတို့​သည် အစဉ်ထာဝရ​ဖြစ်သည့် အသက်​တာကို ငါ့​ကြောင့် ရ​ရှိကြ​လိမ့်မည်။ သူတို့​သည်​လည်း ငါ၏​သားများနှင့် သမီးများ​ဖြစ်​လာလိမ့်​မည်။

၁၅ ထို့အတူ၊ ငါ​ဖန်​ဆင်း​တော်မူ​လေ​သည့် လူသား​ထံသို့ ငါ​ကိုယ်တိုင်ကို အဘယ်သော​အခါကမျှ မပြ။ အကြောင်း​မူကား၊ လူသားသည် သင်​ယုံကြည်​သကဲ့သို့ အဘယ်သော​အခါကမျှ ငါ့ကို ယုံကြည်ခြင်း​မရှိခဲ့။ သင့်ကို ငါ​ကိုယ်တိုင်၏​ပုံသဏ္ဌာန်​အတိုင်း ဖန်​ဆင်း​ထားတော်မူ​ကြောင်းကို သင်သိ​မြင်သလော။ ထို​မှတစ်ပါး၊ ရှေး​ဦးစွာ၌ လူ​သား​ခပ်သိမ်းတို့​ကို​ပင် ငါ​ကိုယ်တိုင်၏​ပုံသဏ္ဌာန်​အတိုင်း ဖန်​ဆင်း​ထား​တော်မူ၏။

၁၆ ရှုလော့၊ သင်​ယခု​မြင်​ရသည့် ဤကိုယ်ခန္ဓာသည် ငါ့​ဝိညာဉ်၏​ကိုယ်ခန္ဓာ​ဖြစ်၏။ လူ​သားကို​လည်း ငါသည် ငါ့​ဝိညာဉ်၏​ကိုယ်ခန္ဓာ​အတိုင်း ဖန်​ဆင်း​တော်မူ​လေပြီ။ ငါ သင့်​ထံသို့ ဝိညာဉ်အဖြစ် ပေါ်​လာ​တော်မူ​သကဲ့သို့ပင်၊ ငါသည် ငါ၏​လူမျိုးတို့​ထံသို့ ဇာတိ​ကိုယ်ခန္ဓာအဖြစ် ပေါ်​လာ​တော်မူမည်။

၁၇ ယခု​မူကား၊ ငါ​မော်ရော်နိုင်းသည် ရေး​ထားသည့် ဤအရာတို့​အကြောင်း၊ ပြည့်​စုံသော​မှတ်တမ်းကို မပြု​နိုင်ကြောင်း ပြော​သဖြင့်၊ ထို့ကြောင့်၊ ယေရှုသည် နီဖိုင်း​အမျိုး​သားတို့ကို ကိုယ်ထင်​ပြ​သကဲ့သို့ပင် ထို​တူညီသော ကိုယ်ခန္ဓာ​အတိုင်း​၊ ပုံသဏ္ဌာန်နှင့်​အညီ ဝိညာဉ်​အားဖြင့် ဤလူကို ကိုယ်​ထင်​ပြတော်မူ​ကြောင်း ပြောရန် ငါ့​အတွက် လုံ​လောက်​ပေပြီ။

၁၈ ထို့​အတူ၊ နီဖိုင်း​အမျိုး​သားတို့ကို အမှု​တော်​ဆောင်​သကဲ့သို့ပင် သူ့ကို​လည်း အမှုတော်​ဆောင်၏။ ဤအရာ​အားလုံးကို သူ​ပြု​တော်မူ​သည်မှာ​လည်း ဤ​လူအား ကိုယ်တော်ရှင်​ပြ​တော်မူ​ခဲ့​လေ​သည့် ကြီးစွာ​သော အမှု​များစွာ​တို့​ကြောင့်၊ သူ​ဘုရားသခင်​ဖြစ်​တော်မူ​ကြောင်းကို သိနိုင်​စေခြင်းငှာ​ပေတည်း။

၁၉ ဤလူ၏​အသိ​ပညာ​ကြောင့်၊ ကန့်​လန့်​ကာ​အတွင်းသို့​မြင်ခြင်းမှ မဟန့်​တားနိုင်။ သူ​သည်​ယေရှု၏​လက်​ချောင်းကိုလည်း မြင်၏၊ မြင်​ရသော​အခါ ကြောက်ရွံ့၍ လဲကျ၏။ အကြောင်း​မူကား၊ သူသည် ထို​အရာမှာ ကိုယ်တော်ရှင်၏​လက်​ချောင်း​တော်​ဖြစ်ကြောင်းကို သိ၏။ အကြွင်း​မဲ့​ယုံကြည်ခြင်လည်း ရှိ၏၊ အကြောင်းမူကား၊ သူသိ၏၊ ယုံ​မှား​သံသယ​ဖြစ်ခြင်း​မရှိ။

၂၀ သို့​ဖြစ်၍၊ ဘုရားသခင်၏​အကြောင်းကို စုံ​လင်​သော​အသိ​ပညာ​ရှိသဖြင့် သူ့ကို ကန့်​လန့်​ကာ​အတွင်း၌ မဟန့်​တား​နိုင်။ ထို့ကြောင့်၊ သူသည် ယေရှုကို မြင်၏။ ယေရှု​ကလည်း သူ့ကို အမှု​တော်​ဆောင်၏။

၂၁ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကိုယ်တော်ရှင်က ယာရက်၏​အစ်ကို​အား မိန့်​တော်မူ​လေ​သည်​ကား၊ ရှုလော့၊ သင်​သည် မြင်​ရ၊ ကြား​ရ​လေ​သည့် ဤ​အရာ​တို့ကို ဇာတိကိုယ်​ခန္ဓာ၌ ငါ၏​နာမ​တော်ကို ငါ​ချီး​မြှောက်မည့် အချိန်​မ​ကျ​ရောက်​မီ၊ လောက​ထဲသို့ ပျံ့​နှံ့​စေရန် အခွင့်​မပေးရ။ သို့​ဖြစ်၍၊ သင်​သည် မြင်ရ၊ ကြား​ရလေ​သည့် အရာတို့ကို အမြတ်​တနိုး​သိမ်း​ဆည်း​ထား​ရမည်၊ အဘယ်​သူ့​ကို​မျှ​လည်း မ​ပြ​ရ။

၂၂ ရှုဦးလော့၊ သင်သည် ငါ့​ထံ​သို့ လာသော​အခါ၊ ထိုအရာတို့ကို​ရေး၍၊ အဘယ်​သူမျှ အနက်​မဖော်​ပြ​နိုင်​စေခြင်းငှာ တံ​ဆိပ်​ခတ်​ရမည်။ အကြောင်း​မူကား၊ ထိုအရာတို့ကို မဖတ်​ရှု​နိုင်​သည့် ဘာသာ​စကားဖြင့် ရေး​ရမည်။

၂၃ ရှုဦးလော့၊ ဤ​ကျောက်​ခဲ​နှစ်​လုံးကို ငါသည် သင့်​အား ပေး၍၊ သင်​သည် ၎င်းတို့​ကို​လည်း သင်​ရေး​မည့်​အရာတို့​နှင့်​အတူ တံဆိပ်​ခတ်​ရမည်။

၂၄ အကြောင်း​မူ​ကား၊ ရှုလော့၊ သင်​ရေးမည့် ဘာသာ​စကားကို ငါသည် ရှုပ်​ထွေး​စေပြီ။ သို့​ဖြစ်၍၊ ငါ၏​ကာလ​အချိန်​တန်​သော​အခါ၌ ငါ​ဖြစ်​စေ​တော်မူ​လိမ့်မည်မှာ၊ ဤ​ကျောက်များ​သည် သင်​ရေးမည့် ဤအရာတို့ကို လူတို့​မျက်​လုံး​အတွက် ကြည်​လင်​ပြတ်​သား​စေမည့်​အကြောင်း​ပေတည်း။

၂၅ ကိုယ်တော်ရှင်​သည် ဤ​စကားတို့ကို မိန့်တော်မူ​လေ​ပြီး​သည့်​အခါ​တွင်လည်း၊ ယာရက်၏​အစ်ကိုအား ရှိလေ​ပြီးသည့် မြေ​ကြီး​ပေါ်၌​နေ​ထိုင်​သူ​ခပ်သိမ်း၊ ထို့အတူ နောက်​ရှိ​လာမည့်​သူ​ခပ်သိမ်းတို့ကို ပြ၏။ မြေကြီး​စွန်း​တိုင်​အောင်​ပင်​ရှိသော ထို​အရာတို့ကို သူ၏​မြင်​ကွင်းမှ ဆီး​တားခြင်း​လည်း​မပြု။

၂၆ အကြောင်းမူကား၊ ယခင်​အချိန်တို့၌ သူ့ကို မိန့်​တော်မူလေ၏။ ခပ်သိမ်းသော အရာတို့ကို သူ့အား ပြနိုင်​တော်မူ​ကြောင်း သူ့ကို ယုံကြည်​မည်​ဆိုလျှင်—ပြတော်မူ​လိမ့်မည့် အကြောင်းပေတည်း။ ထို့ကြောင့်၊ ကိုယ်တော်ရှင်​သည် သူ့ထံမှ အဘယ်​အရာကိုမျှ ဟန့်တားမထားနိုင်။ အကြောင်း​မူကား၊ အရာ​ခပ်သိမ်းတို့ကို သူ့အား ကိုယ်တော်ရှင်​ပြ​နိုင်​တော်မူ​ကြောင်း သူ​သိ၏။

၂၇ ကိုယ်တော်ရှင်​က​လည်း သူ့ကို မိန့်တော်မူ​သည်​မှာ၊ ဤအရာတို့ကို ရေး​၍ တံဆိပ်​ခတ်လော့။ ငါသည် ထိုအရာတို့ကို ငါ၏​ကာလ​အချိန်​တန်​လာသော​အခါ၌ လူ​သား​တို့​အား ပြ​တော်မူ​မည်။

၂၈ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကိုယ်တော်ရှင် သူ့ကို မိန့်​တော်မူ​လေ​သည်ကား၊ သူ​ရရှိသည့် ကျောက်ခဲ​နှစ်လုံးကို တံဆိပ်​ခတ်၍၊ ထိုအမှုတို့ကို လူ​သားတို့​အား ကိုယ်တော်ရှင်​မပြ​မီ​အချိန်​အထိ ပြခြင်း​မပြုရမည့်အကြောင်း ဖြစ်​လေသတည်း။

ပုံနှိပ်သည်